၂၀၂၅ ဇန်နဝါရီ ၃၀
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ကချင်ပြည်နယ်ရဲ့ ဒေသခံ ပြည်သူတို့ရဲ့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက် အခဲများ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တွေ့ဆုံဆွေးနွေးရေး လက်တွေ့ကျနိုင်ပါ့မလား...။ ဒီမိုကရေစီပါတီသစ် (ကချင်) အတွင်းရေးမှူး ဦးခေါတိန့်ရဲ့ အမြင်သဘောထားများကို တွေ့ဆုံမေးမြန်းထားပါတယ်။
TREND ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေအနေ၊ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု ဒီအခင်းအကျင်းတွေအပေါ် သုံးသပ်ပေးပါဦး။
UKT ။ ။ တိုက်နေတာကတော့ KIA လည်း အာဏာရှင် အမြစ်ပြတ်ရေးဆိုပြီး တိုက်နေတာပေါ့။ နောက်တစ်ခုက ကချင်ပြည်နယ်မှာ KIA ထိန်းချုပ်နယ်မြေဆိုပြီး၊ မြို့သိမ်းဆိုပြီးတော့ တိုက်လာတာ။ အများအားဖြင့်တော့ လက်နက်ကိုင် အဖွဲ့စအည်းတွေမှာ AA ရော၊ မြောက်ပိုင်းသုံးဖွဲ့ရော ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိလာပြီလို့ ပြောဆိုလာတဲ့ အနေအထားက သူတို့က ဆွေးနွေမယ်ဆိုရင် လက်ရှိတိုက်ခိုက်တဲ့ နယ်မြေအနေအထား၊ ပထဝီဝင် အနေအထားအပေါ် မူတည်ပြီးတော့ သူတို့ရဲ့ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ဒါတွေကို ချပြပြီးတော့ ဆွေးနွေးသွားမယ့် အနေအထားတွေ ရှိလာနိုင်တယ်။ နောက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက နယ်စပ်မှာရှိတော့ တရုတ်ရဲ့ ဖိအား၊ အဲဒါတွေလည်း ပါလာမယ်လို့ သုံးသပ်မိပါတယ်။ ဘာလို့လဲဆိုရင် ဒီတိုင်းရင်းသားလက် နက်ကိုင်တွေက နဂိုကတည်းက မွေးထားပြီးသားတွေ၊ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေအကုန်လုံးကို မွေးထားပြီးသား။ တရုတ်က နိုင်ငံရေးအခြေအနေအရ မြန်မာအစိုးရနဲ့ တိုက်ရိုက် ဆက်သွယ် ညှိနှိုင်းလာတယ်။ နိုင်ငံရေးအရ မြန်မာနိုင်ငံ ငြိမ်းချမ်းလိုတဲ့အတွက် တရုတ်အနေနဲ့ မွေးထားတဲ့ အဖွဲ့တွေကို ဖိအားပေးလာတယ်။ တရုတ်ရဲ့ ဖိအားပေးမှုလည်း တစ်ခုပါလာမယ်လို့ သုံးသပ်တယ်။ ပြီးတော့ KIA အဖွဲ့က အင်တာဗျူးတွေမှာ ပြောတယ်၊ တရုတ်နဲ့တွေ့တယ်။ အဲဒီလို တွေ့တဲ့နေရာမှာလည်း ကျွန်တော်တို့က တစ်လကိုတစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်တွေ့နေကျပဲ။ အဲဒီလိုတွေ့ တာနဲ့ပတ်သက်ပြီးတော့ အကြောင်းမထူးပါဘူးလို့လည်း KIA က အင်တာဗျူးတွေမှာ ဖြေထားတာရှိတယ်။ နောက်ပြီး တစ်ဖက်ကလည်း အစိုးရနဲ့ ဆက်သွယ်လာတယ်၊ မဖြစ်မနေ ရွေးကောက်ပွဲလုပ်ဖို့၊ ပါဝင်ပံ့ပိုးကူညီဖို့ပေါ့။ တစ်ဖက်ကလည်း သူတို့ အကျိုးစီးပွား ထွက်ပေါက်လမ်းကြောင်း၊ တရုတ်ရဲ့ ရေမျက်နှာပြင် ထွက်ပေါက်ပေါ့။ နောက် အမေရိကန်နဲ့လည်း စီးပွားရေး ထိပ်တိုက်တွေ့လာတာတွေ ရှိတယ်။ အဲဒီကြားထဲမှာ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထား ငြိမ်းချမ်းမှသာလျှင် သူ့ရဲ့ စီးပွားရေး အခြေအနေတွေ၊ ရှေ့လျှောက် အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေး၊ နိုင်ငံရေးလမ်းကြောင်းတွေက ပွင့်လာမှာလေ။ ဒါကြောင့် လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ တွေ့ဆုံဆွေးနွေး ရေးဆိုတာ တရုတ်ရဲ့ ဖိအားကြောင့်လည်းပါမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကလည်း နိုင်ငံတော်ကနေ ရွေးကောက်ပွဲကို ၂၀၂၅ မှာ မဖြစ်မနေ လုပ်မယ်ဆိုပြီးတော့ ပြောထားတယ်။ ရွေးကောက်ပွဲလုပ်ဖို့အတွက် အဓိက နယ်မြေလုံခြုံရေး၊ ငြိမ်းချမ်းရေး၊ မဲဆန္ဒနယ် ဒါတွေကအစ လိုအပ်လာတယ်ဆိုတော့ နိုင်ငံတော်အစိုးရနဲ့ ရွေးကောက်ပွဲ အောင်မြင်ဖို့ ပါဝင်ပူးပေါင်းဆောင်ရွက်စေချင်တဲ့ သဘောရှိတယ်။
လက်နက်ကိုင်တိုင်းရင်းသားတွေ အခု တိုက်ခိုက်နေတယ်၊ တကယ်လို့ စားပွဲခုံမှာ ဆွေးနွေးမယ်ဆိုရင် သူတို့ သိမ်းပိုက်ထားတယ်ဆိုတဲ့နေရာ၊ ဒေသပထဝီဝင်အနေအထားနဲ့ ထိန်းချုပ်ထား တယ်ဆိုတဲ့ နယ်မြေတွေအပေါ်မှာ ဆွေးနွေးသွားမယ်၊ စားပွဲဝိုင်းကို ပါဝင်ဖို့ လုပ်ဆောင်လာတာလို့ပဲ မြင်ပါတယ်။ ဒါပေမဲ့ သူတို့ကတော့ တရုတ်ဖိအားကြောင့်မို့လို့ ခေါင်းငုံ့ပြီး တစ်ခါတည်း ဟုတ်ကဲ့ဆိုပြီးတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အကြောင်း ကြောင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမယ်၊ စကားပြောမယ်ဆိုတာက အရောင်း အဝယ် လုပ်သလိုပေါ့၊ ရောင်းဈေး ခေါ်မှာပဲလေ။ မဖြစ်နိုင်တဲ့ဟာပေါ့၊ လက်ရှိ သူတို့ရဲ့မူဝါဒ၊ သူတို့ရဲ့ ရည်ရွယ်ချက်အဲဒီ အတိုင်းပဲ သူတို့က ဆွေးနွေးကြမှာပဲလေ။ နိုင်ငံတော်အစိုးရက ချထားတဲ့လမ်းစဉ်၊ ချထားတဲ့ ဘောင်အတွင်းကတော့ ဟုတ်ကဲ့ဆိုပြီးတော့ ဆွေးနွေးကြလိမ့်မယ်လို့ မထင်ဘူး။ တွေ့မယ်။ သူတို့လည်း သူတို့ လိုချင်တဲ့အချက်အလက်ရအောင် ဆွေးနွေးမယ်။ အဲဒီလိုအနေ အထားဆိုတော့ တွေ့ဆုံဆွေးနွေးရေး က ခက်ခဲမယ်လို့ သုံးသပ်မိပါတယ်။ သူတို့ တိုက်ခိုက်နေတယ်ဆိုတာကလည်း သူတို့လိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုနေတာလို့ မြင်တယ်။ တွေ့မယ်၊ သူတို့လိုချင်တာကို တောင်းမယ့်အနေအထားပဲ၊ ဒါကြောင့် သူတို့ရဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာက တော်တော်နဲ့တော့ အဆင်ပြေမယ်၊ အဆင် ပြေပြေ ရှောရှောရှူရှူ ဖြစ်မယ်လို့တော့ မထင်ဘူး။
TREND ။ ။ လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုနေမှုက တစ်ဖက်၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက တစ်ဖက်ဆိုတော့ တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွေက အဆင်ပြေပြေ ရှောရှော ရှူရှူ ပေါ်လာနိုင်ပါ့မလား။ ဘယ်လို သုံးသပ်မိလဲ။
UKT ။ ။ ပြောရမယ်ဆိုရင်တော့ တပ်မတော်အစိုးရအနေနဲ့ အခြေခံဥပဒေအရ အာဏာထိန်းထားတာပဲ ရှိသေးတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုလာမယ့် ပြည်နယ်တို့၊ 'ဝ' ဆိုရင်လည်း 'ဝ'ပြည် တည်ထောင်ရေးဆိုပြီးမှ တောက်လျှောက်အော် နေတယ်လေ။ ဒါပေမဲ့ ဒီဟာတွေကိုကျတော့ တပ်မတော် အစိုးရအနေနဲ့ အခြေခံဥပဒေအရ ပေးပိုင်ခွင့်မရှိသေးဘူးလို့ မြင်တယ်။ အဲဒီလို အခြေအနေအထိ ဆွေးနွေး ကြမယ် ဆိုရင်လည်း ဒါက ဆွေးနွေးမှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့ တပ်မတော်အစိုးရက ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပပြီးစီးနိုင်ခဲ့လို့ ပေါ်ပေါက်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန် လွှဲအပ်ပေးပြီး ပြီဆိုရင်တော့ အဲဒီ တက်လာတဲ့အစိုးရက သူ့နည်း သူ့ဟန်နဲ့ ဥပဒေဘောင် အတွင်းမှာ ဒီတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်သင့် ဖြစ်ထိုက်တာတွေ ဆွေးနွေးမယ်၊ အဲဒီဆွေးနွေးမှုကပဲ ရလဒ်တွေ ထွက်လာနိုင်မယ်လို့ ထင်ပါတယ်။ အခုက တပ်မတော်ကို အမြစ်ပြတ်ရေး တိုက်ခိုက်တယ်။ တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းဖိတ် ခေါ်တယ်၊ တိုင်းပြည်ငြိမ်းချမ်းဖို့ကိုလည်း တိုင်းပြည်အာဏာကို အခြေခံဥပဒေအရ ထိန်းထားတာ ဖြစ်တယ်။ ထိန်းထားတဲ့ ကာလမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတယ်။

လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ငြိမ်း ချမ်းရေး လမ်းစကို တကယ်တမ်း အဖြေထုတ်ပေးနိုင်တာကတော့ ရွေးကောက်ပွဲကနေ တက်လာတဲ့ နိုင်ငံတော်အစိုးရက အဖြေထုတ်ပေးနိုင်မယ်၊ အဖြေကောင်းတွေ ထွက်လာမယ်လို့ မြင်မိပါတယ်။ ပထမဦးဆုံးကတော့ လက်ရှိအခြေအနေမှာက တပ်မတော်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာထိန်းထားတာ ဖြစ်တယ်။ တစ်ဖက်ကလည်း NUG ၊ CRPH ဖွဲ့ ထားပြီးတော့ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေမှာ သူတို့အားလုံးရဲ့မူဝါဒက အခြေခံဥပဒေဆိုတာ မရှိဘူး။ သူတို့က အခြေခံဥပဒေအပေါ်မှာ လုပ်ထားတာ မဟုတ်ဘူး။ ဥပဒေမရှိဘူး။ လက်ရှိအစိုးရက အခြေခံဥပဒေအတိုင်း သွားနေတာ။ အခြေခံဥ ပဒေအတိုင်း သွားမယ်၊ ရွေးကောက်ပွဲ ကျင်းပပေးမယ်၊ ရွေးကောက်ပွဲပြီးရင် တက်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန်တွေကို လွှဲပေးမယ် အဲဒီလိုသွားနေတာ။ တက်လာတဲ့ အစိုးရကလည်း နိုင်ငံရေးအခင်း အကျင်းတွေကို ဖြေရှင်းရမယ်၊ ဖြေရှင်းရမယ်ဆိုတာက ဒီအခြေခံဥပဒေနဲ့ပဲ ဆက်သွားမလား၊ ဒါမှမဟုတ် အခုတင်ပြနေတယ်၊ ဆွေးနွေးနေတယ်၊ အကောင်အထည်ဖော်ဖို့ လုပ်နေတာက ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်၊ ဒီဖက်ဒရယ် သွားမယ်ဆိုရင်လည်း အခြေခံမူက ရေးဆွဲရမှာ။ ဒါတွေ ရေးဆွဲပြီးမှပဲ လက်ရှိ လက်နက်ကိုင်တွေရဲ့ တောင်းဆိုမှု အခင်းအကျင်းတွေက အဲဒီအခါမှပဲ အဖြေက ထွက်မယ် လို့ ထင်ပါတယ်။
လောလောဆယ်မှာတော့ တွေ့ဆုံဆွေးနွေး ကြပြီဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ကြားမှာ အတိုင်းအတာတစ်ခုအထိ အပစ်အခတ် ရပ်စဲမှုတစ်ခု ရလိမ့်မယ်လို့ထင်တယ်။ လုံးဝကြီးတော့ သူတို့လိုချင်တဲ့ ဆန္ဒပြည့်ဝသွားမယ်လို့တော့ မထင်ဘူး။ ဘာလို့လဲဆိုရင် NCA လက်မှတ်ရေးထိုးထား တာကို ကြည့်လိုက်ရင် အရင်တုန်းက နိုင်ငံတကာက အဖွဲ့အစည်းတွေပါပြီးတော့ တကယ့် အစစ်အမှန် လက်မှတ်ရေးထိုးထားခဲ့ကြတာ။ ဒါပေမဲ့ ဒီလက်နက်ကိုင်အဖွဲ့အစည်းတချို့က ပြန်ခွဲထွက်သွားလို့ ဒီ NCA စာချုပ်က အကောင်အထည် မဖော်နိုင်ခဲ့တာပါ။ အချက်အလက်တွေ ဒီလောက်ကောင်းတဲ့ NCA ကိုတောင် ငြိမ်းချမ်းရေးအတွက် အကောင်အထည် မဖော်နိုင်သေးဘူးဆိုတော့ တွေ့ဆုံဆွေးနွေးပွဲ အခင်းအ ကျင်းကတော့ အပစ်အခတ် ရပ်စဲရေးအတိုင်းအတာတစ်ခု၊ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ပတ်သက်တဲ့ အဖြေတစ်ခု အဲဒီအခြေအနေတွေတော့ ဖြစ်လာနိုင်ပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲအတွက် အဆင်ပြေမယ်။ တက်လာတဲ့အစိုးရက ဘယ်မူနဲ့ သွားမယ်၊ အခြေခံဥပဒေ ၂၀၀၈ နဲ့ သွားမလား၊ ဒီမိုကရေစီ ဖက်ဒရယ်နဲ့ သွားမလား၊ ဖက်ဒရယ်နဲ့ သွားမယ်ဆိုရင် အခြေခံဥပဒေ ပြန်ရေးဆွဲရမယ်။ ညီလာခံခေါ်မယ်။ ဒါတွေအားလုံးက လွှတ်တော်ကပဲ ဦးဆောင်ပြီးတော့မှ လုပ်သွားရမှာ။ ဆိုတော့ အဲဒါတွေ လုပ်သွားတဲ့နောက် ဖက်ဒရယ် အခြေခံဥပဒေ ထွက်လာမှာ။
တိုင်းရင်းသားတွေ လိုချင်တာကလည်း ဖက်ဒရယ်ပဲ၊ တန်းတူ အခွင့်အရေးပဲ။ အုပ်ချုပ်မှု၊ အာဏာခွဲဝေမှု အဲဒီအပိုင်းတွေ ဖြစ်ဖြစ်မြောက်မြောက် ရေးဆွဲမယ်၊ ရေးဆွဲပြီးလို့ ဥပဒေကို အားလုံး လက်ခံပြီဆိုတဲ့ အခါမှာ အဲဒီ ဒီမိုကရေစီဖက်ဒရယ်ရဲ့ အခြေခံဥပဒေ ပြည့်ပြည့်စုံစုံနဲ့ ပေါ်ထွက်လာမယ်လို့ မြင်တယ်။ အဲဒီလို ပေါ်ထွက်လာမှပဲ နိုင်ငံရေးအခင်းအကျင်းတွေ ကောင်းသွားမယ်။ ငြိမ်းချမ်းသွားမယ်လို့ သုံးသပ်မိပါတယ်။
TREND ။ ။ ကချင်ပြည်နယ်က မြို့နယ်တွေမှာ တိုက်ပွဲဖော်ဆောင်နေတာ နယ်မြေအခြေအနေ ဘယ်လိုဖြစ်နေလဲ၊ ဒေသခံလူထု လက်ရှိ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရလဲ၊ သိရသလောက် ပြောပြပါဦး။
UKT ။ ။ လူထုတွေက စစ်ရဲ့ဒုက္ခတွေမကြုံစဖူး ကြုံနေကြရပြီးတော့ ဒုက္ခတွေရောက် နေကြတာဆိုတော့ သူတို့အနေနဲ့ ဘာပဲပြောပြော စစ်တိုက်ဖို့ကို အားပေးကြမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးပဲပေါ့၊ စစ်မတိုက်နဲ့ စားပွဲပေါ်မှာပဲ ငြိမ်းချမ်းရေး ဆွေးနွေးစေချင်ကြတာပေါ့။ လက်နက်ကိုင်တွေအနေနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့၊ တိုင်းပြည်သာယာ ငြိမ်းချမ်းအောင် လုပ်ပေးကြဖို့ ဆန္ဒရှိနေကြပါတယ်။ ပြီးတော့ လူထုက ဘယ်အစိုးရ တက်လာတက်လာ တက်လာတဲ့ အစိုးရ ငါတို့အစိုးရပဲလေ။ ဒါပေမဲ့ ကျွန်တော်တို့ ကချင်ပြည် နယ်မှာ KIA က နယ်မြေထိန်းချုပ်ထားတယ်ဆိုတဲ့ နယ်မြေဒေသတွေ အားလုံးမှာ သူတို့က အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုတွေ တောက်လျှောက် လုပ်သွားတာ တွေ့ရတယ်။ သူတို့က မြို့ကို ထိန်းချုပ်ပြီးပြီဆိုရင် တစ်ခါတည်း အဲဒီမှာ တောက်လျှောက် အုပ်ချုပ်မှုအပိုင်းတွေပါ ဒေသခံ တိုင်းရင်းသားတွေနဲ့ သူတို့ဆိုင်ရာဆိုင်ရာတွေက ဖွဲ့စည်းပုံတွေ တစ်ခါတည်း လုပ်သွားတာ။ အဲဒီအပိုင်းတွေတော့ ရှိနေတယ်။ နယ်မြေတစ်ခု ထိန်းချုပ်ဖို့ လုပ်ပြီဆိုရင် စစ်ရဲ့ဖွဲ့စည်းပုံနဲ့ နယ်မြေစီမံအုပ်ချုပ်မှု ဖွဲ့စည်းပုံက တောက်လျှောက် ပါလာပြီးသား တွေ့ရတယ်။
အခု ကျွန်တော်တို့ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ အဲဒီနယ်မြေတွေဆိုရင် သူတို့ ဒေသအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု ဒါတွေက တောက်လျှောက် ဆောင်ရွက်လာခဲ့တာဆိုတော့ သိတဲ့အတိုင်းပဲ ဒေသခံတွေ ပြေးလို့မရဘူး။ မိမိဒေသမှာ တစ်သက်လုံး နေလာခဲ့တဲ့ နေရာဆိုတော့ ဘယ်သူပဲလာလာ၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ငါတို့က ငြိမ်းချမ်းရေးပဲ လိုချင်တယ်ဆိုတဲ့ ဆန္ဒတွေ ရှိကြတယ်။ ကိုယ့်ဒေသမှာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ဖို့ ဒါပဲလိုချင်ကြတာ။ ဒေသခံတွေက လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ သူတွေမှ မဟုတ်တာ။ ကိုယ့်ဘာသာကိုယ် တောင်ပေါ်တောင်တန်းဒေသ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင် စားသောက်မယ်။ စီးပွားရေးလုပ် ကိုင်ရှာဖွေ စားသောက်မယ်၊ ဒါတွေပဲလေ။ တကယ်တမ်းတိုက်ပွဲ ဖော်ဆောင်နေတာက လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ သူတို့ကတော့ တိုက်မယ်ခိုက်မယ်၊ နယ်မြေ ဒေသစိုးမိုးမယ်၊ အုပ်ချုပ်မယ်။ ဒီလို သူတို့ ရည်ရွယ်ချက်နဲ့ သွားနေကြတာ ဆိုတော့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာတော့ အခြေအနေအရ ဒေသခံလူထုက နီးရာဓားကို ကြောက်နေကြရတယ်။ တကယ်တမ်းတော့ အားလုံးက တိုက်ခိုက်နေတာကို မလိုလားကြဘူး။ လူထု အားလုံးကလည်း ငြိမ်းချမ်းရေးပဲ လိုချင်ကြတာ။ အေးအေးဆေးဆေး လုပ်ကိုင် စားသောက်ချင်ကြပါတယ်။ အခုဆိုရင် တိုက်ပွဲဖြစ်ပြီဆိုရင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ ထိခိုက်ရတယ်။ အသေအပျောက်တွေ ဖြစ်လာရတယ်၊ အိမ်ပျက်ရာပျက်၊ တံတားပျက်၊ လမ်းပျက်နဲ့ ကုန်ဈေးနှုန်းတွေ တက်ပြီး လူထုက ဒုက္ခတွေအကြီးအကျယ် တွေ့ကြုံရင်ဆိုင်နေကြရတာ။ ဒါတွေက လက်ရှိမြေပြင် အခြေအနေ၊ ဒေသအခက်အခဲတွေပါ။ တိုက်ပွဲမဖြစ်တဲ့ ဒေသတွေမှာက လူထုတွေ အဲဒီလောက် ဒုက္ခ မရောက်ဘူးလေ။
တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင် သေရမှာလည်း ကြောက်ရ၊ သေနတ်သံ ဗုံးသံတွေကြားမှာလည်း ပြေးရလွှားရနဲ့ ကျန်ခဲ့တဲ့ အိုးအိမ်ပစ္စည်းတွေ ဆိုတာကလည်း သေချာသော့ခတ်ထားရင် တောင်မှ ခိုးမယ်၊ လုမယ်၊ ဖျက်ဆီးမယ်ဆိုတဲ့ သူတွေနဲ့ ကြုံကြရတယ်။ ဝိုင်းမော်မှာဆိုရင် စစ်ရှောင်လာ တယ်၊ အဲဒီမှာ နေအိမ်ကို သော့ခတ်ပြီး စစ်ရှောင်စခန်းကို ပစ္စည်းလာပို့တုန်း နောက်မှာ က နေအိမ်ကို ဖျက်ဆီးပြီး ပစ္စည်းတွေအကုန် အခိုးခံရတဲ့ ဖြစ်စဉ်တချို့ ကြုံခဲ့တယ်။ သူခိုးဓားပြပေါ့၊ ပြီးတဲ့ အခါ ကျတော့လည်း မူးယစ်ဆေးဝါး ဘိန်းစားတွေက လည်း အများကြီးလေ။ အဲဒီလို ဒေသခံတွေက တိုက်ပွဲ ဖြစ်လို့ စစ်ရှောင်နေရပြီဆိုရင် သူတို့ရဲ့ ပစ္စည်းတွေက ဘာမှမရတော့ဘူး။ ဒီကြားမှာနေတဲ့ မူးယစ်ဆေးဝါး သမား၊ သူခိုး၊ ကြမ်းပိုးတွေက ချောင်းနေကြတာ။ ဘယ်သူ့အိမ်က ဘာရှိတယ်၊ အဲဒီနေအိမ် စစ်ရှောင်သွားပြီဆိုရင် ကျွဲတွေ၊ နွားတွေဆွဲမယ် ရောင်းမယ်၊ ဒါမျိုးတွေ။ဆိုတော့ စစ်ဘေးရှောင်ရ ပြီဆိုရင် ရွာပျက်ပြီ၊ အိုးအိမ်ပစ္စည်းတွေ အကုန်လုံးပျက်ပြီး ဆုံးရှုံးပြီ။ အဲဒီလို ဒုက္ခတွေ ကြုံရတာပေါ့။
TREND ။ ။ KIA အနေနဲ့ရော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတဲ့ တွေ့ဆုံဆွေးရေးလမ်းကြောင်း ရောက်လာနိုင်လား၊ ဒါက ဘယ်လိုအနေအထားမျိုးမှာ ဖြစ်လာနိုင်လဲ၊ သုံးသပ်ပေးပါဦး။
UKT ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေမှာ လူမျိုးရေးဝါဒီတွေလည်းပါတယ်။ ပါတော့ KIA ဆိုရင် နှစ်ပေါင်း ၇၀ ကျော်လာပြီ တိုက်ခိုက်လာတာ။ သူတို့ရဲ့ မူဝါဒက အာဏာရှင်စနစ်ကနေ လွတ်မြောက်ဖို့ ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဆိုပြီးတော့ လုပ်လာခဲ့တာ။ အဲဒီလို မူဝါဒနဲ့ သွားနေတာ။ ဒါပေမဲ့ လူထုတွေရဲ့ဆန္ဒက လက်နက်ကိုင်ပဋိပက္ခကို ချုပ်ငြိမ်းစေချင်ပြီ။ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အဖြေတစ်ခုရဖို့ လူထုတွေကတော့ တောင်းဆိုနေကြပါတယ်။ တစ်ဖက်ကလည်း လက်နက်ကိုင် အဖွဲ့တွေကလည်း ဆွေးနွေးနိုင်ဖို့ အခြေအနေ တစ်ခုအထိ တိုက်ခိုက်ပြီးတော့ အခြေအနေအပေါ် မူတည်ပြီး ဆွေးနွေးမယ်ဆိုတဲ့ သဘောလို့ သုံးသပ်မိတယ်။ ကချင်ပြည်နယ်မှာဆိုရင် နယ်မြေတချို့ကို တိုက်ခိုက်ပြီး ထိန်းချုပ်ထားတဲ့သဘော တွေ့ရတယ်။ ဒီလိုတိုက်ခိုက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပေါ်မူ တည်ပြီးတော့ ငြိမ်းချမ်းရေး စကားပြောမယ်လို့ပဲ မြင်မိပါတယ်။ လက်ရှိအခြေ အနေမှာတော့ ကျွန်တော်တို့ လည်း သူတို့ရဲ့မူဝါဒ၊ ရပ်တည်ချက်တွေနဲ့ သွားနေတာဆို တော့ သုံးသပ်ဖို့ လက်လှမ်းမမီပါဘူး။ လောလောဆယ်မှာတော့ ပြည်သူလူထုက စစ်ရေးတိုက်ခိုက်တာတွေကို မဖြစ်စေ ချင်ဘူး။ ငြိမ်းချမ်းစေချင်တယ်။ အားလုံးက စစ်ရှောင်ရတယ်၊ အိုးပစ်အိမ်ပစ် ပြေးရတယ်၊ ဆင်းရဲ ဒုက္ခ ကြုံနေရတယ်။ တိုက်ပွဲတွေ ဖြစ်လာပြီဆိုရင်တော့ ဘယ်နေရာဖြစ်ဖြစ်ပေါ့။ ရှမ်းပြည်နယ်လည်း လက်တွေ့ပဲ၊ ရခိုင်ပြည်နယ်လည်း လက်တွေ့ပဲ၊ ကယားလည်း လက်တွေ့ပဲ။ ဘယ်ဒေသဖြစ်ဖြစ် တိုက်ပွဲ ဖြစ်ပြီဆိုရင် အကုန်လုံးပြောင်တာပဲ။ ဒါကြောင့် လူထုတွေက ငြိမ်းချမ်းစေချင်ပါပြီ။ လက်နက်ကိုင် အဖွဲ့တွေကတော့ သူတို့လိုချင်တဲ့ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ဖို့ နယ်မြေစိုးမိုးမှုရပြီဆိုတဲ့ အနေအထားမျိုးပေါ့၊ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ ဆွေးနွေးဖို့ ဖြစ်လာမယ်လို့တော့ မျှော်လင့်မိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမှာပဲ အဆုံးသတ်ကြရတာပါ။ ဒီကြားထဲမှာ နိုင်ငံတော်အစိုးရက နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားတယ်၊ မလာဘူး။ အဲဒီလို မလာဘူးဆိုရင် သူတို့လမ်းကြောင်းက ဘာကို ရွေးသလဲ၊ တိုက်ခိုက်ရေးကို ရွေးမယ်ဆိုရင် ဒီအခင်းအကျင်းကလည်း တိုက်ခိုက်ရေးနဲ့ပဲ စကားပြော သွားမယ်လို့ မြင်တယ်။ ငြိမ်းချမ်းရေး ဖိတ်ခေါ်တယ်၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာတယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ငြိမ်းချမ်းရေး အဖြေ ထွက်လာမယ်လို့ မြင်ပါတယ်။

TREND ။ ။ တွေ့ဆုံဆွေးနွေးခြင်းနဲ့ ပဋိပက္ခတွေကို လျှော့ချနိုင်တာမို့ ဒီအပေါ် ဖြည့်စွက် ပြောကြားပေးပါဦး။
UKT။ ။ လူထုအားလုံးက ငြိမ်းချမ်းချင်ပြီ။အားလုံးကလည်း ငြိမ်းချမ်းရေးကို တောင်းဆိုနေကြပြီ။ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို ဘယ်အတိုင်း အတာအထိ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြိုးပမ်းလုပ်ဆောင်သင့်ပါပြီ။ ဘာလို့လဲဆိုရင် သူတို့ကြိုး စားနေတာက ငြိမ်းချမ်းရေး အတွက်ဆိုရင် တိုင်းပြည် ငြိမ်းချမ်းဖို့ကလည်း တွေ့ဆုံဆွေးနွေးရေးပဲမို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ပါပြီ။ လူထုရဲ့ ဆန္ဒကလည်း အဲဒါပါပဲ တိုက်ခိုက်နေလို့တော့ နှစ်ဖက်လုံး ထိခိုက်သေကျေ ပျက်စီးဆုံး ရှုံးကြရမယ်။ နှစ်ဖက်လုံးကလည်း ကိုယ့်တိုင်းရင်းသားတွေပဲ၊ ကိုယ့်နိုင်ငံသားတွေပါပဲ။ တဖြည်းဖြည်းနဲ့တော့ ကိုယ့်တိုင်းရင်းသားတွေ အချင်းချင်းတိုက်ခိုက်ရင်းနဲ့ ဒုက္ခသုက္ခတွေ ဖန်တီးနေကြတာဆိုတော့ အားလုံးက ငြိမ်းချမ်းရေး လိုချင်တယ်။ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ခု၊ ရလဒ်တစ်ခု အမြန်ဆုံးလိုချင်ကြပါတယ်။ အဓိက ကတော့ တပ်မတော်အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေး ကြစေလိုတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးရေး အတွက်လည်း ဒေသခံတိုင်းရင်းသားတွေ ပါမယ်၊ လူ့အဖွဲ့အစည်းတွေ ရှိတယ်။ လူ့အဖွဲ့အစည်းဆိုတာက တိုင်းရင်းသား နယ်မြေတွေဆိုရင် စာပေယဉ်ကျေးမှုအဖွဲ့တို့၊ ဘာသာရေး အဖွဲ့တို့၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတို့ ရှိတယ်။ သူတို့လည်း ပူးပေါင်းပါဝင်ပြီးတော့ အမှန်တကယ် ငြိမ်းချမ်းရေးကို ပါဝင် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ မြင်တယ်။ တစ်ဖက်ကလည်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေပေါ့။ ဝန်ထမ်းတွေဆိုတဲ့နေရာမှာလည်း အားလုံးက နိုင်ငံတော်အစိုးရရဲ့ စီမံခန့်ခွဲမှု ယန္တရားအောက်က ဝန်ထမ်းတွေပဲလေ။ အဲဒီလိုဆိုတော့ ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ဒီပြည်သူ လူထုတွေပဲ ဖြစ်တဲ့အတွက် သူ့အပိုင်းနဲ့သူ၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆွေးနွေးဟော ပြောမယ်။ ပါဝင် လှုပ်ရှားမယ်၊ ပြည်သူလူထုတွေက လည်း ရိုးရိုးသားသားနဲ့ ငြိမ်းချမ်းရေးအတွက် ပါဝင်လှုပ်ရှားကြမယ်။ တစ်ဖက်က နိုင်ငံရေးပါတီတွေလည်း ငြိမ်းချမ်းရေးအတွက် ပါဝင်လှုပ်ရှားနိုင်ဖို့ နိုင်ငံတော်အစိုးရ ဘက်ကနေ လမ်းစလေးတွေ ဖွင့်ပေးသင့်တယ်လို့ မြင်တယ်။ အဓိကကတော့ ရွေးကောက်ပွဲ ပြုလုပ်တော့မယ်ဆိုရင် နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကလည်း ရှိလာပြီဆိုတော့ နိုင်ငံရေးပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်။ တပ်မတော်အစိုးရ အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြင်ဆင်မှု၊ ဆွဲဆောင်မှု၊ ဆွေးနွေးလုပ် ကိုင်မှုတွေလုပ်မယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အားလုံးပူးပေါင်းဆောင် ရွက်ကြမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )