ရန်ကုန်၊ ဒီဇင်ဘာ ၂၅
နိုင်ငံခြားမှ ဆီတင်သွင်းမှုကို လာမည့် ၂၀၂၅ တွင် လျှော့ချသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဖွဲနုဆီစက်များ တည်ထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချူပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က "ဆီဖြန့်ဖြူးတဲ့နေရာမှာ ဆီရရှိတဲ့ပေါ်မူတည်ပြီး ငါးရက်၊ တစ်ပတ်ကို အိမ်ထောင်စု လူဦးရေအပေါ်မူတည်ပြီး ၅၀ သားနဲ့ တစ်ပိဿာ စသဖြင့် ဖြန့်ဖြူးပေးနေပါတယ်။ အဲဒီလို ဖြန့်ဖြူးပေးတဲ့အတွက် အိမ်ထောင်စုတစ်စု တစ်လကို နှစ်ပိဿာမှ သုံးပိဿာအထိ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ စက်မှုဇုန်များမှာရှိတဲ့ လုပ်သားများကိုလည်း ဆီဝယ်ယူနိုင်အောင် ယခုလမှစတင်ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စက်မှုလုပ်ငန်းသုံးဆီကို လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ လက်ဝယ်ကို ရောက်ရှိနိုင်ဖို့ကိုလည်း ကျွန်တော်တို့ တိုးတက်ရောင်းချပေးလျက် ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာနဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးဖို့ တင်ပြလိုပါတယ်။ လာမယ့် ၂၀၂၅ မှာ နိုင်ငံ ခြားကနေပြီးတော့မှ ဆီတင်သွင်းမှု လျှော့ချ မှာ ဖြစ်တဲ့အ တွက် အသင်းဝင်များအနေနဲ့ ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ဆီနဲ့ ပြည်သူလူထုအတွက် လုံလောက်စေဖို့ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ ဖွဲနုဆီစက်များ တည်ထောင်ခြင်းကိုလည်း ဆောင်ရွက်ကြဖို့ တိုက်တွန်းတင်ပြလိုပါတယ်"ဟု ပြောကြားခဲ့သည်။
စားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် ဆက်သွယ်ဝယ်ယူသူ ၁၀၀၀၀၀ အထိ အမှာစာရရှိပြီး နေ့စဉ်အိမ်ထောင်စု ၆၀၀၀ ဝန်းကျင်အထိ ပို့ဆောင်ပေးလျက်ရှိကာ တစ်လလျှင် တစ်သိန်းခွဲထိ ပို့ဆောင်ပေးနေကြောင်း၊ အဆိုပါ စားအုန်းဆီများ ကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းပြီး စားအုန်းဆီ အရောင်းဆိုင်များသို့ သွားရောက် ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများ၊ စားအုန်းဆီကို လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက် ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် စတင် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက "စက်မှုဇုန်မှာလုပ်တဲ့ ဝန်ထမ်းတွေ အဆင်ပြေပြေ ဝယ်ယူနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် စားအုန်းဆီရောင်းချတဲ့ စနစ်ကို ကောင်အထည်ဖော်ပါတယ်။ စားအုန်းဆီကို စားသုံးသူတွေရဲ့လက်ထဲ လက်ဝယ်ဖြန့်ဖြူးမှုက စမ်းသပ်ကာလမှာ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့စားသုံးသူတွေ အဆင်ပြေစေဖို့အတွက် ဆီဝယ်ယူခွင့် စာအုပ်နဲ့ ဖြန့်ဖြူးရောင်းချပါတယ်။ ဒီစနစ်က အင်မတန် အဆင်ပြေတဲ့ စနစ်ပါ"ဟု (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
အဆိုပါ နှစ်ပတ်လည်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်အမှုဆောင်များ၊ အသင်းဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ သက်မှူး