EAO ALLIANCE ၏ ပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၄ စက်တင်ဘာ ၂၀

တည်ငြိမ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို ပြန်သွားနိုင်ဖို့က ကြားထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ကူးပြောင်းရေးအစီအစဉ်တစ်ခု လုပ်‌ဆောင်ဖို့ လိုအပ်တယ်

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO ALLIANCE) ဦးဆောင်အဖွဲ့အစည်းအဝေး(၂/၂၀၂၄)ကို  စက်တင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ Video Conferencing ဖြင့် နှစ်ရက်တာ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေး ဆွေး‌နွေးခဲ့သည့် အကြောင်းအရာများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ (7 EAO ALLIANCE ၏ ပြောရေးဆိုခွင့်ရှိသူ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်အား ဆက်သွယ်မေးမြန်းထားပါသည်။

TREND ။        ။ နှစ်ရက်တာပြုလုပ်ခဲ့တဲ့ (7 EAO ALLIANCE) ဦးဆောင်အဖွဲ့အစည်းအဝေးမှာ ဘယ်အကြောင်းအရာတွေ ဆွေး‌နွေးဖြစ်ခဲ့ကြလဲ၊ ရှေ့လုပ်ငန်းစဉ်‌တွေအဖြစ် ဘယ်အချက်တွေ ဆွေး‌နွေးဖြစ်ခဲ့ကြလဲ။
SKN      ။        ။
လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ။ ကျွန်တော်တို့ ဦးဆောင်မှုအစည်းအ‌ဝေးမှာ စုဖွဲ့မှုဖြစ်တဲ့ တခြားသော အတွင်းရေးမှူးအဖွဲ့တို့၊ လုပ်ငန်းကော်မတီတို့ရှိတယ်။ ဒီအစည်းအ‌ဝေးမှာ အတွင်းရေးမှူးအဖွဲ့က နိုင်ငံရေးအစီရင်ခံစာတင်တယ်။ လုပ်ငန်းအစီရင်ခံစာလည်း တင်သွင်းတယ်။ အဲဒီအစီရင်ခံစာ‌တွေအပေါ်မှာ အပြန်အလှန် ညှိနှိုင်း‌ဆွေးနွေးမှု‌တွေလုပ်တယ်။ ပြီးတော့ ဒီနှစ်ရက်တာ အစည်းအဝေးမှာက ချုံ့ပြီးပြောရမယ်ဆိုရင် ဆုံးဖြတ်ချက် ၁၂ ချက်လောက်ရပါတယ်။ အဲဒီအချက်တွေထဲမှာ အရေးကြီးတဲ့အချက်တွေကို ပြောပြရမယ်ဆိုရင် နံပါတ်တစ်ကတော့ မြန်မာနိုင်ငံမှာ စစ်ဘောင်ကျယ်နေတယ်။ နိုင်ငံရေးဆွေး‌နွေးမှုဘောင်က အရမ်းကို ကျဉ်းနေတယ်။ ဒါကြောင့် နိုင်ငံရေးဆွေး‌နွေးမှု ဘောင် ပြန်ကျယ်လာဖို့အတွက် ပြည်တွင်းအင်အားစုတွေနဲ့ ညှိနှိုင်း‌ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု။ နောက်တစ်ခုကတော့ လမ်းသစ်လို့ ပြောမလား၊ နည်းသစ်လို့ ပြောရမလား။ ကျွန်တော်တို့ အခေါ်အဝေါ်နဲ့ပြောရရင် တွေ့ဆုံဆွေး‌နွေးပွဲ‌ဆိုင်ရာ နည်းသစ်ပေါ့။ နည်းဆိုတာက ကျွန်တော်တို့ နိုင်ငံရေးဆွေး‌နွေးမှု သမိုင်းကြောင်းအရ ကြည့်ရင် NCA လမ်းကြောင်းအရ လုပ်နေတဲ့ နိုင်ငံရေးဆွေး‌နွေးမှုကလည်း ၂၀၂၁ ခုနှစ်ကတည်းက ရပ်တန့်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာကတော့ လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်သူများအားလုံး ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ သို့သော်လည်းပဲ ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။ ဒါကြောင့် နည်းသစ်တစ်ခုကို စဉ်းစားလာတာရှိတယ်။ နည်းသစ်ကို မိတ်ဆက်တဲ့အနေနဲ့ ပြောပြချင်ပါတယ်။ လုပ်နည်းလုပ်ဟန်ပေါ့။ လုပ်နည်း လုပ်ဟန်အနေနဲ့က ကျွန်တော်တို့က တရားဝင်ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေမလုပ်ခင်မှာ အလွတ်သဘော ဆွေးနွေးမယ်။ အဲဒီ အလွတ်သဘော ဆွေးနွေးတာကနေပြီးတော့ ဘယ်နေရာမှာ တွေ့ကြမလဲ၊ ဘယ်အချိန်မှာ တွေ့ကြမလဲ၊ ဘယ်အကြောင်း အရာတွေကို ဆွေးနွေးကြမယ်ဆိုတဲ့ နှစ်ဖက်လုံးအတွက် အဆင်ပြေပြေနဲ့ လျှောက်သွားနိုင်လောက်တဲ့ Joint Ownership? Joint Process  တစ်ခုကို အကောင်အထည်ဖော်ချင်ခဲ့တယ်။ အဲဒါက လုပ် နည်းလုပ်ဟန်ပေါ့။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့သွားလိုတဲ့ နည်းသစ်အနေနဲ့ အားလုံးအတွက်လည်း အဆင် ပြေနိုင်လောက်တယ်လို့ ယူဆထားပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းမှာဆိုရင် ၁၂ ဖွဲ့ သဘောတူညီထားပြီးသား ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ရှိတယ်။ အဲဒီအချက်တွေကို ထပ်ပြီးဆွေးနွေးရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေရှိတယ်။ နောက်တစ်ချက်ကတော့ ဆွေး‌နွေးမှုတစ်ခု တည်းအနေနဲ့မဟုတ်ဘဲ နှစ်ဖက်လုံး ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ ဆွေးလည်းဆွေးနွေးမယ်၊ ဆွေးနွေးပြီးရင် အကောင် အထည်လည်းဖော်မယ်၊ အဲဒီလိုမျိုးသွားဖို့ စဉ်းစားထားတယ်။ ကျွန်တော်တို့ စဉ်းစားချက်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းအရ ပြည် နယ်တွေမှာ ပူးတွဲအုပ်ချုပ်ရေးတွေလုပ်နိုင်ဖို့ စတင်စကားပြောကြ၊ ဆွေးနွေးကြဖို့ စဉ်းစားချက်ရှိတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေသာမက လက်ရှိမှာက လက်နက်ကိုင်အဖွဲ့တွေရှိနေတဲ့ အခြေအနေမှာ ဟိုအရင်က တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို နားလည်သဘောတူထားခဲ့တဲ့ တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်သော ပြည်ထောင်စုတပ်မတော် တည်ဆောက်ဖို့အတွက်  အခုကတည်းက  ပြင်ဆင်မှုတွေ၊ ညှိနှိုင်းမှုတွေစလုပ်ရင် ကောင်းမလား စသည်ဖြင့် အဲဒီလိုစဉ်းစားချက်တွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ကြိုးပမ်းဆောင်ရွက်သွားဖို့ အစည်းအဝေးကနေ ဆုံးဖြတ်နိုင်ခဲ့တာရှိတယ်။ နောက်တစ်ချက်က ဖက်ဒရယ်ဒီမိုကရေစီ ကူးပြောင်းရေးအစီအစဉ်ပေါ့။ အခုဖြစ်နေတဲ့ ပကတိအခြေ အနေအရကနေ တည်ငြိမ်တဲ့ နိုင်ငံရေးအခင်းအ ကျင်းတစ်ခုကို ပြန်သွားနိုင်ဖို့ ကြားထဲမှာ ဖက်ဒရယ်ဒီမိုကရေစီ ကူးပြောင်းရေးအစီအစဉ်တစ်ခု လုပ်‌ဆောင်ဖို့  လိုအပ်တယ်။ ဒါကြောင့် အဲဒီကိစ္စရပ်တွေကိုလည်း စတင်ပြီးတော့ စကားပြောကြမယ်ဆိုရင် အားလုံးအတွက် ရှဉ့်လည်းလျှောက်သာ ပျားလည်း စွဲသာ အခြေအနေတစ်ခုကို စတင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ယုံကြည်တဲ့အတွက် စတင်ကြိုးပမ်းလုပ်ဆောင်ကြဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ 


TREND ။        ။ အတွင်းရေးမှူးအဖွဲ့က တင်သွင်းတဲ့ နိုင်ငံရေးအစီရင်ခံစာမှာက ဘယ်လိုအချက်တွေ အကြောင်းအရာတွေပါလဲ၊ ပြောပြလို့ရသလောက် ပြောပြပေးပါဦး။
SKN      ။        ။
နိုင်ငံရေးအစီရင်ခံစာက အကုန်လုံးပါပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ အားလုံးအတွက် ပြည်ထောင်စုအတွက် စိန်ခေါ်မှုကြီးကြီးမားမား ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအရာတွေကို လွှမ်းခြုံနိုင်အောင် အတွင်းရေးမှူးအဖွဲ့က အတတ်နိုင်ဆုံး ကြိုးပမ်းပြီးတော့ တင်သွင်းထားပါတယ်။ ချုံ့ပြောရမယ်ဆိုရင် စစ်ရေးအခြေအနေလည်းပါတယ်။
    နိုင်ငံရေးအခြေအနေလည်းပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ တိုင်းသူပြည်သားတွေ နိစ္စဓူ၀ ကြုံတွေ့နေရတဲ့ သေကျေပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု အဲဒီကိစ္စရပ်တွေအားလုံးလည်းပါသလို နိုင်ငံတကာရဲ့ အခြေအနေတွေကိုလည်း သုံးသပ်တင်ပြချက်ထဲမှာပါတယ်။ အထူးသဖြင့်ကတော့ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေမှာ တရုတ်နိုင်ငံကနေပြီးတော့ ထဲထဲဝင်ဝင် ပါဝင်လာတဲ့ ကိစ္စရပ်တွေ စသဖြင့် အစီရင်ခံစာမှာ အများကြီးပါဝင်ပါတယ်။


TREND ။        ။ 7 EAO ALLIANCE ရဲ့ အဖွဲ့ ခေါင်း‌ဆောင် RCSS ဥက္ကဋ္ဌ ဦးရွက်ဆစ်အနေနဲ့ရော ဒီအစည်းအဝေးမှာ အဓိက ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးသွားလဲ။
SKN      ။        ။
လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အထဲမှာ သူ့ရဲ့ အာဘော်တွေ အများကြီးပါပါတယ်။ လက်ရှိအခြေအနေက နေရာတော်တော်များများ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတယ်။ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကို လျှော့ချဖို့ ကြိုးပမ်းလာခဲ့တာကြာပြီ။ သက်ဆိုင်တဲ့သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေး‌နွေးပွဲဖြစ်ဖို့ အခင်းအကျင်းကို တက်လှမ်းနိုင်ဖို့ကလည်း ကြိုးပမ်းခဲ့တာကလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေတော့ သူ့အနေနဲ့ကလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခက်အခဲ အကျပ်အတည်းတွေ၊ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခ‌တွေက အကြောင်းရင်းခံ စစ်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာ‌တွေဖြစ်တယ်။ ဒါကြောင့် စစ်ရေးနည်းနဲ့ ဖြေရှင်းလာခဲ့တာကလည်း အတိတ်သမိုင်းကြောင်းအရဆိုရင် အဖြေမရဘူး၊ ခရီးမပေါက်ခဲ့ဘူး။ ဒါကြောင့်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုအသစ် အပေါ်မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကတော့ ရှိနေတယ်။ သို့သော်လည်းပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့လမ်းကြောင်းပေါ် ပြန်တက်လာနိုင်ဖို့ ကြိုးပမ်းမယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာလည်း ပြည်‌ထောင်စုအကျိုးကို အမှန်တကယ်ရှေးရှုပြီးတော့လုပ် ကိုင်ဆောင်ရွက်ဖို့ လိုအပ်တဲ့အကြောင်း ပြောသွားပါတယ်။


TREND ။        ။ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့ တွေ့ဆုံဆွေး‌နွေးပွဲ‌ဆိုင်ရာ လမ်းကြောင်း အသစ်၊ နည်းသစ်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ။
SKN      ။        ။
အစည်းအဝေးပြီးတာရော၊ ကျွန်တော်တို့အဖွဲ့ကြားထဲမှာ ပေါ်လာတာ၊ ဆုံးဖြတ်ခဲ့တာရောက ရက်ပိုင်းပဲရှိသေး သိပ်မကြာသေးဘူး။ ဦးဆောင်အဖွဲ့  အစည်းအဝေးဆိုတာကတော့ မူပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တာပေါ့။ ဘယ်လို အကောင်အထည် ဖော်မလဲ၊ ဘယ်လိုစတင်ချည်းကပ်မလဲ၊ ဘယ်လို အစပျိုးမလဲဆိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အစီအစဉ်တွေကျတော့ တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် အတွင်းရေးမှူးအ စည်းအဝေးတွေလုပ်တယ်။ အဲဒီအစည်းအဝေးတွေမှာ ဦးဆောင်အ စည်းအဝေးက ဆုံးဖြတ်ပေးလိုက်တဲ့ မူပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လိုအကောင်ထည်ဖော်မလဲဆိုတာ ဆက်လက်ညှိနှိုင်းဆွေးနွေးကြမှာပါ။ ဒါကြောင့် ဒါတွေအကောင်အထည်ဖော်ဖို့ အချိန်အများ ကြီး ယူရပါဦးမယ်။


TREND ။        ။ ပြည်နယ်တွေမှာ ပူးတွဲအုပ်ချုပ်ရေးတွေလုပ်နိုင်ရေး စတင်ဆွေးနွေးကြမယ်ဆိုတဲ့ စဉ်းစားဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးလဲဆိုတာ ရှင်းပြပေးပါဦး။
SKN      ။        ။
ဦးဆောင်အဖွဲ့အနေနဲ့ကတော့ အားလုံးအတွက် အဆင်ပြေနိုင်လောက်မယ်ထင်တဲ့ အုပ်ချုပ်ရေးတွေကို ပြည်နယ်မှာ စပြီးတော့လုပ်ဖို့ အကောင်အထည်ဖော်ကြရအောင်ဆိုပြီး ချပြခဲ့တာပေါ့။ ပူးတွဲတာတော့ ဟုတ်ပြီ၊ ဘယ်သူနဲ့ပူးတွဲမှာလဲ စသည်ဖြင့်ပေါ့။ အဲဒါတွေကကျတော့ အပတ်စဉ်ကျင်းပတဲ့ အတွင်းရေးမှူးအစည်းအဝေးတွေမှာ နည်းလမ်းရှာရမှာဖြစ်သလို သက်ဆိုင်တဲ့ အင်အားစုတွေနဲ့လည်း ညှိနှိုင်း‌ဆွေးနွေးရမယ့် လုပ်ငန်းစဉ်တွေက နည်းနည်းလေး အချိန်ယူရဦးမယ်လို့ နားလည်ပါတယ်။ အသေးစိတ်ဖြေကြားဖို့ကတော့ ကျွန်တော့်အနေနဲ့ အဆင်သင့်မဖြစ်သေးပါဘူး။


TREND ။        ။ ပူးတွဲအုပ်ချုပ်ရေးပုံစံ၊ အခင်းအကျင်းနဲ့ပတ်သက်ပြီး တစ်ဦးတည်းရဲ့ အမြင်ကရော ဘယ်လိုရှိမလဲ နားလည်သ‌လောက်  ရှင်းပြပေးပါဦး။
SKN      ။        ။
အသေးစိတ် မဆွေးနွေးရသေးတဲ့ ကိစ္စရပ်တွေဖြစ်နေတော့ ဒီပူးတွဲအုပ်ချုပ်ရေးဆိုတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ ထင်မြင်ချက်လောက်ပဲ ပြောလို့ရနိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တစ်ခါမှ မကြုံဖူးသေးတဲ့ နိုင်ငံရေးအခက် အခဲ၊ အကျပ်အတည်းတွေ အများကြီးရှိနေတဲ့ ကာလတစ်ခုအောက်မှာ သက်ဆိုင်သူအားလုံး လိုက်ပါဆောင် ရွက်နိုင်တဲ့ အခင်းအကျင်းလည်းဖြစ်အောင်၊ အခုလိုမျိုး  စစ်ရေးဘောင်ကျယ်ပြီး နိုင်ငံရေးဘောင်ကကျဉ်းနေတဲ့ကာလမှာ စစ်ဘောင်ကို တဖြည်းဖြည်းချင်း ချုံ့ယူပြီးတော့ အပြီးသတ်ချုပ်ငြိမ်းစေလောက်တဲ့အထိ ကျွန်တော်တို့အားလုံးအတွက် လိုအပ်တဲ့ နှစ်ဖက်ယုံကြည်မှုတွေကို အာမခံချက်ပေးနိုင်လောက်တဲ့ ပူး တွဲအုပ်ချုပ်ရေး အစီအစဉ်ဖြစ်မယ်လို့ပဲ အဲဒီလောက်ပဲ နားလည်ပါတယ်။ ဒါကတစ်ဦးတည်းရဲ့ အမြင်ပါ။


TREND ။        ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ အရင်က  သဘောတူညီထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ကို ပြန်လည်ဆွေးနွေးဖို့ အစီအစဉ်ကိုရော ဘယ်လို စတင်အကောင်အထည်ဖော်မလဲ။
SKN      ။        ။
အဲဒါကလည်း တွေ့ဆုံဆွေး‌နွေးပွဲ‌ ဆိုင်ရာ နည်းသစ်ထဲမှာပါတဲ့ ဖြစ်နိုင်ခြေရှိတဲ့ Issue တစ်ခုပေါ့။ ဒီအချိန်မှာ နိုင်ငံရေးစကားပြောကြမယ်၊ တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင် သိပ်မကြိုက်ချင်ကြဘူး။ အဲဒီလို မျိုး ကာလတစ်ခုအောက်မှာ ကျွန်တော်တို့အတွက် တခြား Issue ကြီးကြီးမားမားတွေ သွားကိုင်မယ်ဆိုရင်လည်း လိုက်ပါဖို့၊ ပူးပေါင်းဖို့က ခက်ခဲမယ်လို့ ယူဆထားတယ်။ ဒါကြောင့် NCA ရေးထိုးထားတဲ့ ၁၀ ဖွဲ့အပြင် KIO? KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)စတဲ့ အဖွဲ့တွေပါဝင်တဲ့ EAO ၁၂ ဖွဲ့ကနေပြီးတော့ ညှိနှိုင်းသဘောတူထားပြီးသား ဖက်ဒရယ်အခြေခံမူပေါ့။ကြာ လည်းကြာခဲ့ ပါပြီ။ လွန်ခဲ့တဲ့ ၂၀၁၁ ကတည်းကပါ။ အဲဒီလို ဖက်ဒရယ်အခြေခံမူ ၂၄ ချက်နဲ့ စလိုက်မယ်ဆိုရင် ကျွန်တော်တို့နဲ့ မပါနိုင်သေးတဲ့အဖွဲ့တွေ၊ EAO တွေလည်း ပါလာနိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ စတင်ဖို့ စဉ်းစားကြည့်တာပါ။ ဒါတွေက အဲဒီ ၁၂ ဖွဲ့မှာ ပါဝင်တဲ့ EAO တွေရဲ့ လုပ်လက်စ အလုပ်‌တွေလည်း ဖြစ်တယ်လေ။ လောလောဆယ် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တွေ့ဆုံဖို့အခက်အခဲတွေ ရှိနေတဲ့ ကာလမှာ ကျွန်တော်တို့အရင်က အတူတူလုပ်လက်စရှိထားတဲ့ အကြောင်းအရာတွေကို ပြန်ပြီးတော့စတင်ရင် ကောင်းမလားပေါ့။ ဒါလည်း ကျွန်တော်တို့ရဲ့ စဉ်းစားချက်ပါ။ ဖြစ်မဖြစ်ဆိုတာကတော့ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ လက်ခံနိုင်မှုအပေါ် ပြန်ပြီးညှိနှိုင်းရဦးမှာပါ။ နည်းလမ်းတွေကိုလည်း လာမယ့် အတွင်းရေး မှူးအဖွဲ့အစည်းအဝေးတွေမှာ ဆွေးနွေးဖြစ်ကြမယ်ထင်ပါတယ်။


TREND ။        ။ အကောင်အထည်ဖော်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့တဲ့ တွေ့ဆုံဆွေး‌နွေးပွဲ‌ဆိုင်ရာ နည်းလမ်းအသစ်ကရော လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ဖို့ ဘယ်လောက်အထိ အာမခံချက်ရှိနိုင်မလဲ။ 
SKN      ။        ။
ဒါက မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်သလို ကျွန်တော်တို့အနေနဲ့ ကံသေကံမဖြေဖို့ကလည်း တော်တော်လေးကို ခက်ခဲပါတယ်။ အဓိကဆိုလိုချင်တာက ကျွန်တော်တို့ အရင်က NCA လက်မှတ်ရေးထိုးခဲ့တယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ လုပ်တယ်။ တော်တော်များများ ခရီးမပေါက်ပါဘူး။ အလုပ်မဖြစ်ဘူး ဆိုတာလည်း မှန်ပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ NCA လုပ်ငန်းစဉ်တွေ ရပ်တန့်သွားတယ်။ ရပ်တန့်ပေမယ့် ကျွန်တော်တို့က အဲဒီတုန်းက PPST အနေနဲ့ပေါ့။ PPST ခုနစ်အဖွဲ့အနေနဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ရယ်၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့ လုပ်မယ်ဆိုပြီးတော့ တွေ့ဆုံမှုအခင်းအကျင်းကို ပြန်ပါလာတယ်။ NCA ရဲ့ အနှစ်သာရသုံးချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ ဆုံ‌ဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းမယ်၊ နံပါတ်နှစ်အနေနဲ့ သက်ဆိုင်သူများ အားလုံးပါဝင်ပြီးတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းမယ်။နံပါတ်နှစ်အနေနဲ့ အရပ်သားများကို ကာကွယ်မယ်ဆိုတဲ့ အချက်တွေနဲ့ ၂၀၂၂ ကနေ ၂၀၂၄ နှစ်ဆန်းပိုင်းအထိ အဲဒီအနှစ်သာရသုံးရပ်ကိုအခြေခံတဲ့ ကျွန်တော်တို့ PPST ရဲ့ ကြိုးပမ်း ဆောင်ရွက်မှုကလည်း ခရီးမပေါက်ခဲ့ဘူး။ ဒီလို စစ်ဘောင်ကျယ်နေချိန်မှာ နိုင်ငံရေးဘောင်ကကျဉ်းကို ကျဉ်းနေခဲ့တယ်။ ဒါက ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ ပကတိအရှိတရား ဖြစ်နေလို့ပါ။ ဒါကြောင့် NCA နည်းကလည်း ရပ်တန့်သွားတယ်။ NCA အနှစ်သာရ သုံးရပ်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုက နှစ်နှစ် ကျော်ကြာ ခရီးမပေါက်ခဲ့တော့ တွေ့ဆုံဆွေး‌နွေးပွဲ‌ဆိုင်ရာ နည်းသစ်ကို စတင်စဉ်းစားလာခဲ့ရတာပါ။ ဒါကလည်း ပေါ်လစီအဆင့်လောက်ပဲ ရှိသေးတယ်။ လုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်နဲ့ ဆောင်ရွက်ရ မယ့် အစီအစဉ်တွေကျတော့လည်း ကျွန်တော်တို့ ဆက်လက်ဆွေးနွေးဖို့ အများကြီးရှိပါသေးတယ်။  ဘယ်လောက်အထိ အာမခံချက်ရှိနိုင်မလဲဆိုတာကတော့ ဒီအချိန်မှာ ပြောဖို့ စောပါသေးတယ်။ သို့သော်လည်းပဲ ဒါက ကျွန်တော်တို့ယုံကြည်တဲ့ လမ်းကြောင်းပေါ့။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းချင်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်။ ပြည်တွင်းစစ်ချုပ် ငြိမ်းဖို့အတွက်က လက်နက်ကိုင်ပဋိပက္ခ‌တွေဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့မဟုတ်ဘဲ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာကြဖို့နဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ခု တည်ဆောက်ပြီးတော့ ကြိုးပမ်းကြမယ်ဆိုတဲ့ အရင်တုန်းက သန္နိဋ္ဌာန်တွေ ရှိခဲ့ကြတယ်။ သို့သော်လည်းပဲ ဒီအချိန်မှာက အဲဒါတွေကို အကောင်အထည်ဖော်ဖို့ တော်တော်လေးကို အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီလို ကမ်းမမြင်လမ်းမမြင်သေးတဲ့ အခြေအနေမှာ တွေ့ဆုံဆွေး‌နွေးပွဲ‌ဆိုင်ရာ နည်းသစ်က ဘယ်လောက်အထိ အောင်မြင်မလဲ၊ ဘယ်လောက်အထိ အာမခံချက် ရှိနိုင်မလဲဆိုတာကတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင် ရွက်နိုင်စွမ်းအပေါ်မှာပဲ မူတည်လိမ့်မယ်လို့ နားလည်ပါတယ်။


TREND ။        ။ ဖြည့်စွက်ပြောကြားပေးပါဦး။
SKN      ။        ။
ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကြည့်မယ်ဆိုရင် ပထဝီအနေအထားအရ ကွဲပြားခြားနားမှုတွေရှိတယ်။ သမိုင်းနောက်ခံတွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူတာတွေလည်းရှိတယ်။ နိုင်ငံရေး ဖြတ်သန်းမှုတွေလည်း ကွဲပြားခြားနားမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်မှာလည်း လုပ်နည်းကိုင်နည်းတွေက ကွဲပြားမှုရှိနေမှာပါ။ ဒါတွေကလည်း ပကတိအရှိတရားဖြစ်လို့ လက်ခံပေးရမယ့်ကိစ္စတွေလို့ မြင်ပါတယ်။ ကျွန်တော်ပြောကြားလိုတဲ့ အချက်တစ်ချက်က နည်းလမ်းပေါ့။ နည်းလမ်းက အမျိုးမျိုး ရှိကြမယ်လို့ ထင်ပါတယ်။ ဥပမာအားဖြင့် SAC မှာလည်း သူ့ရဲ့ လမ်းပြမြေပုံ ဆိုတာရှိတယ်။ ထိုနည်းတူ တခြားအဖွဲ့အစည်းတွေမှာလည်း သူ့ရဲ့ Road Map တွေ ရှိနိုင်ပါ တယ်။ အလားတူပဲ ကျွန်တော်တို့ PPST အဖွဲ့တုန်းက နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက်ဆိုပြီးတော့ ရှစ်ချက်ဆိုတာလည်း ရှိခဲ့တယ်။ ကျွန်တော်တို့ နားလည်ရသလောက် အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခ၊ အခက်အခဲ အကျပ်အတည်းသည် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းတစ် လျှောက်မှာဆိုရင် ကျွန်တော်တို့ တစ်ခါမှမကြုံခဲ့ဖူးသလို ကြီးမားကျယ်ပြန့် နက်ရှိုင်းတယ်လို့ နားလည်ပါတယ်။ ဒီအခက်အခဲ အကျပ်အ တည်းကို ကျော်ဖြတ်ဖို့ဆိုရင် အရင်ကလို သမားရိုးကျ လုပ်နည်းလုပ်ဟန်ထက် အားလုံးအတွက် အဆင်ပြေနိုင်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ကတော့  နိုင်ငံရေးလမ်းပြ မြေပုံဆိုင်ရာ အဆိုပြုချက် နံပါတ် (၆)မှာပါတဲ့ အသွင်ကူးပြောင်းရေးကာလ အစီအစဉ်က အခရာကျ တယ်လို့ ယုံကြည်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ အစီအစဉ်ကို ဖြတ်ကျော်ဖို့ပဲ လိုအပ်မယ်လို့ နားလည်မှုရှိတယ်။ အဲဒါကလည်း ကျွန်တော်တို့ တစ်ဖွဲ့ချင်းစီရဲ့ အကျိုးမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စုဖွဲ့မှုရဲ့ အကျိုးစီးပွားမဟုတ်ဘဲနဲ့ လက်ရှိ ပြည်ထောင်စုတစ်ခုလုံး ကြုံတွေ့‌နေရတဲ့ ကပ်ဆိုးတွေကို ကျော်ဖြတ်နိုင်အောင်၊ ကျော်လွှားနိုင်အောင် အားလုံးအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်း တစ်ခုကို စဉ်းစားထားတာပါ။
    ဒီပဋိပက္ခတွေကို ကျော်လွှားဖို့ မပါမဖြစ်၊ မပြောမဖြစ်၊ မတွေ့မဖြစ် ပါသင့်ပါထိုက်တဲ့ အင်အားစုတွေအားလုံး တွေ့ဆုံညှိနှိုင်းပြောဆိုဆွေး‌နွေးမှုက ထွက်ရှိလာမယ့်  ရလဒ်ကသာလျှင် တကယ်ပဲ  ပြည်ထောင်စုအကျိုးကို ရှေးရှုမယ်လို့ ယုံကြည်တယ်။ ဒီအတွက်လည်း ကျွန်တော်တို့အနေနဲ့ ကြိုးပမ်းပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ နည်းလမ်းသစ်တွေ စဉ်းစားခဲ့တာဖြစ်ပါတယ်။
TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( 35 ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 438

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43087

© 2022 - 2025 News. All Rights Reserved.