'စစ်ရေးအရ နယ်မြေအတိုးအဆုတ်ဖြစ်တဲ့ ကိစ္စတွေအားလုံးဟာ အခိုက်အတန့် ပြဿနာတွေပါ။ ရေရှည်ဖြေရှင်းဖို့က နိုင်ငံရေးအရပဲ ဖြေရှင်းလို့ရမယ်' ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၄ ဇူလိုင် ၁၈

    ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးရုံးခန်းနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းမရှိ တိုင်းပါတီရုံးခန်းတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးတို့က ပါတီရုံးခန်းဖွင့်လှစ်မှုနှင့်ပတ်သက်ပြီး အမှာစကား ပြောကြားခဲ့သည်။ ဒါ့အပြင် စစ်မက်ဖြစ်ပွားမှုနဲ့ လုံခြုံရေးကဏ္ဍက ရှေ့တန်းရောက်လာပြီဆိုရင် တရားဥပဒေ စိုးမိုးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများက နောက်ကိုရောက်သွားတာကြောင့် ပါတီအနေနဲ့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ရပ်တည်ရတာဖြစ်တယ်လို့ ပြောသွားပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေ အပေါ် သဘောထားအမြင်နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ ခေါင်းဆောင်များ တရုတ်ပြည်သွားရောက်မယ့် ခရီးစဉ်အခြေ အနေတို့ကို တွေ့ဆုံမေးမြန်းထားပါတယ်။
    ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံ မေးမြန်းခြင်း . . . . 

TREND ။        ။ ဦးကိုကိုကြီး ပြည်သူ့ပါတီအပါ အဝင်နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင်တွေ တရုတ်ကွန်မြူနစ်ပါတီနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ပြောပြပါဦး။
UKKG ။        ။
အရင်ဆုံးကတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒပေါ့။ ဟိုတုန်းကတော့ Government To Government အစိုးရချင်း ဆက်ဆံရေးကိုပဲ အဓိကလုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကဆိုရင် ၈၈ မျိုးဆက်ကျောင်းသားများ အရေးလုပ်ခဲ့စဉ်တုန်းကလည်း တရုတ်နဲ့ ဆက်ဆံရေးတွေရှိခဲ့တယ်။ နောက်တော့ ၂၀၁၀ ဒီမိုကရေစီအပြောင်းအလဲ ပွင့်လင်းလာတဲ့အချိန်မှာ Government To Government  ဆက်ဆံရေးရယ်၊ ပြည်သူချင်း ဆက်ဆံရေးရယ်၊ နောက်တစ်ခုက အလွှာစုံဆက်ဆံရေးမူတွေကို ပြောင်းလာတယ်။ ပြောင်းလာပြီးတော့ သတိထားမိမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ ပါတီတွေကိုလည်း ဖိတ်တယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေ ကိုလည်း ဖိတ်တယ်။ ဘာသာရေးခေါင်းဆောင်တွေကိုလည်း ဖိတ်တယ်။ မီဒီယာတွေကိုလည်း ဖိတ်တယ်။ ပြောချင်တာက တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ အလွှာစုံ ဆက်ဆံရေးကို ပြောင်းလာတယ်။ ၂၀၂၁ နစက အစိုးရ တက်လာပြီး နောက်ပိုင်းမှာ နိုင်ငံတကာ ဖိအားတွေရော၊ ပဋိပက္ခတွေရော ပြင်းလာတဲ့အချိန်မှာ ပုံမှန်ဆက်ဆံရေး သွားနေတာတွေက ရပ်သွားတယ်။ ရပ်သွားပြီး အခု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သူက ကာလခန့်မှန်းလို့ရတဲ့ အခြေအနေ ဖြစ်လာပြီပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ နိုင်ငံရေးပြဿနာဟာ လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ အချိန်ကတည်းက နိုင်ငံရေးအရပဲ ဖြေရှင်းရမယ်လို့ ယုံကြည်တယ်။ အဲဒီတော့ အခု အထူးသဖြင့်တော့ အိမ်နီးချင်း နိုင်ငံတွေကြားထဲမှာ ပြည်တွင်းနိုင်ငံရေးပါတီတွေ အပေါ်မှာ အာရုံစိုက်လာတာ များလာတယ်လို့ မြင်တယ်။ ပြောရရင် တရုတ်နိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးရှိပါတယ်။ သူတို့ကိုယ်တိုင် ကလည်း အခုလို နိုင်ငံရေးအနိဋ္ဌာရုံ‌တွေကို ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကိုပိုပြီးတော့ အာရုံစိုက်လာတာတွေ့ရတယ်။ ဒီအခြေအနေမှာ တရုတ်နိုင်ငံက ပါတီလေးခုကို ပါတီတွင်း ဆက်ဆံရေး အခြေအနေအပေါ် မူတည်ပြီးတော့ ဖိတ်ကြားတာ ဖြစ် ပါတယ်။ ကျွန်တော်တို့ဆိုရင် ပါတီ စတည်ထောင်ပြီးကတည်းက တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့ ပါတီနဲ့ ပါတီတွင်းဆက်ဆံရေးက တောက်လျှောက်ရှိခဲ့တာ။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း တရုတ်နိုင်ငံခရီးစဉ် ၂၀၁၇ လောက်က သွားခဲ့တာရှိပါတယ်။ လက်ရှိ နစကအစိုးရလက်ထက်မှာတော့ ပထမဆုံးအကြိမ်ပါ။ အဲဒီတော့ ပါတီတွင်း ဆက်ဆံရေးကနေတစ်ဆင့် နိုင်ငံတော်ရဲ့ ပြဿနာတွေ၊ နိုင်ငံရေးပါတီတွေရဲ့ အမြင်သ ဘောထားတွေ ပြောခွင့်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ အဲဒီလိုနဲ့ ဒီနိုင်ငံပြန်ပြီးတော့ တည်ငြိမ်ဖို့အတွက်ကို ဝိုင်းပြီးတော့ အစွမ်းကုန် နည်းလမ်းပေါင်းစုံနဲ့ ကြိုး စားဖို့ရှိပါတယ်။


TREND ။        ။ရှမ်းပြည်နယ်(မြောက်ပိုင်း)က မိုင်းရယ်မြို့မှာ SSPP တပ်တွေ ဝင်ရောက်နေရာယူနေတာနဲ့၊ 'ဝ'တပ်ဖွဲ့တပ်ဖွဲ့ဝင်၊ တန့်ယန်းမြို့ထဲဝင်ရောက် တပ်ဖြန့်ထားတဲ့ သတင်းတွေတွေ့ရပါတယ်။ ဒီအခြေ အနေအပေါ် ဘယ်လို သုံးသပ်မိလဲ။
UKKG ။        ။
တစ်ခုရှိတာက စစ်ရေးကိစ္စကျတော့ လျှို့ဝှက်ချက်ကိစ္စတွေလည်း ဖြစ်တယ်။ စစ်ရေး ရည်မှန်းချက်ဆိုတာက သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သူတို့ဘာသာ ချမှတ်ထားတာ ဖြစ်တယ်။ အဲဒါတွေကို ကျွန်တော်က အလွယ်တကူ သုံးသပ်ချက်မပေး ချင်ဘူး။ ကျွန်တော်တို့သိရတာ ကလည်း Facebook ပေါ်တက်လာပဲသိရတာ။ ဒါကြောင့်မို့လို့ တချို့စစ်ရေး ကိစ္စတွေကတော့ အသေး စိတ်ဘာမှမသိတဲ့အတွက်ကြောင့် ဘာမှမှတ်ချက်မပေးချင်ဘူး။ ကျွန်တော်တို့ကတော့ အခုဖြစ်နေတာတွေဟာ အခိုက်အတန့်ပဲ။ စစ်ရေးအရ နယ်မြေအတိုးအဆုတ်ဖြစ်တဲ့ ကိစ္စတွေအားလုံးဟာ အခိုက်အတန့် ပြဿနာတွေပါ။ ရေရှည်ဖြေရှင်းဖို့က နိုင်ငံရေးအရပဲ ဖြေရှင်းရမယ်။  အဲဒီအဖွဲ့အစည်းတွေနဲ့ပဲ၊ နိုင်ငံရေးအရပဲ ဖြေရှင်းမှုတွေ လုပ်ကိုလုပ်ရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နစကအစိုးရလက်ထက်နဲ့ လည်း ပြီးမှာမဟုတ်ဘူး။ နောက်နောက်အစိုးရတွေနဲ့ပါ ဆက်ပြီး ဖြေရှင်းရမယ်လို့ မြင်တယ်။


TREND ။        ။ စစ်မက်ဖြစ်ပွားတဲ့ဒေသတွေမှာ တရားဥပဒေရှိသေးလားဆိုပြီး အခမ်းအနားမှာ မေး ခွန်းထုတ်လိုက်တာ တွေ့ရပါတယ်။ လက်ရှိပဋိပက္ခဖြစ် ရာဒေသတွေက တရားဥပဒေစိုးမိုး မှုအခြေအနေအပေါ် ဘယ်လိုသုံးသပ်လိုပါလဲ။
UKKG ။        ။
ကျွန်တော်တို့က လက်နက်ကိုင် အဖွဲ့အစည်းတွေက သိမ်းပိုက်လိုက်တဲ့ နေရာတွေမှ မဟုတ်ဘူး။ တပ်မတော်က Martial Law  ထုတ်လုပ်ပြီဆိုရင်လည်းပဲ လက်ရှိရှိနေတဲ့ ဥပဒေတွေက နောက်ရောက်သွားတယ်။ Martial Law  ဆိုတာ အဲဒီဒေသရဲ့ ဗိုလ်ချုပ်ကြီးရဲ့ ဆန္ဒသဘောထားဟာ ဥပဒေပါ။ ဒါကြောင့်မို့လို့ လုံခြုံရေးပြဿနာပေါ်ပြီဆိုရင် တပ်မတော်က Martial Law  ထုတ်လိုက်ပြီဆိုရင် လက်ရှိ ရှိနေတဲ့ တည်ဆဲဥပဒေတွေက နောက်ရောက်သွားတာ။ သူက လမ်းမထွက်နဲ့ဆို မထွက်နဲ့။ ဒီအိမ်မှာ စခန်းချမယ်ဆိုရင် အဲဒီအိမ်ကဖယ်။ ဒီကားကိုတားပြီးတော့ စစ်ဆင်ရေးသုံးမယ်ဆိုရင် ဆင်း။ ဆိုလိုတာက ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံရေး နည်းလမ်းကို သုံးတယ်ဆိုတဲ့ကိစ္စက စစ်ရေးကို သုံးလိုက် ပြီဆိုတာနဲ့ လက်နက်ကိုင်ဘယ်အဖွဲ့အစည်းပဲ အဲဒီဒေသကို သိမ်းသိမ်း၊ ကားတားရင် ရပ်၊ မရပ်ရင်ပစ်မယ်။ ဒါကြောင့်မို့လို့ တရားဥပဒေကိစ္စကိုပြောတာပါ။ အုပ်ချုပ်ရေးယန္တရားမရှိတော့ဘူးဆိုရင် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် အုပ်ချုပ်ပြီဆိုတာနဲ့ လက်ရှိရှိနေတဲ့ တရားဥပဒေက ပျောက်သွားပြီ။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးလို့ ပြောတဲ့အခါမှာ လုံခြုံရေးပြဿနာ အဲဒါက အရေးကြီးတယ်။ လက်နက်ကိုင် ပဋိပက္ခကြီးထွားလာတာနဲ့အမျှ သူက သူ့ဘာသာ အုပ်ချုပ်တော့မယ်။ သူက အမိန့်ကြော်ငြာချက် ၁၊၂၊၃ နဲ့ပဲ သွားတော့မှာ။ အဲဒါကို လိုက်နာ၊ မလိုက်နာရင် ထောင်ရှိရင် ထောင်ထဲထည့်မှာ။ ထောင်မရှိရင် ထိပ်တုံးခတ်မှာ။ အဲဒီတော့ ကြိမ်ဒဏ်ဆိုလည်း ကြိမ်ဒဏ်ပဲ။ အဲဒီအချိန်မှာ သူကြေညာတဲ့ဟာ၊ သူပြဋ္ဌာန်းတာက ဥပဒေပဲ။ ဒါကြောင့်မို့လို့ တရားဥပဒေ ကိစ္စကို လေးလေးနက်နက်ပြောတာပါ။


TREND ။        ။ လက်နက်ကိုင်စစ်ရေးဖော်ဆောင်ပြီး Sold out  ၊ Sold out  ဆိုတဲ့နေရာတွေ ပြည်သူတွေ မနေရဲဘူးလို့ ပြောသွားတာ တွေ့ရပါတယ်။ အဲဒီပဋိပက္ခဒေသရဲ့ လူမှုဘဝအခြေ အနေတွေအပေါ် ဘယ်လိုသုံး သပ်လိုပါလဲ။
UKKG ။        ။
Social Media  ခေတ်မှာက လူတိုင်းမြင်နေရာတာပဲလေ။ Sold out ဆိုတဲ့မြို့မှာ လူမရှိတော့ဘူး။ ပြောရရင် ကားနဲ့မကင်းနိုင်တဲ့ လူလောက် ပဲကျန်တော့တယ်။ တချို့လည်း သက်ကြီးရွယ်အို ကျန်ခဲ့တယ်။ ကျန်ခဲ့တော့ အထိတ်ထိတ်အလန့်လန့်နေရတဲ့ ကြားထဲမှာ မီးရှို့ရင်လည်းခံရမှာပဲ။ ဗုံးကြဲ ရင်လည်း ခံရမှာပဲ။ ဆိုလိုတာက အဲဒီ Sold out ဆိုတဲ့နေရာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ဘဝရပ်တည်ရေး အတွက် လုံခြုံရေးအတွက်ပေါ့။ နောက်တစ်ခုက စားအိုးစားခွက်ပျောက် သွားတယ်။ ကျွန်တော်တို့ ဒါကို သေချာပြန်စဉ်းစား ကြည့်။ နောက်ဆုံး စိုးရိမ်စရာတွေ အများကြီးရှိတယ်။ စပါးစိုက်တဲ့နေရာတွေ စပါးမစိုက်နိုင်တော့ဘူး။ တစ်ချိန်လက်နက်ကိုင်ပဋိပက္ခတွေ ပြီးသွားတောင်မှ မြေမြှုပ်မိုင်းတွေ၊ မြေမြှုပ်မိုင်းဆိုတာ တကယ့်စနစ်တကျနဲ့ မြှုပ်ရင် မြေပုံနဲ့ မြှုပ်တာ။ အခုဟာက လက်နက်ကိုင်ပဋိပက္ခ သိပ်ပြင်းပြီ ဆိုရင် ဘယ်နေရာတွေမှာ မြေမြှုပ်မိုင်းရှိနေသလဲ၊ တိုက်ပွဲပြီးသွားရင်တော့ ပြန်လာဖို့မလွယ်ဘူး။ ကျွန်တော်တို့က လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်။ ထုနဲ့ထည်နဲ့ ရင်ဆိုင်ရမယ်။ ပြီးတော့ ပြန်လည်ထူထောင်ရေးကိစ္စ။ နောက်စိုးရိမ်တာ တစ်ခုက သေနေတာက နှစ်ဖက်လုံး ကသေနေတာ အရွယ်ကောင်းတွေ၊ အမျိုးသားတွေ သေနေတာများတယ်။ အမျိုးသမီး၊ ကလေးတွေ ထိခိုက်တယ်ဆိုပေမယ့် စစ်တိုက်တာက အမျိုးသားတွေများတယ်။ အဲဒီတော့ ပွင့်ပွင့်လင်းလင်းပြော ရရင်၊ မြန်မာနိုင်ငံရဲ့ လူဦးရေ တိုးနှုန်းအရပြောရရင် တပ်မတော်ဘက်ကသေလည်း အရွယ်ကောင်း အမျိုးသားတွေ၊ PDF ၊ တိုင်းရင်းသား လက်နက်ကိုင်တွေသေလည်း အရွယ်ကောင်းအမျိုးသားတွေ၊ ဒါကသေချာတယ်။ နောက်တစ်ခုက တော်တော်များများက ပြည်ပကိုထွက်ကုန်ပြီ။ မရှိတော့ဘူး။ အဲဒါ လူဦးရေတိုးနှုန်းနဲ့ပတ်သက်လို့က နိုင်ငံတစ်နိုင်ငံမှာ Man Power  ဆိုတာ လူဦးရေအင်အားနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ နောက်ထပ်ထပ်ပြီး ရင်ဆိုင်ရမယ့်ကိစ္စတွေ။  နောက် တစ်ခုက ပညာရေး ပြတ်ထွက်သွားတဲ့ ကိစ္စတွေ။ ဒီကာလကနေ ထွက်လာမယ့် မျိုးဆက်ကလေးတွေရဲ့ ပညာရေး၊ နောက်တစ်ခုက ပဋိပက္ခဒေသမှာ ကျန်းမာရေး၊ မွေးကင်းစကလေးတွေမှာ ကာကွယ်ဆေးထိုးတဲ့ ကိစ္စတွေကို မဆောင်ရွက်နိုင်တော့ဘူး။ အဲဒီကလေးတွေက ပိုလီယိုတို့၊ ဆုံဆို့နာတို့ အစရှိသဖြင့်ပေ့ါ။


TREND ။        ။ အဲဒီလိုပြဿနာမျိုးတွေအတွက် အတတ်နိုင်ဆုံး ကျွန်တော်တို့ ဘယ်လိုတားဆီးကြမလဲ။
UKKG ။        ။
နောက်တစ်ခုက တပ်မတော်မှာလည်း တာဝန်ရှိတယ်။ သူ့ဆုံးဖြတ်ချက်နဲ့ သူ့သဘော ထားနဲ့သူ ပြုပြင်ပြောင်းလဲမှုတွေကို တင်းခံနေလို့ ဒီပြဿနာဖြစ်တာ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က တိုင်းရင်းသား တန်းတူညီမျှရေး ဖက်ဒရယ်ဆိုတာ ဒါရှောင်လွှဲလို့မရဘူး။ ဒါလုပ်ကိုလုပ်ရမယ့်ကိစ္စ။ ဒါကြောင့်မို့လို့ ဒီပြဿနာရဲ့ အခြေခံဖြစ်တဲ့ တိုင်းရင်းသား တန်းတူညီမျှရေး၊ ဖက်ဒရယ်အရေးဆိုတဲ့ ကိစ္စဟာ လက်ရှိတပ်မတော် ခေါင်းဆောင်များအနေနဲ့လည်း လေးလေးနက်နက် ပြု ပြင်ပြောင်း လဲမှုလုပ်ဖို့ လိုမယ်လို့မြင်ပါတယ်။ ပြောရရင်တော့ ရောဂါအသဲအသန်ဖြစ်ခါမှ ပါရာစီတမော့နဲ့ လုပ်လို့မရဘူး။ အခုဟာက နိုင်ငံက ICU ထဲရောက်နေပြီ၊ ပြုပြင်ပြောင်းလဲမှုကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ မလုပ်ရဲတာ မျိုးဆိုရင် တစ်ခါတလေကျရင် နောက်ကျသွားမယ်။ အခုဟာက ပြုပြင်ပြောင်းလဲဖို့လုပ်တဲ့ ကိစ္စတွေက သိပ်နည်းပြီးတော့ သိပ်နှေးနေတဲ့အခါကျတော့ ဒီဘက်က တစ်ခါတည်း တောင်းဆိုမှုတွေက အရမ်းမြင့်လာတဲ့အထိပြုပြင်ပြောင်းလဲမှုတွေကို တွန့်ဆုတ်နေတုန်းပဲလို့ မြင်တယ်။ အဲဒါက နိုင်ငံအတွက် သိပ်အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ပြောသင့်ပြောထိုက်တာ တွေပြောကို ပြောရမယ်။ နိုင်ငံရေးသမားဆိုတာ ကိုယ့်နိုင်ငံရေးယုံကြည်ချက်ကို ပြောကိုပြောရမယ်။


TREND ။        ။ ရှမ်းမြောက်မှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်မက်ဖြစ်ပွားတွေ ရပ်သွားခဲ့တယ်ဆိုပြီး အစောပိုင်းမှာကြားခဲ့ရတယ်။ အခုတစ်ခါ ပြန်ပြီး စစ်ရေးဖော်ဆောင်မှုတွေ ရှမ်းမြောက်မှာရှိလာနေတော့ လက်ရှိပဋိပက္ခတွေက ဘယ်ကို ဦးတည်နေပြီလို့ သုံးသပ်မလဲ။
UKKG ။        ။
ကျွန်တော်တို့ စိုးရိမ်တဲ့ စကားလုံး တစ်ခုရှိတယ်။ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတာ။ အစိတ်စိတ် အမြွှာမြွှာဖြစ်သွားပြီးတော့ နောက်တစ်ခုက လွယ်လွယ်လေးနဲ့ မပြောနဲ့။ နိုင်ငံတစ်နိုင်ငံက  အသစ်မွေးဖွားဖို့ဆိုတာ အသိအမှတ်ပြုတဲ့ နိုင်ငံရှိမှဖြစ်တာ။ ကိုယ့်ဘာ သာ ဘာစစ်နိုင်ပြီဆိုပြီး အလွန်အကျွံတွေလည်း စိတ်ကူးမယဉ်နဲ့။ ဒါကတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောတာ။ နောက်တစ်ခုက သူ့ဘာသာ ရပ်တည်နေနိုင်တဲ့ အနေအထား လိုအပ်ချက်တွေ အများကြီးရှိတယ်။ ဒါ ကြောင့်မို့လို့ပြောရရင် 'ဝ'တွေဆိုလို့ရှိရင် ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဘူးဆိုတာ သူအခိုင်အမာ ပြောတယ်။ သို့သော် သူလက်ရှိရှိနေတဲ့ အခြေအနေကိုလည်း နောက်ပိုင်းမှာ အများကြီး နိုင်ငံရေးအရညှိ နှိုင်းရမယ့် ကိစ္စတွေရှိတယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံဖြစ်ဖြစ်၊ ဘယ်နိုင်ငံဖြစ်ဖြစ် အသေးစိတ်လာပြီးတော့ ဒါလုပ်ပါ။ ဒါမလုပ်ပါနဲ့လို့ လာလုပ်လို့မရဘူး။ သူတို့က ပံ့ပိုးတာ တိုက်တွန်း တာလောက်ပဲ လုပ်လို့ရမယ်။ ဆုံးဖြတ်ချက်ချကြတာ‌၊ ဖြေရှင်းတာ အားလုံးက ကိုယ့်နိုင်ငံတွင်းကပဲ လုပ်ရမယ့် ကိစ္စ။ ဒါကြောင့်မို့လို့ တစ်ခါတလေကျရင် ပြည်ပနဲ့ပတ်သက်ရင် အကြောက်လည်းမလွန်နဲ့၊ အလွန်အကျွံလည်း မမှီခိုနဲ့ အဲဒါ အန္တရာယ်ရှိတယ်။ ဒါကြောင့် အရေးကြီးတာက ကိုယ့်နိုင်ငံတွင်း ပြဿနာကို ကိုယ့်အချင်းချင်း ဘယ်လိုရှင်းမလဲဆိုတာကို အဓိက အာရုံစိုက်စေချင်တယ်။ ကျန်တာကတော့ သံခင်းတမန်ခင်းကတော့ လိုအပ်တာတွေ ကြိုးစားရမှာပေါ့။ ပြောရရင် နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးကို တပ်မတော်က အဓိကပေါ့။ ပြောရရင်တော့ သံတမန်မျက်နှာစာက နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးရဲ့ ရှေ့တန်းမျက်နှာစာပေါ့။ ဒါကြောင့် သံခင်းတမန်ခင်း ကောင်းကောင်းလုပ် နိုင်ရင် တချို့ဟာတွေက စစ်ရေးပြဿနာအဆင့်ကို မရောက်အောင် ကြိုတင်ကာကွယ်နိုင်တယ်။ ဒါကြောင့် သံခင်းတမန်ခင်း အရေးကြီးတယ်။ အခုသွားမယ့် တရုတ်ခရီးစဉ်မှာလည်းပဲ Track One ဆိုတာရှိ တယ်။ Track One  ဆိုတာက State level  နိုင်ငံတော်အဆင့် ဆက်ဆံတာ။ Track Two  ဆိုတာက နိုင်ငံတော်အဆင့်မှာ မပါတဲ့ သာမန်ပြည်သူတွေနဲ့ ဆက်ဆံတာ Track One  Point Five  ဆိုတာက ပြည်သူနဲ့ အစိုးရကြားထဲမှာ ပေါင်းကူးပေးတာ။ ဆိုတော့ နိုင်ငံရေးပါတီတွေက UEC ကနေ ဆက်ဆံတာရှိတယ်။ NSPNC ဆီက တစ်ဆင့် ဆက်ဆံတာလည်းရှိတယ်။ လိုအပ်ရင် ကျွန်တော်တို့က ပြည်သူရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ မှတ်ပုံတင်ကိစ္စပေါ်ရင် လူဝင်မှုကြီးကြပ်ရေးနဲ့ ဆက်ဆံတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က အစိုးရပိုင်း၊ နိုင်ငံတော်အပိုင်းနဲ့ ပြည်သူရဲ့ကြားထဲမှာ ပေါင်းကူးပေးတဲ့ အဖွဲ့အ စည်းတွေရဲ့ Track One  Point Five Diplomacy ဟာ အင်မတန်အရေးကြီးတယ်။ ဒါကြောင့်မို့လို့ အခုတရုတ် ခရီးစဉ်နဲ့ပတ်သက်ရင် Track One Point Five အနေနဲ့ ပြည်သူတွေကို ကိုယ်စားပြုပြီး ပြောသင့်တာကို ပြောရမယ်။ နိုင်ငံတော်အဆင့်နဲ့ ပတ်သက်တာတွေလည်း ပြောရမယ်။ ဒါကြောင့် ဒီကိစ္စတွေဟာ သာမန်အလည် အပတ် ခရီးစဉ်မဟုတ်ဘူး။ Shopping ထွက်တာ မဟုတ်ဘူး။ အင်မတန်အရေးကြီးတယ် အင်မတန်လေးနက်တဲ့ သဘောဆောင်တယ်လို့ ပြောချင်ပါတယ်။


TREND ။        ။ နယ်စပ်တည်ငြိမ်ရေးဟာ အိမ်နီးချင်းနိုင်ငံများရဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသ မှုအပေါ် မူတည်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းဖို့ အိမ်နီးချင်း နိုင်ငံများနဲ့ ဘယ်လိုဆက်ဆံရေး‌ကောင်းတွေ တည်ဆောက်ပြီး ကြိုးပမ်းဆောင်ရွက်သင့်လဲ။ 
UKKG ။        ။
နယ်စပ်တည်ငြိမ်ရေးဆိုတာက ခက်တာက တရုတ်ဘက်က သူပုန်မဟုတ်ဘူး၊ ဗမာဘက်က သူပုန်မဟုတ်ဘူး။ ဒါရှင်းရှင်း လင်းလင်းတော့ ဖြစ်ဖို့လိုတယ်။ ကိုယ့်ဆီမှာဖြစ်တဲ့ လက်နက်ကိုင်ပြဿနာ ဘာကြောင့်ဖြစ်သလဲဆိုတဲ့ အကြောင်းရင်းတွေကို ဖြေရှင်း နိုင်ဖို့ လို တယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ ပတ်သက်ရင် နိုင်ငံတွေတပ်ပြီး ဟိုလိုဒီလိုတွေ လျှောက်ပြော တာထက်စာရင် ယေဘုယျလက်ခံတာပြောမယ်။ နိုင်ငံတိုင်းက သူ့အကျိုးစီးပွားကို လုပ်တာ။ ဘယ်သူမှ ကိုယ့်ကို မေတ္တာရှိလို့ဆိုပြီး သက်သက်ကြီးတော့ မမျှော်လင့်နဲ့။
    အဲဒီတော့ သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားကို မျှမျှတတဖြစ်အောင် ဘယ်လိုဆောင်ရွက်မ လဲဆိုတာ ဒါသံတမန်ပဲ။ အဲဒါ Diplomacy ပဲ။ အဲဒါကြောင့်မို့လို့ ကိုယ်ညံ့ရင်ကိုယ်ခံ၊ ကျွန်တော်ပြောတာ ရှင်းရှင်းလေး နိုင်ငံတကာနဲ့ ဆက်ဆံရေးဆိုတာ ကိုယ့်ဘက်က အရည်အသွေးရှိဖို့လိုတယ်။ နောက်တစ်ခု ပြည်တွင်းစည်းလုံး ညီညွတ်မှုမရှိရင် ဘယ်သူနဲ့ ဆက်ဆံဆက်ဆံ မျက်နှာငယ်မှာပဲ။ အဲဒီတော့ အဓိကက ကိုယ်ခံအားနည်းရင် ခံရမှာပဲ။ ဒါကြောင့် ကိုယ့်အချင်းချင်း ပြန်စုစည်းနိုင်ဖို့ အတွက်ကို အစွမ်းကုန် သဘောထားကြီးဖို့လိုမယ်။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ အချိန်မှာကတော့ စစ်အနိုင် တိုက်ရေးက ရှေ့ရောက်နေတာပေါ့။ တကယ့်တကယ် ဖြေရှင်းရေးက နိုင်ငံရေးအရ ဖြေရှင်းရမှာ။ 
    နောက်တစ်ခုက သံခင်းတမန်ခင်း ကျွမ်းကျင်တယ်ဆိုတဲ့နေရာမှာလဲ သံတမန်သက်သက်နဲ့ မရဘူး။ နိုင်ငံတစ်နိုင်ငံကပြောရရင် တစုတစည်းတည်းဖြစ်ဖို့လိုတယ်။ ဆိုလိုတာက သံခင်းတမန်ခင်း ပေါ်လစီဘယ် လိုသွားမယ်ဆိုတာကလည်း တပ်မတော်ရဲ့ လုံခြုံရေးဆိုင်ရာ ပေါ်လစီနဲ့ဆိုင်တယ်။ နောက်တစ်ခုက အဲဒီနိုင်ငံရဲ့ စီးပွားရေး ဓနအင်အားနဲ့ဆိုင်တယ်။ အဲဒီနိုင်ငံအစိုးရ အပေါ်မှာ ပြည်သူရဲ့ ယုံကြည်ထောက်ခံမှုနဲ့ဆိုင်တယ်။သံတမန်အရေးဆိုတာ ခင်ဗျားဘာသာခင်ဗျား သံအမတ်ကြီး လွှတ်လိုက်ရုံနဲ့ ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဘယ်ကိစ္စပြောပြော ဥပမာအားဖြင့် နိုင်ငံ တော်ကာကွယ်ရေးကို တပ်မတော်က တာဝန်ရှိသလို ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ အဲဒီလို စိတ်ဓာတ်မျိုးကို နိုင်ငံသားတိုင်းရဲ့ ရင်ထဲရောက်အောင် မသွင်းနိုင်ရင် တပ်မတော်က တပ်မတော် သက်သက်၊ သံတမန်က သံတမန်သက်သက်၊ ပြည်သူက ပြည်သူ သက်သက်။ အဲဒီနိုင်ငံက ပြိုကွဲနေ မှာပဲ။ 


    အဲဒီတော့ နိုင်ငံတော်ပြိုကွဲတဲ့ကိစ္စက ခေါင်းဆောင်တဲ့ပုဂ္ဂိုလ်တွေမှာ အဓိကတာဝန်ရှိတယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က နိုင်ငံရေးသမားက မျိုးသုဉ်းသလောက်ဖြစ်‌နေပြီ။ နိုင်ငံရေးသမားကို အထင်သေးအမြင်သေး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ထားတာရော နိုင်ငံရေးသမားတွေ ဘက်ကလည်း ကိုယ့်ကိုယ် ကိုယ်ဝမ်းစာဖြည့်တာ၊ လေ့ကျင့်တာကအစ လိုအပ်ချက်တွေ အသီးသီးက ပြန်ပြီး‌တော့ ဖြည့်ဆည်းဖို့လိုတယ်၊ ပြန်ပြင်ဆင်ဖို့လိုတယ်။ ပြောရရင် ရှည်သွားမှာစိုးလို့ ၁၉၆၂ ကနေ ပါတီစုံကို ဖျက်သိမ်းလိုက်တယ်။နိုင်ငံရေး ပါတီ Institution တွေ အကုန်ပျက်စီးသွားတယ်။ စီးပွားရေး အဆောက်အအုံတွေကို ပြည်သူပိုင်သိမ်းလိုက်တော့ စီးပွားရေး အဆောက်အအုံတွေအား လုံး ပျက်စီးသွားတယ်။ နောက်တစ်ခုက တစ်ပါတီဖြစ်လာတဲ့အခါကျတော့ သူယုံကြည်တဲ့သူကို တာဝန်ပေးတယ်။ သစ္စာရှိမှုနဲ့တာ ဝန်ပေးတဲ့အခါကျတော့ အုပ်ချုပ်ရေးယန္တရားမှာ အဲဒီ အစိုးရက သူ့လူသူ ခန့်ရင်းခန့်ရင်းနဲ့ အရင်တုန်းက ICS ၊ BCS တို့ဆိုတဲ့ အုပ်ချုပ်ရေး တကယ့် သူက Professional ကိစ္စတွေ၊ အဲဒီလို ကျွမ်းကျင်တဲ့သူတွေက အသက်ကြီးလို့ရော၊ ဖယ်ရှားခံရလို့ရော၊ ရာထူးမတိုးလို့ရော တဖြည်း ဖြည်းလျော့သွားပြီးတော့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံရော ပျက်စီးသွားတယ်။ Professional တွေကို ပြန်ပြီးအားကောင်းလာအောင် လုပ်ဖို့လိုတယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေးသီးခြား Professional ၊ စီးပွားရေးက စီးပွားရေး Professional ၊ အုပ်ချုပ်ရေးဟာ အုပ်ချုပ်ရေး Professional ။ ဆရာဝန်မှ၊ အင်ဂျင် နီယာမှ Professional မဟုတ်ဘူး ကျန်တဲ့ Professional တွေအသီးသီး ထူးချွန်အောင် နိုင်ငံတော်က ပြုပြင် ဆောင်ရွက်ပေးဖို့လိုတယ်။ 
    သူ့နယ်ပယ်အလိုက် Professional တွေ ပြန်ပေါ်လာမှ ဒီနိုင်ငံ ပြန်တည်ဆောက်လို့ရမယ်လို့ မြင်တယ်။


TREND ။        ။ နိုင်ငံရေးအားကောင်းလာစေဖို့၊ နိုင်ငံရေးဘောင် ပြန်ကျယ်လာစေဖို့ အခြေ‌အနေနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
UKKG ။        ။
ကျွန်တော်တို့ နိုင်ငံရေးပါတီ အပိုင်းက စွန့်စွန့်စားစား လုပ်နေတာ။ ပြောရရင် တချို့ နိုင်ငံရေးပါတီတွေ‌ဆိုရင် ပါတီစည်းရုံးရေးတောင် မလုပ်ရဲသေးဘူး။ ကျွန်တော်တို့လည်း အကန့်အသတ် တွေရှိတယ်။ အဲဒီကြားထဲကနေ ဒါ ကျွန်တော်တို့ စွန့်စွန့်စားစား လုပ်နေတာ။ ကျွန်တော်တို့ အပိုင်းကတော့ အဲဒီလို လုံခြုံရေး အကန့်အသတ်တွေပေါ့။ တချို့ဟာတွေ‌ဆိုရင်လည်း မြေပြင်လိုက်နာ ဖို့ခက်တဲ့ ညွှန်ကြားချက်တွေပေါ့။ အဲဒီလို ကြားထဲကနေပြီးတော့ပဲ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ မီဒီယာတွေကနေ တစ်ဆင့်၊ Social ကနေတစ်ဆင့် Live လွှင့်တယ် စသည်ဖြင့် ပြည်သူတွေကို နိုင်ငံရေး ပြန်နိုးကြားလာအောင် ကျွန်တော်တို့ ဆောင်ရွက်နေတယ်။ နောက်တစ်ခုကတော့ ပြည်သူတွေရဲ့ အခက်အခဲတွေရှိရင် ပါတီရုံးခန်းတွေမှာ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းနဲ့သော်လည်း ကောင်း၊ Online နဲ့ သော်လည်းကောင်း ကျွန်တော်တို့ဆီကို ဆက်သွယ်ပါ။ တတ်နိုင်သလောက် အကူအညီပေးမယ်။ ဒါကျွန်တော်တို့ လုပ်နိုင်တဲ့အပိုင်းပေါ့။ အဲဒီတော့ ပြည်သူ တွေအပိုင်းက နိုင်ငံရေးကကိုယ်နဲ့ကင်းလို့ မရဘူး။ တက်တက်ကြွကြွနဲ့ နိုင်ငံရေးပြန်ရှင်သန်လာအောင် ဝိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့ အသိ နဲ့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြဖို့ လိုပါတယ်။


TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)

( အပတ်စဉ် ကြာသပတေးနေ့တိုင်း ထွက်ရှိသောTREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၆ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Facebook Page

X (Twitter) Channel

Viber Channel

Telegram Channel

Youtube Channel

Tiktok Channel

Total Views ~ 385

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43087

© 2022 - 2025 News. All Rights Reserved.