ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ရေထွက်ပစ္စည်းအပါအဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ၊ တိရစ္ဆာန်အစာများ၊ တိရစ္ဆာန်သုံးဆေးဝါးများ၊ တိရစ္ဆာန်သုံးပစ္စည်းများ ပြည်ပမှ တင်သွင်းခြင်းအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော သဘောထားမှတ်ချက် ထုတ်ပေးမှုများကို ဖေဖော်ဝါရီမှစတင်၍ အကောက်ခွန်ဦးစီးဌာန၏ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance Sys-tem – MACCS) ကို အသုံးပြုကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဌာနများအနေဖြင့်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူညီချက် (WTO Trade Facilitation Agreement) လုပ်ငန်းစဉ်ပါအတိုင်း စာရွက်စာတမ်းအသုံး ပြုမှုလျှော့ချ၍ အီလက်ထရောနစ်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန်ဟူသော ရည်မှန်းချက်နှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများတွင် လိုအပ်သော အချက်အလက်များကို အီလက်ထရောနစ်ဖြင့် ဆောင်ရွက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်ဦးစီးဌာနတွင် MACCS User Code နှင့် E-Token များအား အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ User Registration Section သို့ လူကိုယ်တိုင် ဖြစ်စေ၊ Email ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အကောက်ခွန်ဆိုင်ရာကုန်ပစ္စည်း များရှင်းလင်းထုတ်ယူမှု လုပ်ငန်းစဉ်များတွင် Manual စနစ် ဖြင့် ဆောင်ရွက်ခဲ့ရာတွင် အချိန်ကြန့်ကြာခြင်း၊ ကုန်သွယ်မှုကိန်းဂဏန်း များသည်လည်း ယေဘုယျအားဖြင့် တိကျမှန်ကန်စွာ ရရှိနိုင်မှုကို ထိခိုက်စေခြင်းနှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကို အဟန့်အတားဖြစ်ပေါ်စေကြောင်း၊ ဝန်ထမ်းနှင့်ပြည်သူ ထိတွေ့ဆောင်ရွက်စဉ် အဂတိလိုက်စားမှုများ ထိန်းချုပ်ရန် ခက်ခဲခြင်း စသည့် အားနည်းချက်များ ရှိခဲ့ကြောင်း၊ အဆိုပါ အားနည်းချက်များကို လျော့နည်း ကျဆင်းရေးအတွက် ဂျပန်နိုင်ငံမှ လက်တွေ့သုံးစွဲ အောင်မြင်လျက်ရှိတဲ့ Nippon Auto-mated Cargo and Port Consolidated System – NACCS အား အခြေခံ၍ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clea-rance System - MACCS) နှင့် မြန်မာ့အကောက်ခွန် သတင်းအချက်အလက်စနစ် (Myanmar Customs Intelligence System - MCIS) တို့ကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ MACCS စနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စေရန်၊ နိုင်ငံတကာ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရန်၊ အချိန်နှင့် ငွေကြေးသုံးစွဲရမှုများ လျော့ကျလာစေပြီး ကြိုတင်မျှော်မှန်းဆောင်ရွက်လာ စေရန်၊ နိုင်ငံတကာစံ လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်သည့် Risk Management စနစ်အား နည်းလမ်းတကျ အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်းမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက် အကူဖြစ်စေရန် ရည်ရွယ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (သက်မှူး)