၂၀၂၄ ၊ ဇူလိုင် ၁၀
'ခေါင်းမိုးမဲ့အိမ်'ဇာတ်လမ်းတွဲက ကွာလတီမီပြီး ဇာတ်လမ်းဇာတ်ကွက်မှာ နိုင်ငံခြားဆန်ဆန် ရိုက်ကူးထားတယ်လို့ ပြောကြားခဲ့တဲ့သရုပ်ဆောင် ကျော်ဆုနှင့် မိုးသူရ CANAL+ Myanmar ၏ ကိုယ်ပိုင်ဖန်တီးမှုဖြစ်သည့် မိသားစုဒရာမာဇာတ်လမ်းပုံစံ 'ခေါင်မိုးမဲ့အိမ်' ဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ဇွန် ၂ ရက်တွင် Kan Thar Yar Shopping Mall &Sd Rangoon Cineplex တွင်ကျင်းပခဲ့သည်။ အဆိုပါ ဇာတ်လမ်းတွဲတွင် ဇာတ်ညွှန်း အေးကြည်သာဟန်၊ ကျော်ကျော်ထွန်း၊ သန္တာဝေနှင့်အေးမြတ်ချိုတို့က ရေးသားပြီး ဒါရိုက်တာ ပြည်သစ်နိုင်က တင်းမာနေသည့် မိသားစုဆက်ဆံရေးကြား၏ မိသားစုဒရာမာဇာတ်လမ်းကို ပုံဖော်ထား ခြင်းဖြစ်သည်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အနေဖြင့် နေထက်လင်း၊ အကယ်ဒမီ သူထူးစံ၊ ဟိန်းရတု၊ သာထက်ဉာဏ်ဇော်၊ ဆက်ယွန်းတွယ်တာ စသည်တို့ပါဝင်သရုပ်ဆောင်ထားသည်။ အဆိုပါခေါင်မိုးမဲ့အိမ်ဇာတ်လမ်းတွဲကို လာရောက်အားပေးသည့် သရုပ်ဆောင် ကျော်ဆုနှင့် မိုးသူရတို့၏ အနုပညာလှုပ်ရှားမူများကို မေးမြန်းတင်ဆက်လိုက်ပါသည်။
သရုပ်ဆောင်ကျော်ဆုနှင့် မိုးသူရအား တွေ့ဆုံမေးမြန်းခြင်း
TREND ။ ။ ခေါင်းမိုးမဲ့ဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရစကားတွေ ပြောပေးပါဦး။
KS ။ ။ ခေါင်မိုးမဲ့အိမ် အရမ်းကောင်းပါတယ်။ အပိုင်းက ၁၆ ပိုင်း။ အဲဒီထဲမှာ ဇာတ်လမ်းက မြန်မာပရိသတ်ကြိုက်မယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် အပြင်ကို စံချိန်မီတဲ့ကားတစ်ကားလို့ မြင်ပါတယ်။
TREND ။ ။ အခုကာလမှာ ပရိသတ်နဲ့ အဆက်အသွယ်ပြတ်နေသလိုပဲနော်။
KS ။ ။ ဇာတ်လမ်းရိုက်ကူးရေးက လုပ်ပါတယ်။ အခုက နားနေတာပါ။ ရှေ့နှစ်လလောက်က ရိုက်ကူးပြီးသွားလို့ပါ။ 'မှတစ်ပါး အခြားမရှိ' ဇာတ်လမ်းတွဲပါ။ ၁၀ လပိုင်းမှာ ထပ်ရိုက်ကူးဖို့ရှိတယ်။ ရိုက်ကူးမှု အနေနဲ့ကတော့ တစ်နှစ်ကို နှစ်ကားနှုန်း သွားနေတယ်။ ပျောက်နေတာက ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေရှိပါတယ်။ မီဒီယာပေါ်မရောက်သေးတာပါ။ အဲ့ဒါကြောင့် လှုပ်ရှားမှုက ကျဲနေသလိုဖြစ်တာပါ။ အနုပညာကို လုပ်တာတော့ လုပ်နေပါတယ်။
MTY ။ ။ ကိုကျော်ဆုကို အားကျပါတယ်။ ဟိုနေ့က တွေ့လိုက်တယ်။ ကိုကျော်ဆု ကလေးဆို တော်တော်ကြီးနေပြီး ချစ်စရာလေး။ ကိုကျော်ဆုက အိမ်ထောင်ကျပြီးနဲ့ အိမ်ထောင်မကျခင်တော်တော် လေးကွာခြားတယ်။ အိမ်ထောင်ကျပြီးတော့ မျက်နှာက တော်တော်လေး တည်ငြိမ်သွားတယ်။ ရင့်ကျပ်မှုရှိလာတယ်။ ကိုကျော်ဆုက ဘော်ဒါချစ်တယ်။ ကိုလွှမ်းပိုင်ကတော့ သူ့ဘာသာသူ တစ်ယောက်တည်း နေတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ကိုကျော်ဆုကို ကျွန်တော်တို့ လက်ဖက်ရည် ဆိုင်ထိုင်ဖို့ချိန်းတာ ချိန်းလို့မရဘူး။ အိမ်မှာပဲ အချိန်ကုန်နေတာများတယ်။ ကိုကျော်ဆုက လျှို့ဝှက်တယ်။ အိမ်ထောင်ပြုမယ်ဆိုတာတောင် နီးမှသိရတယ်။

TREND ။ ။ နှစ်ယောက်သားက ဘယ်လိုမျိုးလေးတွေ ဆုံဖြစ်လဲ။ အဆက်အသွယ်ရှိလဲ။
KS ။ ။ နှစ်ယောက်က ဖုန်းဆက်ပြီး စကားပြောတာတွေရှိတယ်။ သူလည်း သူ့အလုပ်နဲ့သူလေ။ တစ်ခါတလေ နယ်တွေထွက်ကြတယ်။ အကြာကြီးပဲ။ လူချင်းသာမတွေ့ဖြစ်ကြတာ ဖုန်းအဆက်အသွယ်ကတော့ ရှိတယ်။ လွှမ်းပိုင်က တော်တော်အေးတယ်။ စကားသိပ်မပြောဘူး။
MTY ။ ။ ကိုကျော်ဆုနဲ့က အတူတူ ရိုက်ဖူးတဲ့ကား မရှိသေးဘူး။ ကျွန်တော်တို့ရုံးက ရိုက်မှပဲ စုံဖြစ်မယ်ထင်တယ်။ အခြားအလုပ်တွေကတော့ အတူတူလုပ် ပေးဖို့ရှိတယ်။ နောက်အခြားလူမှုရေး အလုပ်တွေ လုပ်ဖို့ ရှိပါတယ်။ တိုင်ပင်တာတွေရှိတယ်။ ကိုကျော်ဆုနဲ့ ကျွန်တော်တို့က ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းတဲ့သူတွေဖြစ်ကြတော့ တစ်ယောက်နဲ့တစ်ယောက် ထုတ်ပြောတာတွေ မရှိသလို အပြင်လူ တွေပုံစံအတိုင်း ပုံမှန်လေးပါပဲ။

TREND ။ ။ လတ်တလောအနုပညာအနေနဲ့ ဘာတွေထပ်မြင်တွေ့ရဦးမလဲ။
KS ။ ။ အနုပညာလှုပ်ရှားမူတွေက စီးရီးတွဲတွေ ရိုက်ကူးထားတာတွေ ရှိပါတယ်။ မိုးသူရလည်း အတူတူပဲ ရိုက်ကူးပြီးထားတာ မကြာသေးဘူး။ 'သံသယရင်းတဲ့အချစ်' စီးရီးတွဲလေး မပြဖြစ်သေးဘူး။ အွန်လိုင်းကနေတင်မှာပေါ့။ စီးရီးတွဲတွေ ရိုက်တဲ့သူတွေက ဒီအတိုင်းပဲ။ ပြသတဲ့အ ချိန်မှ တွေ့ရတာတွေ ရှိတယ်။ နားလိုက်တာတော့မဟုတ်ဘူး။ ချန်နယ်လိုင်းတွေမှာ ပြတော့မှ မြင်ရတာဆိုတော့လေ။
MTY ။ ။ ရိုက်ခဲ့တဲ့ကားတွေမှန်သမျှတော့ ပရိသတ်ရှေ့ ရောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘ၀ အမှတ်တရအနေနဲ့ကတော့ အပြင်က အနုပညာသည်လေးတွေစုပြီး ရိုက်မယ်ဆိုပြီးတော့ လုပ်ခဲ့တာ လေးရှိတယ်။ မရိုက်ဖြစ်လိုက်ဘူးပေါ့။ အခုနောက်ပိုင်းမှာ ပရိသတ်တွေက သူတို့ကြိုက်တဲ့မင်းသား တွေကို TikTok တို့မှာ အပိုင်းပိုင်းလေးတွေတင်ကြတော့ လူပိုသိသွားတယ်။ အခု'ကာရန်လွဲမေတ္တာ' မှာလည်း ပရိသတ်တွေက ယမုံနဲ့ တောက်လျှောက်ရိုက်တာတွေ တွဲတင်တယ်။ တောက်လျှောက်တင်တော့ အားပေးမှုပိုရတယ်။ Channel လိုင်းတွေမှာ လွှင့်တဲ့ကားက အဲ့ဒီလိုတွေကြောင့် ပရိသတ်ကြည့်ရှုသူ ပိုများလာတယ်လို့ ထင်တယ်။
TREND ။ ။ လွှမ်းပိုင်ကိုရော အိမ်ထောင်မပြု စေချင်သေးဘူးလား။
KS ။ ။ လွှမ်းပိုင်က သူလည်း အသက်အရွယ်တစ်ခု ရောက်လာရင် ရွေးချယ်မှာပါ။ ကျွန်တော်က အကြံပေးတာထက် သူ့ဘာသာသူ ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ရှိနေပြီလေ။ အဲ့ဒါကြောင့် ကလေးတွေလို လိုက်ပြောလို့မရဘူးလေ။ အခုသူဆိုရင် သူ့တူလေးကို ချစ်တယ်။ ဘယ်လိုမျိုးလဲဆိုရင် တူလေးအတွက် အင်္ကျီလေးတွေ ဝယ်လာပေးတာတွေရှိတယ်။ ဒါပေမဲ့ ဝတ်ပေးလို့မရသေးဘူး။ ကြီးနေလို့။

TREND ။ ။ ခေါင်မိုးမဲ့ အိမ်ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ပြောပေးပါဦး
KS ။ ။ 'ခေါင်မိုးမဲ့အိမ်' ဇာတ်ကားက အရမ်းမိုက်ပါတယ်။ ရိုက်ချက်တွေကအစ သရုပ်ဆောင်တဲ့ အိုက်တင်တွေ၊ ဇာတ်လမ်းကလည်း နိုင်ငံခြားကား တစ်ကားကြည့်နေရသလို ရိုက်ချက်တွေနဲ့ ကြည့်ရမယ်။ လျှို့ဝှက်ချက်တွေလည်း အများကြီးပါမှာဖြစ်တဲ့အတွက် ပရိသတ်ကြီး အားပေးကြပါဦးလို့ ပြောပေးပါဦး။
MTY ။ ။ ကျွန်တော်တို့ကြည့်လိုက်တဲ့ တစ်ပိုင်းတည်းမှာတင် ရိုက်ချက်တွေကောင်းတဲ့အတွက် ကွာလတီကောင်းကောင်း ကြည့်ရတဲ့အတွက် CANAL+ မှာ 'ခေါင်မိုးမဲ့အိမ်'ဇာတ်ကားကို ကြည့်ရှုအား ပေးကြပါဦးလို့ ပြောချင်ပါတယ်။
( သက်မှူး )
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )