၂၀၂၄ အောက်တိုဘာ ၃
'နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတာက အဖိတ်အစဉ်အနည်းဆုံးနဲ့ တိုင်းပြည်အတွက် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ အကောင်းဆုံးနည်းလမ်းပဲ . . .'
PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့မှုအပါအဝင် NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်တွေ ချဲ့ထွင်တာမျိုးတွေ မလုပ်ဘူးဆိုတဲ့ MNDAA ရဲ့ သဘောထားထုတ်ပြန်ကိစ္စ၊ MNDAA ၊ TNLA၊ NUG တို့က အမေရိကန်ဆီက နှစ်စဉ် ဒေါ်လာသန်း ၂၀၀ ခန့်ရနေတဲ့ ကိစ္စတို့နဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီဒုဥက္ကဋ္ဌ ဦးတင်ဆွေရဲ့ အမြင်သဘောထားများကို ဆက်သွယ်မေးမြန်းထားပါတယ်။
TREND ။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာပြည်လာတော့ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောသွားတယ်။ ပြီးတော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး တရုတ်နိုင်ငံအနေနဲ့ အလေးထား ပူးပေါင်းဆောင်ရွက်နေတယ် ပြောသွားပါတယ်။ ဒီအပေါ် ဘယ်လိုမြင်လဲ။
UTS ။ ။ အဲဒါကတော့ မှန်တယ်။ သူက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှ သူ့ရဲ့စီးပွားရေးတို့၊ နယ်စပ်ကိစ္စတို့ သူ့ရဲ့စီးပွားရေးက မြန်မာနိုင်ငံမှာ အများဆုံး မြှုပ်နှံတယ်။ သူပြီးတော့မှ စင်ကာပူက ဒုတိယ။ ရေနက်ဆိပ်ကမ်းတွေဆိုရင် တရုတ်ကလုပ်ပြီးတော့ ဂက်စ်လိုင်းရော၊ ရေနံလိုင်းရော နှစ်ခုရှိ တယ်လေ။ ဒါကြောင့် မြန်မာနိုင်ငံတည်ငြိမ်ဖို့က အရေးကြီးတယ်။ ပြီးတော့ ကုလသမဂ္ဂရဲ့ ကိုယ်စား လှယ်ကိုလည်း တရုတ်က ပြောပြတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ ပြောတယ်။ ရုရှားသံအမတ်ကလည်း ဒီလို ပြောသွားတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ပြည်ပ နိုင်ငံက ဝင်ရောက်မစွက်ဖက်ဖို့ ပြောသွားတယ်ဆိုတော့ သူတို့ပြောတာတွေက အမှန်တွေပါ။
TREND ။ ။ သြဂုတ်လကုန်ပိုင်းလောက်မှာပဲ ရှမ်းမြောက်က တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ TNLA ကို တရုတ်နိုင်ငံက သတိပေးစာပေးပို့ခဲ့တယ်လို့ သိရတယ်။ ဒီအခြေအနေတွေအပေါ် ဆက်စပ်သုံးသပ်ပေးပါဦး။
UTS ။ ။ ကိုးကန့်ဆိုတာကတော့ တရုတ်စာရေးတယ်၊ တရုတ်စကားပြောတယ်။ တရုတ်စာကို အသိအမှတ်ပြုတယ်။ နောက်ပြီး သူတို့က တရုတ်လူမျိုး လည်းဖြစ်တယ်။ အဲဒီတော့ တရုတ်ပြည်ကနေ ကိုးကန့်ကို အပစ်ရပ်ဆိုတော့ ကိုးကန့်ကရပ်တယ်။ TNLA က တကယ်တော့ တရုတ်ရဲ့ အောက်မှာရှိတာ မဟုတ်ဘူး။ပြီးတော့ TNLA ကို အပစ်ရပ်ဖို့ပြောတဲ့အချိန်မှာ TNLA က တောင်ခမ်းကို တိုက်နေတာပဲလေ။ ပြောချင်တာက TNLA က တရုတ်ရဲ့ Control အောက်မှာ မဟုတ်ဘူး။သူက 'ဝ'နဲ့ KIA လက် အောက်ကနေ တက်လာတယ်။သူနဲ့ မျိုးနွယ်တူတဲ့ 'ဝ'ဆီ ရောက်သွားတယ်။ ၁၀၂၇ စစ် ဆင်ရေးမှာ MNDAA ရယ် အကုန်လုံးနဲ့ ပေါင်းပြီးတော့ တိုက်ခဲ့တာလေ။ တကယ်တော့ တရုတ်က ကြိုးကိုင်တဲ့သူ မဟုတ်ဘူး။ ဒါကြောင့်လည်း အပစ်ရပ်ဖို့ စာပို့တာကို သူမရပ်တာလို့ မြင်တယ်။ NUG နဲ့ ပူးပေါင်းပြီး အမေရိကန်ရဲ့ ကြိုးကိုင်မှုအောက်မှာ ရောက်နေတယ်လို့ မြင်တယ်။
TREND ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာတော့ MNDAA က NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ခြင်း၊ စစ်မြေပြင်တွေ ချဲ့ထွင်တာမျိုးတွေ မလုပ်ဘူးလို့ သဘောထားထုတ်ပြန်ချက် ထုတ်လာတာ တွေ့ရတယ်။ ဒီအခြေအနေအပေါ် သုံးသပ်ပေးပါဦး။
UTS ။ ။ အဲဒီစာက စက်တင်ဘာ ၄ ရက်မှာ စထုတ်တယ်။ ထုတ်ပြီး ပြန်ဖြုတ်သွားတယ်။ နောက် ဒုတိယအကြိမ်မှ စက်တင်ဘာ ၁၈ ရက်မှာ အဲဒီစာ ထပ်ထုတ်လာတာ။ ထုတ်ပြီး ရပ်လိုက်တယ်ဆိုတာကတော့ အဲဒီအချိန်မှာ ကြေညာပြီးတော့မှ ရသလောက်တိုက်နေတယ်၊ တိုက်တာအဆင် ပြေနေလို့ စာက ပြန်ရပ်ထားတာလို့ မြင်တယ်။ ဆက်စပ်ပြီးတော့မှ တရုတ်နိုင်ငံခြား ရေးဝန်ကြီးလာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကိုသိသွားတယ်၊ အဲဒီနောက် တရုတ်က ဖိအားပေးတွေပေးလို့ ဒီစာကို နောက်တစ်ကြိမ် ပြန်ထုတ်ခဲ့တာလို့ မြင်တယ်။ စာထုတ်ပြီး TNLA နဲ့ပေါင်းပြီး ရသလောက်တိုက်သွားတယ်၊ အမှန်ကတော့ အခြေအနေကောင်းရင် သူတို့ဘက်က ရသလောက်ယူမယ်ဆိုပြီး အခြေအနေကလည်း ဖန်တီးလာတော့ ဆက်တိုက်ခဲ့တာပေါ့။ အဲဒီလိုတိုက်ပြီးတော့မှ စာကို ဒုတိယအကြိမ် ပြန်ထုတ်ခဲ့တာပေါ့။ ပြောချင်တာက နယ်စပ်မှာရှိတဲ့ ကိုးကန့်တို့၊ ဘာတို့ဆိုတာ သူ့ရဲ့စားဝတ်နေရေး၊ ဖွံ့ဖြိုးရေးနဲ့ဓာတ်ဆီကအစ တရုတ်ပေးမှရတာလေ။ တရုတ်က ပိတ်လိုက်တာနဲ့ ကိုးကန့်က ဆန်ကအစ စားသုံးကုန်၊ လူသုံးကုန်တွေ၊ မော်တော်ကား၊ ဓာတ်ဆီတွေကအစ တရုတ်ဘက်က တင်တာဆို တော့ တရုတ်ရဲ့သြဇာက MNDAA မှာ အများကြီးရှိနေတယ်။လက်ရှိကလည်း သူက ဆက်မတိုက်ဘူး ဆိုတာ မြင်နေရတယ်။ ပလောင် TNLA ကတော့ အဲဒီလို ပြောတဲ့အချိန်မှာ တောင်ခမ်းဆိုတဲ့ နေရာကို တိုက်နေတုန်း၊ ဒီနေရာလေးက အရေးကြီးတယ်။ ဒီနေရာလေးရရင် ပြင်ဦးလွင်ကို အသာလေးတိုက်လို့ ရပြီလို့ တွက်ထားတာ။ ပြင်ဦးလွင်ဆိုတာကလည်း အချက် အချာနေရာလေ။ ပြင်ဦးလွင်ခရိုင်နဲ့ မန္တလေးကလည်း ချိတ်နေတာ။ မန္တလေးတိုင်းထဲက ခရိုင်မြို့တစ်ခုပဲလေ။ သူပြီးတာနဲ့ မန္တလေးတို့၊ မတ္တရာတို့က ချိတ်နေတာ။ ဒါကြောင့် ပလောင်တွေက ဆက်တိုက်နေတာလေ။ ဒါကြောင့် ပလောင်က တရုတ်ရင်ခွင်ထဲမှာ မရှိဘူးလို့ မြင်တယ်။ NUG ကနေ အမေရိကန်ရဲ့ ထောက်ပံ့နေတဲ့အထဲမှာ AA ရယ်၊ သူရယ်ပါနေ တယ်လို့မြင်တယ်။ MNDAA ကတော့ NUG နဲ့ လက်မ တွဲပါဘူးဆိုပြီး ကြေညာတယ်။ စစ်ကိုလည်း ရှေ့ဆက်မတိုက်တော့ပါဘူးလို့ ကြေညာတယ်။ 'ဝ'တို့၊ MNDAA တို့ဆိုတာ တရုတ်ကပိတ်လိုက်ရင် စားဝတ်နေရေးကအစ ထွက်ပေါက်မရှိတော့ဘူးလေ။ ဒါကြောင့် တရုတ်ရဲ့ ဖိအားအများ ကြီးရှိလို့ MNDAA က ဒီလို ကြေညာချက်ထုတ်တာလို့ မြင်တယ်။
TREND ။ ။ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲမှာ တောင်ကြီးနဲ့ မန္တလေးကို လုံးဝမတိုက်ဘူးဆိုတဲ့ အချက်ပါတယ်။ ပြီးတော့ မြန်မာ့အရေးကို တရုတ်က ကြားဝင် ဖြေရှင်းပေးဖို့ဆိုတာလည်းပါနေတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။
UTS ။ ။ သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးတုန်းက တရုတ်ကပဲ ကြားဝင်တာလေ။ တရုတ်က KIA နဲ့ သွားတွေ့လိုက်၊ တော်ကြာ AA နဲ့ တွေ့လိုက်၊ ဟိုင်ဂင်ဆွေးနွေးပွဲလည်း လုပ်လိုက်နဲ့ သူလုပ်နေတာ၊ တရုတ်ပဲ လုပ်နေတာပေါ့။ အဓိကတော့ MNDAA ရဲ့ နောက်ခံက တရုတ်ဖြစ်တဲ့အတွက် တရုတ်ကြားဝင်ဖို့က ပိုနီးစပ်တယ်။ ဒါကြောင့် သူက တရုတ်ကြားဝင်ဖို့ ပြောရမှာပဲလေ။ အန်ကယ်တို့ အမြင်ကကျတော့တို့ပြည်တွင်း ရေးဖြစ်တဲ့အတွက်ကို လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းရေးကို ဘယ်သူမှကြားမဝင်ဘဲ လုပ်တာပိုနှစ်သက်တယ်။ ဒါကြောင့်လည်း တရုတ်ပြည်ကို ကုလသမဂ္ဂက အမျိုးသမီးတစ်ယောက် ရောက်လာတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်နိုင်ငံကမှ ဝင်မစွက်ဖို့ ပြောခဲ့တာကို။ ဒါတွေက အမှန်ပဲလေ။တို့ပြည် တွင်းရေးမှာဖြစ်တဲ့ကိစ္စက တို့အချင်းချင်းပဲ ဖြေရှင်းဆုံး ဖြတ်ဖို့ နှစ်သက်တယ်။
TREND ။ ။ နောက်တစ်ချက်က MNDAA ၊ TNLA တို့က NUG နဲ့ မဟာမိတ်ဖွဲ့ပြီး အစိုးရကို တိုက်ခိုက်တယ်။ ပြီးရင် အမေရိကန်ဆီကနေ နှစ်စဉ် သန်း ၂၀၀ ရယူနေတဲ့ကိစ္စအပေါ် ဘယ်လိုမြင်လဲ။
UTS ။ ။ အမေရိကန်က သိတဲ့အတိုင်းပဲ နဂိုကတည်းက Proxy war ဆိုပြီးတော့ ဗီယက်နမ်ဆိုရင်လည်း ချဉ်းကပ်လာခဲ့တယ်။ ဟိုတုန်းကလည်း တရုတ်ပြည်တုန်းက လေယာဉ်တွေနဲ့ ကာဘိုင်တွေ၊ ကျည်ဆန်တွေပို့တယ်။ ပို့ပြီးတော့ တရုတ်ပြည်ကြီးကို ဝိုင်းပတ်ဖို့လေ။ တရုတ်ပြည်က တောင်တရုတ် ပင်လယ်ကိုလည်း အမေရိကန်က ပိတ်တယ်။ ဒီဘက်က တို့မြန်မာပြည်ရဲ့ ထွက်ပေါက်က သူ့အတွက် လမ်းအတိုဆုံးပဲလေ။ ဒါကို ပိတ်ဖို့ဆိုရင် မြန်မာပြည်က မငြိမ်မသက်ဖြစ်နေပြီး စစ်ဖြစ်နေဖို့ အမေရိကန်က လိုလားနေတယ်လေ။ ဒါကြောင့် NUG ကို သန်း ၂၀၀ ပေးတယ်။ NUG က ပုဂ္ဂိုလ်တွေကလည်း KIA ကလူတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့တာ၊ သွားလာနေတာတွေဟာ ဒါတွေက ချိတ်ဆက်နေတယ်လေ။ NUG က ဒီလို အမေရိကန်ဆီက ဒေါ်လာယူပြီးတော့ သူ့ရဲ့ လှုပ်ရှားမှုကတော့ ရှင်းပါတယ်။ သူ့ရဲ့ အောက်မှာ PDF တွေရှိတယ်။ စစ်ရေးပစ်မှတ်ကို မတိုက်ဘဲနဲ့ အရပ်သားပစ်မှတ်တွေကို ဘာကြောင့်တိုက်သလဲ၊ ပြောချင်တာကတော့ NUG ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိနစကရဲ့ ရွေးကောက်ပွဲမဖြစ်ဖို့ဘဲ။ ရွေးကောက်ပွဲဖြစ်သွားပြီဆိုတာနဲ့ တက်လာမယ့် အရပ်သားအစိုးရ တရားဝင် ဖြစ်တဲ့အတွက်ကို သူ့ကို အသိအမှတ်ပြုလိုက်ပြီဆိုရင် NUG က အလိုလို ရည်မှန်းချက်တွေ ပျောက်သွားမယ်လေ။ ဒါကြောင့် NUG ကတော့ ရွေးကောက်ပွဲမဖြစ်ဖို့နဲ့ စစ်ဖြစ်နေဖို့က သူ့ရဲ့အလုပ်ပဲလို့ မြင်တယ်။
TREND ။ ။ နစကအစိုးရက အကြမ်းဖက် အဖွဲ့အစည်းပါလို့ ကြေညားထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေးအရေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်ချက်နဲ့ ပတ်သက်ပြီး အန်ကယ့်အမြင်လေး သိပါရစေ။
UTS ။ ။ လာမယ့် အောက်တိုဘာ ၁၅ ရက်ဆိုရင် NCA နှစ်ပတ်လည်နေ့ရှိတယ်။ ဒီစာချုပ်ကလည်း ဒီနေ့အထိ အခိုင်အမာရှိနေတယ်။ နစကအစိုးရကလည်း ဒီလမ်းကြောင်းအတိုင်း သွားနေတယ်။ ဆိုတော့ အကြမ်းဖက်ပါလို့ ကြေညားထားတဲ့ အဖွဲ့တွေကို ဘာကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့တာလဲလို့ စဉ်းစားမိတယ်။ အဲဒီသုံးဖွဲ့လုံးက နဂိုတုန်းက ပြည်သူတွေရယ်၊ အမျိုးသားရေးအဖွဲ့တွေက မင်နေကြတာက တရုတ်ရဲ့ လက်ချက်ဆိုပြီး မြင်နေကြတာ။ တရုတ်ကို မုန်းတီးရေးတွေ ဖြစ်လာတယ်။သေချာကြည့်လိုက်တော့ အခု NUG နဲ့ ချိတ်ဆက်ပြီးတော့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပေး ထားတာ။ ဒါကို နစကအစိုးရက တရုတ်ကို Information ပးလိုက်တော့ တရုတ်က တကယ်တော့ သူမွေးထားတဲ့သူတွေက သူမပိုင်ဘူးဆိုတာ တွေ့သွားတာပေါ့။ အဲဒီလို အခြေအနေမှာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် တစ်ဖက်က လူတွေက အမေရိ ကန်ဘက်ကိုပါတဲ့သူတွေကို တို့ဒီကဘာပဲဖြစ်ဖြစ် နိုင်ငံရေးအရ ထိန်းလိုက်တာပဲလို့မြင်တယ်။ အရင်ကလည်း ဦးသိန်းစိန်လက်ထက်တုန်းကလည်း လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကိုစွန့်ပြီး ပါတီတွေထောင်၊ ပါတီထောင်ပြီး ဖွဲ့စည်းပုံပြင်ဖို့ ပြောခဲ့တာ။ အခုလည်း အဲဒီပုံစံလို့မြင်တယ်။ ဒါကြောင့်မို့လည်း အကြမ်းဖက်လို့ ကြေညာထားတဲ့ သူတွေကို လက်နက်ကိုစွန့်ပြီး နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်းဖို့ လာပါလို့ခေါ်တာက တစ်ခါတည်း သူတို့ကို ချုပ်လိုက်တာလို့မြင်တယ်။ သူတို့ ဖွင့်ပေးထားပါတယ်၊ နောက်တော့မှ သူတို့က ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောလို့ မရဘူးဆိုပြီး သူတို့ချုပ်လိုက်တဲ့ သဘောလို့ မြင်တယ်။ ဒါကြောင့်လည်း လက်ရှိ နစကအစိုးရက ဒါကို ဖြေရှင်းချင်လို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီးခေါ်ခဲ့တာ။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် ပြည်ပနိုင်ငံတွေမပါဘဲ ဖြေရှင်းတာ အကောင်းဆုံးလို့ မြင်တယ်။ လက်ရှိက ၂၀၀၈ ဖွဲ့စည်းပုံက ရှိနေတယ်လေ။ ၂၀၀၈ ဖွဲ့စည်းပုံအရ အရေးပေါ်ကာလ အစိုးရက နိုင်ငံတော်အာဏာကို လက်လွှဲ ယူထားရတဲ့အခါမှာ ဖွဲ့စည်းပုံထက် ဘောင်ကျော်ပြီး လုပ်လို့လည်းမရဘူး။ ပေးလို့လည်းမရဘူး။ ဒီဘောင်ထဲကပဲ ဆွေးနွေးလို့ရမယ်။ ဥပမာပြောရရင် လက်ရှိသူတို့ တိုက်ယူထားတဲ့ နေရာတွေကနေ မဆုတ်ပါဘူးဆိုရင် လက်ရှိ နစကအစိုးရက ပေးလို့မရဘူး။ ဖွဲ့စည်းပုံမှာက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ငါးနေရာရယ်၊ တိုင်းဒေသကြီး၊ ခရိုင်တွေဆိုပြီးတော့ 'ဝ'ကို ပေးထားတာ။ အဲဒီအပြင် ပိုပေးလို့မရဘူး။ ဘာကြောင့်လဲဆိုရင် လွှတ်တော်မရှိဘဲနဲ့ ပေးလို့လည်းမရဘူး။ ဒါကြောင့်မို့လို့ ဆွေးနွေးမယ်ဆိုရင် အရင် ၁၀၂၇ မတိုင်ခင်က တည်မြဲနေတဲ့အတိုင်းပဲ ပြန်နေမှပဲဆွေးနွေး လို့ရမယ်လို့မြင်တယ်။ ပြောချင်တာကတော့ လက်နက်ကိုင်အဖွဲ့တွေအတွက် ဒီအချိန်ဟာ အကောင်းဆုံးဖြစ်တယ်ဆိုတာကို သတိပေးလိုက်တာလို့မြင်တယ်။ လိုက်လျောပြီး သတိပေးတာပါပါတယ်။ မင်းတို့အပစ်ရပ်ရမယ်၊ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောသွားတာ။ အဲဒီလိုမဟုတ်ဘူးဆိုရင် နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါ တပ်က တိကျတဲ့ပစ်မှတ်တွေ လုပ်လာနိုင်တယ်။ ဒါကြောင့် သူတို့ကို အခွင့်အရေးပေးတယ်လို့ မြင်တယ်။ အခွင့်အရေးလည်း ပေးတယ်၊ သတိလည်းပေးတာလို့ မြင်ပါတယ်။
TREND ။ ။ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပါဝင်ဖို့ဆိုပြီး ဖိတ်ခေါ်ထားချက်နဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး။
UTS ။ ။ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ့် လမ်းကြောင်းက အဖိတ်အစဉ်အနည်းဆုံးနဲ့ တိုင်းပြည်အတွက် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ အကောင်းဆုံးနည်းလမ်းပဲလို့ မြင်တယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ KIA ကို အဲဒီလိုပြောခဲ့တယ်။ KIA က တပ်သားတွေက သေနတ်မကိုင်ဘဲ Laptop ကိုင်ချင်မှာပဲလို့ ပြောခဲ့တာ။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံမှာရော၊ NCA လမ်းကြောင်းမှာရော ခင်ဗျားတို့ ဖက်ဒရယ်သွားချင်လား၊ ဘယ်ဥပဒေပုဒ်မတွေ ပြင်ချင်လဲ။ ရတယ်၊ ခင်ဗျားတို့ လက်နက်ကိုစွန့်ပြီး ပါတီထောင်၊ ပါတီထောင်ပြီး လွှတ်တော်လမ်းကြောင်းကမှ ပုဒ်မ ၄၃၆ လမ်းကြောင်း အရ ပြင်ပါလို့ပြောခဲ့တာ။ အခု နစကအစိုးရကလည်း ဖိတ်ခေါ်တယ်။ ဒါကြောင့် ဒီလမ်းကြောင်းက တိုင်းပြည် စီးပွားရေးက မဆုတ်ယုတ်တော့ဘူး။ နိုင်ငံရေးကလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ တိုင်းပြည်ရဲ့တကယ့်အရင်း အမြစ်တွေလည်း မဆုံးရှုံးတော့ဘူးပေါ့။ ဒီလမ်းကြောင်းက အကောင်ဆုံးလို့မြင်ပါတယ်။ တကယ်တော့ သူတို့ ပြည်သူတွေက လက်နက်နဲ့ မအုပ်ချုပ်ဘဲနဲ့ သူတို့ကို လိုလားတယ်ဆိုရင် ပါတီထောင်လိုက်လေ။ သူ့ပြည်နယ်မှာ သူပါတီထောင်လိုက်၊ ပါတီထောင်ပြီးရင် လွှတ်တော်ထဲ ရောက်လာရင် တောင်းလို့ရတယ်လေ။ ဖွဲ့စည်းပုံပြင်ဆင်ရေး အဲဒီမှာ ပြောဆိုဆွေးနွေးလို့ ရတယ်လေ။ ဖွဲ့စည်းပုံမှာက အပြည့်အစုံ ပါပြီးသား၊ ဒါကြောင့် ဒါက အကောင်းဆုံးနည်းလမ်းလို့ မြင်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သူတို့အတွက် အခွင့်အရေးအကောင်းဆုံးပဲ။ ဒီအချိန်မှာ သူတို့က ပါတီတွေထောင်လိုက်ရင် အခွင့်အရေး အကောင်းဆုံးပဲ။ ဒါကို သူတို့ လက်လွှတ်ဆုံးရှုံး လိုက်မယ်ဆိုရင် လက်ရှိ Logistics အရ ဆက်သွယ်ရေးတို့ ရိက္ခာတို့ ကျည်ဆန်တို့ လူအင်အားတို့က တော်တော်အခက်အခဲဖြစ်မှာ။ ဒါကြောင့် ဒီအချိန်ဟာ သူတို့အတွက် အခွင့်အရေးကောင်းလို့ မြင်ပါတယ်။ ဆက်တိုက်မယ်ဆိုရင် တို့မြန်မာပြည်မှာက ရန်ကုန်အစိုးရတောင်ဖြစ်တဲ့အချိန်မှာ KNU ရယ်၊ ဗမာပြည်ကွန်မြူနစ်ပါတီရယ် တိုက်တဲ့အချိန်မှာ ရောင်စုံသောင်းကျန်းသူတွေနဲ့ ပါတီဝါဒရှိတဲ့သူတွေ တိုက်တာတောင်မှ တပ်မတော်ကို တိုက်လို့မရဘူး။ ဒါကြောင့် ဒီအချိန်ဟာ နိုင်ငံရေးနည်းအရ ဖြေရှင်းတာအကောင်းဆုံးလို့ မြင်တာပါ။ NCA လမ်းကြောင်းမှာလည်း ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်နဲ့ EAO တွေနဲ့ ဆွေးနွေးတယ်။ နိုင်ငံရေးပါတီတွေနဲ့တွေ့ ဆုံတယ်ဆိုတာ လာမယ့်လွှတ်တော်ကဏ္ဍမှာ တပ်မတော်နဲ့ ဘယ်လိုအချက်တွေတော့ ဖြေလျှော့ဖို့၊ ပြင်ဆင်ဖို့ ဆွေးနွေးညှိနှိုင်းသဘောတူထားတယ်ဆိုတာမျိုးကို သွားနေတာလေ။ သူတို့သာ ပါတီထောင်ပြီး သူတို့ပြည်သူတွေအတွက် အလုပ်လုပ်တယ်ဆိုရင် သူတို့ပြည်သူတွေက သူတို့ကို မဲထည့်မှာပဲ။ လွှတ်တော်ရောက်ပြီဆိုရင် ဖွဲ့စည်းပုံမှာက ဇယား(၁)က ပြည်ထောင်စုအစိုးရ၊ ဇယား (၂) တိုင်းနဲ့ပြည်နယ်အစိုးရတွေနဲ ဇယား(၃)အခွန်ကိစ္စ ဒါတွေကိုသူတို့ ပြည်နယ်တွေအတွက် အများကြီး လုပ်လို့ရတာပဲ၊ အဲဒါတွေက သူတို့အတွက် အခွင့်အရေးတွေပါ။
TREND ။ ။ ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းအရင်းက ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်များရဲ့ သဘောထားဆန္ဒတွေကြောင့်ဆိုပြီး အချက်သုံးချက်ပါတာတွေ့ရ ပါတယ်။ ဒီအကြောင်းရင်း သုံးချက်အပေါ် သုံးသပ်ပေးပါဦး။
UTS ။ ။ စစ်ဖြစ်တာတွေနဲ့ပတ်သက်ပြီး အစ္စရေးမှာကြည့်၊ ယူကရိန်းမှာကြည့်ပါ။ စစ်ဖြစ်တယ်ဆိုရင် တိုင်းပြည်မှာ ဘယ်လိုဖြစ်လဲ၊ ဘယ်လို ထိခိုက် ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်လဲဆိုတာတွေကို ပြည်သူလည်း သိဖို့ရယ်၊ စစ်ကို လိုလားနေတဲ့သူတွေလည်းသိဖို့ရယ် ဒါကို ထောက်ပြလိုက်တာပါ။ စစ်ဆက်ဖြစ်နေမယ်ဆိုရင် လက်ရှိ အစိုးရကလည်း ရပ်နေမှာ မဟုတ်ဘူး။ ဒါကို ထောက်ပြလိုက်တာလို့ မြင်တယ်။ စစ်ဖြစ်တယ်ဆိုရင် နယ်စပ်စီးပွားရေးတွေပိတ်တယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို အဟန့်အတားဖြစ်တယ်။ EAO တွေ ထဲမှာလည်း တကယ်ငြိမ်းချမ်းရေးကို သွားလိုတဲ့သူတွေရှိတယ်။ ဒါတွေကို ပြန်လည်ပြီးသတိရစေဖို့ ထုတ်တာလို့ မြင်တယ်။ ပြီးတော့ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခြေအနေမှာက အရင်တုန်းကဆိုရင် အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းကပဲ ကမ္ဘာကြီးကို အုပ်စိုးနေတာလေ။ အခုနောက်ပိုင်းကျတော့ တရုတ်က စစ်ရေးအရရော၊ စီးပွားရေးအရရော အင်အားကြီးလာတယ်၊ ရုရှားဆိုရင်လည်း အင်အားကြီးလာတဲ့ အခါကျတော့ ကမ္ဘာကြီးက နှစ်ခြမ်းကွဲသလို ဖြစ်လာတယ်။ တစ်ခြမ်းက အမေရိကန် လိုလားသူတွေ၊ နောက်တစ်ခြမ်းက တရုတ်နဲ့ရုရှားကိုလိုလားတဲ့ သူတွေလေ။ ကမ္ဘာကြီးက အဲဒီလိုဖြစ်နေဝာာ၊ ကမ္ဘာကြီးက ဝင်ရိုးတစ်ခုတည်းနေတာ အမေရိကန်ပဲ။ အခုနောက် ပိုင်းနှစ်ခြမ်းကွဲသွားပြီ။ အဲဒီလို နှစ်ခြမ်းဖြစ်သွားတဲ့အခါ သူတို့အချင်းချင်း ဘယ်တော့မှ ထိပ်တိုက်မတွေ့ဘူး။ Proxy War အနေနဲ့ နိုင်ငံငယ်လေးတွေ လုပ်တာလေ။ အဲဒီလိုထဲမှာ မြန်မာနိုင်ငံမှာ ပါမှာစိုးလို့ အသိပေးတာလို့မြင်တယ်။ အရှေ့အလယ်ပိုင်းမှာဆိုရင် အမေရိကန်က တိုက်ရိုက်မပါဘူး၊ နောက်ကွယ်ကနေပါတာ။ ယူကရိန်းဆိုရင်လည်း သူ့ရဲ့နောက်က နေတိုးနဲ့ အမေရိကန် ပါနေ တယ်။ ဒါကြောင့် တို့နိုင်ငံလည်း ကမ္ဘာနှစ်ခြမ်းမှာရှိနေတဲ့ နိုင်ငံကြီးနှစ်ခုရဲ့ Proxy War မှာ ပါမှာစိုးလို့ ထုတ်ပြန် ရတာလို့မြင်တယ်။ နောက်တစ်ချက်က ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်များရဲ့ ကိစ္စ။ တချို့ EAO တွေက ဟိုဘက်ပါတာရှိသလို တချို့ EAO တွေက မပါကြဘူး။ ဥပမာပြောရရင် KNU မှာတောင် နှစ်ဖွဲ့ကွဲနေတာ။ လွတ်လပ်ရေးရပြီးကတည်းက ဒီနေ့အထိ စစ်တိုက်လာတာ KNU တစ်ခု တည်းပဲရှိတယ်။ သူတောင်မှ နှစ်ဖွဲ့ကွဲနေတာ။ အဲဒီလိုကွဲနေတော့ လက်ရှိတိုင်းပြည်ရဲ့ အနေအထားမှာ တချို့ KNU တွေက အကြမ်းဖက်တွေနဲ့ပေါင်းပြီး လုပ်နေတာတွေရှိတယ်။ NUG နဲ့ ပေါင်းလုပ် နေတာတွေရှိတယ်။ တချို့အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလိုလားကြတယ်။ အဲဒီငြိမ်းချမ်းရေးလိုလား တဲ့ အဖွဲ့တွေကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်နေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရရင်လည်း EAO ဒေသတွေ ဖွံ့ဖြိုးလာနိုင်တယ်။ ပြီးတော့ ရန်ကုန်တိုင်းဆိုရင် စစ်အနိဋ္ဌာရုံ မမြင်ဖူးဘူး။ စစ်ရဲ့ဆိုးကျိုးတွေ မမြင်ဖူးဘူး။ ဥပမာ - ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် စစ်ရဲ့ဆိုးကျိုးတွေကို ကြုံတွေ့ရတဲ့အတွက် စစ်ဆိုတာ မကောင်းဘူးဆိုတာ အဲဒီမှာရှိတဲ့ သူတွေက အန်ကယ်တို့ထက် ပိုသိတယ်။ တကယ့်ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက စစ်ဖြစ်နေတဲ့ဒေသ၊ စစ်ရှောင်နေရတဲ့သူတွေက ပိုပြီးအလိုချင်ဆုံးပါ။ အဲဒီလို လိုလားတဲ့အဖွဲ့တွေ ပြည်သူတွေအတွက်လည်း ထုတ်ပြန်ရတဲ့သဘောလို့ နားလည်ပါ တယ်။
TREND ။ ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကမ်းလှမ်းဖိတ်ခေါ်ချက်မှာ NUG ထည့်မထားတဲ့ အချက်အပေါ် အမြင်လေးသိပါရစေ။
UTS ။ ။ NUG ဆိုတာက ဟိုတုန်းက ဦးစိန်ဝင်းတို့လို စင်ပြိုင်အစိုးရလေ။ သူက အစိုးရလုပ်တယ်ဆိုတော့ ဒီအစိုးရတစ်ခုကို လက်ရှိ နစကအစိုးရက တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးလေ။ အဲဒီအစိုးရက ဘယ်မှာရုံးစိုက်သလဲ၊ ဘယ်မှာ သူ့အစိုးရအဖွဲ့ရှိသလဲ။ ဒီလိုမျိုးပဲ၊ ဟိုးအရင် နဝတအစိုးရ လက်ထက်တုန်းကလည်း အဝေးရောက်အစိုးရ ဦးစိန်ဝင်းတို့ ရှိခဲ့တယ်။ ဘယ်မှာ တွေ့ဆုံခဲ့လို့လဲ၊ မတွေ့ခဲ့ဘူး။ ဒါ တွေ့ဆုံစရာ အကြောင်းမရှိဘူး။
TREND ။ ။ လက်နက်ကိုင်နည်းလမ်းအစား နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
UTS ။ ။ အခုအချိန်က တိုင်းပြည်က စီးပွားရေးရော၊ လူမှုရေးရော အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးနေတယ်လေ။ ဒီလို ဆုံးရှုံးနေတာဟာ အားလုံးက ကိုယ့်နိုင်ငံသားတွေပဲ ဖြစ်တယ်ဆိုတာကို အစိုးရက သူ့ စိတ်ထဲမှာ အားလုံးက ကိုယ့်နိုင်ငံသားတွေပဲဆိုပြီး ခံယူထားတဲ့အတွက် မှားခဲ့တာတွေ မှားပြီးသွားပြီ။ အမှားတွေ ထားခဲ့ပြီးတော့ ရှေ့ဆက်တိုင်းပြည်တိုးတက်အောင်လုပ်ဖို့ ဖိတ်ခေါ်ခဲ့တာလို့ မြင်တယ်။ ဒါကြောင့် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အခုရတဲ့ အခွင့်အရေးက လက်ဆုပ်လက်ကိုင်ဆုပ်မိဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။ ပြည် သူမျက်နှာကို ကြည့်ပါ။ လက်နက်ကိုင်အ ဖွဲ့ဆိုတာ လူထုထောက်ခံမှုရှိမှပါ။ လူထုထောက်ခံမှုမရှိရင် နေစရာ နေရာမရှိဘူး။ ဒါကြောင့် ဒီအချိန်မှာ အကောင်းဆုံး အချိန်ပါပဲ ပြောချင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်(၃၇) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )