ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ တခြားလူမျိုးကို လက်မခံဘူးဆိုတဲ့ကိစ္စက လူမျိုးရေးနဲ့ဆိုင်တဲ့ပဋိပက္ခတွေ စပြီး ဖန်တီးနေတာလို့ မြင်တယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး(၂)စောခွန်ကျော်ဝင်းနဲ့ ဆက်သွယ်မေးမြန်းခြင်း

၂၀၂၄ ဩဂုတ် ၁၅

    ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေအနေများနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်း တချို့က မြို့နယ်တစ်ခု၊ နယ်မြေတစ်ခုမှာ ဗမာဆိုရင်လက် မခံတာ၊ ကိုယ့်ဒေသခံ ကိုယ့်လူမျိုး မဟုတ်ရင် အဝင်မခံတဲ့ ကိစ္စများ၊ လတ်တလောဖြစ်ပေါ်နေတဲ့ ပဋိပက္ခ အခြေအနေတွေအပေါ် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအတွင်းရေးမှူး(၂)စောခွန်ကျော်ဝင်းရဲ့ အမြင်သဘောထား၊ သုံးသပ်ချက်များကို ဆက်သွယ်မေးမြန်းထားပါတယ်။
 TREND ။        ။ လက်ရှိ ရှမ်းပြည်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
SKKW  ။        ။
လောလောဆယ်မှာက နယ်မြေ ဧရိယာအစပ်မှာတော့ တိုက်ပွဲတွေ ရှိနေသေးတယ်။ အခုက ဆီဆိုင်တို့၊ ပင်လောင်းတို့၊ ညောင်ရွှေတို့ အစပ်မှာတော့ တိုက်ပွဲတွေရှိနေတုန်း။ ကျွန်တော် လက်လှမ်းမီသမျှ သိရတာကတော့ အထူးဒေသ(၆) ပအိုဝ်း(PNO) ငြိမ်းချမ်းရေး စယူကတည်းက သတ်မှတ်ထားတဲ့ နယ်မြေပေါ့။ PNO ပြည်သူ့စစ်ကလည်း သူအရင်ကလည်းက ပြောထားတယ်။ သူ့နယ်မြေ၊ သူ့ဒေသကိုတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဝင်လာရင် တိုက်ခိုက်မယ်၊ ဒေသခံ ပြည်သူလူထုတွေ ဒုက္ခမရောက်အောင် ကာကွယ်မယ်၊ အသက်အန္တရာယ် ထိခိုက်မှုမရှိအောင်၊ ကျေးရွာတွေ ပျက်စီးမှုမရှိအောင် ကာကွယ်မယ်ဆိုတာ မူချထားပြီးသားဆိုတော့ သူ့ဧရိယာထဲကို အစိုးရတပ်မတော်ကလွဲပြီး တခြားလက်နက် ကိုင်အဖွဲ့အစည်းတွေလာရင်တော့ သူတို့က ခုံခံကာကွယ်မယ်။ တခြားလက်နက်ကိုင်အဖွဲ့တွေ ဝင်မလာရင်တော့ ဘာပြဿနာမှရှိလာမှာ မဟုတ်ဘူး။ တခြားလက်နက်ကိုင်အဖွဲ့တွေ ဝင်လာရင်တော့ PNO ပြည်သူ့စစ်နဲ့ ပြဿနာဖြစ်မှာပါ။ လောလောဆယ်ကတော့ ကျွန်တော်တို့ ပြည်သူလူထုက စောင့်ကြည့်ပေါ့။ တစ်ဖက်ကလည်း PNO ပြည်သူ့စစ်အနေနဲ့ အတတ်နိုင်ဆုံး ကာကွယ်ဖို့ သူပြင်ဆင်ထားပြီးပါပြီ။ တကယ်လို့ တစ်ဖက်ကဝင်လာရင်တော့ သေကြပျက်စီးမှုတွေ ဖြစ်လာမယ့် အနေအထားရှိလာမယ်။ တစ်ဖက်က ဝင်မလာရင်တော့ ဘာမှမဖြစ်ဘူး၊ ပြည်သူလူထုတွေ အေးအေးချမ်းချမ်း နေလို့ရမယ်၊ စိတ်ညစ်စရာမရှိဘူးပေါ့။ တိုက်ပွဲနီးလာပြီဆိုရင်တော့ လူထုအတွက် စိုးရိမ်စရာရှိတယ်။ ဒါကြောင့် ရှမ်းတောင်မှာရှိတဲ့ ဒေသခံလူထုတွေ ကတော့ သတင်းတွေ နားထောင်နေကြတယ်။ တိုက်ပွဲအခြေအနေဘယ်လိုလဲ၊ ဘယ်နေရာမှာ ဘာတွေဖြစ်နေလဲ နားစွင့်နေကြရတယ်။ ကိုယ်နဲ့နီးလာရင်လည်း ပြင်ဆင်ထားဖို့ဆိုတာမျိုးလည်း ဖြစ်နေ ကြတယ်။ လောလောဆယ် အနေအထားကတော့ စိုးရိမ်စရာမရှိသေးဘူးလို့တော့ ပြောလို့ရပါတယ်။ လူထုတွေအနေနဲ့ကတော့ အခြေအနေတွေကို နားစွင့်နေရတာမျိုးတော့ ရှိနေပါတယ်။ 


TREND ။        ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တစ်ကျော့ပြန် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအခြေအနေအပေါ် ပအိုဝ်းတိုင်းရင်းသားတစ်ဦးရဲ့ အမြင်က ဘယ်လိုဖြစ်မလဲ။
SKKW  ။        ။
ရှမ်းမြောက်အခြေအနေကတော့ နှစ်ပိုင်းရှိတယ်လို့ မြင်တယ်။ တစ်ပိုင်းက တိုင်းရင်းသားနဲ့ပတ်သက်တဲ့ ကိစ္စပေါ့။ နောက်တစ်ပိုင်းကတော့ တော်လှန်ရေးနဲ့ ရောနှောပါဝင်နေတဲ့ကိစ္စပေါ့။ အဓိကကတော့ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဒီကာလအတွင်းမှာ ဘယ်သူ့ ထိခိုက်လဲဆိုရင် ပြည်သူလူထုတွေပဲ ထိခိုက်တယ်။ နောက် လူမျိုးပေါ့၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး  ထိခိုက်မှုတွေ၊ အမုန်းပွား မှုတွေ များလာတဲ့ အနေအထားမှာ ရှိတယ်ပေါ့။ ဒီစစ်ပွဲကာလရဲ့အဖြေကို ဒီလိုပဲ မြင်ပါတယ်။ ဆိုတော့ အဓိက ဒီမှာ အဖြေကောင်းကောင်း ရရှိဖို့အတွက်တော့ သက်ဆိုင်ရာတွေ၊ ခေါင်းဆောင်တွေအားလုံး၊ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး  ဘက်ကသော်လည်းကောင်း၊ အခုတော် လှန်ရေးလုပ် နေတဲ့ သူတွေ ဘက်ကသော်လည်းကောင်း၊ နစကအစိုးရ တပ်မတော်တို့ဘက်ကသော်လည်းကောင်း ညှိ နှိုင်းတိုင်ပင်ပြီးတော့မှ အဖြေတစ်ခုရှာပြီးမှ အဆင်ပြေမယ်လို့ မြင်ပါတယ်။ မဟုတ်ရင်တော့ အခုလို လက်နက်နဲ့ တိုက်နေကြရင်တော့ တိုင်းပြည်လည်း ထိခိုက်သလို ပြည်သူလူထုလည်း ထိခိုက်လာမယ်။ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်းတွေလည်း မုန်းတီးမှုတွေလည်း ပိုများလာမယ်လို့ မြင်တယ်။ 


TREND ။        ။ ညှိနှိုင်းတိုင်ပင်ပြီးတော့ အဖြေတစ်ခုရှာကြဖို့ စစ်ရေး၊ နိုင်ငံရေးလေ့လာသူတွေ အားလုံးက သုံးသပ်ပြောကြားကြပါတယ်။ လက်ရှိအခြေအနေကနေ ညှိနှိုင်းဆွေးနွေး အဖြေရှာရေးလမ်းကြောင်း ဘယ်လိုနည်းလမ်းတွေနဲ့ ချည်းကပ်ပြီး လမ်းစရှာကြမလဲ။
SKKW  ။        ။
လောလောဆယ် သတင်းမီဒီယာတွေ ဖော်ပြချက်အရ သုံးသပ်ရမယ်ဆိုရင်တော့ တရုတ်အစိုးရအပေါ်လည်း အများကြီးမူတည်တယ်။ သူလည်း သူရဲ့ အကျိုးစီးပွား မထိခိုက်အောင် ကြားနေအဖြစ် တတ်နိုင်သလောက်  ညှိနှိုင်းဆောင်ရွက်သင့်တယ်။ တချို့ မြင်နေကြတာကလည်း တရုတ်ရဲ့ နိုင်ငံရေး ကစားမှုလည်း ပါတယ်လို့ သုံးသပ်နေကြတယ်။ ဒီတော့ တရုတ်အစိုးရအနေနဲ့ ကြားခံပေါ့၊ ညှိနှိုင်းဆွေးနွေးမှုကတော့ အကြိမ်ကြိမ် လုပ်ပေးခဲ့ပြီးပြီပေါ့။ ညိနှိုင်းမှုတွေကို နစကအစိုးရ ဘက်နဲ့လည်း သွားတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့လည်း သွားတယ်။ နောက်ဆုံးအ ကြိမ်သာ မတွေ့ဖြစ်ကြတာပေါ့။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ကတော့ ရှိပြီးသား၊ ကျွန်တော်တို့ထက် တိုင်းရင်းသားခေါင်းဆောင်တွေရော၊ နစကအစိုးရဘက်မှာရော အားလုံးက လမ်းကြောင်းတွေ ရှိပြီးပဲ။ အဓိကကတော့ တွေ့ဆုံဆွေးနွေးဖို့ လက်ခံဖို့ပဲမြင်တယ်။ အဓိကကတော့ တွေ့ဆုံဆွေးနွေးဖို့ လက်ခံမယ်ဆိုရင်လည်း ဖန်တီးယူလို့ရမယ့် လမ်းကြောင်းကတော့ အများကြီး ပေါ်လာနိုင်စရာရှိတယ်။ နောက်တစ်ခါ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကျိုးဆောင်တွေ အဖွဲ့အစည်းတွေလည်း အများကြီးရှိနေ တယ်။ ဒါတွေလည်း လုပ်ပေးလို့ရတဲ့ အနေအထားမှာရှိတယ်။ အဓိကကတော့ သဘောထားအမှန်နဲ့ လူထုတွေ မထိခိုက်အောင် တိုင်းပြည်ကို မထိ ခိုက်အောင် ညှိနှိုင်းကြဖို့ပါ။ တစ်ခါတလေကျတော့ ဘာ ဖြစ်တတ်လဲဆိုရင် စစ်ပွဲဖော်တဲ့အခါကျတော့ အားသာတဲ့ဘက်က အပေါ်ရောက်တဲ့အခါကျရင် သူက သိပ်မဆွေးနွေးချင်ဘူးဆိုတဲ့ သဘောတရားမှာရှိတယ်။ ဒီအချိန်က တိုင်းပြည်နဲ့လူထုအပေါ် အခြေပြု ပြီးတော့မှ သေချာညှိနှိုင်းဆောင်ရွက်ဖို့ လက်ခံကြမယ်ဆိုရင်တော့ အဆင်ပြေမယ်။ စောစောကပြောသလို လမ်းကြောင်းတွေကလည်း လူမှုရေးအဖွဲ့အစည်း တွေရှိတယ်။ အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရှိတယ်။ ဒါတွေကို ကြားခံအနေနဲ့ လမ်းကြောင်းက အများကြီးရှိမယ်လို့ မြင်ပါတယ်။ 


TREND ။        ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအရေ တွေ့ဆုံဆွေးနွေး အဖြေရှာကြနိုင်ဖို့အတွက် လမ်းကြောင်းတွေက ရှိပြီးသားဆိုတော့ ဒီတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုရော ဘယ်လိုပုံစံ အခင်းအကျင်းတွေနဲ့ စပြီးချဉ်းကပ်သင့်လဲ။ 
SKKW  ။        ။
လောလောဆယ်တော့ ကြားခံကနေ အမြန်ဆောင်ရွက်ပေးရင်တော့ အဆင်ပြေမယ်။ ဒီအချိန် ဒီအခြေအနေမျိုးမှာ တစ်ဖက်ကလည်းသာတယ်၊ တစ်ဖက်ကလည်း အားနည်းတယ်ဆိုရင် လက်ခံဖို့ကတော့ ခက်မယ်မယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်နဲ့တစ်ဖက်က သူ့ဂုဏ်သိက္ခာ တူ ရှိကြတာပေါ့။ ဆိုတော့ ကြားခံကနေ အင်အားနည်းသွားတဲ့ အဖွဲ့အစည်းနှစ်ခုကို ကြားခံ ဆောင်ရွက်ပေးမယ်ဆိုရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်လို့ မြင်တယ်။ ဥပမာတရုတ်နဲ့ အစိုးရနဲ့သော်လည်းကောင်းပေါ့။ ကျွန်တော်တို့ နားလည်တာက ကျွန်တော်တို့ မြန်မာပြည်မှာဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်တဲ့ တစ်ချိန်တုန်းက သမိုင်းကြောင်းတွေ ပြန်လေ့လာ တဲ့အခါ တကယ်တမ်းကျတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ တရုတ်အစိုးရရဲ့ သြဇာလွှမ်းမိုးတာ အနည်းနဲ့အများ ရှိပြီးသားပေါ့။ ဆိုတော့ သူလုပ်မယ်ဆိုရင် ရနိုင်တဲ့နည်းလမ်းတွေ အများကြီး ရှိမယ်လို့မြင်တယ်။ ဒီလိုဟိုဘက်က ညှိနှိုင်းမယ်ဆိုပြီး ချဉ်းကပ်မယ်ဆိုရင် နစက အစိုးရ ဘက်က တန်ပြန်လက်ခံဖို့ကလည်း လိုအပ်မယ်လို့ မြင်တယ်။ တစ်ဖက်တည်းကတေ့ာ သွားလို့မရဘူး။


TREND ။        ။ ပြီးခဲ့တဲ့ရက်ပိုင်းက နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Deng Xijun  လာရောက် တွေ့ဆုံခဲ့တဲ့အပေါ် ဘယ်လိုသုံးသပ်လိုပါလဲ။
SKKW  ။        ။
သတင်းမီဒီယာတွေမှာ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ထူးထူးခြားခြားတော့ မတွေ့မိသေးဘူး။ ဒါပေမဲ့ မီဒီယာမှာ မဖော်ပြတဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေတော့ ရှိလိမ့်မယ်လို့ မြင်ပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲ ဒါလည်း မသိနိုင်ဘူးပေါ့။ သတင်းမှာ ဖော်ပြတာကတော့ ပုံမှန်တွေ့ဆုံဆွေးနွေးတဲ့ပုံစံပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီထက် ပိုပြီး လေးနက်တဲ့အရာတော့ ရှိလိမ့်မယ်လို့ မြင်ပါတယ်။ ခန့်မှန်းကြည့်ရသလောက် လောလောဆယ် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ နဲ့ပတ်သက်တဲ့ကိစ္စလည်း ဆွေးနွေးတာ ရှိနိုင်သလို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ထိခိုက်မှုမရှိစေရး ကိစ္စတွေလည်း ဆွေးနွေးတာ ရှိကောင်းရှိနိုင်ပါတယ်။ လက်ရှိနိုင်ငံရေးအခင်းအ ကျင်းနဲ့ ပတ်သက်ပြီးတော့လည်း သက်ရောက်မှု ရှိကောင်းရှိနိုင်တယ်။ နောက်တစ်ခုကလည်း တရုတ်အစိုးရအနေနဲ့လည်း လောလောဆယ် သူတို့ထုတ်ပြန်ထားတဲ့ စာတွေ ရှိတယ်။ သူတို့နိုင်ငံသားတွေ တိုက်ပွဲတွေ၊ ပဋိပက္ခဖြစ် ရာနေရာတွေကနေ ဝေးဝေးရှောင်ဖို့ ထုတ်ပြန်တာတွေလည်း ရှိတယ်။ တကယ်လို့ တရုတ်ဘက်ကလည်း သေချာမကိုင်တွယ်နိုင်ဘူးဆိုရင်လည်း တရုတ်အစိုးရနဲ့ ပတ်သက်တဲ့ မြန်မာလူထုရဲ့ အမုန်းပွားမှုတွေက အခုလည်း ရှိနေသလို နောင်လည်း ရှိလာနိုင်တဲ့ အနေအထား၊ ဒါကိုလည်း သူတို့အနေနဲ့ သတိထားကိုင်တွယ်ဆောင်ရွက်မယ်လို့တော့ မြင်ပါတယ်။ အခုဆို တချို့ မီဒီယာတွေမှာ ဖော်ပြနေတဲ့ ကိစ္စတစ်ခုက တရုတ်အစိုးရနဲ့ပတ်သက်ပြီး မြန်မာလူထုက မကြိုက်နှစ်သက်တဲ့ အပြုအမှုမျိုးတွေ တွေ့နေရတယ်။ ဒါကိုလည်း တရုတ်အစိုးရအနေနဲ့ သတိထားမယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီတွေ့ဆုံမှုက လက်ရှိ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်။ အနည်းနဲ့အများရှိတယ်လို့ ထင်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ရှုပ်ထွေးတယ်။ မြောက်ပိုင်းမဟာမိတ်တွေရှိသလို တခြားမဟာမိတ်ပူးပေါင်းတာတွေလည်း အမျာကြီးရှိတယ်။ တစ်ဖက်ကလည်း NUG က ရှိတဲ့ အခါကျတော့ နောက်ကွယ်မှာ ကျွန်တော်တို့မသိတဲ့ သဘောတူညီမှုတွေ အများကြီးရှိလိမ့်မယ်။ ရှိလိမ့်မယ်ဆိုတော့ ဥပမာ တိုင်းရင်းသားအဖွဲ့အစည်းတွေက သူတို့ရဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးပေါ့။ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်နဲပတ်သက်တဲ့ အခွင့်အရေးတွေ ရရှိဖို့အတွက်ကို ဒီအချိန်မှာက ကိုးကန့်သော်လည်းကောင်း၊ တအာန်းသော်လည်းကောင်းပေါ့။ ဒီ အဖွဲ့တွေအားလုံးဟာ သူတို့လိုချင်တဲ့ နယ်မြေတွေ လည်း တိုက်ခိုက်သိမ်းနေတယ်ဆိုတော့ ဒီအချိန်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် သူတို့အတွက် အကျိုးအများကြီး ရှိမယ်လို့မြင်မယ်မလား စဉ်းစားကြည့်တာပါ။ ဒါမှမဟုတ် နောက်ကွယ်ကနေ NUG နဲ့သော်လည်းကောင်း၊ PDF နဲ့သော်လည်းကောင်း၊ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့သော်လည်းကောင်း၊ PDF ပူးပေါင်းပြီး တိုက်ပွဲတွေ ဆက်ဖော်မယ်ဆိုရင်တော့ အဲဒီလိုဆိုရင်တော့ ဒီပဋိပက္ခက ပြီးမှာမဟုတ်တော့ဘူး။ စောစောကပြောတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့လိုချင်တဲ့ အခွင့်အရေးလည်း အနေအထား ရပြီ၊ ဆွေးနွေးမယ်ဆိုတာမျိုး ဖြစ်လာပြီး နစကအစိုးရဘက်ကလည်း လက်ခံတယ်ဆိုရင် ငြိမ်းချမ်း ဖို့ အများကြီးဖြစ်လာနိုင်တယ်။ တကယ်လို့ ဒါတွေအားလုံး မဟုတ်တော့ဘူး၊ စစ်ပွဲကို ဆက်ဖော်မယ်ဆိုရင်တော့ တစ်နိုင်ငံလုံး ဆက်သွားမယ်ဆိုရင် ဆိုးကျိုးကတော့ တော်တော်လေးများလာမှာ သေချာတယ်။ အဲဒီအခါကျရင် တိုင်းရင်း သားတွေလိုချင်တဲ့ အခွင့်အရေးတွေဆိုတာကလည်း ရဖို့မသေချာတဲ့အနေ အထား ဖြစ်သွားပြီ။ 


TREND ။        ။ အခုဖြစ်နေတဲ့ စစ်ပွဲတွေရဲ့ အဖြေဟာ ပြည်သူလူထုတွေပဲ ထိခိုက်တယ်။ လူမျိုး တစ်မျိုးနဲ့တစ်မျိုး ထိခိုက်မှုတွေဖြစ်ပြီး အမုန်းပွားမှုတွေများလာတဲ့ ရလဒ်တွေ ထွက်လာတယ်ဆိုတော့ ဘယ်လိုဖြစ်စဉ်အခင်းအကျင်းမျိုးတွေလဲ၊ ဒီအခြေအနေအပေါ် ထပ်ပြီးသုံးသပ်ပြပါဦး။
SKKW  ။        ။
ဥပမာ လူမျိုးရေးနဲ့ပတ်သက်တဲ့ ကိစ္စပေါ့။ လောက်ကိုင်တို့မှာဖြစ်တဲ့ကိစ္စ၊ ကိုးကန့် ဒေသမှာ ဗမာဆိုရင် လက်မခံဘူးဆိုတဲ့ကိစ္စ၊ လားရှိုးမှာလည်း မှတ်ပုံတင်တွေ စိစစ်ပြီးတော့ အဲဒီဒေသခံနဲ့ဆိုင်တဲ့သူတွေပဲ ပေးဝင်တာတို့တွေဟာ ဒါတွေက မီဒီယာတွေ မှာတော်တော်များများ တွေ့နေရသလိုတချို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေလည်း ရှိတယ်။ ဒီတိုင်းပြည်ထဲမှာက အားလုံးလက်ခံထားတာက နိုင်ငံသားတိုင်းက မြန်မာပြည်ရဲ့ ဘယ်နေရာမဆို သွားလာနေထိုင်လို့ရတဲ့ အနေအထားပေါ့။ ဒါပေမဲ့ တချို့လုပ်ရပ်တွေက မဟုတ်ဘူး။ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ တခြားလူမျိုးကို လက်မခံဘူးဆိုတဲ့ကိစ္စက လူမျိုးရေးနဲ့ဆိုင်တဲ့ ပဋိပက္ခတွေစပြီး ဖန်တီးနေတာလို့ မြင်တယ်။ လူမျိုးရေးနဲ့ ဆိုင်တဲ့ ပဋိပက္ခတွေစပြီး အခြေတည်တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်ကလည်း တစ်ချိန်တုန်းက ကိုယ့်နေရာ၊ ကိုယ့်ဒေသတွေက ကိုယ့်လူမျိုးတွေပဲရှိခဲ့တယ်။ ဒီအ ချိန်မှာ တခြားလူမျိုးတွေ များလာတဲ့အခါ၊ ဒီလို တခြားတိုင်းရင်းသားတွေများလာတဲ့အခါ သူတို့အနေနဲ့ စိုးရိမ်တာမျိုး ဒါလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။သူတို့နေနဲ့ လူမျိုးကြီးတွေ ဝါးမျိုတာမခံစားချင်တဲ့ ခံစားချက်မျိုး ရှိကောင်းရှိနေနိုင်တယ်။ ဒါကြောင့် အဲဒီလိုတွေ လုပ်ဆောင်တာလို့ မြင်တယ်။


TREND ။        ။ ကိုယ့်ဒေသမှာ တခြားလူမျိုးကို လက်မခံဘူးဆိုတဲ့ ကိစ္စကနေ လူမျိုးရေးနဲ့ဆိုင်တဲ့ ဘယ်လိုပဋိပက္ခ အသွင်သဏ္ဌာန်တွေ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းသုံးသပ်ချင်လဲ။
SKKW  ။        ။
လောလောဆယ် ဟိုဘက်၊ ဒီဘက် နားလည်နိုင်တဲ့အနေအထားမှာ ပြဿနာမရှိနိုင်ပေမယ့် အဲဒါက တစ်သီးတစ်သန့် လုပ်ကိုင်ဆောင်ရွက် လာမယ်ဆိုရင်တော့ ဥပမာ ရှမ်းပြည် (မြောက်ပိုင်း)မှာ ဒေသခံလူမျိုးမဟုတ်ဘဲ တခြားလူမျိုးတွေ ပိုင်ဆိုင်မှုတွေ  အများရှိတယ်။ အိုးအိမ်တွေ ရှိတယ်၊ လယ်ယာမြေတွေ ရှိတယ်။ အဲဒါတွေက သူတို့မရတာမျိုးတွေ အများကြီး ဖြစ်လာမယ်ဆိုရင် ဒါလည်း ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့က ဒေသတစ်ခုကို သွားနေတယ်၊ သွားလည်မယ်၊ အဲဒီဒေသကိုသွားပြီး အလုပ်လုပ်မယ်၊ နောက်တစ်ခါမသွားတော့ရင် ပြဿနာမရှိနိုင်သေးဘူး။ ဒါပေမဲ့ တချို့က အဲဒီဒေသမှာ နှစ်ပေါင်းများစွာ အခြေတည်ပြီးတော့မှ စီးပွားရေးရော၊ ပိုင်ဆိုင်မှုရော၊ မြေယာရော ခြံခတ်ပြီး ရှိနေကြတဲ့သူတွေအတွက်တော့ ဒါတွေက ဆုံးရှုံးမှုအများကြီး ရှိမှာပါ။ အဲဒီလိုလူတွေသာ အများကြီးရှိခဲ့မယ်ဆိုရင်လည်း ပြဿနာက ကြီးလာနိုင်ပါတယ်။ တချို့ကလည်း ငါတို့ကို ဒီလိုလုပ်တယ်၊ ငါတို့ လာရင်လည်း ငါတို့လည်း လုပ်မယ်ဆိုတဲ့ တုံ့ပြန်မှုမျိုး ဒါလည်း စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်။ အပြန်အလှန်တုံ့ပြန်တာတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ ကျွန်တော်တို့တိုင်းပြည်က တစ်ယောက်နဲ့တစ်ယောက်အပေါ် နားလည်လက်ခံပေးနိုင်တဲ့လူက လူနည်းစုပဲရှိတယ်။ လူများစုက မရှိနိုင်သေးဘူး။ ငါဆိုတဲ့ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့ဆွေးမျိုးစတဲ့ ငါဆိုတဲ့ကိစ္စတွေက လူတိုင်းမှာ  ခပ်များများရှိနေတယ်။ ဆိုပါစို့ ပအိုဝ်းဆိုရင် ငါပအိုဝ်း၊ ကရင်ဆိုရင်လည်း ငါ ကရင်၊ ဗမာ ဆိုရင်လည်း ငါတို့ ဗမာဆိုတဲ့ ဒါတွေက တစ်နိုင်လုံးမှာ တိုင်းရင်းသားတိုင်း၊ လူမျိုးတိုင်းမှာ အဲဒီအတ္တ တွေရှိနေတယ်။ လူတိုင်းမှာ ရှိသလို အားလုံးလက်ခံနေတဲ့ အနေအထားမှာရှိနေတယ်။ ဥပမာ အမေရိကန်နိုင်ငံသား၊ ဘာလူမျိုးပဲဖြစ်ဖြစ် လူဖြူပဲဖြစ်ဖြစ်၊ လူမည်းပဲဖြစ်ဖြစ် အာရှသားပဲဖြစ်ဖြစ်အားလုံးက အမေရိကန်နိုင်ငံဆိုတဲ့ ဘုံကိုလက်ခံတယ်။ ထိုင်း ဆိုရင်လည်း ဒီလိုပဲ အထဲထဲမှာ ကချင်တွေရှိတယ်၊ က ရင်တွေရှိတယ်။ ရှမ်းတွေလည်းရှိတယ်။ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ ထိုင်းလို့ လက်ခံထားကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်က အားလုံးငါတို့ဟာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား ပါဆိုတာကို အားလုံးက လက်ခံဖို့က အဲဒီအနေအထားမျိုး မရောက်သေးဘူး။


TREND ။        ။ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းတချို့က ကိုယ့်လူမျိုးတွေ အနည်းဆုံးသာရှိတဲ့ နေရာဒေသတွေ၊ မြို့တွေ တိုက်ခိုက်လာတာ၊ စစ်ရေးဖော်ဆောင်လာတာတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်လဲ။
SKKW  ။        ။
သတ္တဝါတွေကိုကြည့်မယ်ဆိုရင် အားကြီးတဲ့ သတ္တဝါပေါ့၊  ကျားက သူနိုင်သမျှ သူနိုင်ပြီး သူ့နေရာကို အထိမခံသလိုပေါ့။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အားကြီးတဲ့လူကတော့ သူရအောင်ယူထားကြတာပေါ့။ နယ်မြေဆိုရင်လည်း နယ်မြေတွေယူကြတယ်။ ကိုလိုနီတွေနယ်ချဲ့ကြတယ် စသည်ဖြင့်ပေါ့။ လက်ရှိတိုင်းပြည်မှာ ဖြစ်နေတာတွေကလည်း အဲဒီ သဘောတရားလို့ မြင်တယ်။ လက်နက်အားကြီးတဲ့အဖွဲ့တွေက  ဒီအချိန်မှာ ရရင်ရသလောက် အကုန်လုံးယူမယ်ဆိုတဲ့သဘောမျိုးပေါ့။ နောက်ဆုံး ကိုယ့်လူမျိုးမရှိတဲ့ နေရာတွေဆိုရင်လည်း ဒီနေရာတွေဟာ တစ်ချိန်တုန်းက ငါတို့နယ်မြေတွေ၊ ငါတို့ခေါင်းဆောင်တွေရဲ့ နယ်မြေတွေရှိခဲ့ တယ်ဆိုပြီး ပြန်ယူတာလည်း ရှိကောင်းရှိနိုင်တယ် ပေါ့။ ဘာလို့လဲဆိုတော့ ရသလောက် သူယူသွားမယ်ဆိုတဲ့ သဘောမျိုးနဲ့ ယူနေတာလို့ မြင်တယ်။ 


TREND ။        ။ 'ဝ'တပ်ဖွဲ့ဆိုရင်လည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေမှာ လားရှိုးမြို့ထဲ အင်အားအများအပြားနဲ့ ဝင်လာတာတွေ့ရတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်မိလဲ။
SKKW  ။        ။
နောက်ကွယ်မှာ ဖြစ်တဲ့ကိစ္စ၊ သဘောတူထားချက်တွေကိုတော့ ကျွန်တော်တို့ မသိနိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ထုတ်ပြန်ချက်မှာက လားရှိုးမှာ သူတို့ရဲ့ ဆက်ဆံရေးရုံးရှိတယ်။ ဆက်ဆံရေးရုံးမှာ သူတို့နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်ဆိုတာကြောင့် ဒါတွေကို မထိခိုက်အောင် ကာကွယ်ဖို့ လာတာပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ဥပမာ သံရုံးဆိုရင် ဘယ်သူမှ ထိလို့ရတဲ့အရာ မဟုတ်ဘူးလို့ နားလည်တယ်။ အခု 'ဝ'တပ်ဖွဲ့ဆိုရင်လည်း ဆက်ဆံရေးရုံးဆို တာက အဲဒီမှာရှိနေတဲ့အပေါ် လက်ခံပေးလို့ရတဲ့ အရာပေါ့။ သူ့ဖော်ပြချက်ကတော့ သူ့ရုံး၊ သူ့ပိုင်ဆိုင်မှု၊ သူ့နေရာကို သူဝင်လာတယ်၊ သူကာကွယ်တယ်။ အဲဒီမှာရှိတဲ့ သူ့ရဲ့ဝန်ထမ်းတွေ၊ သူ့ရဲ့လုပ်ငန်းတွေ ကာကွယ်ဖို့အတွက် သူဝင်လာတယ်လို့ပြောတယ်ပေါ့။ သူပြောတဲ့အတိုင်း သူ့ဘက်က သံခင်းတမန်ခင်း ရှုထောင့်ကနေကြည့်ရင်တော့ ဒါမှန်ကန်တယ်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာ ဘာတွေရှိနိုင်သလဲဆိုတာကတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။

 
TREND ။        ။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံရေးအရေ တွေ့ဆုံဆွေးနွေးအဖြေရှာကြရေးနဲ့ ပတ်သက်လို့ အကြံပြု ဖြည့်စွက်ပြောကြားပေးပါဦး။
SKKW  ။        ။
အဓိကကတော့ လက်နက်ကိုင်နဲ့ တိုက်ပွဲတွေဖြစ်လာပြီဆိုရင် ထိခိုက်မှုအများဆုံး ပြည်သူလူထုပါ။ နောက်တစ်ဖက်က ဘယ်နေရာ ဘယ်ဒေသမဆို လက်နက်ကိုင်ပြီဆိုရင် နောက်ဆုံး သူတို့ရပ်တည်ဖို့အတွက်က အခွန်အခတွေပေါ့။ အဲဒီအခွန်အခတွေကို အဲဒီဒေသမှာရှိတဲ့လူတွေကပဲ တာဝန်ယူပေးရတယ်။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပေးရတယ်ဆိုတော့ ဒီတိုက်ပွဲ ပဋိပက္ခတွေကြောင့် နောက်ဆုံးခံရတာက ပြည်သူလူူထုတွေပဲ ခံနေရတာ ဖြစ်နေတယ်။ ဒါကြောင့် ရှိတဲ့အဖွဲ့ အစည်းတွေ အားလုံးအနေနဲ့ နောက်ဆုံး ညှိနှိုင်းပြီးတော့မှ အဖြေရှာကြဖို့ပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့ မတူတာက လက်နက်ကိုင် အဖွဲ့အစည်းတွေက လူမျိုးကို အခြေခံ တယ်။ လက်နက်ကိုင် အဖွဲ့တွေကလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူး။ မတူကြတဲ့အခါကျတော့တ ကယ်ကိုယ်လုပ်တဲ့ လုပ်ရပ်တစ်ခုက ကိုယ့်လူမျိုးနဲ့ပတ်သက်ပြီး အသားပေးလုပ်နေတဲ့အခါကျတော့ ခံနေရတဲ့လူမျိုးက အားမသန် မာန်လျှော့ဆိုသလို ကိုယ်မနိုင်လို့ ကိုယ်ခံလိုက်ရပေမယ့် သူတို့ရဲ့ ရင်ထဲမှာရော သားသမီးမြေးအစဉ်အဆက်မှာရော ဒီနားကျည်းမှုက အမြဲတမ်းပါသွားမယ်။ ဆိုတော့ အဲဒီနာကျည်းမှုက တချို့က လူကြီးတွေက နားလည်နိုင်ပေမယ့် လူငယ်တွေကတော့ အဲဒီခံစားချက်တွေ သားစဉ်မြေးဆက်ပါသွားတဲ့အခါ အဲဒီနာကျည်းမှုက မပျောက်နိုင်ဘူးဆိုတာကိုလည်း သတိထားရမယ့်ကိစ္စလို့ မြင်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တွေအနေနဲ့ လုပ်တဲ့အခါမှာ လူမျိုးနဲ့တစ်မျိုးနဲ့တစ်မျိုး သားစဉ်မြေးဆက် နားကျည်းမှုမဖြစ်စေဖို့ အာလုံးသတိထားဆောင်ရွက် သင့်တယ်လို့ မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ရင်လည်း ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းကို ရှာဖွေပြီးတော့မှ အဲဒီလမ်းကြောင်းပေါ် လာတဲ့အခါမှာလည်း အားလုံးလက်ခံပြီး လုပ်ဆောင်ကြသင့်လို့ အကြံပြုပြော ကြားလိုပါတယ်။
TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(  ၃၀) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 304

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43086

© 2022 - 2025 News. All Rights Reserved.