ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း 

၂၀၂၄ ဩဂုတ် ၁
မြောက်ပိုင်းပဋိပက္ခဖြစ်စဉ်တွေမှာ တရုတ်နိုင်ငံပါဝင်ပတ်သက်နေသလား၊ မြန်မာပြည်သူတွေ သံသယဝင်နေတာနဲ့ပတ်သက်ပြီး တရုတ်ဘက်က စုံစမ်းမယ်လို့ ပြောပါတယ်။
    တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)စသည့် ပါတီလေးခုမှ ခေါင်းဆောင်များဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်ကနေ ၂၇ ရက်အထိ သီတင်းတစ်ပတ်ကြာ တရုတ်နိုင်ငံကို သွားရောက်လေ့လာခဲ့ပါတယ်။ တရုတ်ပြည်ခရီးစဉ်မှာ တရုတ်ကွန် မြူနစ်ပါတီမှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံ ခရီးစဉ်ကို သွားရောက်ခဲ့သူ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

  

TREND ။        ။ ခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီက ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါ  မြန်မာ့အရေး ဘယ်အကြောင်းအရာတွေ  ဆွေးနွေးဖြစ်ခဲ့လဲ။
Dr.AM ။        ။
ကျွန်တော်တို့ လေးဦးမေးတာမြန်းတာတွေထဲမှာ သုံးဦးပြောဆိုဆွေး‌နွေးတာကို မပြောလိုဘူး။ ကျွန်တော်မေးတာ မြန်းတာတွေ ပြောပြမယ်။ အဓိက ပြောခဲ့တာကတော့ ကျွန်တော်က ဒီခရီးစဉ်ကို စတုတ္ထအကြိမ်မြောက် ရောက်တာ။ ပထမအကြိမ်က ၂၀၁၂ လောက်က ဦးစိုင်းအိုက်ပေါင်းတို့နဲ့ ရောက်ခဲ့တာ။ တရုတ်က စဖိတ်ခဲ့တယ်။ အခု ၁၀ နှစ်အကျော်မှာ စတုတ္ထအကြိမ် ပြန်ရောက်ခဲ့တယ်။ တရုတ်ပြည်ကြီးက အကုန်ပြောင်းလဲသွားတယ်။ ဒါက ပထမတစ်ချက်။ ဒုတိယအချက်က  နှစ်နိုင်ငံ ခေါင်း‌ဆောင်ကြီးများရဲ့ ရေရှည် အမြော်အမြင်ကြီးစွာနဲ့လုပ်ခဲ့တဲ့ စီမံကိန်းကြီး‌တွေ၊ မြစ်ဆုံစီမံကိန်း ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာ အဲဒီကာလက မစ္စတာရှီကျင့်ဖျင်က တရုတ်ဒုသမ္မတပဲရှိ သေးတာ။ အဲဒီတုန်းက သဘောတူထားတဲ့ စီမံကိန်း၊ နောက် အဲဒီကာလက လုပ်ခဲ့တဲ့ ကျောက်ဖြူ စီမံကိန်း၊ အဲဒီစီမံကိန်းကြီးနှစ်ခုဟာ အကြောင်းကြောင်းတွေကြောင့် ရပ်တန့်ခဲ့ရတယ်။ ဒါတွေကို ပြန်လည်သုံးသပ်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ လိုအပ်တယ်။ တတိယအချက်က ရှမ်းမြောက်ကစခဲ့တဲ့ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြီးဟာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၊ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွား ရေးစင်္ကြံ အဲဒီစင်္ကြံနှစ်ခုလုံးမှာ ဖြစ်နေတယ်။ နောက် CNPC လို့ခေါ်တဲ့ ကျောက်ဖြူကစတဲ့ ရေနံနဲ့ သဘာဝပိုက်လိုင်းတစ်လျှောက်လုံးမှာ ဖြစ်နေ တယ်။ အဲဒီလိုပဲ တရုတ်ခေတ်သစ် ပိုးလမ်းမ ခါးပတ်လမ်း (BRI) လမ်းတစ်လျှောက်မှာ ဖြစ်နေတယ်။ ၁၀၂၇ ဆိုတဲ့ မြောက်ပိုင်းပြဿနာဟာ အဲဒီလမ်းတစ် လျှောက်မှာ ထူးခြားစွာ ဖြစ်နေတယ်။ ဒီလမ်းတည်ငြိမ်မှပဲ ဒီလမ်းကြောင်းပွင့်မှာ၊ ဒါကြောင့် ငြိမ်းချမ်းဖို့ လိုအပ်တယ်။ မြန်မာနိုင် ငံပြိုကွဲသွားလို့မဖြစ်ဘူး။ ဗဟိုအစိုးရ အင်အားကောင်းမှ၊ ဝောာင့်တင်းမှပဲ ဒီလမ်းကြောင်းလုံခြုံမယ်။ အဲဒီလိုပဲ မြန်မာ့တပ်မတော် ပြိုကွဲသွားလို့ မဖြစ်ဘူး၊ ပြည်တွင်းရန် လုံခြုံဖို့နဲ့ ပြည်ပရန်ကာကွယ်ဖို့အတွက် လိုအပ်တယ်။ အဲဒီအချက်ကိုလည်း ပြောခဲ့တယ်။ ဘန်ဒေါင်းမူကြီး ငါး ချက်မှာ နံပါတ်(၄)အချက်က နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ ပတ်သက်တယ်။ တရုတ်အကျိုးစီးပွားနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွား ဆက်စပ်မှုရှိတယ်။ နှစ်ဖက်နားလည်ပြီး ဖြေရှင်းဖို့၊ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဖို့ ဆိုတာကတော့ နံပါတ်(၁)၊ (၂) မှာပါထားတယ်။ အဲဒီတော့ နံပါတ်(၄) အချက် က နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ ဆက်စပ်တယ်။ ငြိမ်းချမ်းရေးဆိုတာကလည်း အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာမို့ တရုတ်က မြန်မာနိုင်ငံဘက်က ရောင်ပြန်ကို ခံစားရတာ။ ဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်အေး ချမ်းနေမှပဲ တရုတ်အတွက်လည်း ပိုအကျိုးရှိတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းမှုရဖို့အတွက် တရုတ်က ထဲထဲဝင်ဝင် ပါဝင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို ပြန်ကြည့်ရင် အရင်တုန်းက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကိုယ်စားလှယ် မစ္စတာ Sun Guoxiang ကို ခန့်ခဲ့တယ်။ ၂၁ ရာစု ပင်လုံမှာ လေယာဉ်ခရီးစဉ် စီစဉ်ပေးတယ်။ အဓိက Facilitate လုပ်ပေးခဲ့တယ်။ သမ္မတကြီး မစ္စတာရှီကျင့်ဖျင် တတိယသက်တမ်း သမ္မတတာဝန်ယူ ပြီးတဲ့နောက်မှာ အထူးကိုယ်စားလှယ် ပြောင်းခဲ့တယ်၊ မစ္စတာတိန်ရှီကျင်း ရောက်လာခဲ့တယ်။ တိန်ရှီကျင်း ဖြစ်လာပြီး တဲ့နောက်မှာ  မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် ကိုယ်တိုင်ပါဝင်ခဲ့တယ်။ ဦး‌ဆောင်ခဲ့တယ်။ ကြီးကြပ်ခဲ့တယ်။ ကျွန်တော်တို့က ကြိုဆိုပါတယ်။ ကူမင်းမှာလုပ်တဲ့ ဟိုင်ဂင်အစည်းအဝေး အကြိမ်ကြိမ်လုပ်ပြီး အပစ်အခတ်ရပ်တာတို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်လုပ်တာတို့ကို အားလည်းရတယ်၊ ဝမ်းလည်းသာတယ်။ ဟိုင်ဂင် သဘောတူညီချက်ကို ဆက်ပြီး လုပ်စေချင်တယ်။ မြန်မာ့ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင်ပါပြီးမှ မြန်မာ-တရုတ်-ဘင်္ဂ လားဒေ့ရှ် စင်္ကြံတစ် လျှောက်လုံး တည်ငြိမ်မှုရှိအောင် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်စေချင်တယ်။ အဲဒီလိုမျိုး စီကာပတ်ကုန်း ရှင်းပြခဲ့ပါတယ်။ လေးဦးမြောက်ရှင်းပြပြီး တဲ့နောက်မှာ ဒုတိယနိုင်ငံခြား ရေးဝန်ကြီးက ပြန်ပြီးတော့ ရှင်းလင်းပြောကြားပေးပါတယ်။


TREND ။        ။ ဒီပြောကြားမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဒုနိုင်ငံခြားရေးဝန်ကြီးရဲ့ ဘယ်လို ပြန်ပြီးရှင်းလင်းပြောသွားလဲ။
Dr.AM ။        ။
သူက နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ အမြော်အမြင်ရှိတဲ့စကားတွေကို လေးလေးနက်နက် နားထောင်ပေးတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စေတနာရှိရှိ ပြောကြတာတွေ၊ နှစ်နိုင်ငံဆက်ဆံရေးကာလ ရှည်ကြာစွာ လုပ်ခဲ့တာတွေကို သူ့အနေနဲ့ အားရတယ်လို့ ပြောသွားတယ်။ လက်ရှိအခြေအနေ အပေါ်ကို စဉ်းစားပြီးမှ စိတ်ထဲမှာပူပန်တယ်လို့ပြောပြီး အချက်သုံးချက်ကို တင်ပြခဲ့ တယ်။ ပထမတစ်ချက်က ခေါင်းဆောင်တွေပြောတဲ့ မြန်မာနိုင်ငံမြောက်ဘက် ပဋိပက္ခနဲ့ပတ်သက်လို့ ဆုံးရှုံးမှုအကြီးမားဆုံး ခံစားရတဲ့ အိမ်နီးချင်းနိုင်ငံကို လက်ညှိုးထိုးပြောပါဆိုရင် တရုတ်နိုင်ငံပဲ ဖြစ်တယ်လို့ ပြောသွားတယ်။ မြန်မာ့ငြိမ်းချမ်းရေးကို တရုတ်နိုင်ငံက အလိုအပ်ဆုံး၊ အလိုလားဆုံးဖြစ် တယ်။ တချို့နိုင်ငံများက မြန်မာ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်တို့၊ ငွေတို့ ထောက်ပံ့ပြီးမှ ပြည်တွင်းငြိမ်းချမ်းမှုကို ဖျက်ဆီးနေကြတယ်။ မြန်မာ့ငြိမ်းချမ်းမှုရဖို့အတွက် တရုတ်က အမြဲတမ်း ကြိုးစားနေကြောင်း ပြောသွားပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှုတို့၊ အွန်လိုင်းလိမ်လည်မှုတို့ကို တရုတ် ပြည်သူတွေက ပိုက်ဆံဆုံးရှုံးမှု ကြီးကြီးမားမား ခံခဲ့ကြရတယ်။ နယ်စပ်‌ဒေသမှာရှိနေတဲ့ တရုတ်ပြည်သူတွေက ခံစားမြဲခံစားနေရတယ်။ အဲဒီ လိုလိမ်လည်မှုတွေ၊ ရာဇဝတ်မှုတွေ ဖြစ်နေတယ်။ အဲဒီလိုလုပ်တဲ့ အဖွဲ့အစည်းတွေ တရုတ်ပြည်ဘက်မှာရှိရင် သူတို့ဘက်က ဖမ်းတာဆီးတာတွေကို နည်းမျိုးစုံနဲ့လုပ်မယ်၊ ဖမ်းဆီးနိုင်အောင်လည်း ကြိုးစားနေတယ်။ အဲဒီလိုပဲ ကျူးလွန်တဲ့သူ မြန်မာနိုင်ငံဘက်မှာ မြန်မာနိုင်ငံသားအနေနဲ့ ရှိနေရင်လည်း နှစ်ဖက်အစိုးရပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အဓိကဆောင်ရွက်ရမှာက မြန်မာအစိုးရဖြစ်တယ်။ ဒါကြောင့် မြန်မာ့ငြိမ်းချမ်းရေးရဖို့အတွက် အထူးကိုယ်စားလှယ်များ စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စကို ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ နီးစပ်သလားဆိုပြီး သံသယရှိနေကြတယ်၊၊ တရုတ်က ဖိအားပေးတယ်၊ မြန်မာနိုင်ငံအစိုးရ နိုင်ငံရေးပါတီများကလည်း စိတ်ပူကြတယ်။ ငြိမ်းချမ်းရေးရဖို့ မြန်မာအစိုးရဘက်က လုပ်ဖို့လိုတယ်။ တရုတ်ဘက်ကလည်း တတ်နိုင်တဲ့အကူအညီတွေပေးဖို့ အဆင်သင့်ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒုတိယအ ချက်အနေနဲ့ပြောသွားတာက မြန်မာနိုင်ငံကို ကြိမ်ဖန်များစွာ လေ့လာရေးခရီးစဉ်အဖြစ် သူ့အနေနဲ့ ရောက် ခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲများစွာရှိခဲ့ တယ်။ နိုင်ငံရေးအပိုင်းမှာ ယုံကြည်မှုရှိတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ ကဏ္ဍကိုလည်း ငြိမ်းချမ်းရေး ကောင်းကောင်းရမယ်လို့ မျှော်မှန်းခဲ့တယ်။ ငြိမ်းချမ်းရေးအလားအလာလည်း ကောင်းမယ်လို့ ထင်ခဲ့တယ်။ အမြန်ဆုံးရမယ်လို့လည်း ထင်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အခုထိတွေ့နေရတာက တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အင်အားပိုကောင်းလာပြီးတော့ EAO လို့သုံးတယ်၊ EAO အသစ်များပေါ် ထွက်လာတယ်လို့ ပြောသွားတယ်။ အဲဒီလို ပေါ်ပေါက်လာတာဟာ အချင်းချင်း ငြိမ်းချမ်းရေးဆွေး နွေးပွဲလုပ်တဲ့အခါ အချိန်မလုံလောက်လို့လားဆိုပြီး မေးခွန်းထုတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူးလို့လည်း သူကပြန်ဖြေတယ်၊ သူက ပြန်ဖြေသွားတာက အဖွဲ့အစည်းများ၊ အင်အားစုများအား နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် မစဉ်းစားဘဲနဲ့ သူ့အကျိုးအမြတ်၊ ကိုယ့်အကျိုးအမြတ် ဘယ်လောက်ရမလဲဆိုတာကို ကိုယ့်အဖွဲ့အစည်းအလိုက် စဉ်းစားနေကြလို့ဖြစ်တယ်လို့ သူကပြော သွားတယ်။ တရုတ်နိုင်ငံဟာ အလွန်တရာကြီးမားပါတယ်။ နယ်နိမိတ်ကလည်း အလွန်တရာရှည်လျား ပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံလည်းရှိတယ်။ အုပ်ချုပ်မှုပိုင်းမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိပါတယ်။ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေလည်းရှိတယ်။ ဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လက်ရှိပြဿနာ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းနိုင်မယ် ဆိုရင် အခြေအနေကောင်းလာနိုင်တယ်လို့ သူက ယူဆကြောင်းပြောသွားပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်သ လို မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ အချိန်ကိုက်ဖြစ်မှုနဲ့ အစိုးရသစ်ဖွဲ့စည်းဖို့ပေါ့။ အစိုးရဟာ တည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဖို့အတွက် တစ်ပြိုင်တည်းမှာ ငြိမ်းချမ်းရေးနဲ့နိုင်ငံရေး ပြဿနာကို အဖြေရှာ ဖို့လိုတယ်လို့ ပြောသွားတယ်။ အဲဒီလိုတစ်ပြိုင်တည်း လုပ်လို့ရှိရင် ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်မယ်လို့လည်း သူက သုံးသပ်သွားတယ်။ တတိယအချက်အနေနဲ့ကတော့ စီမံကိန်းကြီး တွေဖြစ်တဲ့ ကျောက်ဖြူတို့၊ မြစ်ဆုံတို့ စီမံကိန်းကြီးနှစ်ခုကို သဘာဝပတ်ဝန်းကျင်ကို မြစ်ဆုံသည် ဖျက်ဆီးနေတယ်ဆိုပြီးတော့ အဲဒီကာလမှာ သုံးသပ်ကြတယ်ပေါ့။ ကျောက်ဖြူစီမံကိန်းကိုကျတော့ လူမှုဘဝစီးပွားမြှင့်တင်မှုနဲ့ပတ်သက်လို့ ဘယ်လိုဆောင် ရွက်နိုင်မလဲ မေးခွန်းတွေမေးလာကြကြောင်းနဲ့ သဘာ၀ပတ်ဝန်းကျင်ကိစ္စကို ဖြေရှင်းပြီးမှ စီမံကိန်းကြီးကို တည်ဆောက်ခံမယ်ဆိုရင် လျှပ်စစ်မီးပြ ဿနာ မြန်မာနိုင်ငံမှာ အခုလို ရင်မဆိုင်ရဘူးလို့ ပြောသွားတယ်။ ကျောက်ဖြူစီမံကိန်းကိုသာလျှင် အရင်ကာလကတည်းက  တည်ဆောက် ပြီးစီးခဲ့မယ်ဆိုရင် အခုကာလမှာ ဖွံ့ဖြိုးတိုးတက်မှုကို မြန်မာနိုင်ငံပြည်သူတွေ ခံစားရပြီးတော့ စစ်ပွဲမဖြစ် နိုင်ဘူးပေါ့။ ဒါကြောင့်မို့လို့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်တွင်းပြဿနာများကို ဖြေရှင်းနိုင်မယ်၊ စီမံကိန်းကြီးနှစ်ခုကြောင့် တရုတ်က အကျိုးခံစားရနိုင်သလို မြန်မာပြည် သူတွေက ပိုပြီးအကျိုးကျေးဇူးခံစားခွင့်ရနိုင်တယ်၊ နှစ်နိုင်ငံဟာ အိမ်နီးချင်းဖြစ်တယ်။ တစ်နိုင်ငံဘက်က မတည်ငြိမ်ရင် တစ်နိုင်ငံခံစားရတယ်။ မြန်မာနိုင်ငံတည် ငြိမ်ပြီး ငြိမ်းချမ်းမှုရသွားစေ ချင်တယ်လို့ တရုတ်ဘက်က ဆန္ဒရှိကြောင်း ပြောသွားပါတယ်။ မြန်မာနိုင်ငံကို ကူညီနိုင်မယ့် နည်းလမ်းတွေကို ပေးနိုင်ဖို့မျှော်လင့်တယ်။ အဲဒီလိုပေးနိုင်တဲ့ နိုင်ငံရေးလမ်းကြောင်း အခြေအနေ တစ်ခု ကောင်းလာမယ်ဆိုရင် အစိုးရသစ်တစ်ခု ဖွဲ့စည်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့လုပ်ငန်းကို နှစ်ဖက်ပူး ပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် စီမံကိန်းကြီးကိုလည်း ပိုမိုဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ ယူဆကြောင်းပြော သွားပါတယ်။ ဒါကြောင့် လက်ရှိပြဿနာကို အတူဖြေရှင်းဖို့ အကြံပြုတယ်၊ နိုင်ငံရေးပါတီတွေအားလုံးဟာ နိုင်ငံရေးမှာ အရေးကြီးတယ်၊ အားရှိတဲ့ အင်အားစုတွေ လည်းဖြစ်တယ်၊ ဆက်လက်ပြီးတော့ ပါတီနဲ့ပါတီအချင်း ချင်း ဆက်ဆံရေးကို ကောင်းမွန်အောင် တည်ဆောက်ဖို့ လိုတယ်။ ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုပြီးခိုင်မာအောင်လုပ်ဖို့ ပြောသွားပါတယ်။


TREND ။        ။ မြန်မာနိုင်ငံ(မြောက်ဘက်) ပဋိပက္ခနဲ့ပတ်သက်လို့ ဆုံးရှုံးမှုအကြီးမားဆုံး ခံစားရတဲ့ အိမ်နီးချင်းနိုင်ငံက တရုတ်နိုင်ငံဖြစ်တယ်ဆိုပြီး ပြောဆိုချက်အပေါ် သုံးသပ်ပေးပါဦး။
Dr.AM ။        ။
ထိခိုက်မှုများတယ်ဆိုတာက မူးယစ်ဆေးဝါးကုန်သွယ်မှုတို့၊ အွန်လိုင်းလောင်းကစား လိမ်လည်မှုတွေက တရုတ်ပြည်ဘက်က ပိုပြီးဆုံးရှုံးနစ်နာရတဲ့သဘော ပြောသွားတာ။ အဲဒီကဏ္ဍမှာ နယ်စပ်နေ တရုတ်ပြည်သူတွေက ခံစားနေရတာပေါ့။ မတရားမှုတို့၊ ရာဇဝတ်မှုတို့လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း များကိုလည်း နည်းပေါင်းစုံနဲ့ ဖမ်းဆီးနိုင်အောင်ပေါ့။ တရုတ်နိုင်ငံဘက်မှာရှိရင် တရုတ်နိုင်ငံဘက်က တာဝန်ယူဖြေရှင်းမှာပေါ့။ မြန်မာနိုင်ငံဘက်က အဲဒီကိစ္စလုပ် တာရှိရင်လည်း မြန်မာနိုင်ငံအစိုးရဘက်က ဖမ်းတာဆီးတာတွေကို ဆောင်ရွက်ဖို့လိုတယ်လို့ ပြောသွားတာ။ အဲဒီလို လုပ်ဖို့အတွက် မြန်မာနိုင်ငံအစိုးရမှာ တာဝန်ရှိတယ်။ မြန်မာဘက်ခြမ်းကကိစ္စတွေကို ပြောသွားတာ ပါ။ ငြိမ်းချမ်းရေးရဖို့အတွက်တော့ အထူးကိုယ်စားလှယ်တွေကို သူတို့ဘက်က စေလွှတ်တယ်။ မြန်မာ့ပြဿနာကို သေချာညှိနှိုင်းပေးတယ်၊ တရုတ်နိုင်ငံနဲ့ နီး စပ်သလားဆိုတဲ့  သံသယရှိတယ်ဆိုရင်လည်း တရုတ် နိုင်ငံက လိုအပ်တာကို ဖိအားပေးမယ်လို့ ပြောသွားတာပါ။ 


TREND ။        ။ လက်ရှိကိစ္စတွေမှာ တရုတ်နိုင်ငံနဲ့ နီးစပ်တယ်ဆိုတဲ့ သံသယရှိမှုအကြောင်း ပြောသွားတော့ ဒါက ဘယ်လိုအခြေအနေကိုဆိုလိုတာလဲ။ 
Dr.AM ။        ။
အဲဒါမျိုးကိုလည်း ဒီဘက်က တင်ပြချက်တွေမှာလည်းပါတယ်။ မြောက်ပိုင်းပဋိပက္ခ ၁၀၂၇ နဲ့ပတ်သက်လို့ သံသယဝင်တာတွေက မြန်မာလူ ထုဘက်က သံသယဝင်တာရှိတယ်။ တရုတ်နိုင်ငံများ  ပါဝင်ပတ်သက်နေသလား၊ ကောလာဟလတွေလည်း ဖြစ်နေတယ်လို့ တင်ပြတာရှိတာပေ့ါ။ ဒါက ကျွန်တော်တို့ အဖွဲ့ထဲက တစ်ဦးမေးတဲ့အထဲမှာ ပါတာပေါ့။ အဲဒါက သူတို့ဘက်ကဖြစ်ရင် သူတို့ ဘက်က ဖမ်းမယ်ပေါ့။ မြန်မာနိုင်ငံဘက်ကဖြစ်ရင် မြန်မာနိုင်ငံဘက်က ဖမ်းရမယ်လို့ ပြောသွားတာ။ မူးယစ်ဆေးဝါးကိစ္စတို့၊ အွန်လိုင်း လောင်းကစားဂိမ်း လိမ်လည်မှုတို့ဖြစ်ဖြစ်၊ အခုလက်နက်ကိုင်ပဋိ ပက္ခတို့ဖြစ်ဖြစ်၊ တရုတ်နိုင်ငံဘက်ကပါရင် တရုတ်နိုင်ငံဘက်က ရှာရမယ်ပေါ့။


TREND ။        ။ မြန်မာနိုင်ငံ(မြောက်ပိုင်း)ပဋိပက္ခ့ ဖြစ်စဉ်တွေမှာ တရုတ်ကပါတယ်ဆိုတဲ့ သံသယနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဒုနိုင်ငံခြားရေး ဝန်ကြီးက ဘယ်လိုပြောပြလဲဆိုတာ ထပ်ပြီးရှင်းပြပေးပါဦး။
Dr.AM ။        ။
မြန်မာနိုင်ငံ(မြောက်ပိုင်း)လက် နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေမှာ တရုတ်နိုင်ငံကပါ ဝင်ပတ်သက်နေသလား၊ မြန်မာပြည်သူတွေ သံသယဝင်နေတာ နဲ့ပတ်သက်ပြီး ဒါကို စုံစမ်းမယ်လို့ တရုတ်ဘက်က ပြောပါတယ်။ စွပ်စွဲတယ်ဆိုတာက ဒါမျိုးလူတွေက လည်းပြောကြတယ်၊ သံသယ လည်း ရှိကြတယ်။ ဒီပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရုတ်ပါဝင်နေသလား သံသယရှိနေကြတယ်။ ယူဆ ကြတယ်၊ သုံးသပ်ကြတာတွေရှိတယ်။ ဒီဖြစ်စဉ်မှာ တရုတ်ဘက်က ပါတယ်လို့ သံသယ ဝင်ကြတယ်၊ ပါခဲ့ရင်လည်း တရုတ်ဘက်က စုံစမ်းမယ်လို့ ပြောတယ်။ အဲဒါတွေ ပြန်ဖြေရှင်းတဲ့အခါမှာ သူ့ဘက် ကိုယ့်ဘက် စုံစမ်းဖော်ထုတ်ရမယ်ဆိုတာမျိုး ပြောသွားတာပါ။ ဟိုဘက်ကလည်း ဟိုဘက်က စုံစမ်းရမှာ ပေါ့။ ဒီဘက်ကလည်း ဒီဘက်ကစုံစမ်းရမှာပေါ့။ သူတို့က စုံစမ်းမယ်၊ လိုအပ်ရင် အရေးယူမယ်လို့ ပြောသွားတယ်။ အမှန်က စွပ်စွဲတယ်ဆိုတာက လက်ဆုပ်လက်ကိုင်ပြမှလေ။ ဒါကို ဒီဘက်မှာ ဒီဘက်အစိုးရက စုံစမ်းမယ်၊ ဟိုဘက်မှာ ဟိုဘက်အစိုးရက စုံစမ်းမယ် ဒါမှ ငြိမ်းချမ်းမှာပေါ့။ 


TREND ။        ။ မြန်မာ့နိုင်ငံရေးအပေါ် တရုတ်နိုင်ငံဘက်က ဘယ်လိုသဘောထားရှိလဲ၊ သူတို့အမြင် တွေက ဘယ်လိုရှိနေလဲ။
Dr.AM ။        ။
ကျွန်တော်တို့ သုံးသပ်နိုင်တာက အခုလက်ရှိလည်းပဲ မြန်မာနိုင်ငံအစိုးရနဲ့ပတ်သက်လို့ သူတို့ ကူညီနေတာရှိမယ်။ သူတို့ဘက်က ရုရှားနဲ့အတူ ရပ်တည်နေကြတာလေ။ သူတို့က ရွေးကောက်ပွဲကိစ္စကို ပြောတယ်။ မြန်မာနိုင်ငံ ပြည်တွင်းရေးကို သူတို့စွက် ဖက်တာမဟုတ်ဘူး။ တခြားနိုင်ငံတွေက မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တို့၊ ငွေတို့ထောက် ပံ့နေကြပေမယ့် မြန်မာနိုင်ငံငြိမ်းချမ်းဖို့၊ တည်ငြိမ်ဖို့ဆိုတာ တရုတ်နိုင်ငံက အလိုလားဆုံးလို့ ပထမပိုင်းမှာပြောခဲ့တယ်။ ပြီးတော့ သူတို့ကို ဒီလိုစွပ်စွဲတာမျိုး ရှိခဲ့ရင် ကိုယ့်ဘက်ကအပိုင်းကို ကိုယ်တာဝန်ယူရမယ်၊ သူတို့ ဘက်ကအပိုင်းကို သူတို့တာဝန်ယူပြီးတော့ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကို ဆောင်ရွက်ပေးမယ်ဆိုတဲ့ သဘောထားရှိတယ်။ ပြည်တွင်းက နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကို မျှော်လင့်လို့သာ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားခဲ့တာပေါ့။ ဖိတ်တဲ့ပါတီလေးခုကလည်း  ငြိမ်းချမ်းရေးမှာ ဦးဆောင်နေတဲ့ ၁၆ ပါတီ ရဲ့ ဦးဆောင်ပါတီတွေပါ။ ဒီအခြေအနေမှာ တရုတ်ဘက်က ဘာကြောင့် အချိန်ကိုက် ဖိတ်သလဲပေါ့။ ဒါက စဉ်းစားသုံးသပ်ဖို့ကိစ္စပါ။ 


TREND ။        ။ တရုတ်ကွန်မြူနစ်ပါတီက ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲအပြီးမှာ တရုတ် အစိုးရဘက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့အခြေအနေ ပြောပြပါဦး။ 
Dr.AM ။        ။
အဲဒီမှာ တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr.Mao Ning သတင်းစာရှင်းလင်းပွဲလုပ်တယ်။ မြန်မာနိုင်ငံ(မြောက်ပိုင်း)ဒေသ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဖြေကြားတဲ့အခါမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ(မြောက်ပိုင်း)ဒေသ အခြေအနေကို အလွန်ဂရုပြုလျက်ရှိတဲ့ အကြောင်း၊ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးက တွေ့ဆုံဆွေး နွေးမှုကို ကိုင်စွဲပြီးတော့ အမြန်ဆုံးအပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းသောနည်းလမ်းနဲ့ သဘောထားကွဲပြားမှုများကို ဖြေရှင်းပြီး အခြေအနေ ပိုမိုအရှိန်မြင့်လာမှုကို ရှောင်ရှား ဖို့ သူတို့အနေနဲ့ အမြဲတိုက်တွန်းနေကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနယ်စပ်ဒေသ၊ နယ်စပ်ဒေသနေ ပြည်သူများနဲ့ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၊ ကုမ္ပဏီများ၊ ဝန်ထမ်းများ၏လုံခြုံရေးကို မထိခိုက်စေဖို့ တိုက်တွန်းနေကြောင်း၊ သူတို့အနေနဲ့ ငြိမ်းချမ်းစွာဆွေးနွေးဖို့  ဆက်လက်တိုက်တွန်းသွားမှာဖြစ်သလို မြန်မာနိုင်ငံ(မြောက် ပိုင်း)ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့  ငြိမ်းချမ်းစွာဆွေးနွေး ရေးအရှိန်အဟုန်ကို ထိန်းသိမ်းထားဖို့ တွန်းအားပေးသွားမယ်လို့ ဖြေကြားသွားတယ်။ အဲဒါက မနက်ပိုင်း ဆွေးနွေးမှုအပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲမှာ မေးတဲ့ မေးခွန်းကို ပြန်ဖြေသွားတာပါ။ 


TREND ။        ။ဒီတရုတ်ခရီးစဉ်က  မြန်မာ့နိုင်ငံရဲ့ အခြေအနေအပေါ် ဘယ်လောက်အတိုင်းအတာ သက်ရောက်မှုရှိနိုင်လဲ၊ ဘယ်လိုအကျိုးတရားတွေ ဖြစ် ထွန်းစေမယ်လို့ မျှော်လင့်လဲ။
Dr.AM  ။        ။
ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုပေါ့။ နှစ်ဦးနှစ်ဖက် Party to Party ဆောင်ရွက်နိုင်ခဲ့တယ်။ မြန်မာ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တရုတ်ဘက်က ကတိကဝတ်တွေပေးခဲ့တယ်။ ဆောင်ရွက်မယ်လို့ ပြောခဲ့တယ်။ ရှမ်းမြောက်နဲ့ပတ်သက်တဲ့ လက်ရှိအနေအထားဟာ ဒီခရီး စဉ်အပြီးမှာ ဘယ်လို ရလဒ်တွေပေါ်လာမလဲ လေ့လာသုံးသပ်ရမှာပေါ့။ 
TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 422

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43087

© 2022 - 2025 News. All Rights Reserved.