နေပြည်တော် ၊ ဇူလိုင် ၂
တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေမရှာဘဲ လက်နက်ကိုင်တိုက်ခိုက်နေသမျှ တပ်မတော်က ဆက်လက် အုပ်ချုပ်နေမည်ဖြစ်ကြောင်း (PNO) ပအိုဝ်းပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ခွန်ထွန်းရွှေက ပြောသည်။
"ငြိမ်းချမ်းရေးကိစ္စကို အားပေးတဲ့ သူတွေလည်း ရှိတယ်။ ကန့်ကွက်တဲ့သူတွေလည်း ရှိတယ်။ အစွန်းနှစ်ဖက်ကတော့ ဘယ်လွတ်မလဲ။ အမျိုးမျိုးတော့ ပြောကြမှာပဲ။ နိုင်ငံအနေအထားအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ နိုင်ငံရေးစားပွဲပေါ်ကိုတော့ သွားနေရမှာပဲ။ မသွားလို့တော့ မဖြစ်ဘူး။ တွေ့ဆုံဆွေးနွေးရေးက ဗန်းပြတယ်၊ ဘာပဲပြောပြော။ သူတို့အဲဒီလို ပြောတာပဲရှိတယ်။ အပြုတ်တိုက် ရေးဆိုတာ မဖြစ်နိုင်ဘူး။ သူတို့တိုက်လေ တပ်မတော်ကပဲ ကြာကြာအုပ်ချုပ်ရမှာပဲ။ တပ်မတော်က ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ မလိုလားအပ်တဲ့ သူတွေက ငြိမ်းချမ်းရေးမလုပ်ဘူး။ မလုပ်ရင်တော့ ဒီလိုပဲ သံသရာလည် နေမှာပဲ။ ပကတိအနေအထားအရ ကျွန်တော်တို့ တိုင်းပြည်က အစစအရာရာ၊ အထွေထွေ အားနည်းချက်တွေက များလာပြီ။ အိမ်ကြက်ချင်း ခွပ်နေရင် တိုင်းပြည်ပဲနာမယ်။ ပတ်ဝန်းကျင်နိုင်ငံတွေပဲ အကျိုးရှိသွားမယ်"ဟု ၎င်းကပြောသည်။
နိုင်ငံ့ ပကတိအခြေအနေအရ ငြိမ်းချမ်းရေးကိစ္စကို အလေးထားဆောင်ရွက်ရန် လိုအပ်နေပြီဖြစ် ကြောင်း ခွန်ထွန်းရွှေက ထပ်မံပြောဆိုသည်။ "ဘယ်သူ့ကိုမှ ဆိုးခြင်း၊ ကောင်းခြင်း အပြစ်တော့ မတင်ဘူး။ ဒါပေမဲ့ နိုင်ငံပကတိအနေအထား အရအရေးကြီးတဲ့အချိန်ကို ရောက်လာပြီ။ အရေးကြီးတဲ့ အချိန်ရောက်လာပြီဆိုတော့ အရေးထား ဆွေးနွေးရမယ်။ အရွေ့တစ်ခုမရှိဘဲ ဒီအတိုင်းဆက်သွားလို့မရဘူး။ ပြည်သူတွေ နစ်နာရင် တိုင်းပြည်လည်း နာမယ်။ ဆွေးနွေးမှုမှာတော့ ဒီတစ်ခေါက်မှာ NSPNC က တော်တော်လေးကို လျှော့လျှော့ပေါ့ပေါ့ နွေးနွေးထွေးထွေး ဆွေးနွေးပေးတယ်။ အရင်ထက်စာရင် အခုကတော့ အများကြီးပြောင်း လဲသွားပါပြီ။ မလာဖြစ်တဲ့ အဖွဲ့တွေ လာနိုင်အောင်တော့ ကျွန်တော်တို့အားလုံး ကြိုးစားရမယ်။ တိုင်းပြည်အတွက် သစ္စာရှိတဲ့သူကတော့ စည်းရုံးရတာပေါ့။ ဘက်ပေါင်းစုံကလုပ်ရမှာ။ မြေပြင်မှာ စားဝတ်နေရေး ကျပ် တည်းနေတဲ့ ပြည်သူတွေအများကြီးရှိတယ်။ တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေချင်တယ်"ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီလိုလားချက်များကို လက်နက်ကိုင်လမ်းစဉ်နှင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်း သည့်လမ်းစဉ်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Peace Forum 2025 တွင် ပြောကြားထားသည်။
ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ကို နေပြည်တော်တွင် ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး ပြည်ပနိုင်ငံမှ ပညာရှင်များ၊ ပြည်တွင်းမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ EAOs များ၊ နိုင်ငံရေး ပါတီများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ကွန်းဈာန်