2024 ဧပြီ ၇
ပထဝီအနေအထားကို ကောင်းစွာအသုံးချနိုင်ပါက မြန်မာနိုင်ငံသည် ချမ်းသာသည့် နိုင်ငံတစ် နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်သည်။ ရေခံမြေခံအရကြည့်မည်ဆိုရင်လည်း စင်ကာပူလိုနိုင်ငံမျိုးကို ကျော်သွားမှာ အမှန်ပင်ဖြစ်ပေသည်။ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံ ကြီးနှစ်ခုကြားထဲမှာရှိနေပြီး ကစားတတ်လျှင် ကြီးပွားနိုင်သည်ဟု အတော်များများက သုံးသပ်ပြောဆိုခဲ့ကြသည်ကိုသတိထားမိကြမှာပါ။ သာမန်အားဖြင့်ကြည့်လျှင် မှန်ကောင်းမှန်နိုင်မှာ ဖြစ်သော်လည်း သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီး ပွားအပေါ်မှာ အခြေခံသည့်အတွက် ပေးဆပ်မှု၊ ပေါင်းစပ်မှုမရှိဘဲနှင့် အလွယ်တကူတော့ ဖြစ်လာ နိုင်လိမ့်မည်မဟုတ်ပါ။
ပထဝီနိုင်ငံရေး (Geopolitics) အပေါ်အခြေခံပြီး ဖြစ်ပေါ်ခဲ့သည့် မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှု၊ တိုင်း ရင်းသားစည်းလုံးညီညွတ်မှုအကွဲအပြဲနှင့် လက်နက်ကိုင် လမ်းစဉ်မချုပ်ငြိမ်းသရွေ့ မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါ။ သမင်မွေးရင်း ကျားစားရင်းဖြင့် လုံးလည်ချာလည်လိုက်နေမည်သာဖြစ် ပါလိမ့်မည်။ အားကောင်းသည့် နိုင်ငံကြီး နှစ်နိုင်ငံကြားမှာ ရှိခြင်းသည်ကပင်လျှင် သူတို့နှစ်နိုင်ငံ၏ ပဋိပက္ခများ အပေါ်မှာအတန်အသင့် ထိခိုက်မှုရှိသည်ကလည်း ငြင်းမရသည့် အခြေအနေမှန်တစ်ခုဖြစ်ပါလိမ့်မည်။ တရုတ်၏ BRI စီမံကိန်းနှင့် အိန္ဒိယ၏ At East ပေါ်လစီအရ စတင်ခဲ့သည့် ကုလားတန်မြစ်စီမံကိန်းများ အပေါ်မှာ ဖြစ်ပေါ်နေသည့် ထိန်းချုပ်ရေး မူဝါဒပြဿနာများကို ကြည့်လျှင် အဖြေတစ်ခုတွေ့မှာ ဖြစ်ပါသည်။ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် AA ၏ ပြည်တွင်းရေး လိုလား ချက်နှင့် တရုတ်နိုင်ငံ၏ ထိန်းချုပ်ရေးမူဝါဒများပါရှိနေသည်မှာ ရှင်းပြစရာမလိုအောင် ထင်ရှားနေတာ တွေ့နိုင်ပါသည်။
ပထဝီနိုင်ငံရေးအရ ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာသည် ပဲလှော်ကြားဆားညပ်သလို လက်ဝဲ၊ လက်ယာအားပြိုင်မှု ကြားထဲမှာ ညပ်နေခြင်း ဟုဆိုရပေလိမ့်မည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ လက်ဝဲလက်ယာအားပြိုင်မှု အနေဖြင့် ဆိုဗီယက် နှင့် အမေရိကန်ဦးဆောင်သည့် နေတိုးစစ်အုပ်စုတို့၏ စစ်အေးတိုက်ပွဲကို ညွှန်းဆိုရပေလိမ့်မည်။ ထိုစဉ်က ကမ္ဘာပေါ်မှာ လက်ဝဲနိုင်ငံ၊ လက်ဝဲပြည်ထောင်စုတွေ အတော်များခဲ့သော်လည်း ယခုအခါမှာ လက်ဝဲစစ်စစ်နိုင်ငံများဟူ၍ လက် ၁၀ ချောင်းပင်မပြည့်တော့ဟုဆိုနိုင်ပေလိမ့်မည်။ ၂၀ ရာစုနှောင်း ပိုင်းနှင့် ၂၁ ရာစု အစပိုင်းကာလများမှာ အနောက်အုပ်စု၏ အဓိက ပစ်မှတ်ထားသည့် လက်ဝဲ အုပ်စုနိုင်ငံများအနေဖြင့် ဆိုဗီယက်၊ တရုတ်နှင့် မြောက်ကိုရီးယားတို့ ဖြစ်ကြပါသည်။ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားချိန်မှာ သူတို့၏အဓိက ဦးတည်မှုက ထိုပြည်ထောင်စုအတွင်းက အားကောင်းသည့် ရုရှားဖြစ်လာခဲ့ပေသည်။ ပထမကမ္ဘာစစ်မတိုင်မီ ကတည်းကပင် ဥရောပမှာ အားပြိုင်ခဲ့သည့် ကျောင်းတော်က ရန်စလို့ပင်ဆိုရမှာဖြစ်ပေသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးစမှာပင် ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံထူထောင်ပြီး လက်ဝဲ၊ လက်ယာနိုင်ငံများအားလုံးနှင့် သံတမန်ရေးအရရော ချစ်ကြည်ရေးအရပါ ညီညွတ်မျှတစွာ ဆက်ဆံမှု ပြုခဲ့သည်ကိုတွေ့ရမှာဖြစ်ပါသည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပင် ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ထည့်သွင်းရေးဆွဲထားပြီး ကြားနေရေးနှင့် ငြိမ်းချမ်းစွာအ တူယှဉ်တွဲနေထိုင်ရေးကိုရှေးရှုခဲ့တာ အထင်အရှားပဲဖြစ်ပါသည်။ ထိုမူဝါဒအရ လက်ဝဲလက်ယာ မျှတစွာဆက်ဆံခဲ့သော်လည်း ထိုနိုင်ငံများ၏ လိုလားချက်က ကြားနေရေးမဟုတ်ပေ။ "ဗိုလ်အောင်ဒင်ဇာတ်ကားထဲက ဗိုလ်အောင်ဒင်ပြောတဲ့ လှေနံနှစ်ဖက်နင်းနေမည့်အစား နင်းမယ့်နင်း၊ ကျွန်တော့်ဘက်နင်းလိုက်ပါမမြဝင်း"ဆိုသလို မြန်မာနိုင်ငံကို သူတို့ဘက်ပါစေချင်ကြသည့် နိုင်ငံချည်းများသာ ဖြစ်ကြပါသည်။
အိမ်နီးချင်း လက်ဝဲနိုင်ငံကြီးဖြစ်သည့်တရုတ် နိုင်ငံက သူ့၏နောက်ဖေးတံခါးပေါက်နှင့် ဘင်္ဂလား ပင်လယ်ထွက်ပေါက်ဖြစ်သည့် မြန်မာနိုင်ငံကို သူ့အတွက်သူ့ ဘက်ကခိုင်မာစေချင်သည်။ အမေရိကန်နှင့်အပေါင်းပါ လက်ယာအုပ်စုက China Containment Policy အရ မြန်မာနိုင်ငံကို မဟာမိတ်ဖြစ်လိုသည်။ ဗိုလ်ကျစိုးမိုးလိုသည်။ ထိုအခြေအနေ ထိုအရေးကို မြန်မာ Stakeholder များသိကြသည့်အတွက် ကြားနေရေးမူဝါဒဖြင့်နှစ်ဖက်ကြား ကစားခဲ့ခြင်းသာဖြစ်ပေသည်။ ထိုသို့နှစ်ဖက်ကြား ကစားရင်းကစား ရင်း ကိုယ်ကစားခံခဲ့ရတာ မြင်တတ်ဖို့တော့လိုပေလိမ့်မည်။ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ (တိုင်းရင်း သားများအပါအဝင်)သည် အမှန်စင်စစ်ကြား နေရေးသမားများမဟုတ်ကြပေ။ ကြားနေရေးသမားအ နည်းငယ်ရှိကြသော်လည်း များသောအားဖြင့် လက်ဝဲယိမ်း၊ လက်ယာယိမ်းသမားများသာဖြစ်ကြသည်ကို တွေ့ရပါသည်။ ထို့အပြင် မြန်မာတိုင်းရင်းသားများနှင့် နိုင်ငံသားများကြားထဲမှာလည်း ကြားနေရေးဝါဒထက် ကိုယ်သန်ရာသန်ရာ နှစ်ခြိုက်အားသန်သည့်အုပ်စုများလည်းရှိကြပါသည်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အစိုးရတစ်ခါပြောင်းတိုင်း ဆက်ဆံရေးအပေါ်မူတည်ပြီး နိုင်ငံခြားရေးကိစ္စရပ်များ ပြောင်းလဲသွားတတ်သည်ကိုသတိ ထားမိကြတာ တွေ့ရပါလိမ့်မည်။ ထိုသဘာဝအပေါ်မူတည်ပြီး လက်ဝဲလက်ယာ နှစ်ဖက်လုံးက Proxy မွေး မြူလာခဲ့ကြသည့်အတွက် မြန်မာပြည်တွင်းမှာ ဖြစ်ပွားနေသည့် လက်နက်ကိုင်လမ်းစဉ်သည် ချုပ်ငြိမ်းသွားရ မည့်အစား ပိုမိုကြီးထွားလာခဲ့ရခြင်းဖြစ်သည်ဟု ဆိုရပေလိမ့်မည်။ ဖဆပလခေတ် တစ်လျှောက်လုံးမှာ ဖဆပလ အစိုးရသည် အနောက်အုပ်စုနှင့်အဆင်ပြေပြီး တရုတ်နိုင်ငံနှင့် ဆက်ဆံရေးသည် ပုံမှန်ရှိခဲ့ပါသည်။ အိန္ဒိယနိုင်ငံနှင့်လည်း ဆက်ဆံရေးအဆင်ပြေပါသည်။ ထိုအချိန်ကာလမှာကတည်းကပင် အာဏာရတရုတ်ကွန်မြူနစ် ပါတီက တရုတ်နိုင်ငံမြို့တော် ပီကင်းမှာ သခင်ဗသိန်း တင်ဦးစီးသည့် ဗမာပြည်ကွန်မြူနစ်ပါတီ၊ အဝေးရောက် ဗဟိုကော်မတီ ကို နေရာပေးစောင့်ရှောက်ထားလျက်ရှိနေခဲ့ပါသည်။ တော်လှန်ရေးကောင်စီခေတ်ကာလ ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းညွှန်မှုဖြင့် ပြည်တွင်းပြည်ပ ဗကပတို့ ပြန်လည်ချိတ်ဆက် ခေါင်းထောင်လာနိုင်ခဲ့သည်ကိုတွေ့ရပါသည်။ သို့သော် ထိုအချိန်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်နိုင်ငံအကြီးအကဲများ ဆက်ဆံရေးကောင်းမွန်နေသည့်အတွက် ပြည်တွင်းမှာရှိသည့် ဗကပများကို ထဲထဲဝင်ဝင်အကူအညီ ပေးခဲ့ခြင်းမရှိသည့်အတွက် ပဲခူးရိုးမနှင့်ပြည်မဒေသများမှာ ဗကပတို့ကိုအမြစ် ပြုတ်သည်အထိ နှိမ်နင်း နိုင်ခဲ့သည်ကို တွေ့ရပါသည်။
တရုတ်နိုင်ငံမှာ မော်စီတုံး၏ ယဉ်ကျေးမှု တော်လှန်ရေးဆင်နွှဲခဲ့ရာ မြန်မာနိုင်ငံအတွင်းသို့ ကူးဆက်လာခဲ့ပြီး ၁၉၆၇ခုနှစ်မှာ တရုတ်-ဗမာအရေးအခင်း ဖြစ်ပွားခဲ့ရပါသည်။ ထိုအကျိုးဆက်အရ တရုတ်အစိုးရနှင့် တော်လှန်ရေးကောင်စီအစိုးရ၊ ဆိုရှယ်လစ်အစိုးရတို့ ကြားမှာ ဆက်ဆံရေးတင်းမာခဲ့ ရပြန်ပါသည်။ ထိုဆက်ဆံရေးတင်းမာမှု၊ ကွန်မြူနစ်အချင်းချင်း ရိုင်းပင်းကူညီမှုများအပေါ် အခြေခံပြီး မြန်မာနိုင်ငံ ရှမ်းပြည်(မြောက်ပိုင်း)-တရုတ်နိုင်ငံနယ်စပ်ဒေသမှာ ဗကပများကိုနေ့ချင်း ညချင်း အင်အား ကြီးထွားလာသည်အထိ တရုတ်နိုင်ငံက လူ၊ လက်နက်၊ ခဲယမ်းများ တပ်ဆင်အကူအညီပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါသည်။ လူအင်အားအနေဖြင့် နယ်စပ်မှာနေထိုင်သည့် တရုတ်တို့သြဇာညောင်းသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကို ဗကပလက်အောက်မှာ ပေါင်းစပ်ဖွဲ့စည်းပေးခဲ့ခြင်းပဲ ဖြစ်ပါသည်။ အစပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အင်အားကအနည်းငယ်သာ ရှိခဲ့သော်လည်း နောက်ပိုင်းမှာ ပံ့ပိုးမှုများအရ ကြီးထွားလာခဲ့ခြင်းဖြစ်ပါသည်။ လက်နက်ခဲယမ်းများကိုကြည့်လျှင် တရုတ်နိုင်ငံထုတ် လက်နက်များဖြစ်သည်ကိုတွေ့ရ မှာဖြစ်ပါသည်။
မြန်မာ့တပ်မတော်နှင့် ဗကပတို့ တရုတ်နိုင်ငံ နယ်စပ်ဒေသ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲပေါင်းကြီးငယ်မည်မျှအထိ ဖြစ်ပွားခဲ့သည်ကိုသမိုင်းမှတ်တမ်းများ အရ သိရှိကြပြီးဖြစ်ပါလိမ့်မည်။ ထိုစဉ်က တိုက်ပွဲများမှာ ဗကပတို့အနေဖြင့်လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်း မီးကျောက်များကို ဖောဖောသီသီ သုံးဆွဲခဲ့ကြသည်မှာ မည်သူ့အကူအညီကြောင့်ဆိုတာ ရှင်းပါလိမ့်မည်။ ၁၉၈၃ ခုနှစ်မှာ မြန်မာနိုင်ငံကို တရုတ်ကွန်မြူနစ်ပါတီ၊ဗဟိုကော်မတီဝင် မဒမ်တိန့်ရင်ချောင် လာရောက်ပြီးနောက် ပိုင်း တရုတ်အစိုးရနှင့် လမ်းစဉ်ပါတီအစိုးရတို့ ပြန်လည် သင့်မြတ်ခဲ့ကြပြန်ပါသည်။ ထိုအကျိုးဆက်အရ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရတို့က ဗကပတိုအား အထောက်အပံ့တွေကို ဖြည်းဖြည်းချင်း ရပ်ဆိုင်း ခဲ့ကြသည် ကိုလည်း တွေ့ရပါသည်။
၁၉၈၈ ခုနှစ် မိုင်းယန်းတိုက်ပွဲအပြီး ၁၉၈၉ ခုနှစ်မှာတော့ ဗကပတို့၏ လက်နက်ကိုင်လမ်း စဉ်ကျရှုံးသွားခဲ့ရသည်အထိဖြစ်ခဲ့ရပါသည်။ ဗကပအတွင်းက တိုင်းရင်းသားအဖွဲ့များနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးစွမ်းဆောင်ချက်အရဖြစ်သလို တရုတ်နိုင်ငံအစိုးရနှင့် မြန်မာ့တပ်မတော်အစိုးရတို့အ ကြား ရင်းနှီးချစ်ကြည်မှုကလည်း အဓိကကျပါလိမ့်မည်။ ထိုတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် ဗကပအတွင်းက ခွဲထွက်ခဲ့သည်ဆိုပေမယ့် တရုတ်နိုင်ငံ၏အထောက်အပံ့နှင့် အကာအကွယ်ကို ရယူထားသည့်တရုတ်နိုင်ငံ၏ Proxy အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြသူများသာ ဖြစ်သည်ဟုဆိုရ ပေလိမ့်မည်။
အလားတူပင် အနောက်အုပ်စု၏ခေါင်းကိုင် ကြီးဖြစ်သည့် အမေရိကန်၏ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်မှုနှင့် Proxy မွေးမြူမှုကလည်း သမိုင်းမှတ်တမ်းများအရ အထင်အရှားတွေ့ရမှာ ဖြစ်ပါသည်။ လွတ်လပ်ရေးရခါစကပင် KNU နှင့် KNDO တို့ကို အထောက်အပံ့ပေးခဲ့သည် မဟုတ်ပါလား။ ၁၉၅၀ ပြည့်နှစ်များဆီက တရုတ်ကွန်မြူနစ် တပ်နီတော်နှင့် တိုက်နေသည့် လက်ယာယိမ်း တရုတ်ကူမင် တန်တပ်များကို တရုတ်ပြည်နယ်စပ် မြန်မာပြည်တွင်းရှမ်းပြည်နယ်မှာ ခြေချနိုင်အောင် အဓိကပံ့ပိုး ကူညီပေးခဲ့တာက အမေရိကန်တို့ပဲ မဟုတ်ပါလား။ အဲ့ဒီချိန်က China Contain-ment Policy မပေါ်သေးဘဲ မြန်မာပြည်မှာ ခြေကုပ်ယူပြီး တရုတ်ကွန်မြူနစ်ပါတီကို ကူမင်တန်တပ်များက ပြန်လည်တိုက်ခိုက်ဖို့ အထိ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါသည်။ နောက်ပိုင်းမြန်မာပြည်တွင်းမှာ ကူမင်တန်တပ်များ ခြေချခွင့်မရတော့သည့်အချိန်တွင် အမေရိကန်တို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ပိုမိုပံ့ပိုးပေး လာခဲ့တာပဲ ဖြစ်ပါသည်။ အထူးသဖြင့် စဝ်ရွှေသိုက်၏ ဇနီး မဟာဒေဝီ စဝ်ဟိန်ခမ်းနှင့် ရှမ်းစော်ဘွားများ၏ လက်နက်ကိုင်တော်လှန်ရေးကို မြေတောင်မြှောက်ပေးခဲ့တာ အမေရိကန်တို့ပဲဖြစ်ပါသည်။ ရှမ်းပြည်နယ်မှာ သီးခြားနယ်မြေနှင့် လွတ်မြောက်နယ်မြေရရှိပါက တရုတ်နိုင်ငံကို အနီးကပ်ထိန်း ချုပ်ထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ် ပါသည်။ ယခုအခါမှာ KNU များကို NUG နှင့် ပူးပေါင်း တိုက်ပွဲဝင်ဖို့ ထောက်ပံ့ပေးနေသည့် စဝ်ရွှေသိုက်၏သား ယူဂျင်းသိုက်ခေါ် ဟန်ယောင်ဝေသည် မည်သူ့၏ထိန်း ချုပ်မှု၊ ထောက်ပံ့မှုအောက်မှာရှိနေပါသနည်း။
လက်ရှိ မြန်မာပြည်တစ်ဝန်းမှာ ဖြစ်ပွားနေသည့်တိုက်ပွဲများသည် စစ်အာဏာရှင်အမြစ်ပြုတ်ရေး ဆင်နွှဲနေသည့် တော်လှန်ရေးတိုက်ပွဲများ မဟုတ်ပါ။ NUG နှင့် PDF များအနေဖြင့် မုန်းတီးမှု၊ နာကြည်းမှု၊ အာဏာရယူလိုမှုများအရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများသည် မရိုးရှင်းလှပါ။ ယခုအခါမှာ NUG ကိုယ်တိုင်ပင် K3C နှင့်ပူးပေါင်းတိုက်ခိုက်နေသည်ဟုဆို ထားပေရာ အနောက်အုပ်စု၏ အလိုကျဖြစ်နေပြီဟု ဆိုရပေလိမ့်မည်။
၁၀၂၇ စစ်ဆင်ရေးက စလိုက်သည့် တရုတ်လိုလားသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ တိုက်ပွဲများ၊ နယ်မြေသိမ်းပိုက်မှုများ၊ အနောက်အုပ်စု လိုလားသည့် NUG ၊ PDF နှင့် K3C တို့၏တိုက်ပွဲနှင့် နယ်မြေသိမ်းပိုက်မှုများ၊ ယခုရက်ပိုင်းအတွင်း အမေရိကန်က Burma Act အရ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း ခွင့်ပြုလျာထားသည်ဆိုသည့် ဆုံးဖြတ်ချက်များအရ ယခုဖြစ်ပွားနေသည့်အခြေအနေများသည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလက ၎င်းတို့ ချမှတ်ထားခဲ့ကြသည့် လက်ဝဲအုပ်စုက မြန်မာပြည်အထက်ပိုင်းကို သိမ်းပိုက်လိုသည့်အတွက် မိုင်းယန်းတိုက်ပွဲ ဆင်နွှဲ ခြင်းနှင့် လက်ယာအုပ်စုက မြန်မာပြည်အောက်ပိုင်းကို ရယူလိုသည့်အတွက် မဲသဝေါတိုက်ပွဲဆင်နွှဲခဲ့ ခြင်းများထက် ပိုမိုနေသည်ဟု မြင်ပါသည်။ ခေတ်သစ်ပြည်ပ ကျူးကျော်စစ်ဆိုတာ ပြည်ပနိုင်ငံကတပ် တွေဝင်လာမှမဟုတ်ပါ။ ပြည်ပအထောက်အပံ့နှင့် လက်ဝေခံများ၏ Proxy စစ်ပွဲများသည်လည်း ပြည်ပကျူးကျော်မှုသာ ဖြစ်ပါသည်။ ခေတ်သစ်ကိုလိုနီမဖြစ်စေရေးနှင့် အချုပ်အခြာ အာဏာ မဆုံးရှုံးစေရေးအတွက် မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိပါသည်။ ( ဇော်နိုင် )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( 12 ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )