၂၀၂၄ ဇူလိုင် ၂၆
"ကျွန်တော်အရင်က Music Vedio တွေ ရိုက်ဖူးတယ်။ ရိုက်ခဲ့တာတွေများတော့ ဂီတနဲ့ ပတ်သက်တဲ့ ဇာတ်ကားလေးတစ်ကား ရိုက်ချင်တာကြောင့် Music ကိုအခြေခံတဲ့ တေးသွား၏အစကို ရိုက်ဖြစ်တာပါ။ ကျွန်တော်ငယ်ငယ်တုန်းက သီချင်းဆိုတာ ဝါသနာပါတယ်။ ဒီအချိန်မှာ သီချင်းကို အခြေခံတဲ့ ဇာတ်ကား နည်းနည်းတော့ ရှားတယ်။ ကျွန်တော့်ဦးလေးဖြစ်တဲ့ The Sun Music က ဦးမောင်မောင်သန်းလည်းဖြစ်တဲ့ တေးရေးစိန်လှိုင် ရေးစပ်ခဲ့တဲ့သီချင်းတွေကို လူတွေနားထောင်စေချင်တာကြောင့် ဇာတ်လမ်းရေးပြီး ရိုက်ကူးခဲ့တာပါ"ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ဇာတ်ကားနှင့်ပတ်သက်၍ ရိုက်ကူးဖြစ်ပုံနှင့် သီချင်းပါဝင်သီဆိုပေးဖြစ်ပုံကို ဒါရိုက်တာရဲမြင့်ထွန်းနှင့် အဆိုတော် ဝိုင်ဝိုင်းအား တွေ့ဆုံမေးမြန်းဖြစ်ပုံများကို ဖော်ပြလိုက်ပါသည်။
ဒါရိုက်တာ ရဲမြင့်ထွန်းနှင့် အဆိုတော် ဝိုင်ဝိုင်းအား တွေ့ဆုံမေးမြန်းခြင်း
TREND ။ ။ တေးသွားအစ ဇာတ်ကားဖန်တီး ဖြစ်ပုံလေးကို ပြောပြပေးပါဦး။
YMT ။ ။ ကျွန်တော်ကအရင်က Music ဗီဒီယို ရိုက်ကူးတယ်။ အဲ့ဒါနဲ့ ဇာတ်ကားလေးတစ်ကား ရိုက်ချင်တာကြောင့် ကျွန်တော်သီချင်းကို အခြေခံပြီးတော့ ရိုက်ကူးရတဲ့ ကားလေးရိုက်မယ်ဆိုပြီးတော့ ဒီ Music ကို အခြေခံပြီးတော့ ရိုက်ကူးတာ ဖြစ်ပါတယ်။ သီချင်းတွေကို အခြေခံပြီးတော့ ရိုက်ကူးတဲ့ကားတွေလည်း ရှားလာတော့ အခုလို ရိုက်ကူးဖြစ်သွားတာပါ။ အဓိကတော့ ကျွန်တော့်ဦးလေးဖြစ်တဲ့ ဦးမောင်မောင်သန်း။ သူရေးခဲ့တဲ့ သီချင်းတွေ၊ အသစ်စက်စက် သီချင်းတွေကို ပရိသတ်ကို နားထောင်စေချင်တယ်။ အဲဒီအချိန်မှာ ဘယ်လိုမျိုးလုပ်ရင် ကောင်းမလဲဆိုပြီးတော့ စဉ်စားရင်းနဲ့ ဇာတ်ကားလေးတစ်ကား ဖန်တီးဖြစ်တာပါ။ အမှတ်တရအနေနဲ့ပေါ့။ အားလုံးကို သရုပ်ဆောင်အသစ် တွေနဲ့ ရိုက်ကူးထားတာပါ။ လင်းအိမ်ကလည်း သီချင်းတစ်ပုဒ် ထွက်ဖူးတယ်။ မင်းသမီးတွေကိုလည်း ဒီအတိုင်း ရွေးချယ်ခဲ့တာပါ။ မင်းသမီးတွေက ဆောင်းဦးမေနဲ့အဝိုင်း အပြင် အခြားသရုပ်ဆောင်တွေ များစွာ ပါဝင်ပါတယ်။ အဲဒီမှာ ဦးလေးဖြစ်သူ အဆိုတော် ဝိုင်ဝိုင်းကလည်း မိန်းသီချင်းကို သီဆိုပေးထားပါတယ်။

TREND ။ ။ တေးသွားအစ ကားကမှာ သီချင်းသီဆိုပေးထားတယ်လို့ သိရတယ်။ သီဆိုဖြစ်ပုံလေး ပြောပြပေးပါဦး။
YW ။ ။ ဒီကားကိုရိုက်တဲ့ ဒါရိုက်တာက ကျွန်တော့်အစ်မကြီးရဲ့သား အမျိုးတွေဖြစ်တာပေါ့နော်။အဓိက ဒီကားလေးဖြစ်လာတာက The Sun ကိုမောင်မောင်သန်း ကျွန်တော့်ညီ သူမဆုံးခင် ဒီဇာတ်ကောင်ကို အခွေထုတ်ပေးဖို့ ကြိုးစားနေတာ။ သီချင်းတွေရေးဖို့ စီစဉ်နေတုန်းရှိသေးတယ်။ ကိုဗစ်ကာလမှာ မထင်မှတ်ဘဲနဲ့ ထွက်ခွာသွားတော့ သူထွက်ခွာသွားပေမယ့် သတိရခြင်းအနေနဲ့ သူရေးခဲ့တဲ့ သီချင်းတွေကို ထပ်ပြီး လင်းအိမ်နဲ့ပေါင်းပြီး အတူအဆုံးသတ်ပြီးမှ တီးဝိုင်းပလေယာတွေကို ခေါပြီး အဆုံးသတ်ပြီးမှ အသံသွင်းထားတာ။ ဒါရိုက်တာ ရဲမြင့်ထွန်းကလည်း သူ့ဦးလေးကို အရမ်းသတိရလို့ သူ့ကိုလည်း ဒါရိုက်တာဖြစ်ဖို့ စီစဉ်စားတယ်။ သူကလည်း ကြိုးစားနေတယ်။ ဒါကြောင့် ဒီကားလေးကို ရိုက်ဖြစ်သွားတာပါ။ နယ်ကကောင်လေးတွေ Music ကိုဝါသနာပါလို့ ဘယ်လိုကြိုးစားရလဲဆိုတာကို ရိုက်ကူးပြသထား တာဖြစ်ပါတယ်။ တစ်ကားလုံး မြစ်ကြီးနားမှာ ရိုက်ထားတာပါ။ ကျွန်တော်ကတော့ ဒါရိုက်တာကတောင်းဆိုလို့ အဓိကသီချင်းကို ကြိုးစားပြီး သီဆိုထားပါတယ်။ အစကတော့ ဒီသီချင်းလေးကို အင်္ဂလိပ်လိုရေးမယ်ပေါ့နော်၊ မတောက်တခေါက် သိသလောက်၊ တတ်သလောက်ရေးပြီးမှ မြန်မာလို ပြန်ရေးမယ်ပေါ့နော်။ ဒါပေမဲ့ ပရိုဂျူဆာက ကြည့်ပြီးတော့ စာသားလေးက ချစ်စရာလေး အရမ်းကြီးတော့ Perfect တော့ မဖြစ်နိုင်ဘူးပေါ့။ ကိုယ့်ဘာသာစကားမှ မဟုတ်တာ တတ်သလောက်လေး အင်္ဂလိပ်လို ဆိုပေးပါလားဆိုတော့ အဲ့ဒါနဲ့ ဒီတေးသွားအစမှာ Main သီချင်း အင်္ဂလိပ်လို သီဆိုထားပါတယ်။
TREND ။ ။ ကိုယ့်တူလေးတွေက အခုလိုတွဲ ဖက်ရိုက်ကူးရတဲ့အပေါ် ခံစားချက်လေးပြော ပေးပါဦး။
YW ။ ။ ကျွန်တော်ကတော့ ဝမ်းသာတာပေါ့။ ငယ်ငယ်ကတည်းက မျက်စိရှေ့ကနေ အခုလူကြီးဖြစ်ပြီးတော့ အလုပ်တွေ လုပ်နေတာဆိုတော့ နည်းနည်းပါးပါးတော့ ဆွေးနွေးတာပေါ့နော်။ ဦးလေး ဒါလေး ဘယ်လိုနေလဲ။ ကိုယ်ကတော့ အားပေးရတာပေါ့။ ဟာကွက်လေးမြင်ရင်လည်း မိုက်တယ်သား ချဆိုပြီးတော့ သိသလောက်၊ တတ်သလောက် အကြံပေးတာပေါ့နော်။ အခုလို ထွက်လာတော့ ရင်ခုန်မိတာပေါ့နော်။ အားလုံးကိုလည်း ကြည့်စေချင်တယ်။

TREND ။ ။ လင်းအိမ်နဲ့ ပတ်သက်ပြီးတော့လည်း အဆိုပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုလည်း ဦးလေးတစ်ယောက်အနေနဲ့ ဝေဖန်ပေးပါဦး။
YW ။ ။ သရုပ်ဆောင်ပိုင်းမှာတော့ ကျွန်တော်နားမလည်ဘူး။ လင်းအိမ်က တကယ်တော့ ဆရာဝန်။ သီချင်းဆိုတာကို ငယ်ငယ်ကလေးကတည်း ဝါသနာပါတယ်။ The Sun Music က ကိုမောင်မောင်သန်းနဲ့ ကျွန်တော် အမြဲတမ်းတိုင်ပင်တယ် ဘာတွေသီဆိုမယ်၊ ဘာတွေလုပ်ကြမလဲဆိုတာ။ ကိုမောင်မောင်သန်း မရှိတော့တဲ့အခါမှာ ဖုန်းဆက်ဆက်မေးတယ်။ ကျွန်တော်လည်း သိသလောက်၊ တတ်သလောက် ပြောပြတာပေါ့နော်။ ကျွန်တော်ပြောပြလို့လား မသိဘူး။ နည်းနည်း နောက်ဆုတ်သွား လားမသိဘူး။ ငါမပြောရင်ကောင်းသား သူ့စတိုင်နဲ့သူ သွားပါစေဆိုပြီးတော့ နောင်တလည်း ရမိတယ်။
TREND ။ ။ လင်းအိမ်က ဦးလေးဖြစ်သူ ဝိုင်ဝိုင်းက အမြဲအားပေးလို့ သူ့အနေနဲ့ အားဖြစ်တယ်လို့ ပြောတယ်။ ဒီအပေါ်မှာရော ခံစားချက်က ဘယ်လိုလေးဖြစ်မလဲ။
YW ။ ။ ကျွန်တော်က အားပေးတာပါ။ သီချင်းဆိုတာကို မကြောက်နဲ့ငါ့တူချလုပ်။ သိသလောက် ပြောပြတယ်။ အဓိကစိတ်ရင်း ရိုးရိုးသားသားနဲ့ မကြွားမဝါဘဲနဲ့ ကြိုးစားပါလို့ ပြောပြတယ်။ ရလဒ်ကတော့ ကျွန်တော့်လက်ထဲမှာ မရှိဘူးလေ။ ကျွန်တော်က တတ်နိုင်သမျှတော့ အကြံပေးပါတယ်။
TREND ။ ။ အနုပညာခရီးက ကြမ်းတယ်လေ။ ကိုယ့်တူလေးတွေကိုရော ဘယ်လိုဖြစ်စေချင်လဲ။
YW ။ ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်က မင်းတကယ် ဝါသနာပါရင် အချိန်ပေးပါ၊ စိုက်ပျိုးပါ။ ရလဒ်ကို သိပ်မကြည့်နဲ့ ကိုယ့်ရဲ့ခံစားချက်နဲ့ ရိုးရိုးသားသား လုပ်ပါလို့တော့ အမြဲတမ်းပြောပါ တယ်။ သီဆိုတဲ့အပိုင်းတွေလည်း အားရပါတယ်။ သူတို့ခေတ်နဲ့ ကျွန်တော်တို့ခေတ်က အရမ်းကွာတာ။ ကမ္ဘာမှာ အခုချက်ချင်းထွက်တဲ့သီချင်း ချက်ချင်းသိတယ်။ ကျွန်တော်တို့က ကက်ဆက်ခွေလေးနဲ့ သူငယ်ချင်းအချင်းချင်းတွေ မဖွင့်နိုင်ဘူး။ ဆိုင်မှာထိုင်ပြီး နားထောင်တဲ့ ခေတ်ဆိုတော့ မတူတော့ဘူး ခင်ဗျ။ လူငယ်တွေရဲ့ ဖန်တီးမှုကို လေးစားပါတယ်။
TREND ။ ။ ဇာတ်ကားကို ဘယ်လိုပုံဖော်ခဲ့ရလဲ။
YMT ။ ။ ဒီဇာတ်ကားကို တစ်နှစ်အချိန်ယူ ပြီးတော့ ရိုက်ကူးထားတာပါ။ အသစ်တွေ ကြိုးစားထားတယ်ဆိုတာ ပရိသတ်ကြီးကို ချပြမှာပါ။ ရိုက်ကူးတာကတော့ မြစ်ကြီးနားမှာ ရိုက်ကူးထားပါတယ်။ ဒီတေးသွား အစကားက ကျွန်တော်အနုပညာလောကမှာ ဆရာနှစ်ဦး ဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)နဲ့ ဦးလေး ဦးမောင်မောင်သန်းတို့ရဲ့ ပညာတွေကို အစွမ်းကုန်ကြိုး စားထားပါတယ်။

TREND ။ ။ ကိုယ်တိုင်လည်း အောင်မြင်နေတဲ့ အဆိုတော်ဆိုတော့ တူလေးတွေကို ဘာပြောချင်လဲ။
YW ။ ။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကတော့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လို့ မမြင်ပါဘူး။ ကျွန်တော်တို့တစ်ဖွဲ့လုံးက ကြိုးကြိုးစားစားနဲ့ လူတိုင်းကို စေတနာထားပါဆိုတဲ့စိတ်နဲ့ အခုထက်ထိ သွားနေပါတယ်။
TREND ။ ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ရော ထပ်မံပြောကြားချင်တာလေးတွေ ရှိလား။
YW ။ ။ တေးသွားအစနဲ့ ဇာတ်ကားကို ပရိသတ်ကပဲ ဆုံးဖြတ်ပါစေ။ ပရိသတ်ဘက်က ဘယ်လို ပဲဆုံးဖြတ်ဆုံးဖြတ် ဇွဲမလျှော့နဲ့ သေချာနားထောင်ပြီးတော့ စေတနာအရင်းခံနဲ့ ကြိုးစားပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အခုကတော့ ဒီတေးသွားအစပေါ့။ ကျွန်တော်နဲ့ပတ်သက်တာကတော့ နောက်မှပြောပါ့မယ်။
TREND ။ ။ စကားလက်ဆောင်လေး ပြောပေးပါဦး။
YW ။ ။ အားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ပြောချင်ပါတယ်။
( သက်မှူး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )