နေပြည်တော်၊ ဇူလိုင် ၂
ရွေးကောက်ပွဲက ကြားကာလတစ်ခုတွင် တိုင်းပြည်အခြေအနေအရ အကောင်းဆုံးလမ်းကြောင်းဖြစ်၍ ကြောက်ရွံ့နေ၍မရကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။
"ရွေးကောက်ပွဲက ကြားကာလ အပြောင်းအလဲ တစ်ခုအတွက်သွားမှာ။ ငြိမ်းချမ်းရေးက အဝေးကြီး သွားရဦးမှာ။ ချက်ချင်းလည်း မဖြစ်လာနိုင်တဲ့ကိစ္စ။ ရွေးကောက်ပွဲနဲ့ မသွားဘူး။ ဒီလိုပဲ လက်နက်ကိုင် ပြီးသွားမယ်ဆိုရင် တိုင်းပြည်ကတော့ ပိုပြီးဆိုးရွားသွားမယ်။ အကောင်းဆုံးက ရွေးကောက်ပွဲနဲ့သွားရမယ်။ ကြားကာလ အစိုးရလို့လည်း ပြောလို့ရတယ်။ ရွေးကောက်ပွဲက ထွက်လာမယ့် အစိုးရက ကောင်းကောင်းမွန်မွန် ကိုင်တွယ်သွားမယ်ဆိုရင် နောက်ဆက်တွဲ ရေရှည်သွားမယ့် ငြိမ်းချမ်းရေးကိစ္စ နောက်ဆက်တွဲကိုလည်း လုပ်ဆောင်နိုင်မယ်။ အစိုးရသစ်နဲ့အတူ ငြိမ်းချမ်းသွားမှ တိုင်းပြည်တိုးတက်ဖို့ ဆက်ပြီး လုပ်နိုင်မယ်။ ရွေးကောက်ပွဲဆိုတာ နစကရဲ့ ထွက်ပေါက် မဟုတ်ဘူး။ ကြားကာလတစ်ခုမှာ တိုင်းပြည် အခြေအနေအရ အကောင်းဆုံးလမ်းကြောင်းလို့ပဲ မြင်တယ်။ တကယ်လို့ ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် စဉ်းစားကြည့်။ လက်နက်ကိုင်တိုက်ကြမယ်ဆိုရင် ဘယ်သူက အနိုင်ရမှာလဲ။ လူတိုင်းကြည့်ရင် မြင်နိုင်တယ်။ နောက်ဆုံး လူထုအတွက် နစ်နာမှုတွေနဲ့၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့ တိုင်းပြည်က ပိုဆိုးသွားမယ်။ ရွေးကောက်ပွဲလုပ်မယ့်အပေါ်မှာ တစ်ဖက်က ခြိမ်းခြောက်တာလည်း ရှိတယ်။ တာဝန်ယူရမယ် တာဝန်ခံ ရမယ်ဆိုတာ ဒါပေမဲ့ ကျွန်တော်တို့ ခံယူတာက နိုင်ငံရေးလုပ်တဲ့သူတွေရော၊ ငြိမ်းချမ်းရေးလုပ်တဲ့ သူတွေက ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြတာ။ လူထုအတွက် အကျိုးရှိမယ့်ကိစ္စကို လုပ်ကြတာ။ နောက်ဖြစ်လာမယ့်ကိစ္စအတွက် ဘာဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲ"ဟု ၎င်းကပြောသည်။
တိုင်းပြည်ကောင်းစားဖို့အတွက် ပြည်သူလူထုကို ဒုက္ခဆင်းရဲ အဖြစ်မခံဘဲ တွေ့ဆုံဆွေးနွေးခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။
"နောက်ဆုံးက စကားပြောကြတာနဲ့ ပြီးသွားမှာ။ အပြတ်အသတ်တိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နောက်ဆုံးတွေ့ဆုံညှိနှိုင်းပြောဆိုတဲ့ လမ်းကြောင်းကို ပြန်ရောက်သွားမယ်။ အဲဒီတော့ ပြည်သူတွေ ဒုက္ခဆင်းရဲ အဖြစ်မခံဘဲနဲ့ ပြောဆိုဆွေးနွေးတာ အကောင်းဆုံးပဲ။ ဒါမှမဟုတ် ဆက်ပြီး တိုက်ကြမယ် အဆုံးထိ သွားကြမယ်ဆိုရင် ပြီးဆုံးတော့မှာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းဖို့ ဘယ်သူနဲ့ဖြစ်ဖြစ် လက်တွဲ စရာရှိတာ တွဲမယ်။ လုပ်စရာရှိတာ လုပ်မယ်။ အားလုံးကြောက်ရွံ့နေလို့ မရဘူး။ ရဲရဲသွားဖို့ လိုတယ်။ ငြိမ်းချမ်ရေးရမှ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် လက်ရှိက တစ်ဖက်နဲ့တစ်ဖက် တိုက်နေကြတာလေ။ အားလုံးအပြုတ်တိုက်ပြီးမှ ငြိမ်းချမ်းရေးကိစ္စ၊ ရွေးကောက်ပွဲကိစ္စ လုပ်မယ်ဆိုရင် အဲ့ဒီအချိန် လူဘယ်နှယောက် ကျန်မလဲ။ တစ်နှစ်နဲ့ ပြီးမလား၊ နှစ်နှစ်နဲ့ ပြီးမလား။ နောက်ထပ် ဆက်သွားရင် ၁၀ နှစ်လား၊ နှစ် ၂၀ လား" ဟု ၎င်းကပြောသည်။
အစိုးရကို ဆန့်ကျင်သူများက ငြိမ်းချမ်းရေး ဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲပြုလုပ်မည့်ကိစ္စအပေါ် ခြိမ်းခြောက်မှုများ ရှိနေသော်လည်း နစက အစိုးရအနေဖြင့် ရွေးကောက်ပွဲကို အောင်မြင်အောင် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ချထားပြီးဖြစ်သည်။ ကွန်းဈာန်