အမျိုးသားကူးစက်ရောဂါ ကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ဆောက်ရေး အကူအညီပေးမှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား

၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
    နေပြည်တော်တွင် 'အမျိုးသားကူးစက်ရောဂါကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ' တည်ဆောက်ရန်အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ပြီးစီးမည် ဖြစ်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗီဒီယိုကွန်ဖရင့်ဖြင့် ပါဝင် တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂၅ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည့် (၄)ကြိမ် မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး သို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။
    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြား ရာတွင် ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ခုနစ်နှစ်တာ ကာလအတွင်း အခြေခံအဆင့်ကို ကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုးတိုး တက်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ် မှ စ၍ ၂၀၂၃ ခုနှစ်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန် ဖိုးရှိသည့် အထူးရန်ပုံငွေစီမံကိန်း ၁၀၆ ခု ရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုလုပ်ငန်းများကို အထောက်အကူပြုလျက် ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့် အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါ ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေပြု စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်သွားသင့်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွားသင့်ကြောင်း ပြသသည့် သင်ခန်းစာတစ်ရပ် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူ့ကျန်းမာ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုများ မျှဝေခြင်းနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရေးတို့ကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားသင့်ပါ ကြောင်းပြောကြားခဲ့သည်။
    ဆက်လက်၍ 'မဲခေါင်-လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင် ခြင်း'၊ 'မဲခေါင်-လန်ချန်း လေကြောင်း ခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ထူထောင်ခြင်း' လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုများ၊ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ် ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန် လိုင်းလောင်းကစားမှုများ စသည့် ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ 'မဲခေါင်-လန် ချန်း လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန'မှ ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်း ပူးပေါင်းညှိနှိုင်းရေး အခန်းကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။
    အစည်းအဝေးတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျ ပူးတွဲဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

Total Views ~ 146

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43432

© 2022 - 2025 News. All Rights Reserved.