YBS ယာဉ်လိုင်းများတွင် တပ်ဆင်ထားသော POS ကတ်ဖြတ်စနစ် ပိတ်ထားသည့် ယာဉ်လိုင်းများကို စတင်အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
    ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများတွင် တပ်ဆင်ထားသော POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့် ယာဉ်လိုင်းများကို ထိ‌ရောက်စွာ စစ်ဆေးအရေးယူနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော် မတီ (YRTC) ၏ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
    YBS ယာဉ်လိုင်းများသည် နေ့စဉ်ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဉ်မောင်း ၄၀၀၀ ခန့်က ပို့ဆောင်ပေးနေပြီး YRTC ၏ အဓိက ရည်မှန်းချက်ဖြစ်သော “Safe Public Transportation to All” "ဘေးကင်း လုံခြုံပြီး ဝန်ဆောင်မှုကောင်းသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်" ဖြစ်စေရန် ဆောင်ရွက်နေသည်။
    "လတ်တလောမှာတော့ ယာဉ်စည်းကမ်းကို သုံးကြိမ်အထက် အကြိမ်ကြိမ် ဖောက်ဖျက်ကျူး လွန်နေတဲ့ YBS ယာဉ်မောင်းများအား မူးယစ်ဆေးဝါး သုံးစွဲမောင်း နှင်နေခြင်းများ မရှိစေ‌ရေး စစ်ဆေးခြင်းနဲ့ အသိပညာပေးနေပါတယ်။ အရင်နှစ်က ဘေးတံခါးဖွင့်မောင်းတာကြောင့် ခရီးသည် ပြုတ်ကျ သေဆုံးမှုနှုန်း ခြောက်ကြိမ်အထိရှိ ပါတယ်။ ယခုနှစ်မှာတော့ ခရီးသည်ပြုတ်ကျ သေဆုံးမှုနှုန်း သုံးကြိမ်အထိ ကျဆင်းခဲ့ရပါတယ်။ လမ်းပေါ် YBS ယာဉ်များ အချင်းချင်း ကျော်တက်မောင်းနှင်ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ မီးနီဖြတ်သန်းမောင်းနှင်ခြင်း၊ သတ်မှတ်ကီလိုထက် မောင်းနှင်ခြင်းတို့ ကို YRTC က လုံးဝခွင့်လွှတ်မည် မဟုတ်သလို POS ကတ်ဖြတ်စနစ်အား ပိတ်ထားသည့် ယာဉ်လိုင်းများ ကိုလည်း ထိ‌ရောက်စွာ စစ်ဆေးအရေးယူနေပြီ ဖြစ်ပါတယ်"ဟု ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြော သည်။
    YBS ယာဉ်မောင်းနှင်ခွင့် လျှောက်ထားရာတွင် ယာဉ်ကြီးမောင်း သင်တန်း တက်ရောက်ပြီး သူများလည်း မူးယစ်ဆေးဝါး ကင်းစင်ကြောင်း စစ်ဆေးမှုအောင် မြင်ပြီးမှသာ မောင်းနှင်ခွင့်ပြုကြောင်း၊ YRTC က စောင့်ကြပ်အ‌ရေးယူရာတွင် Traffic Control Center  မှ နည်းပညာမြင့် Telematics စက်များ၊ CCTV Record များဖြင့် မှတ်တမ်းရယူ၍ အရေးယူခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ/မရှိတို့ကို စစ်ဆေးပြီး သက်သေ  ခိုင်လုံစွာဖြင့် စစ်ဆေး ကြပ်မတ်လျက် ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 198

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43188

© 2022 - 2025 News. All Rights Reserved.