Taxi Board များအား ဉပဒေ၊ နည်းဉပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်သွားမည်

ရန်ကုန် ၊ စက်တင်ဘာ ၁၄

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များအား ဥပဒေ၊ နည်းဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့(စက်တင်ဘာ ၁၄)ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

City Taxi များ၏ Taxi Board များသည် အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာတပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃(က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီတပ်ဆင် ပြေးဆွဲရမည်ဟု YRTCထုတ်ပြန်ထားခြင်း ဖြစ်သည်။

Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ်/ညာ ညီညာစွာတပ်ဆင်ထား ရှိရမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၉မှ ဒီဇင်ဘာ ၈ ရက် ရက်နေ့အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ပညာပေးကာလရက်ပေါင်း (၉၀) ပြီးဆုံးပါက ဒီဇင်ဘာ ၉ ရက်နေ့မှ စတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က အသိပေးထုတ်ပြန်ခဲ့သည်။

Total Views ~ 191

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43793

© 2022 - 2025 News. All Rights Reserved.