ရန်ကုန်၊ ဇူလိုင် ၂
AFC Futsal Asian Cup 2026 ခြေစစ်ပွဲ အုပ်စု(ဇ)ပွဲစဉ်များ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီမှ သိရသည်။
AFC Futsal Asian Cup 2026 ခြေစစ်ပွဲစဉ်များကို စက်တင်ဘာ ၂၀ မှ ၂၄ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်ယှဉ်ပြိုင်ရမည့် အုပ်စု(ဇ)ပွဲစဉ် များကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။
၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC Futsal Asian Cup 2026 ခြေစစ်ပွဲ မဲခွဲပွဲ အခမ်းအနားကို ဇွန် ၂၆ ရက်က ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဖဂန်နစ္စတန်အသင်း၊ မော်လ်ဒိုက်အသင်းတို့နှင့်အတူ အုပ်စု(ဇ)တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
AFC Futsal Asian Cup 2026 ခြေစစ်ပွဲကို အုပ်စုရှစ်ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အင်ဒိုနီးရှားအသင်း အပါအဝင် အုပ်စုပထမရှစ်သင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ခုနစ်သင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။
ပြိုင်ပွဲကြိုတင်ပြင်ဆင်မှုအဖြစ် ၂၀၂၆ အာရှဖူဆယ်ပြိုင်ပွဲ ခြေစစ်ပွဲနှင့် ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ ဂိုး နည်းပြအဖြစ် ထိုင်းလူမျိုးနည်းပြ Mr. Saksri So-kanthika ကို မကြာမီရက်ပိုင်းက ခေါ်ယူထားသည်။
မြန်မာအသင်းသည် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၄ အာရှဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရ ရှိခဲ့ပြီး တရုတ်ကို အနိုင်ရခဲ့ သော်လည်း ဗီယက်နမ်အသင်းကို သရေ၊ ထိုင်းကို ရှုံးနိမ့်ကာ အုပ်စုမှထွက် ခဲ့ရသည်။ ထူးမြတ်