Breaking

ပြည်သူအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ မြင်ရအောင် အားထုတ်ဖို့လိုကြောင်း KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးပြော

နေုပြည်တော်၊အောက်တိုဘာ ၁၅ 
 ပြည်သူအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ မြင်ရအောင် အားထုတ်ဖို့လိုကြောင်း NCA ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်း ဆောင်  KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး က ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-I)၌ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နံနက်ပိုင်းမှ စတင်ကျင်းပပြုလုပ်လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
"ငြိမ်းချမ်းရေးကို စစ်မှန်စွာ လိုလားတဲ့ ကျွန်တော်တို့ စစ်သားအိုကြီးတစ်ဦးအတွက် ကြီးမားတဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။NCA စာချုပ်ဟာ အမျိုးသားပြန်လည်သင်မြတ်ရေးကို ဦးတည်တဲ့ ခရီးစဉ်စတစ်ခုကို တင်ခြင်း ဖြစ်ပါတယ်။ ဒီလိုသဘောတူညီချက်ရဖို့အတွက် နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်များနဲတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ၂ နှစ်နီးပါး ဆွေနွေးကြရတာဖြစ်ပါတယ်။ NCA ဟာ တစ်ခဏအတွင်းမှာ ရလာတဲ့ အောင်မြင်မှုတစ်ခုမဟုတ်ပါဘူး။ အချိန်ယူပြီး အပြန်အလှန်နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်ခဲ့ရတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အဲဒီအချိန်က တစ်ဖက်ကိုတစ်ဖက် အနိုင်ယူဖို့မဟုတ်ပဲ အပြန်အလှန်ယုံကြည်မှု နားလည်မှု တည်ဆောက်ဖို့အတွက် ဉာဏ်ပညာတွေ သတ္တိတွေနဲ့ ပေါင်းစည်းခဲ့ကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အဆုံးသတ်မသွားသေးပါဘူး။အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုတည်ဆောက်နိုင်သေးသလားဆိုတာ သက်ဆိုင်သူအားလုံးရဲ့ လက်ထဲမှာ ရှိနေပါတယ်။မိမိအနေနဲ့ တိုက်တွန်းလိုတာက အပြန်အလှန်ယုံကြည်မှုတည်ဆောက်တဲ့ အစီအစဉ်များကို အမြန်ဆုံးလက်တွေ့ အကောင်အထည် ဖော်ဆောင်ကြရ မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ စာချုပ်အပေါ်မှာ လက်မှတ်ထိုးရုံနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အရာမဟုတ်ပါ။ စစ်မှန်တဲ့ စိတ်ဓါတ်နဲ့ ဆန္ဒတူညီမှသာ ပေါ်ပေါက်လာနိုင်ပါတယ်။အဲဒါကြောင့် အနာဂတ်အတွက် NCA ကို အခြေခံတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်ဖို့၊အပြန်အလှန် ယုံကြမှုတည်ဆောက်ဖို့ ပြည်သူအတွက် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ မြင်ရအောင် အားထုတ်ဖို့ လိုပါတယ်။ NCA ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါ တယ်။ ဒီလမ်းကြောင်းမှာ အခက်အခဲရှိတယ်ဆိုတာ အားလုံးသိကြပေမယ့် အရေးကြီးတာက လှည့်ထွက်မ သွားဖို့ ဆက်ပြီး အားထုတ်သွားကြဖို့ ဖြစ်ပါတယ်။လက်တွေ့ အခြေအနေများနဲ့ ကိုက်ညီပြီး သက်ဆိုင်သူ အားလုံးပါဝင်ဆောင်ရွက်နိုင်မယ့် NCA အခြေခံသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှာဖွေဖော်ထုတ်သွား ကြရမှာဖြစ်ပါတယ်။ ဒီလိုဆက်လက်အားထုတ်ဖို့ ကြိုးစားတဲ့အခါမှာ NCA အသိသက်သေနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍကို အလေးထားပြီး မြှင့်တင်ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲအလွန်ကာလတို့တွင် NCA အခြေခံသည့်  အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ၊နိုင်ငံ ရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု ယုံကြည်မျှော်လင့်သည်ဟုလည်း ၎င်းကဆက်ပြောသည်။ 
“ အခု ၂၀၂၅ ခုနှစ်မှာတော့ နိုင်ငံရေးအလှည့်အပြောင်းဖြစ်လာနိုင်တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ အကြိုကာလမှာဖြစ်စေ၊ ရွေးကောက်ပွဲ အလွန်ကာလမှာဖြစ်ပါစေ၊ NCA အခြေခံအပေါ်ကနေ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ၊နိုင်ငံ ရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါ တယ်။ဒီအတွက်လည်း ကျွန်တော်တို့ NCA အပေါ် သစ္စာရှိရှိနဲ့ ရပ်တည်လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ကလည်း ပြင်ဆင်မှုကောင်းကောင်းနဲ့ ပါဝင်ကြရမှာဖြစ်ပါတယ်” ဟု KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးက ပြောသည်။
  မိမိတို့အားလုံးသည် တစ်နိုင်ငံလုံးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်၍လည်း ပြည်သူလူထု၏ အနာဂတ် ၊ လူငယ်မျိုးဆက်သစ်များအတွက်  ငြိမ်းချမ်းရေး အမွေအနှစ်ကို ချန်ထားရစ်နိုင်ဖို့ ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြဖို့ ညှိနှိုင်းဆွေးနွေးပွဲများမှတဆင့် လက်ရှိအကျပ်အတည်းကို ကျော်လွှားကြရမည်ဖြစ်ကြောင်း၊ပါတီစုံဒီမိုကရေစီ ဖက်ဒရစ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် စေတနာအမှန်ဖြင့် မဆုတ်မနစ် ကြိုးပမ်းကြပါစို့ဟူ၍လည်း ကရင်တိုင်းရင်းသားခေါင်းဆောင် ၊ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးက  တိုက်တွန်းပြောကြားခဲ့သည်။ ညီသစ်

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

54263

© 2022 - 2025 News. All Rights Reserved.