လေယာဉ်စက်ရုံနှင့် မီးရထားစက်ရုံလုပ်ငန်းများ မြန်မာ-ရုရှားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထား

ရန်ကုန်၊ ဇူလိုင် ၂
    လေယာဉ်စက်ရုံနှင့် မီးရထားစက်ရုံလုပ်ငန်းများ မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Buryatiya (ဘူရားတီးယား)ပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov  တို့သည် ဘူရားတီးယားပြည်နယ်မှ Arigus ၊ ATV ၊ Tivicom တို့အပါအဝင် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများပေါ် ပြန်လည် ဖြေကြားချက်မှ သိရသည်။
    ရုရှားနိုင်ငံ ဘူရားတီးယား ပြည်နယ်သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နစကဥက္ကဋ္ဌသည် ဇွန် ၂၉ ရက်တွင် အူလန်အူဒယ်  LVRZ မီးရထားစက်ခေါင်းနှင့်ရထားတွဲ ပြုပြင်ရေးစက်ရုံတို့အား ကြည့်ရှုလေ့လာခဲ့သည်။ ယင်းသို့ လေ့လာခဲ့စဉ် Arigusi ATV နှင့် Tivicom တို့အပါအဝင် ဒေသခံမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာ၌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘူရားတီးယားပြည်နယ် အကြီးအကဲတို့က အနာဂတ်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
    "အခု ဒီနေ့ ကျွန်တော်လာကြည့်တဲ့ မီးရထားစက်ရုံလုပ်ငန်းအပါအဝင် စောစောပိုင်းက လေယာဉ်စက်ရုံလည်း ကျွန်တော်သွားကြည့်ခဲ့တယ်။ ဒါတွေကတော့ ကျွန်တော်တို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် အလားအလာရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် ဘူရားတီးယားမှာလည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ပြည်နယ်သူ ပြည်နယ်သားတွေရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေက အလားအလာတွေလည်း ရှိတယ်။ နောက် ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ရှိတယ်။ နောက်ဝန်ကြီးချုပ်ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ ပတ်သက်တဲ့ ကမ်းလှမ်းချက်လည်းရှိတယ်။ ပညာရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ ရှိပါလိမ့်မယ်။ နောက် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း ဆွေးလည်းဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ ရှိပါလိမ့်မယ်။ နယ်ပယ်တော့ အများကြီးရှိတယ်။ လုပ်စရာ နယ်ပယ်တွေ အများကြီးရှိပါတယ်"ဟူ၍ နိုင်ငံတော်ဝန်ကြီးချုပ်က မီဒီယာများကို ပြောကြားခဲ့သည်။
    နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘူရားတီးယားပြည်နယ်သို့ သုံးကြိမ်ခန့် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဘူရားတီးယား၏ အလှအပများသည် သာယာလှပတဲ့ ဒေသတစ်ခုဖြစ်ပြီး အင်မတန်စိတ်ချမ်းသာရကြောင်း၊ ထပ်မံ၍လည်းလာနိုင်ဖို့ ကြိုးစားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က မီဒီယာများကို ပြောကြားခဲ့သည်။
    "ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေလည်း အများကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ဆေးဝါးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်း ပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်း ရှိပါတယ်။ ကျွန်တော်တို့ အူလန် အူဒယ်ထုတ်ထားတဲ့၊ ရဟတ်ယာဉ်စက်ရုံကနေပြီးတော့ ထုတ်ထားတဲ့ ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆို နှစ်အကြာကြီးအထိ အသုံးပြုနေတာတွေ ရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ပတ်သက်ပြီးတော့၊ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ အများကြီး လုပ်ဖို့အတွက် စီစဉ်ထားတာရှိပါတယ်။ ဒီနေ့မှာဆိုရင်လည်း TMH Holding ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သူတို့လုပ်ဆောင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြသွားတာ ရှိပါတယ်။ လာမယ့်အနာဂတ်မှာလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ဒီနယ်ပယ်နဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးဖို့အတွက် စီစဉ်ထားတာတွေလည်းရှိပါတယ်"ဟူ၍ ပြည်နယ်အကြီးအကဲက  ပြောကြားခဲ့သည်။
    ပညာရေးပူးပေါင်းဆောင်ရွက်မှုနှင့်မြန်မာနိုင်ငံမှ ရုရှားဘာသာစကား ပညာသင်ကြားသည့် ဆရာများက  ထပ်ဆင့်သင်တန်းများပေးရန်၊ အဆင့်မြင့်သင်တန်းများပေးရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ သင်တန်းများကို ဘူရားတီးယားတွင် သင်ပေးနိုင်သလို ဘူရားတီးယား တက္ကသိုလ်တွင်လည်း မြန်မာဘာသာစကား သင်ကြားရန် မြန်မာဘာသာစကားဌာန ဖွင့်လှစ်ရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း ပြည်နယ်အကြီးအကဲက ပြောကြားခဲ့သည်။
    "ကျွန်တော့်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကို လိုက်လံ ပြသပေးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို Delegation သွားရောက်ခဲ့တာ ရှိပါတယ်။ သွားရောက်ခဲ့တဲ့အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုခဲ့တာတွေလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကနေ ပြောကြားလိုတာ ကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေကို ကျွန်တော်တင်မကဘဲနဲ့ Delegation အဖွဲ့ဝင်အားလုံးက ခံစားခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံ အပြန်အလှန် ကျွန်တော်တို့ Tourism အခန်းကဏ္ဍကို မြှင့်တင်ဖို့အတွက်လည်း ကျွန်တော်တို့ လျာထားစီစဉ်ထားတာ ရှိပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ရုရှားနိုင်ငံရှိ Arigusi ATV နှင့် Tivicom တို့အပါအဝင် ဒေသခံမီဒီယာများအား မြန်မာနိုင်ငံသို့ လာရောက်လေ့လာရန် ဖိတ်ကြားခဲ့သည်။ ယင်းသို့ လာရောက်မည်ဆိုလျှင် မြန်မာပြည်၏ အခြေအနေအားလုံးကို ယခုလက်ရှိအကြမ်းဖျင်းသိထားခြင်းထက် ပို၍ ထိတွေ့မှုခံစားမှုပို၍ ကောင်းပါလိမ့်မည်ဟု နိုင်ငံတော်ဝန် ကြီးချုပ်က မီဒီယာများကို ပြောကြားခဲ့သည်။ နဒီ

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

46446

© 2022 - 2025 News. All Rights Reserved.