ငါတို့ လက်နက်ကိုင်လာတာ နှစ်ပေါင်းဘယ်လောက်ရှိနေပြီလဲ၊ ဒီအခြေအနေကနေ မတက်ဘူး။ လက်နက်ကိုင်က လက်နက်ကိုင်ပဲ ဖြစ်နေတာဆိုတဲ့ အတွေးအမြင်အသစ်ဖြစ်ပြီး ပြင်လာမယ်ဆိုရင် ငြိမ်းချမ်းပြီ  ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနု နှင့် တွေ့ဆုံမေးမြန်းခြင်း

 ၂၀၂၄၊ ဇူလိုင် ၁၁
    နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ Great Hall of the People ၌ ဇွန်လ ၂၈ ရက်က ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ချမှတ်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ရန်လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ် ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့လည်း လိုက်ပါသွားကြောင်း သိရသည့်အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် ချမှတ်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖြစ်ခဲ့ပုံ၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် သဘောထားနှင့် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများ နှင့်ပတ်သက်၍ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ လည်းဖြစ်၊ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌလည်းဖြစ်သူ  ဒေါ်သန်းသန်းနုအား တွေ့ဆုံမေးမြန်းထားပါသည်။ 
  
 ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုနှင့် တွေ့ဆုံမေးမြန်းခြင်း
TREND ။        ။ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ပြုလုပ်တဲ့ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ချမှတ်ခြင်း နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခဲ့တဲ့ အခြေအနေကို ဦးစွာပြောပြပါဦး။
DTTN    ။    ။
ဒါကတော့ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ‌ရေးမူ ငါးရပ်ကို လက်မှတ်ထိုးခဲ့တာ နှစ် ၇၀ ပြည့်အခမ်းအနား အထိမ်းအမှတ်ပေါ့။ နှစ် ၆၀ ပြည့်တုန်းက တစ်ကြိမ်လုပ်တယ်။ အခုကတော့ နှစ် ၇၀ ပြည့်ပေါ့။ အမှန်က လက်မှတ်ထိုးခဲ့တာက အိန္ဒိယရယ်၊ တရုတ်ရယ်၊ မြန်မာရယ် သုံးနိုင်ငံပေါ့။ ဒါပေမဲ့ အခု အကြိမ် (၇၀) မြောက်မှာတော့ အိန္ဒိယမပါဘူး။ အိန္ဒိယ မပါဘူးဆိုတာ အကြောင်းအရင်းတော့ မသိဘူး။ နှစ် ၆၀ ပြည့်တုန်းကတော့ အိန္ဒိယသမ္မတကြီးလာတယ်။ ဒါက သူတို့ကိစ္စ သူတို့ရှိမှာပေါ့။ ကျွန်မတို့ အဲဒီရောက်တော့ အစစအရာရာ သူတို့ တာဝန်ယူတယ်ပေါ့။နေဖို့ ထိုင်ဖို့ရော၊ သွားတာလာတာရော အကုန်လုံးသူတို့ တာဝန်ယူတယ်။ အရင်လုပ်တုန်းက အခု သမ္မတကြီး ရှီကျင့်ဖျင်ပဲ၊ နှစ် ၆၀ တုန်းက သူက ခဏပဲစကား ပြောတယ်။ မိန့်ခွန်းပြောတာပေါ့လေ။ ပြောပြီးတဲ့အခါကျတော့ ကျွန်မတို့နဲ့ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့တယ်။အခု ကျတော့ အဲဒီလိုမဟုတ်ဘူး။ အကုန်လုံး အခမ်းအနားမှာ ထိုင်နေကြရော။ ထိုင်နေချိန်မှာ သူတို့သမ္မတကြီး လာပြီဆိုတော့ အားလုံးကမတ်တတ်ရပ်ပြီး အကုန်လုံးက နှုတ်ဆက်ကြတာပေါ့လေ။ ပြီးတော့ တရုတ်သမ္မတကြီးမိန့် ခွန်းပြောတယ်။ မိန့်ခွန်းပြောတာ တော်တော်ကြာပါတယ်။ အမှန်မှာဆို မိန့်ခွန်းပြောသွားတာက အဓိကအချက်ကတော့ သူတို့ တရုတ်နိုင်ငံကနေပြီးတော့ မြန်မာ နိုင်ငံတစ်ခုတည်းတင် မဟုတ်ဘူး။ မြန်မာနိုင်ငံကိုလည်း သူတို့ ကူညီတာပေါ့လေ။ ဒါပေမဲ့ အဲဒီမှာက နိုင်ငံပေါင်း စုံကလာတယ်ဆိုတော့ မြန်မာနိုင်ငံတစ်ခုတည်းကို အဲဒီလို သူမပြောဘူး။ ကမ္ဘာအနှံ့ပေါ့။ သူတို့ ဘယ်လိုကူညီ တယ်ဆိုတာ အဲဒါတွေကို သူမီးမောင်းထိုးပြီး ပြောသွားတယ်။ သူက သူတိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုရော၊ ကမ္ဘာ့နိုင်ငံတွေရဲ့ တည်ငြိမ်အေးချမ်းမှု အဲဒီအတွက် သူတို့ အရမ်းကို ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်း၊ ခေတ်မီနိုင်ငံဖြစ်အောင် လုပ်နေတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောတယ်။ ပြောပြီးတော့ အဲဒီမှာ တစ်ခန်းပြီး သွားတာပေါ့လေ။
    နောက်အစီအစဉ်တစ်ခု နောက်တစ်နေရာ ခန်းမကြီးတစ်ခုမှာ အကုန်လုံးကို ခေါ်သွားပြီးတော့ အဲဒါကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးကနေပြီးတော့ ဧည့်ခံတယ်။ အဲဒီမှာ နေ့လယ်စာစားတယ်။ နေ့လယ်စာ ကျွေးပြီးတဲ့အခါကျတော့ သူက အစုစုလေးတွေ၊ အုပ်စုလေးတွေ ဖွဲ့လိုက်ပြီးတော့ အဲဒီအုပ်စုတွေထဲမှာ ဘယ်သူစကားပြောပါ၊ ဘယ်သူ စကားပြောပါဆိုပြီး ကြိုတင်စီစဉ်ခဲ့တယ်။ ကျွန်မလည်းပြောဖို့ အစီအစဉ်မှာပါတယ်။ ဒါပေမဲ့ ပြောမယ့်သူတွေက များတဲ့အခါကျတော့ သူတို့က တစ်ယောက်ကို သုံးမိနစ်ပဲ အချိန်ပေးတယ်‌ပေါ့။ကျွန်မလည်း သုံးမိနစ်ပြောခဲ့တယ်။ ကျွန်မကတော့ ငယ်ငယ်ကတည်းက တရုတ်ပြည်ရောက်ဖူးတဲ့အကြောင်း၊ ကျွန်မက ကိုးနှစ်သမီးကတည်းက ရောက်ဖူးခဲ့တာကိုး။ အဲဒီအချိန်တုန်းကတော့ ကျွန်မအဖေ (ဝန်ကြီး ချုပ်ဟောင်း ဦးနု)က ဥက္ကဋ္ဌကြီး မော်တို့၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့နဲ့က ပုဂ္ဂိုလ်ရေး အရမ်းရင်းနှီးမှုရှိခဲ့တဲ့ အကြောင်းတွေ ပြောခဲ့တယ်။ ဘယ်လောက် ရင်းနှီးမှုရှိလဲဆိုရင် အိန္ဒိယနိုင်ငံနဲ့ရော၊ တရုတ်နိုင်ငံနဲ့ရော အရမ်း ရင်းနှီးမှုရှိခဲ့တယ်။ အဓိကပြောခဲ့တာကတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်ကိုပဲ အဓိက မီးမောင်းထိုး ပြောခဲ့တာ။ တရုတ်နဲ့မြန်မာနှစ်နိုင်ငံ ဘယ်လောက်ရင်းနှီးတယ်ဆိုတဲ့အကြောင်း ပြောခဲ့တာပေါ့။ အဲဒီညမှာ ကျွန်မတို့ ဧည့်ခံပွဲ၊ ညစာစားပွဲတစ်ခု သွားရတယ်။ နောက်တစ်နေ့ကျတော့ ဇွန်လ ၂၉ ရက် အဲဒီနေ့မှာ စွယ်တော်သွားဖူးခဲ့တယ်။ အဲဒီစွယ်တော်ကလည်း တကယ်တော့ ကျွန်မရောက်ဖူးပြီးပြီ။ အဲဒီ တုန်းကလည်း မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးက စီစဉ်ပေးလို့ ကျွန်မနဲ့ ကျွန်မသားနဲ့ဖူးခဲ့တာ။ အခု တစ်ကြိမ်က ဒုတိယအကြိမ်ဖူးရတယ်ဆိုတော့ ကံကောင်းခြင်းတစ်မျိုးပေါ့။ စွယ်တော်ဖူးပြီး ပြန်လာပြီးတော့ အဲဒီနေ့ နေ့လယ်ပိုင်းကတော့ ကျွန်မတို့ အားလပ်ချိန်ပေါ့။ အဲဒီနေ့က ၂၉ ရက်ဆိုတော့ နောက်နေ့ကျရင် ပြန်ရတော့ မယ်လေ။ အဲဒီ ၂၉ ရက် ညကျတဲ့အခါကျတော့ သမ္မတ ကြီး(ငြိမ်း)ဦးသိန်းစိန်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တယ်။ အဲဒီညပိုင်းမှာတော့ ပေကျင်းမှာရှိတဲ့ မြန်မာသံအမတ်ကြီးက ကျွန်မတို့ကို ထမင်းဖိတ်ကျွေးတယ်။ သမ္မတကြီး(ငြိမ်း) ပါတယ်ဆိုတော့ ဂုဏ်ပြု ညစာစားပွဲ နှုတ်ဆက်တဲ့ပွဲပေါ့။ နောက်နေ့ ဇွန် ၃၀ မှာ ကျွန်မတို့ ပြန်လာတာပေါ့လေ။


TREND ။        ။ မြန်မာနိုင်ငံရဲ့  ဖြစ်ပေါ်တိုးတက် ပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ရော တရုတ်နိုင်ငံဘက်က ဘာတွေပြောလဲ။ 

DTTN    ။    ။ ကျွန်မနဲ့တော့ မပြောဖြစ်ဘူးပေါ့။အငြိမ်းစား သမ္မတကြီးဦးသိန်းစိန်ပါတယ်ဆိုတော့ သူနဲ့တော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့တယ်လေ။ ဘာတွေပြောလဲဆိုတာကတော့ ကျွန်မ မသိဘူး။ ဒါက သူတို့နှစ်ဦး သက်သက်တွေ့ဆုံကြတာ။ ဒါပေမဲ့ မြန်မာ ပြည်အကြောင်းတော့ အဓိက မီးမောင်းထိုးပြောကြမှာပါပဲ။ သမ္မတကြီးကလည်း ပြောမှာပဲ။ တရုတ်ဘက်ကလည်း ပြောမှာပဲ။ ဘာကြောင့်လဲဆိုတော့ အခုဖြစ်နေတဲ့ အခြေအနေတွေကြောင့်ပေါ့။


TREND ။        ။ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအပေါ် သဘောထား အခြေအနေတို့အပေါ် ဘယ်လို သုံးသပ်မိလဲ။
DTTN    ။    ။
ဆက်ဆံရေးက ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဦးသိန်းစိန်က အငြိမ်းစား သမ္မတကြီးအနေနဲ့ သွားပေမယ့်လို့ ဖွင့်ပွဲအခမ်းအနားမှာဆိုရင် တရုတ်သမ္မတကြီးရဲ့ ဘယ်ဘက်မှာ ဦးသိန်းစိန်ကို နေရာပေးထားတယ်။ ကပ်လျက်ပေါ့၊ အလယ်မှာ စားပွဲကြီးတစ်ခုပဲ ခြားတယ်။ နောက်ဒီဘက်မှာက တခြားနိုင်ငံက သံတမန်တစ်ယောက်ထင်တယ်။ အဲဒီလို ထိုင်တယ်ဆိုတော့ ဦးသိန်းစိန်ကို နေရာပေးတယ်။ သမ္မတကြီး(ငြိမ်း)ဦးသိန်းစိန်ကို နေရာပေးတာ သဘောက ကျွန်မတို့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ရှိရင်းစွဲဆက်ဆံရေးနဲ့ နေရာပေးတာပေါ့။ ပြီးတော့ နေ့လယ်စာ ထမင်းကျွေးတဲ့အခါကျတော့လည်း ရှေ့မှာ ခုံတန်းရှည်ကြီးနဲ့ လက်ရှိသမ္မတတွေ၊ အငြိမ်းစားသမ္မတတွေ အရေးပါတဲ့ နိုင်ငံတွေက သံတမန်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဂုဏ်ပြုတဲ့ နေ့လယ်စာကျွေးတာပေါ့။ ကျွေးတဲ့အခါမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက သမ္မတကြီး(ငြိမ်း)ဦးသိန်းစိန်ကို သူ့ဘေးမှာ နေရာပေးတယ်။ ကျွန်မတို့ကတော့ နောက်စားပွဲမှာပေါ့။ အဲဒီလို အမြင်လေးကိုကြည့်ရတာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးက ကောင်းပါတယ်။


TREND ။        ။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ရလဒ်အနေနဲ့ ဘယ်လိုအကျိုးတရားရခဲ့တယ်လို့ ယူဆလဲ။ 
DTTN    ။    ။
ကျွန်မအထင်ကတော့ ရလဒ်တစ်ခုအနေနဲ့ရှိပါတယ်။ အငြိမ်းစား သမ္မတကြီးဦးသိန်း စိန်အနေနဲ့လည်း သူလည်း ကျွန်မတို့တိုင်းပြည်ရဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့တွေ့နေ ရတာပဲလေ။ အဲဒါတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ပြောပြမှာပဲ။ အဲဒီလိုပေါ့။ မြန်မာနိုင်ငံမှာ ဖြစ်နေတာ သူတို့လည်း သိနေတာပဲ၊ ဘာပြောစရာရှိလဲ အဲဒီလိုမဟုတ်ဘဲနဲ့ တကယ်ကို သူရှင်းပြနိုင်တဲ့ အဆင့်မှာရှိတယ်။ အဲဒီရလဒ်ကလည်း ကောင်းပါတယ်။ ရလဒ်ဆိုတာက ဒီလို ပုဂ္ဂိုလ်ချင်းတွေ့ တယ်ဆိုရင် ဒါကတော့ ရလဒ်က ရလဒ်ကောင်း တစ်ခုလို့တော့ ပြောလို့ရနိုင်ပါတယ်။ မတွေ့တာထက်၊ မပြောဖြစ်တာထက်စာရင် ဒီတွေ့ရတယ်ဆိုတာက ရလဒ်ကောင်းထွက်မယ်လို့ မျှော်လင့်ထားပါတယ်။ 


TREND ။        ။ လက်ရှိ မြန်မာနိုင်ငံရေးအပေါ် သုံးသပ်ပြပါဦး။
DTTN    ။    ။
အခုမြန်မာပြည်မှာ ဘယ်လိုရှိနေလဲဆိုတာ အားလုံးသိနေကြတာပဲလေ။ အခုက အား လုံးနဲ့ ထိတွေ့ခံစားနေကြရတာကတော့ ကုန်ဈေးနှုန်းတက်တာတို့၊ ဆူဆူပူပူတွေ ရှိနေတာတို့၊ ဟိုနားဒီနားပေါ့နော်။ အဲဒါတွေကိုတော့ မဖြစ်စေချင်ဘူး။ အဓိကက လတ်တလော ဖြစ်နေတာက ဆန်တို့၊ ဆီတို့။ ဆန်ဆိုတာကတော့ ကျွန်မတို့ မြန်မာပြည်ကထွက်တာ အရင်တုန်းက ဆိုရင် ကမ္ဘာ့ဆန်ထွက်အကောင်းဆုံးနိုင်ငံလို့တော့ ခေါ်နိုင်တယ်။ ပြည်ပကိုလည်း ရောင်းနိုင်တယ်။ ပြီးတော့ ဆန်ကို အလကားပေးတာမျိုး လှူတာတောင်ရှိတယ်။အခုတော့ ဆန်ကဈေးကြီးနေတယ်။ ရှားပါးနေတယ်။ အဲဒါကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဆီရှားပါးတယ်။ အရင်ကဆို စပါးတောင်လိုပုံ၊ ဆီကို ရေချိုးဆိုတာတောင် စကားပုံရှိခဲ့တယ်။ အဲဒီကနေ ဆန်တွေရှားပါး တယ်၊ ဈေးတက်တယ်ဆိုတော့ လူတွေစားရ၊ သောက်ရတာ အခက်အခဲရှိတယ်။ ပြီးတော့ သွားရ၊ လာရတာ လည်း မလုံခြုံတဲ့နေရာ တွေ ရှိတယ်ဆိုတော့ ဒါကတော့ မကောင်းပါဘူး။ ဒါပေမဲ့ ဒါတွေကိုလည်း အုပ်ချုပ်နေတဲ့ အစိုးရ ပုဂ္ဂိုလ်တွေ သိကြမှာပါ။ သူတို့လည်း လုပ်ကြမှာပါ။ မပြီးမပြတ်သေးတာကတော့လည်း မပြီးပြတ် သေး တာရှိမှာပေါ့။ အကုန်လုံးကလည်း ဒီလိုတော့ ဘယ်အဖြစ်ခံချင်ကြမလဲ။ အဲဒီအထဲမှာ ကျွန်မတို့လည်း ပါပါတယ်။ မဖြစ်စေချင်ပါဘူး။ တိုင်းပြည်ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်စေချင်တယ်။ မြန်မာပြည်က အင်မတန် အစာရေစာ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ လှလည်း လှပတဲ့ နိုင်ငံဆိုတော့ အရင်လိုပဲ စည်စည်ကားကားနဲ့ ပြန်ဖြစ် စေချင်တယ်။ စည်စည်ကားကားနဲ့ ဘေးအန္တရာယ် ဘေးကင်းလုံခြုံတဲ့ အခြေအနေအမျိုး ပြန်ဖြစ်စေချင်ပါတယ်။ အစိုးရကလည်း ကာကွယ်ရေးအတွက်၊ ငြိမ်းချမ်း ရေးအတွက် လုပ်မှာပါပဲ။ ဒါပေမဲ့ အခုခက်နေတာ များသောအားဖြင့်က ကိစ္စတစ်ရပ်က နည်းနည်းအခြေ အနေဆိုးလာပြီးဆိုရင် ပုံကြီးချဲ့တာတွေက များနေတယ်။အဲဒီတော့ တချို့သတင်းတွေက ဘယ်ဟာယုံရမှန်း မသိလောက်အောင်ကို ဖြစ်တယ်။ ဟုတ်သလိုလို မဟုတ်သလိုလိုဆိုတော့ အဲဒီလိုမဟုတ်ဘဲနဲ့ လူတွေအားလုံးက အပြုသဘော ဆောင်ပြီးတော့ ဖြစ်ရပ်ဆိုလည်း ဖြစ်ရပ်မှန်ပဲ ပြောကြပေါ့။ နိုင်ငံတည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေး အတွက်ကို ရှေးရှုသင့်တယ်။ အခုက တချို့နေရာတွေ ဘာတွေ ဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ အနေအထားမှာ ရှိနေတယ်။ အကောင်းမြင်ဝါဒတွေ ပျောက်နေတယ်။အဲဒီလို ပျောက်နေတော့ ကျွန်မက အကောင်းမြင်ဝါဒနဲ့ ပြောလည်း အဲဒီအပေါ် အဓိပ္ပာယ်ကောက်တာ၊ လွဲတာတွေလည်း ဖြစ်တတ်တယ်။ အခုက တော်တော်ခက်တယ်။ စည်းစည်းလုံးလုံးရှိဖို့ရယ်၊ အကြောင်းအရာ ကိစ္စတစ်ခုအပေါ် အမှန်ကိုအမှန်အတိုင်း ပြောကြဖို့ရယ်၊ တော်တော်ခက်နေတဲ့ အနေအထားမှာရှိနေတယ်။ တချို့ဟာတွေက တစ်ယောက်နဲ့တစ်ယောက် မသင့်မြတ်ဘူးဆိုရင် အဲဒီမသင့်မြတ်တဲ့ဟာတွေက စကားကြောင့်လည်း ကျယ်ပြန့်ပြီးတော့ အချင်းချင်းက ပိုပိုဆိုးလာတာမျိုး လည်းရှိတယ်။ အဲဒီတော့ အဲဒါတွေက အမြဲတမ်း သတိထားရမယ့် အချက်တွေဖြစ်တယ်။


TREND ။        ။ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ပါတီလမ်းကြောင်း ရွေးကောက်ပွဲနဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်း ရပ်တည်ချက် အမြင်သဘောထားကိုလည်း သိပါရစေ။
DTTN    ။    ။
ကျွန်မတို့ကတော့ ပါတီထောင်ပြီး မှတ်ပုံတင်ကတည်းကိုက ရွေးကောက်ပွဲ ဝင်ကြမယ်ဆိုတာ အားသန်တဲ့ သဘောလည်းရှိပါတယ်။ ရွေးကောက်ပွဲ တကယ်ရက်သတ်မှတ်ပြီးပြီ၊ ကြေညာပြီဆိုရင်တော့ ကျွန်မတို့က အင်တိုက်အားတိုက် ရွေးကောက်ပွဲ ဝင်ကြမှာပါ။ အခုကတော့ စည်းရုံးရေးအတွက်ကလည်း လို သေးတယ်လေ။ အခုအခြေအနေကတော့ စည်းရုံးရေးကတော့ အားလုံးက စည်းရုံးရေးလိုက်လုပ်ဖို့ အင်မတန် ခက်ပါတယ်။ ကျွန်မတို့ပါတီက ရန်ကုန်တိုင်းအတွင်း စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ထားတာဆိုတော့ လူအင်အား ၁၀၀၀ ပြည့်ရင်ရတယ်။ ကျွန်မတို့က ကြားကြားချင်းတော့ အော်၊ လူအင်အား ၁၀၀၀ ဆိုတာ လွယ်လွယ်လေးပေါ့။ ဒါပေမဲ့ အခုလိုအချိန်မှာ လူအင်အား ၁၀၀၀ မပြောနဲ့ ပထမ စစချင်းတုန်းကဆိုရင် လူအင်အား ၁၀၀ စုဖို့တောင် တော်တော်ခက်တယ်။ ဒါကတော့ သူတို့ကိုလည်း အပြစ်တင်လို့မရဘူးလေ။ သူတို့ကလည်း ကြောက်ကြတယ်။ ကြောက်ဖို့လည်း အခြေအနေတွေက ဖန်တီးလာတာကို။ သတ်တာဖြတ်တာတွေပေါ့။ အဲဒါမျိုးတွေ များလာတဲ့အခါကျတော့ လူတွေက နိုင်ငံရေးပါတီနဲ့ ပတ်သက်လာလို့ရှိရင် သိပ်ပြီးတော့ မဆက်ဆံချင်ကြဘူး။ အဲဒါမျိုးရှိတဲ့အခါကျတော့ အဲဒီကြားထဲကပဲ ကျွန်မတို့ ပါတီဝင်တွေက အခက်အခဲကြားကပဲ ပါတီဝင်အင်အား စုစောင်းတာတွေ လုပ်ခဲ့ရတယ်။ အဲဒီတော့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ပြီဆိုရင် ဘယ်လိုအခြေအနေမျိုး ဖြစ်ပေါ်လာမလဲဆိုတာကတော့ ရွေးကောက်ပွဲပြီးမှပဲ ပြောနိုင်မယ်။ အခုအချိန်မှာကတော့ အရပ်သားအစိုးရပေါ်လာမယ်၊လွှတ်တော်ပေါ်လာမယ်ပေါ့။ အဲဒီလို လွှတ်တော်ပေါ်လာရင် နိုင်ငံရေးပါတီတွေကလည်း အချင်းချင်း စည်းရုံးဖို့လိုတယ်။ စည်းရုံးမှု မရှိဘဲနဲ့ နိုင်ငံရေးပါတီတွေက နိုင်လာပြီဆိုတဲ့အခါမှာ တစ်ယောက်တစ်ပေါက်နဲ့ တစ်ယောက်တစ်မျိုး ပြောကြ လို့ရှိရင်လည်း အဲဒါက အခြေအနေတွေက အကျိုးပြုမယ် ဆိုတဲ့ဟာလည်း ဆုတ်ယုတ်တဲ့ အခြေအနေဖြစ်သွားနိုင်တယ်။ အမှန်မှာဆိုရင်တော့ ပါတီတွေအနေနဲ့ ဒါကိုယ့် တိုင်းပြည်တိုးတက်ဖို့ပဲလေ။ အရင်တုန်းကဆိုရင်လွတ်လပ်ရေးရအပြီး ရွေးကောက်ပွဲကျင်းပပြီးခါစမှာ မြန်မာ နိုင်ငံဟာ အရှေ့တောင်အာရှမှာ ဆန်ရေစပါးပေါများ တာရော၊ ပြီးတဲ့အခါကျတော့ တက္ကသိုလ်တို့၊ ဘာတို့တောင် ကျွန်မတို့ မြန်မာပြည်က ထိပ်တန်းရောက်နေတဲ့ နိုင်ငံ၊ တခြားမပြောနဲ့ လေယာဉ်ကွင်းတောင်မှ စင်ကာပူက လူတွေက အဲဒီတုန်းက ဒီလေယာဉ်ကွင်းကို လာကြည့်ကြတယ်လို့ ပြောကြတယ်။ ကျွန်မက ငယ်သေးတော့ မသိဘူးပေါ့၊ သူများတွေ ပြောပြတာ။ တက္ကသိုလ်ဆိုရင်လည်း အင်္ဂလိပ်ခေတ်က ဆောက်သွားတဲ့ တက္ကသိုလ်တွေ‌ပေါ့။ ဘာပဲပြောပြော ဒါကို ကျွန်မတို့က ရှေ့ကို ဆွဲလာနိုင်တယ်ပေါ့။ ဒီတိုးတက်သည်ထက်တိုးတက်အောင် လုပ်လာနိုင်ခဲ့တယ်ပေါ့။ အဲဒီလို လွတ်လပ်ရေးရအပြီးမှာ ရွေးကောက်ပွဲလုပ်တော့ ရောင်စုံသူပုန် တွေကများခဲ့တယ်။ ပြီးတော့ အစိုးရဆိုရင်လည်း ရန်ကုန်အစိုးရပေါ့။ ဒါပေမဲ့ အဲဒီလိုဖြစ်နေတဲ့ကြားက နေပြီးတော့ ခေါင်းဆောင်ပိုင်း ကနေပြီးတော့ မရ၊ ရအောင် အားလုံးတညီတညွတ်တည်း စည်းရုံးပြီးတော့ လုပ်လာခဲ့လို့လည်း အဲဒီအချိန်တုန်းကဆိုရင် တော်တော်နာမည်ကြီးတဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။ အခုလို ပြန်ပြီးတော့ အဲဒီလိုစိတ်ဓာတ်တွေ ပြန်‌မွေးရမှာပေါ့။


TREND ။        ။ အထွေထွေရွေးကောက်ပွဲ အလားအလာ ဘယ်လိုခန့်မှန်း သုံးသပ်ချင်လဲ။
DTTN    ။    ။
ရွေးကောက်ပွဲကတော့ လာမယ့် ၂၀၂၅ မှာ ကျင်းပမယ်လို့တော့ ပြောပါတယ်။ တချို့က မေးကြတယ်၊ ဒီလောက်ဆူပူနေတာ ရွေးကောက်ပွဲ ဘယ်လိုလုပ်မလဲတဲ့။ ဆူပူတဲ့နေရာကို ချန်ထားပြီးတော့ အေးချမ်းတဲ့နေရာတွေမှာပေါ့။ တချို့နေရာချန်ထား လုပ်လို့ရတဲ့နေရာ လုပ် အဲဒါတော့ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မကအိန္ဒိယမှာ နေလာတာကြာပြီဆိုတော့ အိန္ဒိယမှာ အဲဒီလိုမျိုး လုပ်ကြတယ်။ တစ်ခုတော့ရှိတယ်။ အိန္ဒိယမှာ အဲဒီလိုလုပ်တယ်ဆိုတာ  ဒီလို ဆူပူအကြမ်းဖက်မှုတွေကြောင့် မဟုတ်ဘူး။ ဥပမာတချို့ တောင်ပေါ်အရပ်ရှိတယ်။ သူတို့က ရွေးကောက်ပွဲ လုပ်မှာက နွေရာသီပေါ့နော်။ ဘယ်အချိန်မှာ လုပ်မယ်ဆိုပြီး ကြေညာလိုက်တယ်။ ဒါပေမဲ့ အဲဒီဒေသမြို့က မိုးအရမ်းသည်းနေတဲ့နေရာ ဖြစ်ချင်ဖြစ်မယ်၊ ဆီးနှင်းတွေ အရမ်းကျနေတဲ့နေရာ ဖြစ်ချင်ဖြစ်မယ်။ အဲဒီလိုဆိုရင် ရွေးကောက်ပွဲက လုပ်လို့မဖြစ်ဘူး။ မဖြစ်တော့ သူတို့က အဲဒီနေရာကို ချန်ထားခဲ့တယ်။ အဲဒီ အနေအထားမျိုး ရွေးကောက်ပွဲ ကျင်းပလို့ရတယ်။ ဖြစ်နိုင်တဲ့ အလားအလာကို ပြောပြတာပေါ့။


TREND ။        ။ ရွေးကောက်ပွဲကို မလိုလားတဲ့သူတွေ ရှိနေတယ်ဆိုတော့ ရွေးကောက်ပွဲသာမရှိဘူးဆိုရင် တိုင်းပြည်ဟာ ဘယ်လိုပုံစံ အခင်းအကျင်းမျိုးနဲ့တွေ ပေါ်ပေါက်လာနိုင်လဲ။
DTTN    ။    ။
ရွေးကောက်ပွဲက ရှိကိုရှိမှ ဖြစ်မှာ။ ရွေးကောက်ပွဲလုပ်မှ အရပ်သားအစိုးရပေါ်လာမယ်။ ရွေးကောက်ပွဲမလုပ်ရင် အရပ်သားအစိုးရပေါ်လာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လွှတ်တော်ခေါ်ဖို့ ရှိသေး တာကို။ ဝန်ကြီးချုပ်ကလည်း မကြာခဏပြောပါတယ်။ ရွေးကောက်ပွဲလုပ်ပြီး။ ထွက်ပေါ်လာတဲ့ အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီးတော့ လွှတ်တော်တွေ၊ ဘာတွေ ခေါ်ပေးမယ်ဆိုတော့ အဲ့ဒီအတွက်ကို ကျွန်မတို့က ရအောင်လုပ်ရမှာပဲလေ။ ရွေးကောက်ပွဲက မဖြစ်မနေ လုပ်ကိုလုပ်မှ ဖြစ်မယ်။ အခုလို တစ်‌ယောက်တစ်မျိုးစီ ဖြစ်နေမယ့်အစား ရွေးကောက်ပွဲ လုပ်လိုက်လို့ရှိရင် တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းတဲ့လမ်းကြောင်းထဲကို ဝင်လာစေချင်တယ်။ အဲဒီလို ငြိမ်းချမ်း တဲ့ လမ်းကြောင်းထဲဝင်ရင် ပိုကောင်းတယ်။ ငြိမ်းချမ်းရေးအတွက်ကတော့ ဦးသိန်းစိန်လက်ထက်တုန်းက စလုပ်ခဲ့တာ။ အဲဒီတုန်းက ၁၀ ဖွဲ့ပေါ့။ ၁၀ ဖွဲ့က သဘောတူညီ လက်မှတ်ရေးထိုးခဲ့တာ။‌ နောက်တော့ အဲဒီ ၁၀ ဖွဲ့ကနေ ဟိုတစ်ဖွဲ့က နုတ်ထွက်၊ ဒီတစ်ဖွဲ့ကနုတ်ထွက် အဲဒါမျိုးလည်း ရှိခဲ့တာပေါ့။ အဲဒီတော့ အဲဒီလိုမလုပ်ဘဲနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်း သူတို့လည်း လက်နက်ကိုင်လာပြီး တိုက်လာတာ နှစ်ပေါင်းကြာပြီလေ။ သူတို့မှာ မှန်တဲ့လမ်း ကြောင်းလိုက်ပြီး စဉ်းစားပေးရင်ကောင်းမယ်။ လွတ်လပ်ရေးရပြီးကတည်းက ဒီလိုပဲ လက်နက်ကိုင်ဆိုတဲ့ နာ မည်ကြီး အတပ်ခံနေရတာ။ အခု ရွေးကောက်ပွဲ ဖြစ်တဲ့အခါကျရင် ရွေးကောက်ပွဲဝင်မယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း လက်ခံတယ်ဆိုရင် သူလည်း တရားဝင်ပါတီ ဖြစ်လာပြီပေါ့။ အဲဒီလိုဖြစ်လာပြီဆိုရင် ရွေးကောက်ပွဲကို လုပ်မယ်။ ဆူတာပူတာတွေက သက်သာငြိမ်းချမ်းသွားမယ်။ သတ်တာဖြတ်တာတွေလည်း နည်းသွားမယ်။ အဲဒီလိုဆိုရင် ကျွန်မထင်တယ်။ အခုလို ဖြစ်ပျက်နေတာတွေ အကုန်လုံး ငြိမ်းချမ်းသွားမယ်ထင်တယ်။


TREND ။        ။ လက်နက်ကိုင်မှပဲ နယ်မြေချဲ့ထွင်လို့ရမယ်၊ အာဏာရမယ်ဆိုတဲ့ အယူအဆလွှမ်းမိုးနေတဲ့ အခါကျတော့ လက်နက်ကိုင်ပြဿနာ ပြေလည်ချုပ် ငြိမ်းရေးနဲ့ တွေ့ဆုံဆွေး‌နွေးရေး လမ်းကြောင်းပေါ် ရောက်ရှိလာရေး ဘယ်လိုနည်းလမ်းတွေနဲ့ စပြီး ဖော်ဆောင်တယ်လို့ မြင်လဲ။
DTTN    ။    ။
အဲဒါကတော့ ဘေးကလူက ပြောတာထက်၊ လက်နက်ကိုင်ထားတဲ့သူတွေက အတွေး အခေါ်အသစ်ပေါ့။ လက်နက်ကိုင်လမ်းစဉ် လိုက်လာကြ တဲ့သူတွေက ငါတို့လက်နက်ကိုင်လာတာ နှစ်ပေါင်းဘယ် လောက်ရှိနေပြီလဲ၊ ဒီအခြေအနေကနေ မတက်ဘူး။ လက်နက် ကိုင်က လက်နက်ကိုင်ပဲ ဖြစ်နေတာဆိုတဲ့ အတွေးအမြင်အသစ်ဖြစ်ပြီး ပြင်လာမယ်ဆိုရင် ငြိမ်းချမ်းပြီ။ ကျွန်မတို့လည်း လက်နက်ကိုင်ဆိုပြီးတော့ နာမည်တပ်ရတာ မကြိုက်ပါဘူး။ အကုန်လုံးက ဒီအေးအေးချမ်းချမ်းနဲ့ ဒီတိုင်းပြည်မှာ အခြေအနေကောင်ရောက်ဖို့ ဒီလိုမှပဲရမှာ။ မဟုတ်ရင်တော့ ဒီပုံစံအတိုင်းပဲ သွားနေမှာပဲ။ ဒါကြောင့် လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေက ဘယ်ကိစ္စမဆို ဘေးကနေလုပ်ပေး တာထက် ကိုယ့်ဘာသာပြင်မှ ပဲရမှာ။ ကိုယ့်ဘာသာပြင်လို့လည်း ရနိုင်ပါတယ်။ ကျွန်မကတော့ အဲဒီလိုပဲ မြင်တယ်။ ဟုတ်တယ်လေ။ တခြားမတွေးနဲ့ အဲဒီလိုပေါ့။ ရှေ့က မျိုးဆက် အဆက်ဆက်က လက်နက်ကိုင်လမ်းစဉ် လိုက်လာကြတဲ့သူတွေကို ပြောတာပေါ့။ အဲဒီတော့ လူတွေက ငါတို့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်လိုက်ပြီး‌တော့ ပင်မရေစီးကြောင်း ထဲမှာ ဝင်ကြမယ်ဆိုလို့ရှိရင် တစ်ဖွဲ့က အဲဒီလိုဆုံးဖြတ် လိုက်ပြီးတော့ ပစ်တာခတ်တာတွေကို ရပ်ဆိုင်းလိုက်မယ် ဆိုရင် ဒါက ကိုယ့်အပေါ်မှာပဲတည်တယ်။ တခြားလူက သွားပြီး တရားဟောလို့လည်းမရဘူး။ ဘယ်လိုပြောပြော ရှေ့မှာ လုပ်ပြနေတာပဲ မရဘူးလေ။ ဆိုးသည်ထက်သာ ဆိုးလာတာ။


TREND ။        ။ လက်ရှိနိုင်ငံရဲ့ အထွေထွေ အကျပ်အတည်း ကျော်လွှားနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်ပေးသင့်လဲ။
DTTN    ။    ။
အခုဖြစ်နေတဲ့ ပြဿနာတွေထဲမှာ တချို့အပိုင်းတွေကျတော့ မသမာမူတွေရှိတဲ့အတွက်ကြောင့် ပြဿနာတွေ ကြီးထွားသည်ထက် ကြီးထွားလာတာ။ အဲဒီတော့ နစကအစိုးရအနေနဲ့ ရှိတဲ့ပြဿနာတွေကို ကိုင်တွယ်တဲ့နေရာမှာ ပြတ်ပြတ်သားသား ကိုင်တွယ်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အခုလည်း အစိုးရအနေနဲ့ လုပ်ကြမှာပါပဲ။ ဒါပေမဲ့ ဒီ့ထက်ပိုပြီးတော့ တိတိကျကျပေါ့လေ။ အခုဟာက တစ်ခါတလေကျရင် လုပ်တော့လုပ်ပါတယ်။ ဒါပေမဲ့ အောက်ခြေက တစ်ခါနည်းနည်း ကိုယ့်သဘောနဲ့ကိုယ် လုပ်တဲ့ဟာမျိုးတွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ အကုန်လုံးက အပေါ်ကနေ တင်းတင်းကျပ်ကျပ် လုပ်လိုက်လို့ ရှိရင်တော့လည်း အားလုံးက အဆင်ပြေသွားလိမ့်မယ်ထင်ပါတယ်။ ဥပမာ ဆန်ကိစ္စ ကနေပြီးတော့ ဆီဈေးတက်တာ၊ ကုန်ဈေးနှုန်းတက်တာနဲ့ဆိုတော့ တခြားဟာတွေပါ လိုက်တက်ပြီး တက်သွားရော။ အခုတော့ ဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ လိုက်ရောင်းပေးတာ လုပ်နေတာတွေ့ရတယ်။ အဲ့ဒါတွေကတော့ အရင်ကတည်းက ဖြစ်သင့်တဲ့ ကိစ္စတွေပေါ့လေ။ ဒါကြောင့် တင်းကျပ်မှုတစ်ခုကတော့ လုပ်သင့်တယ်လို့ ထင်ပါတယ်။
TREND ။        ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
 ( ညီသစ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Facebook Page

X (Twitter) Channel

Viber Channel

Telegram Channel

Youtube Channel

Tiktok Channel
 

Total Views ~ 332

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43086

© 2022 - 2025 News. All Rights Reserved.