၂၀၂၄ ဒီဇင်ဘာ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၃ ပါတီတို့ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ် နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။
ထိုတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စ၊ ရွေးကောက်ပွဲစနစ်၊ မဲဆန္ဒနယ် သတ်မှတ်မှုကိစ္စ၊ ပါတီရုံးဖွင့်လှစ်မှု၊ အရည်အချင်း ပြည့်ဝတဲ့ ပါတီကိုယ်စားလှယ်လောင်းများ ပေါ်ပေါက်ရေး အပါအဝင် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲ၊ ဂုဏ်သိက္ခာရှိသော လွှတ်တော်ဖြစ်စေရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ် ရေးပါတီ (S.S.P) အတွင်းရေးမှူး စိုင်းလှိုင်ငြိမ်းအား တွေ့ဆုံ၍ ဒေသအခြေအနေ၊ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွား အခက်အခဲများနှင့် ရွေးကောက်ပွဲပေါ် အမြင်သဘောထားများကို မေးမြန်းထားပါသည်။
TREND ။ ။ UEC နဲ့ နိုင်ငံရေးပါတီတွေ တွေ့ ဆုံပွဲမှာ ပါတီအနေနဲ့ အဓိက တင်ပြဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြပါဦး။
SHN ။ ။ ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ခက်ခဲမှုအကြောင်းအရာ လေးတွေရယ်၊ မဲဆန္ဒနယ် သတ်မှတ်လာတဲ့ အခါကျရင် ဖြစ်ပျက်လာမယ့် အခြေအနေတွေကို စဉ်းစားချင့်ချိန် နိုင်ဖို့အတွက်ကို ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ အသိပေးတင်ပြခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကြုံတွေ့ခဲ့ရဖူးတဲ့ အနေအထားမျိုးတွေလည်း ရှိနေခဲ့တဲ့အတွက်ကြောင့်မို့လို့ မည်သည့်ပါတီမှ အခွင့်ထူးခံ မဖြစ်စေရဆိုတဲ့ အနေအထားမျိုးကိုပဲ ထည့်သွင်းဆွေးနွေးဖြစ်ခဲ့တာပါ။

TREND ။ ။ ဒေသခံ လူထုတွေက လက်ရှိအချိန်မှာ ဘယ်လို အခြေအနေတွေကို ရင်ဆိုင်နေရလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရလဲ။
SHN ။ ။ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းဖြစ်ပျက်လာတဲ့ အခြေအနေတွေဟာ အားလုံးနဲ့ အတူတူ ရိုက်ခတ်လာပါတယ်။ ဒီရိုက်ခတ်မှုတွေ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ပြောမယ်ဆိုရင် ကျွန်တော်တို့ဒေသရဲ့ ကုန်စည်စီးဆင်းမှုနဲ့ သွားလာရေး လုပ်ငန်းအခြေအနေတွေကို စပြောရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒေသလို့ ပြောလိုက်တဲ့အခါမှာ စစ်ကိုင်းတိုင်းဒေသရဲ့ အထက်ပိုင်း၊ ချင်းတွင်းမြစ်ရဲ့ အထက်ပိုင်းမှာ နေထိုင်ကြတဲ့ ရှမ်းနီလူမျိုးနဲ့တကွ ရွှေ့ပြောင်းရင်းနဲ့ ရောက်ရှိလာကြတဲ့ တခြားသော တိုင်းရင်းသားများ၊ အတူနေ တိုင်းရင်းသားများလည်း များစွာရှိနေပါတယ်။ ရှိနေတဲ့လူတွေရဲ့ နေထိုင်မှုပုံစံတွေကို ပြန်ကြည့်ကြတဲ့အခါမှာ သွားလာရေးနဲ့ ကုန်စည်စီးဆင်းမှုတွေဟာ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းတွေ ဆိုပြီးတော့မှ အများကြီး ဆက်သွားလို့ရမယ့်၊ သယ်ယူလို့ရမယ့် လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီရှိတဲ့ အနေအထားမျိုးမှာမှ နိုင်ငံရေးပဋိပက္ခတွေကြောင့်မို့လို့ ရပ်တည်ချက်အမျိုးမျိုးနဲ့ လက်နက်ကိုင်မှ ဖြေရှင်းလို့ရမယ်ဆိုတဲ့ အဖွဲ့တွေရှိလာပါတယ်။ အဲဒီလို ရှိလာတဲ့ အနေအထားမျိုးမှာ သူတို့ လက်နက်ကိုင်အဖွဲ့တွေ ရပ်တည်နိုင်ရေး လှုပ်ရှားလာကြတဲ့အခါမှာ တပ်မတော်နဲ့ ထိတွေ့တိုက်ပွဲတွေ၊ နှစ်ဖက် ပွတ်တိုက်မှုတွေများစွာ ဖြစ်လာခဲ့တယ်။ အဲဒီလို ဖြစ်ပျက်လာတာနဲ့အမျှ လက်နက်ကိုင်အဖွဲ့တွေက နယ်မြေစိုးမိုးမှုကိုပဲ တစ်ဖက်က စဉ်းစားလာခဲ့ကြဟန် တူပါတယ်။ အဲဒီလို စဉ်းစားရင်းနဲ့ပဲ လက်နက်ကိုင်အဖွဲ့တွေက နယ်မြေစိုးမိုးမှုကိုရအောင် ဖန်တီးကြတဲ့အခါမှာ ဟုမ္မလင်းမြို့နယ်နဲ့ ခန္တီးပိုင်းအတွက် အဓိက ရေကြောင်းဖြစ်တဲ့ ရေကြောင်းသွားလာမှုကို ရအောင် ပထမဆုံး စပြီး ဖန်တီးလာခဲ့ကြတာ တွေ့ရတယ်။ အဲဒီလို နှစ်ဖက်ပွတ်တိုက်မှုတွေရှိတဲ့ကြားကပဲ လက်နက်ကိုင်အဖွဲ့တွေက ရေကြောင်းသယ်ယူ ပို့ဆောင်ရေးနဲ့ သွားလာရေးကို ထိန်းချုပ်သွားနိုင်တဲ့ အနေအထားရှိခဲ့တယ်။ အဲဒီလိုကနေ နောက်ထပ် ကုန်းကြောင်းသွားလာမှုတွေကို သူတို့ဘက်က ပိတ်ဆို့ထားနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ အဲဒီလိုသူတို့က ပိတ်ဆို့ထားလိုက်တော့ ကုန်စည်စီးဆင်းမှုနဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဘယ်လောက်အထိ ဖြစ်ပေါ်ခဲ့လဲဆိုရင် နဂိုသာမန်အချိန်တုန်းက ကြက်ဥတစ်လုံးကို ကျပ် ၁၀၀ နှုန်းနဲ့ ဝယ်လို့ရလို့ စားသုံးခဲ့ကြတဲ့ ပြည်သူတွေဟာ အခုအချိန်မှာတော့ တစ်လုံးကို ကျပ် ၁၀၀၀၊ ၁၂၀၀ နှုန်းနဲ့ ဝယ်ယူစားသုံးမှုပြုရတဲ့ အနေအထားမျိုးတွေ ဖြစ်လာပါတယ်။ ရိုးရိုးသွားလာရေးနဲ့ မိသားစု နေထိုင်ရေးအတွက်ပါ၊ အသုံးပြုရမယ့် ကုန်ပစ္စည်းတွေဟာလည်း ဘယ်လိုပဲဖြစ်ဖြစ် နဂိုမူရင်းဈေးထက် သုံး၊ လေးဆလောက် မြင့်တက်သွားတဲ့ အနေအထားမျိုးကို ကြုံတွေ့ခဲ့ရ ပါတယ်။ အဲဒီလို အခက်အခဲတွေ ကြုံတွေ့နေရတာနဲ့အမျှ သူတို့တစ်တွေရဲ့ နောက်ထပ် ပွတ်တိုက်မှုတွေ၊ ကြီးထွားလာတာ၊ ပြန့်ပွားလာတာနဲ့အမျှ ဟုမ္မလင်းမြို့နယ်တစ်ဝိုက်မှာ ရှိနေကြတဲ့ ဥရုချောင်းဘက်မှာ ဖြစ်ပျက်နေတဲ့ အနေအထားမျိုးက တော်တော်လေးကို ဒေသခံတွေ ဒုက္ခရောက်နေရတယ်။ ဒီ UEC နဲ့ တွေ့ဆုံပွဲကို မလာခင်မှာလည်းပဲ ဥရုချောင်း အထက်ပိုင်းမှာရှိတဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်မှာရှိတဲ့ နယ်မြေဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ ထိုနည်းတူပဲ ဟုမ္မလင်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ နောင်ပိုအောင် နောက်ကျောမှာလည်းပဲ တိုက်ပွဲတွေက ပြင်းထန်မှုတွေ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့်မို့လည်း အဲဒီဒေသမှာ နေထိုင်ကြတဲ့ ပြည်သူများဟာ စစ်ဘေးရှောင်ဘ၀ အဖြစ်နဲ့ ရှောင်တိမ်း နေကြရတာတွေ များစွာရှိနေပါတယ်။ အဲဒီလို စစ်ဘေးဖြစ်တာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေရဲ့ အခက်အခဲဟာ အိုးပစ်အိမ်ပစ် မိမိစိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကိုတောင်မှ မိမိကိုယ်တိုင် ပြန်လည် ရိတ်သိမ်းခွင့် မရနိုင်တော့တဲ့ အခြေအ နေတွေကို များစွာ ကြုံတွေ့နေရပါတယ်။

TREND ။ ။ ဟုမ္မလင်းမြို့နယ်တစ်ဝိုက်မှာ ဥရုချောင်းအထက်ပိုင်းနဲ့ စစ်ကိုင်းနဲ့ ကချင်အစပ်မှာက တပ်မတော်ကို ဘယ်လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်နေတာလဲ။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ သုံးသပ်မိလဲ။
SHN ။ ။ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ထိတွေ့တိုက်ပွဲတွေ တပ်မတော်နဲ့ ဖြစ်နေတာပါ။ ဒီပူးပေါင်းအဖွဲ့တွေ၊ ကုန်စည်စီးဆင်းမှုတွေကို အဟန့်အတားတွေနဲ့ ပိတ်လိုက်တဲ့အခါမှာ တစ်ဖက်ဒေသမှာရှိနေတဲ့ ကုန်စည်ဈေးနှုန်း မြင့်တက်မှုက ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်တစ်ခုရှိတာက ကျွန်တော်တို့က ကုန်းကြောင်းရော၊ ရေကြောင်းရောက မုံရွာကနေ ဖောင်းပြင်လမ်းက လာတယ်၊ ဖောင်းပြင်ကနေပြီးတော့မှ ဟုမ္မလင်းကိုလာတဲ့ ကုန်းလမ်းရော၊ ချင်းတွင်းမြစ်တစ်လျှောက် မုံရွာကနေ ဆန်တက်လာတဲ့ လမ်းပိုင်းမှာက အဓိကကျတဲ့ နှစ်နေရာ ရှိပါတယ်။ ကုန်းလမ်းဆိုရင် နမ့်နန်းကျေးရွာ ဒေသမျိုးမှာဆိုရင် သူတို့ကထိန်းလိုက်တော့ အခြားလမ်း မရှိတော့ဘူး။ ရေကြောင်းမှာဆိုရင်လည်းပဲ ရွှေပြည်အေးလို နေရာမျိုးမှာ သူတို့က ထိုင်လိုက်နိုင်တဲ့အခါကျတော့ ရေလမ်း အဟန့်အတားကိုပါ သူတို့က သူတို့ပိတ်ချင်ရင် ပိတ်မယ်၊ သူတို့ ဖွင့်ပေးချင်ရင် ဖွင့်ပေးလို့ရနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။ အဓိကကတော့ သူတို့ရည် ရွယ်လိုတာကတော့ နစက အစိုးရကို အကျပ်အတည်းကြုံစေလိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေကတော့ လက်ရှိအစိုးရကို အကျပ်အတည်းဖြစ်အောင် လုပ်လိုက်တာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒေသနေပြည်သူတွေက ဒုက္ခကို ခါးစည်းခံလိုက်ရတာပေါ့။ သူတို့ ဒီလို ရေလမ်း ကုန်းလမ်းကို ဟန့်တား ပိတ်ဆို့လိုက်တော့ ဆိုးကျိုးအနေနဲ့က စောစောကပြောသလို အခြေခံစားသောက်ကုန်လေးဖြစ်တဲ့ ကြက်ဥတစ်လုံးတောင် ပုံမှန် ကျပ် ၁၀၀ လောက်ပေးပြီး ဝယ်လို့ရခဲ့ရာကနေ တစ်လုံးကို ကျပ် ၁၀၀၀ လောက်ပေးဝယ်ရတဲ့ သက်ရောက်မှုတွေ ရှိခဲ့တာပေါ့။ နောက်တစ်ခုကလည်းပဲ စားသုံးမှု ကုန်စည်တွေ ဈေးမြင့်မားလာတာနဲ့အမျှ နဂိုကတည်းကမှ စီးပွားရေးလုပ်ငန်း၊ အခြေခံလုပ်ငန်းတွေကို ရုန်းကန်လာခဲ့ရတဲ့ အနေအထားမျိုးမှာ အခုလိုကြီး ဈေးမြင့်တက်သွားတော့ ဒေသခံပြည်သူတွေ ပိုပြီးတော့ ကျပ်တည်းသွားခဲ့တာပေါ့။
TREND ။ ။ စစ်ကိုင်းနဲ့ ကချင်အစပ်မှာ တိုက်ပွဲတွေဖြစ်နေတော့ ဒေသခံပြည်သူတွေရဲ့ ဘေးကင်း လုံခြုံမှုအခြေအနေ၊ သူတို့ရဲ့စိုးရိမ်ပူပန်မှု၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်ပြီး ပြောပြပါဦး။
SHN ။ ။ ပြည်သူလူထုကတော့ ရှင်းပါတယ်။ နဂိုကတည်းကမှ သူတို့က အေးဆေးစွာနဲ့၊ ရိုးရှင်းစွာနဲ့ ဖြတ်သန်းလာခဲ့ကြတဲ့ လူတွေဖြစ်သလို ဒီဒေသမှာ နေထိုင်တဲ့ လူမျိုးစုကလည်း ရှမ်းနီလူမျိုးတွေအများ စုနေထိုင်ကြတဲ့ဒေသပါ။ ရှမ်းနီလူမျိုးတွေဟာ တောင်ယာလယ်လုပ် ဓားမခုတ်ဘဝနဲ့ ရိုးရိုးလေးနဲ့ ဖြတ်သန်းနေချင်ကြတဲ့ လူမျိုးစုတွေပါ။ အခုလို သူတို့ရဲ့ဒေသမှာ စစ်ရေးဖော်ဆောင်နေတာတွေ၊ တိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့ အနေအ ထားမျိုးကို မည်သူတစ်ဦးတစ်ယောက်မျှ မလိုလားကြပါဘူး။ စစ်ဖြစ်နေတဲ့ အနေအထားမျိုးကို မလိုလားကြပါဘူး။ အေးချမ်းနေတဲ့ ရှမ်းနီဒေသကို တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ အနေအထားမျိုးကို ဘယ်ပြည်သူမဆို၊ ဘယ်လူမျိုးမဆို ကျေနပ်နှစ်သိမ့်နေကြလိမ့်မယ်လို့ မထင်ပါဘူး။ အဲဒီအခါကျတော့ ဒီလိုတိုက်ပွဲတွေ ဖော်ဆောင်နေကြတဲ့ အနေအထားမျိုးကို လုံး၀ချုပ်ငြိမ်းစေချင်ကြတာက အဲဒီဒေသခံ ပြည်သူလူထုတွေရဲ့ စိတ်ဆန္ဒတွေပါ။ ဒါကို ပြောမပြနိုင်လောက်အောင် အားလုံးရဲ့ စိတ်ထဲမှာ၊ ရင်ဘတ်ထဲမှာ ရှိနေကြတာ မြောက်မြားစွာ ရှိနေပါတယ်။
TREND ။ ။ လက်နက်ကိုင်တိုက်ပြီး ပြဿနာတွေ ဖြေရှင်းနေကြတဲ့အပေါ် နိုင်ငံရေးပါတီတာဝန်ရှိသူအနေနဲ့ ဘယ်လို မှတ်ချက်ပြုချင်လဲ။
SHN ။ ။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေရော၊ ဝါရင့်နိုင်ငံရေးသမားတွေရော၊ နောက်ထပ် တကယ့်နိုင်ငံကို ခေါင်းဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေရော ပြည်သူတွေကပါ စစ်ရဲ့အနိဋ္ဌာရုံကို မကြုံတွေ့ မခံစားချင်ဘဲနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ကြဖို့ကို အားလုံးက မျှော်မှန်းထားကြပါတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ ပါတီကလည်းပဲ အေးချမ်းစွာနဲ့ပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ပြန်လည်ဖြေရှင်း ကြဖို့ဆိုတဲ့ အချက်ကို ပါတီအနေနဲ့ စွဲကိုင်ထားပါတယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ပြန်လည်ဖြေရှင်းကြတဲ့အခါမှာ တချို့သော ပုဂ္ဂိုလ်များက ပြောကြပါလိမ့်မယ်။တစ်ဖက်မှာ လက်နက်ကိုင်ထားကြတဲ့ ပုဂ္ဂိုလ်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဘယ်လောက်တောင်အချိန်ပေးရမှာလဲ၊ မင်းတို့ သိပြီးပြီ မဟုတ်လားဆိုတဲ့ မေးခွန်းတွေ ရှိလာနိုင်ပါတယ်။ ဒါကို ပြန်ပြီးဖြေရှင်းရရင် ၁၉၄၇၊ ၄၈ လောက်ကနေပြီးတော့ စပြီးတော့ ဖြစ်တည်လာခဲ့တဲ့ တပ်မတော်၊ ပြည်ထောင်စုတပ်မတော်ပေါ့။ ပြည်ထောင်စု တပ်မတော်ရယ်၊ ပြည်ထောင်စုတပ်မတော်ရဲ့နောက်မှာမှ ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေ ခွဲထွက်သွားတဲ့ အရာတွေရယ်၊ ဗကပလို့ပြောတဲ့ ခေတ်မှာလည်းပဲ ဒါဘယ်လိုပဲဖြစ်ဖြစ် အလဲလဲအကွဲကွဲ ဖြစ်သွားခဲ့ပြီးတော့မှ ရောင်စုံသူပုန်တွေ ဖြစ်တည်လာတဲ့ တိုင်းပြည်ရဲ့အနေအထားမျိုးက လက်နက်ကိုင်လမ်းစဉ်ကို တော်တော်လေး ရှုပ်ထွေးသွားတဲ့ အနေအ ထားမျိုး လေ့လာမိပါတယ်။ အဲဒီလိုလေ့လာမိခဲ့တဲ့ သမိုင်းကြောင်းအရ ၁၉၄၈ ကနေ ယနေ့အချိန်အထိ တိုင်းရင်းသားတွေရယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ တပ်မတော်ပိုင်းဆိုင်ရာရယ် ဖြစ်ပျက်လာမှု အနေအထားမျိုးက နှစ်ပေါင်း ၇၀ ကျော်ပေါ့။ အဲဒီလို ဖြတ်သန်းခဲ့ကြတဲ့ အနေအထားမျိုးမှာ ဘာရလဒ်တွေ ရခဲ့ကြပြီးပြီလဲဆိုတဲ့ အဖြေကိုလည်း ကျွန်တော်တို့ ရှာရပါလိမ့်မယ်။ ဒီလို နှစ်ပေါင်းများစွာ လက်နက်ကိုင်ပြီးမှ တိုက်ခိုက်နေကြရင်းနဲ့ အဖြေရှာလာကြတဲ့ အနေအထားမျိုးမှာ ယနေ့ထက်ထိတိုင် ဘာမှမသေချာမရေရာသေးတဲ့ အနေအထားမျိုး ကြုံတွေ့နေရပါတယ်။ အဲဒီလိုအနေအထားမျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ အစိုး ရလက်ထက်ကနေ ယနေ့အချိန်အထိ တာဝန်ယူနေကြတဲ့ အစိုးရပိုင်း တာဝန်ရှိသူများကလည်း စေ့စပ်ညှိနှိုင်းဖို့၊ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အကြိမ်ကြိမ်အလီလီ ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် Respect ပေးနိုင်မှု၊ ဖြည့်ဆည်းပေးနိုင်မှု၊ မပေးနိုင်မှုတွေ တောင်းဆိုချက်တွေ၊ ကြီးကျယ်မှုအသေးအဖွဲဆိုတဲ့ ကိစ္စတွေကိုလည်း နှစ်ဖက်မှာ ရှိနေတဲ့အတွက်ကြောင့် ယနေ့ အထိတိုင် ဒီကိစ္စကြီးက အဖြေရှာမရတဲ့ ပုဒ်စာတစ်ပုဒ်လို ဖြစ်နေတာကိုလည်း အားလုံး မြင်တွေ့ခဲ့ကြပြီးသား ဖြစ်ပါတယ်။
TREND ။ ။ KIA ဟာ PDF နဲ့ ပူးပေါင်းပြီး ရှမ်းနီဒေသမှာ စစ်ရေးဖော်ဆောင်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။
SHN ။ ။ သူတို့ရဲ့ လုပ်ရပ်ကတော့ ရှင်းပါတယ်။ နဂိုကတည်းကမှ လက်နက်ကိုင်ထားပြီးသား အဖွဲ့ဖြစ်တယ်။ ပထမတစ်ခေါက်ကလည်းပဲ ငြိမ်းချမ်းရေးကို ဆယ်စုနှစ်အတိုင်းအတာအထိ ယူလာခဲ့တဲ့ အဖွဲ့လည်း ဖြစ်တယ်။ ဒါပြီးမှ သတ်မှတ်ကာလကျော်လွန်ပြီး ပြန်ပြီးတော့မှ ထိတွေ့တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တာတွေများစွာ ရှိခဲ့ဖူးပါတယ်။ အဲဒီလိုရှိခဲ့ဖူးပြီးတော့မှ သူတို့ KIA ရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ အပေါ်မှာပဲ မူတည်ပြီး လုပ်ဆောင်နေတာလို့ မြင်ပါတယ်။ KIA ဟာ သူ့ဒေသမှာ တိုက်ပွဲဖော်ဆောင်နေသလို တခြားဒေသမှာ တိုက်ပွဲဖော်ဖို့ ပံ့ပိုးပေးတာ၊ ပူးပေါင်း ပါဝင်နေတာတွေကိုပါ လုပ်ဆောင်နေတာ တွေ့ရတယ်။ ဒါကတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ တစ်ခုရှိတာက KIA ဟာ သူ့ဒေသမဟုတ်တဲ့ စစ်ကိုင်းတိုင်းဒေသကို ဝင်ရောက်လာတဲ့အခါမှာ တစ်ဖက်မှာလည်းပဲ ရှမ်းနီတိုင်းရင်းသားတွေများစွာ ရှိနေပါတယ်။ ရှိနေတဲ့ အနေအထားမျိုးမှာမှ ကချင်ပြည်နယ်တွင်းမှာဆိုရင် ရှမ်းနီတိုင်းရင်းသားတွေကို ဘယ်လောက်အထိ နှိပ်ကွပ်သလဲဆိုတဲ့ကိစ္စကို ပြန်လည်ပြောရမယ်ဆိုရင် ကချင် ပြည်နယ်မှာရှိတဲ့ ရှမ်းနီတွေကိုရော၊ စစ်ကိုင်းတိုင်းအတွင်းမှာရှိနေတဲ့ ရှမ်းနီတွေကိုပါ၊ KIA က ရှမ်းနီဆိုရင် နှိပ်ကွပ်မယ်ဆိုတဲ့ အနေအထားမျိုးတွေရှိနေတယ်။ ပြီးတော့ လက်နက်ကိုင်တာ မဟုတ်ဘဲနဲ့ နိုင်ငံရေးလုပ်တဲ့ အစုအဖွဲ့လည်းရှိသလို နောက်ထပ် စာပေယဉ်ကျေးမှု အစုအဖွဲ့တွေလည်း ရှိပါ တယ်။ နောက်တစ်ခါ အမျိုးသားရေးကို ဖန်တီးနေကြတဲ့အဖွဲ့တွေလည်း များစွာရှိနေပါတယ်။ အဲဒီအဖွဲ့များစွာကိုလည်း စာပေယဉ်ကျေးမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်၊ ပြောရရင် အောက်ခြေမှာ စာပေယဉ်ကျေးမှုတွေ လုပ်ဆောင်နေကြတဲ့သူတွေကအစ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းဆိုတဲ့ အရာတွေကို ပြုလုပ်ပါတယ်။ နောက်ထက်တစ်ခါ အမျိုးသားရေးကို လှုပ်ရှားကြသော အမျိုးသားလှုပ်ရှားသူ၊ တက်ကြွလှုပ်ရှားသူများကို ရဟန်းသံဃာ လူပုဂ္ဂိုလ်မရွေးဘဲနဲ့ သံဃာတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာ ရှိသလို၊ လူပုဂ္ဂိုလ်တွေကိုလည်းပဲဖမ်းဆီး သတ်ဖြတ်ခဲ့တာ ရှိပါတယ်။ ဒါတင်ပဲလားဆိုရင် မဟုတ်ပါဘူး။ နိုင်ငံရေး ပါတီမှာ ဝင်ရောက်လှုပ်ရှားနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်းပဲ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းတွေ ရှိနေပါ တယ်သေးတယ်။ ဒါမျိုးလုပ်ရပ်တွေ မဖြစ်သင့်ပါဘူး။ ဘာကြောင့် မလုပ်သင့်ဘူးလဲဆိုတော့ ကျွန်တော်တို့နယ်မှ မဟုတ်ပါဘူး။ အေချမ်းစွာ ရပ်တည်နေထိုင်လိုကြတဲ့ ပြည်သူတွေရဲ့အရေးကို ထည့်သွင်းပြီး ပြောတာပါ။ အခုဆိုရင် စစ်ရဲ့အတိဒုက္ခတွေကို နိုင်ငံအဝန်းအဝိုင်းမှာရှိတဲ့ လူတော်တော်များများက သိသွားကြပြီ ဖြစ်တဲ့အတွက်ကြောင့် စစ်ကိုလိုလားတဲ့ပုဂ္ဂိုလ်က မရှိသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ သိထားတဲ့အရာက လက်နက်ကိုင်ပဋိပက္ခရဲ့ နောက်ဆုံးမှာတော့ ဆွေးနွေးခြင်း စားပွဲဝိုင်းမှာပဲ အဆုံးသတ်ကြတာပါ။ ဒါကိုလည်း တော်တော်များများလည်း ပြောကြပါတယ်။ ဒီလို ပြောနေကြတာနဲ့အမျှ ပြောတဲ့အတိုင်းပဲ လက်နက်ကိုင်ပဋိပက္ခဟာ ဆွေးနွေးမှုစားပွဲဝိုင်းမှာပဲ အဆုံးသတ်ကြတယ်ဆိုတာ လေ့လာသိရှိရမှာပါ။
TREND ။ ။ တိုင်းရင်းသားဒေသမှာ ရွေးကောက်ပွဲဆိုတာကိုမပြောနဲ့ သူတို့ရဲ့ဘ၀ အသက်ရှင်ရပ်တည်နိုင်ရေးကိုသာ ကြိုးစားရုန်း နေကြရတဲ့အခြေအနေ ရှိတယ်လို့ UEC နဲ့တွေ့ဆုံပွဲမှာ ပြောသွားတာ တွေ့ရပါတယ်။ ဒေသခံပြည်သူတွေက ရွေးကောက်ပွဲအပေါ် စိတ်မဝင်စားကြတာလား၊ ဘာကြောင့် ဖြစ်မလဲ။
SHN ။ ။ ၂၀၁၀ ပြည့်နှစ်ကစပြီး ပြန်ပြီး ပြောရမယ်ဆိုရင် ၂၀၁၀ ဝန်းကျင်မှာ ရွေးကောက်ပွဲပြန်လည် ကျင်းပလာခဲ့တာရှိတယ်။ ပြည်သူလူထုက ဘာတွေဖြစ်နေလဲဆိုရင် တိုင်းရင်းသားဒေသမှာဆိုရင် နိုင်ငံ့အရေးဟာ ကိုယ့်ပြည်သူတွေနဲ့ မသက်ဆိုင်ဘူး၊ ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုပြီး ထည့် တွက်ထားကြတဲ့ အနေအထား ရှိပါတယ်။ အဲဒီလို အနေအထားမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိခြင်း၊ မရှိခြင်းကိစ္စကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပြန်ကြည့်ရင်သိပါတယ်။ ဘာကြောင့်လဲဆို ရင် ဟုမ္မလင်းဒေသမှာ ရှမ်းနီလူမျိုး နှစ်သိန်း ကျော်လောက် နေထိုင်ကြပေမယ့်မဲပေးတဲ့ လူဦးရေကို ပြန်ကြည့်ရင် လေးချိုးတစ်ချိုးလောက်ကပဲ စိတ်ဝင်စားစွာနဲ့ မဲပေးခဲ့တာ တွေ့ရတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမှာလည်း ထိုနည်းတူစွာပါပဲ။ ၂၀၂၀ မှာတော့ နည်းနည်းတော့ မဲပေးတဲ့နှုန်း တက်လာတယ်။ နှစ်အချိုး တစ်ဆိုတဲ့ ပုံစံမျိုးကို တက်လာတဲ့ အနေအထားမျိုးကို တွေ့ခဲ့ရတယ်။ ဒီလိုတက်လာတာကလည်း ကျွန်တော်တို့ ရှမ်းနီဒေသဟာ ပြည်ထောင်စုရဲ့အစိုးရ၊ ထိပ်ပိုင်းနဲ့လည်း အလှမ်းကွာနေသလို ဒေသမှာက အစိုးရကို အားကိုးပြီးတော့ ဖော်ဆောင်ရတဲ့ လုပ်ငန်းတွေ မရှိသလောက်နီးပါး ဖြစ်နေပြီး ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ဘ၀ ကိုယ်တည်ဆောက်ခဲ့ရတဲ့ အနေအထားမျိုး၊ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက်ကို ကိုယ်တိုင်ပဲ တည်ဆောက်ခဲ့ကြရတဲ့ ဒေသလည်းဖြစ်ပါတယ်။ နောက် ၂၀၁၀ ကနေ ၂၀၁၅၊ ၂၀၁၅ ကနေ ၂၀၂၀ ကို ရောက်လာတဲ့ အခါကျတော့ ကိုယ့်ဒေသဆီက ကိုယ့်ဒေသကို ချစ်တဲ့၊ ကိုယ့်လူမျိုးကိုချစ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကများ အစိုးရ အဖွဲ့ထဲမှာ ရောက်သွားခဲ့ပြီး ကိုယ့်ဒေသအတွက်များ ဘာတွေများ အခွင့်အရေးရလို့ ဘာတွေများ ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်တွေ များစွာရှိခဲ့ကြလို့ မဲပေးတာများလာတာလို့ မြင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ရိုးရိုးသာမန်အချိန်မှာတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိနိုင်ပေမယ့် အခုအချိန်မှာတော့ တိုက်ပွဲတွေရဲ့ကြားမှာ၊ စိတ်သောက ရောက်နေကြတဲ့ ကြားမှာ၊ ဆင်းရဲဒုက္ခပေါင်းကို ခါးစီးခံနေကြရဲ့အချိန်မှာ သူတို့ရဲ့ စိတ်ပါဝင်စားမှုဟာ သာမန်အချိန်တွေထက်၊ နဂိုကျင်းပခဲ့ကြဖူးတဲ့ ရွေးကောက်ပွဲထက်ပိုပြီးတော့ အာရုံစူးစိုက်မှု ယုတ်လျော့သွားမှာပါ။ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြတာလို့ မြင်ပါတယ်။
TREND ။ ။ ရှမ်းနီဒေသ၊ ဟုမ္မလင်းဘက်မှာက အစိုးရကို အားကိုးပြီးတော့ ဖော်ဆောင်ရတဲ့ လုပ်ငန်းတွေ မရှိသလောက်နီးပါးဆိုတော့ အဲဒီမှာ ဘယ်လိုလုပ်ငန်းတွေ အဓိကထား လုပ်ကိုင်နေကြလဲ၊ ရွှေလုပ်ကွက် လုပ်ငန်းအခြေအနေတွေကရော ဘယ်လိုဖြစ်နေလဲ။
SHN ။ ။ ဒေသရဲ့ ရွှေလုပ်ကွက်တွေနဲ့ ပတ်သက်ပြီးတော့ ခေတ်အဆက်ဆက်ပေါ့။ တိုင်းဒေသကြီး အစိုးရကနေ သတ္တုတူးဖော်ခွင့်ကို တစ်နိုင်တစ်ပိုင်ဆိုရင် ဘယ်လိုခွင့်ပြုမယ်၊ လေးဧကဆိုရင် ဘယ်လိုမျိုး၊ ရှစ်ဧကဆိုရင် ဘယ်လိုမျိုး ခွင့်ပြုမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုခဲ့ကြတယ်။ အဲဒီလို ခွင့်ပြုချက်နဲ့ပဲ တူးဖော်လုပ်ကိုင် နေကြတယ်။ တချို့ ဟုမ္မလင်းနယ်နဲ့ ပင်လယ်ဘူးနယ် အစပ်ဘက်မှာ ရှိတယ်။ နောက်ပြီး ချင်းတွင်းမြစ် ရေကြောင်းဘက်မှာ အဓိကနေရာကိုလာပြီး ပိတ်ဆို့ထားတဲ့ ရွှေပြည်အေးနေရာမှာဆိုရင် KIA /PDF တွေက သူတို့ရဲ့ ရပ်တည်နိုင်ရေးအတွက်၊ သူတို့ရဲ့ ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် ရွှေလုပ်ကွက် လုပ်ငန်းရှင်တွေဆီကနေ အခွန်အခကောက်တယ်။ ရေကြောင်းမှာ သယ်ယူနေတဲ့ ကုန်ပစ္စည်း အလိုက်ကိုလည်းပဲ အခွန်အခကောက်ယူနေပြီးတော့ သူတို့ပိတ်တဲ့အခါ ပိတ်တယ်၊ သူတို့ဖွင့်ချင်တဲ့ အချိန်ကျရင် ဒီဒေသတွေကို ဖြတ်သန်းခွင့်ပေးတယ်။
TREND ။ ။ သူတို့က ဘယ်နေရာလောက်မှာ အဓိက Target ထားပြီး လုပ်နေဆောင်နေကြတာလဲ။
SHN ။ ။ သူတို့ တိုက်ပွဲဖော်ဆောင်နေတာတွေကလည်း အမျိုးမျိုးတွေ့ရတယ်။ တစ်ခါတလေကျရင် အုံနဲ့ကျင်းနဲ့ လာတယ်။ တစ်ခါတလေကျရင် နှစ်ယောက်၊ သုံးယောက်နဲ့ ပစ်ပြီး ပြေးတယ်၊ ခြောက်လှန့်တယ်ဆိုတဲ့ အနေအထားမျိုးတွေပေါ့။ တစ်ခါတလေကျရင် အုံနဲ့ကျင်းနဲ့လာပြီး တိုက်ပွဲဖော်ဆောင်တာတွေ တွေ့ရပါတယ်။ ပြီးတော့ KIA/PDF ပူးပေါင်းအဖွဲ့တွေက သူတို့ အခွန်ရရှိဖို့အတွက် ရေကြောင်းဆိုရင် ရွှေပြည်အေး၊ ကုန်းကြောင်းဆိုရင် နမ့်နန်းတို့ဘက်မှာထိုင်ပြီး အခွန်ကောက်နေတယ်။ ရေကြောင်းကလာတဲ့ ကုန်စည်တွေရော၊ ကုန်းကြောင်းကလာတဲ့ ကုန်စည်တွေရော၊ ရွှေလုပ်ကွက်တွေကိုရော အခွန်ကောက်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီလို အခွန်ကောက်တာ၊ စစ်ရေးဖော်ဆောင်နေတာကြောင့် ဒေသခံတွေရဲ့ ထိခိုက်မှုအနေနဲ့ပြောရရင် အကုန်လုံးကတော့ ဒေသအတွက်က အခုလက်ရှိအထိ ဆိုးကျိုးတွေချည်းပဲ ရနေတာပါ။ ထိခိုက်မှုတွေရှိနေတာက သူတို့ရဲ့ တိုက်ပွဲဖော်ဆောင်မှုတွေရော၊ ကုန်စည်စီးဆင်းမှုကိုပါ ရံဖန်ရံခါ ပိတ်ပင်နေတဲ့ အခါကျတော့ အဲဒီရဲ့ ဆိုးကျိုးအားလုံးကို ဒေသခံပြည်သူ လူထုတွေပဲ ခံစားနေတယ်။ သူတို့အဓိက Target ထားတာက နစက အစိုးရ၊ တပ်မတော်ကို အဓိက Target ထားပေမယ့် ခံရတာက ပြည်သူလူထုပါ။ တကယ်တမ်း ဖြစ်သင့်တာကတော့ KIA လက်နက်ကိုင် အဖွဲ့အနေနဲ့ကတော့ ကိုယ့်ရပ်တည်ချက်တွေကို ဖော်ဆောင်တဲ့နေရာမှာ ကိုယ့်အဝန်းအဝိုင်းကနေပြီးတော့ပဲ ဖော်ဆောင်ကြပေါ့။ အဲဒီလို ကိုယ့်ရပ်တည်ချက်နဲ့ လုပ်တဲ့နေရာမှာလည်း ကိုယ့်အဝန်းအဝိုင်းမှာရှိတဲ့၊ ကိုယ့်ပြည်နယ်အတွင်းမှာရှိနေတဲ့ တခြားသော တိုင်းရင်းသားတွေကို ကြီးနိုင် ငယ်ညှဉ်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်းတွေ မလုပ်ဘဲနဲ့ ကိုယ်ယုံကြည်ရာကို တခြားသောသူတွေကို မထိခိုက်စေဘဲ လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ တိုက်ပွဲတွေကြောင့် မတည်မငြိမ်မှုတွေ၊ စစ်ဘေးဒဏ်ခံစားနေရတဲ့ ဒေသခံပြည်သူတွေကို ဖြည့်စွက် ပြောကြားပေးပါဦး။
SHN ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ တိုက်ပွဲဖြစ်ပွားနေတဲ့ ကြားထဲမှာ ရှိနေကြတဲ့ ပြည်သူလူထုကို ကယ်ထုတ်ပေးနေရတယ်။ ကယ်ထုတ်ပေးနေရတယ်။ ဘေးလွတ်ရာကို ပို့ပြီးတော့မှ သူတို့ရဲ့ စားဝတ်နေရေးနဲ့ နေထိုင်မှုပုံစံကို အဘက်ဘက်ကနေပြီး ပံ့ပိုးကူညီ ပေးနေရတာတွေ ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ တိုက်ပွဲကြားက ပြည်သူတွေကို ဘေးလွတ်ရာကို ကယ်ထုတ်ပြီး ကူညီပေးနေတာတွေ လုပ်နေရတာကြောင့် သူတို့တစ်တွေ အမြဲတမ်း စိုးရိမ်စိတ်တွေနဲ့ ဖြစ်တည်နေတာတွေ တွေ့ရတယ်။ အဲဒီလို စိုးရိမ်ပူပန်နေကြပြီး မပြုံးမရယ်နိုင်တဲ့ သူတို့မျက်နှာတွေကို ကြည့်ပြီးတော့ ရှေ့ဆက်ဖန်တီး လုပ်ဆောင်ပေးရမှာတွေ အများကြီး ရှိနေပါတယ်။ မိမိကိုယ်တိုင်လည်းပဲ ဒီဒေသငြိမ်းချမ်းဖို့ ဆက်လက်ဆောင်ရွက်ရမယ့်အရာတွေ စဉ်းစားထားတာတွေ အများကြီးရှိနေပါတယ်လို့ ပြောကြားလိုပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )