လက်နက်ကိုင်များ စစ်ရေးချဲ့ထွင်ခဲ့ခြင်းကြောင့် တရားသောစစ်ကို ဆက်လက်ဆင်နွှဲမည်ဆိုသော တပ်မတော်၏ ရှုထောင့်ကို မှားသည်ဟု ပြော၍ မရကြောင်း PNO နှင့် ပြည်သူ့စစ်ခေါင်းဆောင်ပြော

နေပြည်တော် ဖေဖော်ဝါရီ ၂၆
    နစက အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့သော်လည်း လက်နက်ကိုင်များအနေဖြင့် စစ်ရေးချဲ့ထွင်လာခဲ့သည့် အတွက် တရားသောစစ်ကို ဆက်လက် ဆင်နွှဲမည်ဆိုသော တပ်မတော်၏ ရှုထောင့်ကို မှားသည်ဟု ပြော၍မရကြောင်း ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) မှ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။ 
    "မြေပြင် အနေအထားအရကတော့ စဉ်းစားစရာ အများကြီးရှိတယ်။ သူ့ဘက် ကိုယ့်ဘက်တော့ ကြည့်ရမယ်။ နစက ဘက်ကကြည့်ရင် ငြိမ်းချမ်းရေး ဖိတ်ခေါ်တယ် အဆင်မပြေဘူး။ လက်နက်ကိုင် တွေအနေနဲ့က စစ်ရေး ချဲ့ထွင်လာတယ်။ စစ်ဘောင်လည်း ကျယ်လာတော့ စစ်ကို သူက  လုပ်မှကို ရှေ့လုပ်ငန်းစဉ်တွေကို ဆက်လုပ်လို့ရမယ်။ တစ်ခုခုတော့ ပြတ်အောင် လုပ်မှရမယ့် သဘောရှိတယ်။ နိုင်ငံရေးပါတီတွေဘက်က ကြည့်ရင်တော့ ငြိမ်းချမ်းစေချင်တယ်။ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အားပေးတယ်။ ကိုယ့်ဘက်က ကိုယ်ကိုင် ထားတဲ့မူပေါ့ဗျာ။ လက်ရှိ မြန်မာ့နိုင်ငံရေးကို ကြည့်ရင် တပ်မတော်ဘက်ကလည်း တပ်မတော်ကဏ္ဍရှိသလို သူ့ရှုထောင့်နဲ့သူ မှားတယ်လို့ ပြောလို့မရဘူး။ တစ်နိုင်ငံလုံးရဲ့ အခြေအနေကိုကြည့်ရင် ဒီလိုလုပ်မှ ရမယ်ဆိုတာ သူ့အလုပ်သူလုပ်တာ။ နိုင်ငံရေးပါတီ တွေဘက်က ရွေးကောက်ပွဲလုပ်စေချင်တယ်။ အစိုးရတစ်ရပ် ပေါ်လာမယ်။ လွှတ်တော်တွေ ပေါ်လာမယ်ဆိုတာ ဒါက ပါတီတွေရဲ့အမြင်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က ငါတို့လူမျိုး၊ ငါတို့ နယ်မြေ ရမှဖြစ်မယ်ဆိုတာမျိုး ခံယူချက်နဲ့ သွားနေတယ်"ဟု ၎င်းကပြောသည်။ 
    တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုတွင်လည်း နယ်မြေဒေသအလိုက် မြေပြင်အခြေ အနေ၊ လူထုအခြေ အနေအပေါ်လိုက်၍ ဆောင်ရွက်သင့်ကြောင်း စောခွန်ကျော်ဝင်းက အကြံပြုပြောကြားသည်။ 
    "ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက် နယ်မြေဒေသအလိုက် ညှိနှိုင်းမှုတွေလုပ်မှ ဖြစ်မယ်။ ရှမ်းပြည်(တောင်ပိုင်း) ဆိုရင် ပအိုဝ်းဒေသ အခြေအနေ၊ နိုင်ငံတော်အခြေအနေ၊ လူထုရဲ့အခြေအနေ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်ရမလဲဆိုတာ သုံးသပ်ရမယ်။ ရှမ်းမြောက်ဆိုရင် ကိုးကန့်ဒေသ၊ ပလောင်ဒေသ လူထုတွေရယ်၊ လက်နက်ကိုင်အဖွဲ့တွေရယ်။ ရှေ့အနာဂတ် ဘယ်လို သွားရင် အဆင်ပြေမလဲ ညှိနှိုင်းဖို့လိုတယ်။ ရခိုင်ဆိုရင် AA အနေနဲ့က တိုက်မလား၊ ညှိနှိုင်းမလား သူတို့အပေါ် မူတည်တယ်။ တစ်နိုင်ငံလုံး တစ်ပုံစံတည်းတော့ သွားလို့မရဘူး။ အစိုးရရော၊ တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင်တွေရော ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသအခြေအနေကို ကြည့်ပြီးတော့ ကိုင်တွယ်ရမယ့် အနေအ ထား ရှိတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံး အနေအထားက မတူဘူး။ လုပ်လို့ရတဲ့ နေရာရှိတယ်။ လုပ်လို့မရတဲ့ နေရာတွေရှိ တယ်။ လုပ်လို့ရတဲ့ နေရာပဲ လုပ်မယ်ဆိုရင် လည်း ဖြစ်နိုင်ခြေရှိတယ်။ အားလုံးငြိမ်းချမ်းမှ လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး အခြေအနေတွေကို သုံးသပ်ပြီးတော့ အစိုးရရယ်၊ တပ်မတော်ရယ်၊ သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်း ဆောင်တွေက ညှိနှိုင်းဆွေးနွေးဆောင် ရွက်မှ ဖြစ်မယ်လို့ မြင်ပါတယ်"ဟု ၎င်းက ပြောသည်။ 
    စစ်ရေးနယ်ပယ် ကျယ်ပြန့်လာမည်ဆိုပါက တိုင်းပြည်အနာဂတ် မကောင်းနိုင်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးကို ဆောင်ရွက်သင့်ကြောင်း ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ခွန်ထွန်းရွှေက ပြောသည်။
    "စစ်ရေးနယ်ပယ် ကျယ်လာရင်တော့ တိုင်းပြည်ရဲ့ အလားအလာ မကောင်းဘူး။ စစ်ရဲ့အနိဋ္ဌာရုံကတော့ ဘာစစ်ပဲဖြစ်ဖြစ် နှစ်ဖက်ကတော့ နာကြတယ်။ အဓိကနာတာက အပြစ်မဲ့ပြည်သူတွေ အိုးအိမ်တွေ ပျက်စီးတယ်။ ခြေပြတ်၊ လက်ပြတ် အနိဋ္ဌာရုံ ကြုံရတယ်။ တိုင်းပြည်အနာဂတ် မလှဘူး ပေါ့ဗျာ။ ကျွန်တော်တို့ ဖြစ်ချင်တာကတော့ စစ်ရေးနယ်ပယ်ကို မချဲ့ဘဲနဲ့ တတ်နိုင်သလောက် ပစ်ခတ်ရပ်စဲရေး လုပ်စေချင်တယ်။ ငြိမ်းချမ်းရေးကို ဆွေးနွေးစေချင်တယ်။ အပြုတ်တိုက်ရေးဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံတော်ကို ဘယ်လိုမှ အပြုတ်တိုက်လို့ရမှာ မဟုတ်သလို။ သူပုန်တွေကလည်း ပြုတ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာ့နိုင်ငံရေး အတွေ့အကြုံအရ KNU လည်း နှစ် ၇၀ ၊ ၈၀၊ ဗမာပြည် ကွန်မြူနစ်ပါတီလည်း နှစ် ၅၀ လောက် ရုန်းခဲ့တာ။ နောက်ဆုံးတော့ အပြုတ်တိုက်ရေး လမ်းစဉ်မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအရ ဖြစ်သွားကြတာ။ လက်နက်ကိုင်တော်တော်များများကတော့ ငြိမ်းချမ်းရေး စားပွဲခုံပေါ်ရောက်မှ ကျွန်တော်တို့ နိုင်ငံရဲ့အခြေအနေက အနာဂတ်လှမှာ။ တစ်ဖက်က လည်း ငြိမ်းချမ်းရေးကို ခေါ်ယူတွေ့ဆုံတယ်။ တစ်ဖက်ကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို သွားချင်တယ်ဆိုရင် ဒီမိုကရေစီမှာလည်း ရွေးကောက်ပွဲ ကအသက်ပဲ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ စစ်ရေးနယ်ပယ် ကျယ်ပြန့်တာကိုတော့ သဘောတော့မကျဘူး။ ဒါကတော့ လူကြီးအပိုင်းပေါ့။ ကျွန်တော်တို့ အနေနဲ့ကတော့ စစ်ရေးမချဲ့ဘဲနဲ့ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်စေချင်တယ်။ တချို့ ပြောကြတယ်။ ရွေးကောက်ပွဲလုပ်လည်း တပ်မတော်က သဘောကျတဲ့ ပါတီပဲရမယ်။ ဘယ်လိုပဲ ရရပေါ့ဗျာ။ တဖြည်းဖြည်းနဲ့ လူထုကြိုက်နှစ်သက်တဲ့ ပါတီတွေလာမှာပေါ့။ ဒီမိုကရေစီ လမ်းကြောင်း သွားချင်တယ်ဆိုရင် ရွေးကောက်ပွဲလုပ်မှရမယ်။ လွှတ် တော်တွေ ပေါ်လာရင် အဆင်ပြေမယ်။ ချိန်ခွင်လျှာ ညှိရမှာ"ဟု ၎င်းက ပြောသည်။ 
    လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ နစကအစိုးရအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်းသာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်၍ရမည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် များအနေဖြင့် နယ်မြေတောင်းဆိုမှုကိစ္စကို တစ်ဖက်သတ်တောင်းဆို၍ မရနိုင်ကြောင်း ပအိုဝ်းအမျိုး သား အဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။  
    "ဆွေးနွေးညှိနှိုင်းမှု တစ်ရပ်ကို ၂၀၀၈ ကိုင်ပြီး မဆွေးနွေးနဲ့ဆိုရင် လက်ရှိတိုင်းပြည်ကို အာဏာအလုံးစုံသိမ်းမှ ညှိနှိုင်းလို့ရမယ်။ ၂၀၀၈ အခြေခံဥပဒေကို မကိုင်နဲ့ဆိုရင် တပ်မတော်က အာဏာသိမ်းမှ သူတို့ညှိနှိုင်းလို့ရလိမ့်မယ်။ တပ်မတော်အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ သွားနေရမှာပဲ။ အဲဒီဘောင်ထဲက သွားရမှာ။ လက်ရှိ အခြေအနေအရ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံညှိနှိုင်းဆွေးနွေးပြီးမှ သွားလို့ရမှာ။ လုံးဝညှိနှိုင်းလို့ မရဘူးဆိုရင် အာဏာသိမ်း။ ၂၀၀၈ ဖွဲ့စည်းပုံလည်း မရှိ၊ အစိုးရလည်း မရှိဘူးဆိုရင် တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်မလဲ။ ဘယ်သူ ဦးဆောင်မလဲ။ ကြားကာလ ဘယ်လိုလုပ်မလဲ စဉ်းစားစရာတွေ ရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အသိအမှတ်ပြုမှု၊ နားလည်မှု ရှိဖို့လိုအပ်တယ်။ တောင်းဆိုချက်တွေ တောင်းဆိုတဲ့အခါမှာလည်း ကိုယ်လိုချင်တာ တစ်ဖက်သတ် တောင်းဆိုမယ်ဆိုရင် ဒါကလည်း ညှိနှိုင်းမှုက အဆင်ပြေမှာ မဟုတ်ဘူး"ဟု ၎င်းကပြောသည်။ 
    တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေးကိစ္စအပေါ် ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ခွန်ထွန်းရွှေက "၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်သော်လည်း ၂၀၀၈ အရ လက်ရှိသွားဦးမှရမှာ။ မကြိုက်တာက တစ်ပိုင်း။ တွေ့ ဆုံညှိ နှိုင်းရေးမှာ ၂၀၀၈ ကို ပုံသေကိုင်တယ်။ ပြောင်းလဲခြင်း မရှိဘူးဆိုတာတော့ နစက အစိုးရမှ မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလည်း ပြု ပြင်လာတာပဲ။ အဲဒါကိုလည်း တစ်ဖက်က နားလည်ပေးမှ ရမယ်။ နှစ်ဖက် အပြုတ်တိုက်ရေးနဲ့ သွားမယ်ဆိုရင်တော့ တိုင်းပြည်ပဲ နာမယ်။ ၂၀၀၈ ကို မကြိုက်တာတော့ မကြိုက်တာထားပါ။ ဒါပေမဲ့ အဲ့ဒီမှာ တဖြည်းဖြည်း ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်း ရှိပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် သွားမှရဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံမရှိဘဲ။ ငြိမ်းရေးဆွေးနွေးတာတွေက မူဘောင်မရှိဘဲနဲ့တော့ မရဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် နယ်မြေတောင်းဆိုတာတို့၊ ဘာတို့ကလည်း နစကအနေနဲ့ နိုင်ငံရေးအစိုးရမဟုတ်တော့ သူ့လုပ်ပိုင်ခွင့် ပေးပိုင်ခွင့်က ကမ္ဘာက အသိအမှတ်ပြု စောင့်ကြည့်ရေး အဖွဲ့တွေကလည်း လက်ခံဦးမှ ရမှာလေ။ ကမ္ဘာကလည်း လက်ခံရ မယ်။ စောင့်ကြည့် လေ့လာသူတွေလည်း ရှိတယ်။ ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေ၊ အခြားတိုင်းရင်းသားတွေ လက်ခံဦးမှရမှာ။ ကိုယ့်သဘောနဲ့ကိုယ် သွားလို့ မရဘူး။ ကြိုးသာချည်တာ မြင်းမှမဟုတ်တာ" ဟု ပြောသည်။
    တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအ ခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိ ကြောင်း။ လက်ရှိအချိန်တွင် လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့အစည်းအချို့သည် NUG? CRPH? PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေးနှင့် ၎င်းင်းတို့ ထိန်းချုပ်နယ်မြေများ ချဲ့ထွင်နိုင်ရေး အတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရား လက်လွတ်ဥပဒေမဲ့ လုပ်ဆောင်လျက် ရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ 
    အေးချမ်းစွာ နေထိုင်လိုကြသည့် အပြစ်မဲ့ပြည်သူများသည် နိုင်ငံရေးပြဿနာကို အကြမ်းဖက် လက်နက်ကိုင်နည်းလမ်းဖြင့် ရယူရန် ကြိုးစားနေကြသည့် အကြမ်းဖက်သမား သောင်းကျန်းသူများကို အလွန် ရွံရှာ စက်ဆုပ်နေကြပြီဖြစ်၍ လက်နက်ကိုင် သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက် ဆင်နွှဲသွားကြရမည် ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ဖေဖော်ဝါရီ ၂၁ ရက်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲသင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွန်းဈာန်

Total Views ~ 99

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43093

© 2022 - 2025 News. All Rights Reserved.