နယ်မြေအခြေအနေကြောင့် ရှမ်း/တောင် အခြေစိုက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ပါတီလုပ်ငန်းများ အင်တိုက်အားတိုက် မလုပ်နိုင်သေးဟုဆို 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
    နယ်မြေအခြေအနေ အခက်အခဲတချို့ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း‌) အခြေစိုက် အင်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ပါတီလုပ်ငန်းများ အင်တိုက် အားတိုက် မလုပ်နိုင်သေးကြောင်း ယင်းပါတီမှ သိရသည်။
    "ကျွန်တော်တို့က သတ်မှတ်ထားတဲ့ ပါတီဝင် ဦးရေကို စည်းရုံးပြီးသား။ ပါတီအင်အားတော့ ပြည့်သွားပြီ။ အဲဒီကနေ နောက်ထပ် အင်အားတိုးချင်တယ်ဆိုရင် အသင်းဝင်တာတွေရော တခြားလုပ်ချင်တာ တွေရောရှိတယ်။ ဒါပေမဲ့ အားနဲ့မာန်နဲ့ လှုပ်ရှားလို့မရသေးဘူး။ အထူးသဖြင့် လူငယ်လေးတွေက ပေါ်ပေါ်တင်တင် မဝင်ရဲဘူး ဖြစ်နေတယ်။ မြို့နယ်ရုံးဖွင့်ဖို့ ကျွန်တော်တို့က သွားပြီး လုပ်ချင်တယ်။ အဲဒီက ဒေသခံ ရပ်ကွက်သူ ရပ်ကွက်သားတွေကျတော့ လုပ်ချင်ကြပေမယ့် မဝံ့မရဲဖြစ် နေကြတယ်။ စည်းရုံးရေး ဆင်းတယ်ဆိုရင်တော့ နာမည်မဖော်နဲ့ လုပ်ဆိုရင်တော့ လုပ်မယ်။ တချို့လည်း ပါတီဝင်ချင်ပေမယ့် ဒီအချိန်က မကောင်းသေးဘူးဆိုပြီး တစ်ဖက်ကတားတဲ့ သူရှိတော့ မဝင်ကြတာမျိုးရှိတယ်"ဟူ၍ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးတိုးရက ပြောသည်။
    ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ  ပဋိပက္ခ တချို့ရှိနေ၍ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၏ မြို့နယ် ပါတီရုံးတချို့ဖွင့်ရန် အခက်အခဲဖြစ်နေကြောင်း ယင်းပါတီမှ သိရသည်။ ထို့အပြင် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ‌ဒေအရ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မြို့နယ်ငါးခု အနည်းဆုံး ဖွင့်လှစ်ရမည် ဖြစ်သော်လည်း မြို့နယ်တချို့တွင် ပဋိပက္ခတချို့ ရှိနေခြင်းကြောင့် ညောင်ရွှေ၊ တောင်ကြီး၊ ရပ်စောက်၊ ကလောတို့တွင်သာ မြို့နယ်ရုံး တစ်ခုစီသာ ဖွင့်လှစ်ထားနိုင်ကြောင်း သိရ သည်။
    "ကျန်နေသေးတဲ့ မြို့နယ်ရုံးတစ်ခုဖွင့်ဖို့ လုပ်နေပါတယ်။ ပင်လောင်းနယ်က  အားထားရတဲ့နေရာ။ ဒါပေမဲ့ အဲဒီဘက်မှာ ကျတော့လည်း အနှောင့်အယှက်ရှိတယ်။ အနှောင့်အယှက်‌တွေရှိတော့ တာဝန်ခံပြီး ရုံးမဖွင့်ရဲကြဘူး။ ပြီးတော့ ပင်းတယဘက်မှာ အင်းသားတွေ အများကြီးရှိတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း စည်းရုံးရေးတွေ လုပ်ခဲ့တယ်။ အခုကျတော့ အဲဒီနေရာက သွားလို့လာလို့ မကောင်းတဲ့ နေရာ ဖြစ်နေတယ်။ ဖယ်ခုံမှာ ဖွင့်မလို့ စီစဉ်တော့လည်း အဲဒီဘက်ကလည်း အခြေ အနေဆိုးတယ်"ဟူ၍ ဦးတိုးရက ပြောသည်။
    အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့် အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ  ကြေညာခဲ့ပြီး ယင်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ  (၁၅) ဖြစ်သည်။ ညီသစ်

Total Views ~ 83

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43086

© 2022 - 2025 News. All Rights Reserved.