တိုင်းပြည် မတည်ငြိမ်၍ ဖြစ်ပေါ်လာသည့် အခြေအနေကို လူထုက ခံနေရသည့်အတွက် ရွေးကောက်ပွဲမှ တစ်ပါး အခြားမရှိ

နေပြည်တော်၊ ဇူလိုင် ၂
    တိုင်းပြည်မတည်ငြိမ်၍ ဖြစ်ပေါ်လာသည့် အခြေအနေအရပ်ရပ်ကို ပြည်သူလူထုက ခံစားနေရသည့်အတွက် ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိကြောင်း ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။ 
    "ငြိမ်းချမ်းမှသာလျှင် ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကို သွားလို့ရမယ်ဆိုတာ ကျွန်မကတော့ အဲဒီလိုပဲပြောတာ။ လူတွေကတော့ အမျိုးမျိုး ဝေဖန်ကြတာပဲ။ ဝေဖန်တဲ့လူတွေကို မေးချင်တယ်။ ပြောတာနဲ့ လုပ်တာမှာ လုပ်တာက အရမ်းခက်တာ။ ပြောတာက လွယ်တယ်။ တကယ်လို့ တစ်ဦးချင်းစီရဲ့ အရည်အသွေး လိုအပ်တယ်။ ကျွမ်းကျင်မှု၊ နှိမ့်ချတတ်မှု၊ နားလည်မှု အဲဒါတွေရှိမှရတာ။ ရွေးကောက်ပွဲကနေ ဖြစ်လာမယ့် အရပ်သားအစိုးရဖြစ်လာမှ ဆက်သွားလို့ အဆင်ပြေမှာ။ ဟုတ်ပြီ ရွေးကောက်ပွဲမလုပ်ဘဲ သူတို့က လက်ရှိအစိုးရကိုပဲ ဆက်ရှိစေချင်တာလား။ မေးချင်တာကတော့ အခု အောက်ခြေမှာ ပြည်သူတွေ ဘယ်လောက် အခက်အခဲဖြစ်နေကြသလဲ။ တိုင်းပြည်မတည်ငြိမ်လို့ ဖြစ်လာတဲ့အခြေအ နေကို လူထုက ခံနေရတယ်။ တည်ငြိမ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ဖို့က ရွေးကောက်ပွဲက အရေးကြီးတယ်။ အဲဒါကြောင့် ကျွန်မတို့ နိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲနဲ့ လူထုအများစုပါဝင်တဲ့ အရပ်သားအစိုးရ ဖြစ်လာဖို့ ကြိုးစားနေကြတယ်။ ဖြစ်လာတဲ့ အခါမှာ လူထုရဲ့ လိုအပ်ချက်ကို ပိုပြီး ကူညီနိုင်မယ်။ ကျွန်မတို့က အဲဒီလိုယူဆချက်နဲ့ လုပ်တယ်။ ဒါပေမဲ့ ဝေဖန်ချက်တွေရှိနေတာတော့ မတတ်နိုင်ဘူး။ သူတို့ ယုံကြည်ချက်နဲ့ သူတို့၊ ဘယ်လိုပဲဖြစ်ဖြစ် ပါတီတွေစုပေါင်းပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ကြဖို့ပဲလိုတယ်"ဟု ၎င်းကပြောသည်။ 
    တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကိုရရှိရန် အရပ်သားအစိုးရနှင့် လွှတ်တော်အသီးသီး ပေါ်ပေါက်လာရန် အရေးကြီးကြောင်း နမ့်ခင်အေးဦးက ထပ်မံပြောဆိုသည်။ 
    "တိုင်းရင်းသားပါတီတွေ အများစုပါဝင်လာနိုင်အောင်လည်း လုပ်နေတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ပါနိုင်အောင် သူတို့ (PR) စနစ်နဲ့ လုပ်ပေးထားတာရှိတယ်။ လူတွေက ပြောကြတယ်။ သူတို့ ဝန်ကြီးဖြစ်ချင်လို့၊ ဘာဖြစ်ချင်လို့ အဲဒါထက် ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသအကျိုး လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်။ ဒေသန္တရအုပ်ချုပ်ရေးဆိုတာ ဦးနုလက်ထက်မှာလုပ်တယ်။ အဲဒီတုန်းက တိုင်းပြည် ဆူပူအောင်လုပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်လာကြတယ်။ ကရင်လည်း ပါတယ်။ ဗကပတွေလည်း ပါတယ်။ အဖြူ၊ အနီတွေ အကုန်ပါပြီး ဖြစ်လာတော့ ဖဆပလအစိုးရက ကြိုးစားတာက ဒေသန္တရအုပ်ချုပ်ရေး ဌာနဆိုပြီး လုပ်လိုက်သေးတယ်။ ဒါပေမဲ့ အဲဒါကြီးက ပီပီပြင်ပြင် ဖြစ်မလာဘူး။ ပဋိပက္ခဖြစ်နေတာ တွေကလည်း မငြိမ်းအေးသွားဘူး။ အဲဒီလိုဆိုတော့ လွှတ်တော်တစ်ရပ်ပေါ်လာပြီးတော့ ဥပဒေနဲ့ သေသေချာချာ ပြောနိုင်ဆိုနိုင်ဖို့ အရေးကြီးတယ်။ ဆိုလိုတာက အမတ်တွေလည်း မဖြစ်သေးဘူး။ ဝန်ကြီးတွေလည်း မဖြစ်သေးဘူး။ မဖြစ်သေးဘဲ ပြောရတာ အားမရှိဘူး။ ဖြစ်လာပြီးမှပြောရတာ အားရှိတယ်။ အောက်ခြေမှာ လူထုလူတန်းစားက နင်းပြားဖြစ်နေတယ်။ လာဘ်ပေးလာဘ်ယူကိစ္စတွေ ရှိနေတယ်။ အဲဒီလိုကိစ္စတွေကို ပြောင်းလဲဖို့ ရွေးကောက်ပွဲမှတစ်ပါး အခြားမရှိဘူး။ တည်ငြိမ်တဲ့ တိုင်းပြည်အခြေ အနေရဖို့ အရပ်သား အစိုးရပေါ်ဖို့ လိုတယ်။ မတည်ငြိမ်တဲ့ အခြေအနေမှာ ဘာလို့လုပ်ရတာလဲလို့ အပြစ် တင်နေတဲ့ လူတွေလည်း ရှိတယ်။ ဒီဟာကြီးကို စောင့်နေမှာလား။ နိုင်ငံတကာ ပညာရှင်တွေပြောတာက ငြိမ်းချမ်းရေးဆိုတာ အခုကတည်းက စလုပ်ရမှာ။ ငြိမ်းချမ်းရေးက တစ်ခါတည်း ပြီးသွားတာ မဟုတ်ဘူး။ တဖြည်းဖြည်းချင်းသွားရမှာ။ ရွေးကောက်ပွဲကလည်း လုပ်ရမယ်။ တစ်ပြိုင်နက်တည်း လုပ်ရမယ့် ကိစ္စ တွေပါ။ လူတွေက သူတို့ဟာသူတို့ အမှန်တရားရှိတယ်။ ပြောကြတာပြောပါစေ။ ဘာလဲဆိုတာ လုပ်ပြနိုင် ရင်ပါးစပ်တွေ ပိတ်သွားမှာပါ"ဟု ၎င်းကပြောသည်။ 
    ရွေးကောက်ပွဲပြုလုပ်မည်ဆိုသည့်အပေါ် ပြည်ပြေးနိုင်ငံရေးသမားအချို့နှင့် ပြည်တွင်း လက်နက်ကိုင်အကြမ်းဖက်သမားများက ဝေဖန်မှုအမျိုးမျိုး ရှိနေသော်လည်း ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးကိစ္စက တစ်ပြိုင်နက်တည်း ပြုလုပ်သွားရမည့်အရာဖြစ်ကြောင်း နိုင်ငံရေးအင်အားစုများက သုံးသပ်ပြောဆိုကြသည်။ ကွန်းဈာန်

Total Views ~ 29

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46449

© 2022 - 2025 News. All Rights Reserved.