နေပြည်တော်၊ ဇူလိုင် ၂
ဖက်ဒရယ်နိုင်ငံတော်သစ်တည် ဆောက်ချင်လျှင် တိုက်ပွဲဖြစ်နေ၍မရ၊ ငြိမ်းချမ်းရေး စကားပြောရမည်ဖြစ်ကြောင်း ALP ဥက္ကဋ္ဌ ဒေါ်စောမြရာလင်းက ပြောသည်။
"စကားမပြောတာနဲ့ စကားပြောတာဆိုရင် အလုပ်ဖြစ်ဖို့ကို ကြိုးပမ်းနေခြင်းက ကောင်းတယ်လို့ မြင်တယ်။ ရန်ချည်းဖြစ်နေရင် ဒီတိုင်းပြည်က ငြိမ်းချမ်းမှာမဟုတ်ဘူး။ အဲဒါကြောင့် ရန်ပွဲတွေငြိမ်းချမ်းလာဖို့ ရန်ပွဲကနေ စကားပြောနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာအောင် ဖန်တီးဖို့ ဆိုတာကတော့ ဒီဆွေးနွေးပွဲမှာ တွန်းအားတွေအများကြီးပါတယ်။ ပြီးရင် မြန်မာနိုင်ငံအနေနဲ့ အသွင်ပြောင်းရမှာ။ နှစ်ပေါင်း ၇၀ လောက်က တိုက်ပွဲတွေ ဖြစ်နေခဲ့တာ။ အသွင်ပြောင်းမယ်ဆိုရင် ဖက်ဒရယ်နိုင်ငံတော်သစ်ကို တည်ဆောက်ရမယ်။ တည်ဆောက်ချင်ရင် တိုက်ပွဲဖြစ်နေလို့မရဘူး။ ငြိမ်းချမ်းရမယ်။ စကားပြောရမယ်။ ပြောပြီးမှ ဘယ်လိုပုံစံချ မလဲဆိုတာ ထွက်လာမှာ။ အဲဒါကြောင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက် ဖို့အတွက် ဦးတည်ကြိုးပမ်းခြင်းသည် တစ်ဖက်နဲ့တစ်ဖက် Win Win ပေါ်လစီနဲ့ ကိုက်ညီတယ်လို့ မြင်တယ်။ အခုဆိုရင် Independence လို့ ပြောတာရှိတယ်။ Confederation လို့ ပြောတာရှိတယ်။ အဓိကတော့ တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ သူတွေပြောနေကြတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးဆိုတာ ပြောနေကြတယ်။ ကိုယ့်ကြမ္မာကိုယ်လည်း ဖန်တီးလို့ရတယ်။ ဒီတိုင်းပြည်လည်း မကွဲမကွာဘူး။ ပျက်စီးသွားခြင်း မရှိဘူးဆိုတာကို ကျွန်မတို့က စဉ်းစားတာ။ အဲဒီလိုစဉ်းစားရင်းနဲ့ နည်းလမ်းတွေကို ရှာတဲ့အခါမှာ စကားပြောရမယ်။ စကားပြောခြင်းက ကောင်းတယ်။ ဝေဖန်မှုတွေက အမျိုးမျိုးရှိမှာပဲ။ ဒါပေမဲ့ အားလုံးရဲ့ ဘုံစကားသည် ၂၀၁၃ ခုနှစ်က လက်ခံလာတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ အဲဒီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို အားလုံးက လက်ခံထားတယ်။ ဒါဟာ အားလုံးရဲ့ ဘုံစကား ဖြစ်တယ်။ အဲဒါကို ရောက်အောင် သွားရမှာ"ဟု ၎င်းကပြောသည်။
ငြိမ်းချမ်းရေးစကားပြောခြင်းက အညံ့ခံခြင်းမဟုတ်ဘဲ အများကောင်းကျိုးအတွက်ဖြစ်သည်ကို လက်နက်ကိုင် တိုက်ခိုက်နေသူများအား သိစေချင်ကြောင်း ဒေါ်စောမြရာဇာလင်းက ပြောသည်။
"တစ်ဖက်နဲ့ တစ်ဖက်ခံယူချက်တွေ၊ လိုလားချက်တွေ မတူကြဘူး။ အဲဒါကြောင့် တစ်ယောက်ချင်း စီမှာရှိနေတဲ့ ခံယူချက်၊ လိုလားချက်တွေကြောင့် ညှိလို့မရတဲ့ အနေအထားတွေ အများကြီး ဖြစ်တယ်။ အခုက ငြိမ်းချမ်းရေးစကားပြောတယ်ဆိုရင် တချို့က အညံ့ခံတယ်လို့ ပြောကြတယ်။ ငြိမ်းချမ်းရေးစကား ပြောတယ်ဆိုတာ ဘယ်သူ့ကို ဘယ်သူကမှ အညံ့ခံတာမဟုတ်ဘူး။ ငြိမ်းချမ်းဖို့အတွက် ဆွေးနွေးပြောဆို ကြတာဖြစ်တယ်။ အများကောင်းကျိုးအတွက် လုပ်နေကြတယ်ဆိုတာ ပြည်သူတွေရော၊ တိုက်ပွဲအတွင်းမှာ ရှိနေတဲ့လူတွေရော သိဖို့လိုတယ်။ တစ်နေ့နေ့ စကားဝိုင်းကိုရောက်အောင် ကြိုးပမ်းရမှာ"ဟု ၎င်းက ပြောသည်။
ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည့် Peace Forum 2025 ကို UWSA ၊ SSPP ၊ NDAA၊ PNLO ၊ DKBA ၊ NMSP ၊ LDU ၊ KNU / KNLA –Pc နှင့် ALP တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ကွန်းဈာန်