၂၀၂၄ ဒီဇင်ဘာ ၂၆
ပြည်တွင်းစားသုံးဆီ လိုအပ်ချက်သည် စားသုံးမှုနှင့် အခြားလုပ်ငန်းများအတွက် နှစ်စဉ်တန်ချိန် ၁ ဒသမ ၁ သန်းခန့်ရှိပြီး စားသုံးဆီ ထုတ်လုပ်နိုင်မှု၌ တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၁၈၀,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီးတွင် ဆီထုတ်လုပ်မှုအနေဖြင့် ဆီစက်များတွင် လျှပ်စစ်မီး ရရှိမှုပေါ် မူတည်၍ ၃၅ ရာခိုင်နှုန်းသာ လည်ပတ်လျက်ရှိကာ လျှပ်စစ်မီး ပိုမို ရရှိပါက ထုတ်လုပ်မှု ပိုမို ပြုလုပ်နိုင်၍ ပြည်တွင်းဆီလိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဆီထွက် သီးနှံဈေးကွက်အနေဖြင့်လည်း တောင်သူများအတွက် အဆင်ပြေသည့် ဈေးအနေအထား ရရှိလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနေလင်းအောင်နှင့် တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းအနေနဲ့ နှစ်ပတ်လည်ပွဲကို တက်ရောက်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါဦး။
UNLA ။ ။ ကျွန်တော်တို့က ဆီအသင်းချုပ်နဲ့ ညီနောင်အသင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ နှစ် ၂၀ ကျော်လောက် ရှိပါပြီ။ ပွဲတိုင်းလည်း တက်ဖြစ်ပါတယ်။ ထူးခြားတဲ့အနေနဲ့က မကွေးတိုင်းဒေသကြီး ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဟာ မကွေးတိုင်းက ထွက်ကုန်တွေကို စီစဉ်ပြီးတော့ ပြခန်းအနေနဲ့ပါ ပြသထားတာဆိုရင် နှစ်ကြိမ်ရှိပါပြီ။ ဆီကတော့ မကွေးတိုင်းမှာ နှမ်းဖြူ၊ နှမ်းနက်၊ နှမ်းအညို၊ နှမ်းမနီ စတာတွေကို မိုးတွင်းစိုက်တာရှိတယ်။ နောက်တစ်ခါ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရေသွင်းစိုက်တာ ရှိပါတယ်။ မြေပဲလည်း စိုက်ပျိုးပါတယ်။ မြေပဲ မကွေး ၁၅၊ မကွေး ၁၆ တို့ကိုလည်း စမ်းသပ်စိုက်ပျိုးနေပါတယ်။ ဒါတွေကိုလည်း ပြသထားပါတယ်။ ဆီထုတ်လုပ်တာ ကတော့ နှမ်းဆီ၊ မြေပဲဆီ ထုတ်လုပ်တယ်။ အခု နေကြာကို နိုင်ငံတော်က တိုးချဲ့ပြီးတော့ စိုက်ပျိုးပေးပါဆိုလို့ မကွေးတိုင်းဒေသကြီးမှာ နေကြာကိုတိုးချဲ့ပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှု၊ အားပေးမှုတွေနဲ့ နေကြာဆီလည်း ထွက်လာပါပြီ။ ဒါကြောင့် မကွေးတိုင်းမှာဆိုရင် နှမ်းဆီ၊ နေကြာဆီနဲ့ မြေပဲဆီ အဓိကထွက်ရှိ ပါတယ်။
TREND ။ ။ မကွေးတိုင်းတစ်တိုင်းလုံးအနေနဲ့ စိုက်ပျိုးဧက ဘယ်လောက်ရှိပါသလဲ။ နောက် စိုက်ပျိုးတောင်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
UNLA ။ ။ စိုက်ပျိုးတဲ့ ဧကဆိုရင် မကွေးတိုင်းတစ်တိုင်းလုံးမှာ စိုက်ဧက နှစ်သိန်းကျော် သုံးသိန်း အထိရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်ကတော့ စိုက်ပျိုး ဧကက မတူဘူးပေါ့။ စိုက်ပျိုးတောင်သူတွေအနေနဲ့ အခက်အခဲကတော့ နံပါတ်တစ်အနေနဲ့ကတော့ ရေပေါ့ဗျာ။ အဓိက,က အပူပိုင်းဇုန်မှာစိုက်တဲ့ သီးနှံတွေကတော့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်အခြမ်းနဲ့ အနောက်ဘက်အခြမ်းတောင် မတူဘူး။ အနောက်ဘက်ခြမ်းက ရေတင်ပြီးတော့ စိုက်ပျိုးလို့ ရတယ်။ ဆည်တွေလည်း ရှိတယ်။ အနောက်ဘက်ခြမ်းကတော့ ရေက အဓိကကြတယ်။ နံပါတ်နှစ်ကတော့ သွင်းအားစုပေါ့။ သွင်းအားစုတွေကို နိုင်ငံတော်ကရော၊ တိုင်းဒေသကြီးအစိုးရအနေနဲ့ရော နည်းနည်းလေးပံ့ပိုးမှု ရှိလာတယ်။ နောက် NGO အဖွဲ့ တွေနဲ့လည်း ပူးပေါင်းမှုတွေရှိတော့ တောင်သူတွေအတွက်ကတော့ အထောက်အပံ့တစ်ခု ရပါတယ်။ အခက်အခဲကတော့ အရမ်းကြီးမရှိပါဘူး။ ဒီနှစ်ကလည်း မိုးကောင်းတဲ့ နှစ်ဖြစ်တဲ့အတွက် ၂၀၂၃-၂၀၂၄ ခုနှစ်ကတော့ တောင်သူတွေအနေနဲ့ အထွက်နှုန်းလည်း တော်တော်များများ ရာခိုင်နှုန်းရရှိပါတယ်။ အောင်မြင်တယ်လို့ ပြောရမှာပေါ့။

TREND ။ ။ ပြည်ပကသွင်းတဲ့ ဆီကို လျှော့ချသွားပြီးတော့ ပြည်တွင်းထုတ်ဆီကို တိုးမြှင့်သွားမယ်လို့ ဝန်ကြီးပြောသွားတာရှိတော့ ဒီအပေါ်မှာ လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ အမြင်လေးပြောကြားပေးပါဦး။
UNLA ။ ။ အဓိကတော့ နိုင်ငံခြားငွေ လျှော့ချတာကတော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ တိုင်းပြည်က စီးပွားရေးနဲ့ နိုင်ငံရေးက ဆက်စပ်နေတာကိုး။ စီးပွားရေးမှာ မလိုလားအပ်ဘဲ ပိတ်ဆို့ထားတာတွေရှိတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားငွေ လျှော့ချတာ ကောင်းတာပေါ့။ နောက်ကျွန်တော်တို့ တိုင်းပြည်မှာ ဆီထွက်သီးနှံက လုံး၀မရှိတာမှ မဟုတ်တာ။ ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်တဲ့ မြေဧကတွေလည်းရှိတယ်။ ဆီထွက်သီးနှံတွေလည်း ရှိတဲ့အခါကြတော့ ရေရှည်အနေနဲ့ ပြောရရင် ပြည်တွင်းအားသည် ပြည်တွင်းမှာပဲ ရှိတယ်။ ပြည်တွင်းမှာ ဆီစက်တွေလည်း ရှိတယ်။ ဆီစက်နည်း ပညာတွေလည်း ရှိတယ်။ လုပ်ရိုးလုပ်စဉ်တွေရှိတဲ့အတွက် လုပ်ငန်းရှင်တွေလည်း အလုပ်ရမယ်။ လုပ်ငန်းရှင်နဲ့ဆက်စပ်တဲ့ သူတွေအားလုံး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်။ စားအုန်းဆီကို လျှော့သွင်းတာထက်စာရင် တဖြည်းဖြည်း လျော့သည်ထက် လျော့အောင်လုပ်ဆောင်ရင် ရေရှည်အတွက် ကောင်းပါတယ်လို့ အကြံပြု ချင်ပါတယ်။
TREND ။ ။ မကွေးတိုင်း ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအနေနဲ့ မကွေးမှာ ဆီထွက်သီးနှံ စိုက်ဧက တိုးချဲ့ရင် တိုးချဲ့လို့ရတဲ့ မြေယာတွေရှိပါသလား။
UNLA ။ ။ မကွေးတိုင်းအတွင်းမှာ စိုက်ဧက တိုးချဲ့လို့ရတဲ့ မြေနေရာရှိပါတယ်။ သို့သော်လည်း မြေယာတွေကို ပြုပြင်ဆောင်ရွက်ရမှာပေါ့။ မြေလွတ်မြေရိုင်းတွေကို တောရှင်းမြတ်ခုတ် သေချာလေးလုပ်ပြီး မြေရိုင်းတွေကို ယဉ်အောင် တစ်နှစ်၊ နှစ်နှစ် ပြုပြင်ပြီးသွားရင် အများကြီး စိုက်ပျိုးလို့ ရပါတယ်။ ဒါပေမဲ့ တကယ် လုပ်ဆောင်ဖို့ လိုပါတယ်။
TREND ။ ။ အဲဒီလို လုပ်ကိုင်ဆောင်ရွက်ဖို့ကရော ဘာတွေလိုအပ်လဲ။
UNLA ။ ။ ပံ့ပိုးမှုကတော့ အစိုးရအဖွဲ့ကြီးပဲ အားကိုးလို့ မရသလို၊ NGO အဖွဲ့ကိုလည်း အားကိုးလို့ မရဘူး။ လုပ်ကိုင်မယ့်သူတွေက တကယ်တမ်းတော့ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ အကျိုးအမြတ်နည်းတဲ့ လုပ်ငန်းပဲလေ။ ဒါပေမဲ့ ပူပေါင်းပြီး လုပ်ကိုင်မယ်ဆိုရင် ရေရှည်အတွက် ကောင်းတာပေါ့နော်။ နိုင်ငံတော်အနေနဲ့လည်း ဒီအတိုင်းပဲ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။
TREND ။ ။ မကွေးတိုင်းဒေသကြီးမှာ ဆီစက် လုပ်ငန်းအခြေအနေလေးလည်း ပြောကြားပေးပါဦး။
UNLA ။ ။ မကွေးမှာက ဆီစက်တွေက အလုံးပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အခုအခြေအနေကတော့ စားအုန်းဆီကို လျှော့သွင်းမှာဖြစ်တဲ့အတွက် ဆီစက်တွေ အားလုံးကတော့ ပုံမှန် လည်ပတ်နေတာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ လျှပ်စစ်မီးကိစ္စတွေ အခုလက်ရှိထက် ပို အဆင်ပြေလာမယ်ဆိုရင် မီးမှန်ပြီး စက်တွေအင်ပြည့်အား ပြည့်လည်ပတ်လာနိုင်မယ်ဆိုရင် စက်တွေ ထုတ်လုပ်မှုအားကြောင့် စားအုန်းဆီ တင်သွင်းမှုကို လျှော့ချတဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ထမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
TREND ။ ။ အခုလက်ရှိ လျှပ်စစ်မီးရရှိမှု အခြေအနေလေးကရော ဘယ်လိုရှိပါသလဲ။
UNLA ။ ။ အခုကတော့ လျှပ်စစ်မီးရရှိမှု အခြေအနေက စွမ်းအားပြည့် လည်လို့မရဘူး။ စွမ်းအား ကို ၃၅ ရာခိုင်နှုန်းပဲ လည်တဲ့အတွက် ပြည်သူလူထုစားသုံးဖို့အတွက်ပဲ ကြိတ်ခွဲတဲ့ဆီတွေက အထောက်အပံ့ဖြစ်တာ သိသာမှုက နည်းနေသေးတယ်။ မီးအဆင်ပြေလို့ ကြိတ်ခွဲမှုတွေ ပုံမှန်လည်ပတ်နိုင်ပြီး ရာနှုန်းပြည့်လည်ပတ်နိုင်ပြီဆိုရင်တော့ သိသိသာသာကြီး အထောက်အပံ့ ပေးနိုင်တယ်။ စက်အလုံး ၁၀၀ မှာမှ လည်ပတ်မှုက ၃၅ ရာခိုင် နှုန်းပဲ ၂၄ နာရီ မလည်နိုင်သေးဘူး။ နောက်တစ်ခုက နိုင်ငံတော်အပိုင်းကလည်း သီးနှံထွက်တဲ့ ကာလတွေမှာ သီးနှံတွေ ပြည်ပကို မရောက်သွားအောင် ဘက်ပေါင်းစုံက ထိန်းသိမ်းဖို့နဲ့ ကိုယ့်ပြည်တွင်းမှာပဲ အသုံးချနိုင်အောင် ထိထိမိမိ လုပ်ပေးနိုင်ရင်တော့ အဆင်ပြေပြီး ပိုကောင်း ပါတယ်။
TREND ။ ။ ဆီထွက်သီးနှံ ဈေးကွက်အခြေအနေလေးလည်း သိချင်ပါတယ်။
UNLA ။ ။ ဆီထွက်သီးနှံဈေးကွက်က ဈေးကောင်းရရှိတယ်။ တောင်သူတွေအတွက်လည်း အကျိုးအမြတ်ရရှိပါတယ်။ ဆီထွက်သီးနှံ အမယ်မျိုးစုံကတော့ ဈေးနှုန်းကတော့ သူ့ဈေးနဲ့သူ ရရှိနေပါတယ်။ ဈေးကျပြီး ဝယ်လက်မရှိတာတို့၊ ဈေးကွက်ပျောက်သွားတာတို့၊ ဈေးမရတာတို့ မရှိပါဘူး။ ဈေးကွက်က တောင်သူတွေ အသံနားထောင်ရတာလည်း ကောင်းပါတယ်။ မြေပဲလုံးဆန်က ပြည်ပဈေးကွက်ကိုပဲသွားရင် ပြည်တွင်းက စက်သမားတွေက ဈေးကွက် ယှဉ်ပြိုင်ပြီးတော့ ဝယ်နိုင်မှာ မဟုတ်ဘူး။ မဝယ်နိုင်တဲ့အတွက် ဆီထုတ်တဲ့နှုန်းက လျော့ကျနိုင်တယ်။ အဲဒီလို အပိုင်းတွေရှိတဲ့အတွက် နည်းနည်းလေး မျှတဖို့နဲ့ အချိုးညီညီဖြစ်ဖို့ ဆောင်ရွက်တဲ့သူတွေက စဉ်စားပြီးလုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။
TREND ။ ။ မကွေးတိုင်းမှာရှိတဲ့ ဆီစက်တွေအနေနဲ့ အခက်အခဲက ဘာတွေရှိလဲ။
UNLA ။ ။ လျှပ်စစ်မီးလိုအပ်ချက် ဖြည့်ပေးရင်ကောင်းတာပေါ့။ လျှပ်စစ်မီးပုံမှန်ဖြစ်ရင် အခုထုတ်လုပ်မှုထက် နှစ်ဆလောက် တိုးထုတ်လုပ်နိုင်မယ်။ အခုက ၃၅ ရာခိုင်နှုန်းလောက်ပဲ စက်စွမ်းအားဆိုတော့ ၇၅ ရာခိုင်နှုန်းနဲ့ ရာခိုင်နှုန်း ၈၀ လောက်လည်း ဖြစ်လာနိုင်တယ်။ ရှေ့လတွေက ဆီထွက်သီးနှံ ရာသီပေါ်ချိန်ဖြစ်တော့လေ။ ဘယ်အချိန်မှာ ပြန်လျော့သွားမလဲဆိုရင် ၂၀၂၅ မတ်၊ ဧပြီ၊ မေလမှာ ပြန်လျော့သွားနိုင်တယ်။ ထုတ်လုပ်မှုအားလည်း တိုးလာတယ်။ နောက် ဆီထွက်သီးနှံ အထွက်နှုန်းတိုးဖို့ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များ အသင်းချုပ်နဲ့ မကွေးတိုင်းအသင်း၊ နောက် ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်။
TREND ။ ။ ပြည်တွင်းထုတ် ဆီဈေးကွက်က ဈေးကွက်ရရှိမှု နည်းပါးနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောကြားနေတဲ့အပေါ် ဆရာ့အမြင်လေး ပြောကြားပေးပါဦး။
UNLA ။ ။ စားအုန်းဆီက ဈေးကွက်ရရှိပြီး ပြည်တွင်းထုတ်ဆီတွေက ဈေးကွက်ရရှိမှုနှုန်း နည်းနေတာက ကျွန်တော်တို့လူမျိုးတွေက အစွဲအလမ်းကြီးတယ်၊ အကျင့်တစ်ခုရှိတယ်။ ကျွန်တော်တို့ လူမျိုးတွေက ဒါဆို ဒါပဲသုံးတာ။ ပြည်တွင်းကပစ္စည်းထက် ပြည်ပကပစ္စည်းကို တန်ဖိုးများများပေးပြီး ဝယ်ရမှ ကျေနပ်တဲ့သဘောတရားတွေ ရှိတော့လေ။ ဥပမာ ကိုယ့်ဒေသက ထွက်ရှိတဲ့ပစ္စည်းက ဈေးသက်သက်သာသာ ရှိပေမယ့်၊ ဒါဘယ်သူ ထုတ်တာပါကွာဆိုတဲ့ အနေအထားနဲ့ ရှိခဲ့ကြတာကိုး။ ဒီလိုကိစ္စတွေကြောင့် ပြည်တွင်းက ဆီတွေက အမှန်တကယ်က ဈေးနှုန်းက သိပ်မကွာတော့ပါဘူး။ ကိုယ်တိုင် ပြည်ပထွက်တဲ့ဆီက မိရိုးဖလာ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက စားသုံးလာတာဆိုတော့ ပြည်တွင်းထုတ်ဆီတွေကို စားသုံးစေချင်တယ်။ ပြည်တွင်းထုတ်ဆီက ဖူလုံမှုရှိတယ်။ အလွန်အကျွံ သုံးစွဲနေလို့သာ လုံလောက်မှုမရှိတာလို့ မြင်မိပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UNLA ။ ။ ကျွန်တော်တို့ တိုင်းပြည်မှာက နည်းနည်းလေး အခက်ကြုံနေတဲ့အချိန်မှာ အခုလိုပွဲတွေ စီစဉ်ကြမယ်။ ဘာပဲပြောပြော ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အားလုံးအတွက် ကောင်းပါတယ်။ ဝမ်းသာပါတယ်။ ဒီလိုလုပ်ဆောင်မှ မသိတဲ့သူတွေလည်း သိသွားအောင်၊ သိတဲ့သူတွေလည်း ပိုပြီး သိရှိသွားတယ်။ ဒါက အလားအလာကောင်းတဲ့ ပြပွဲတွေဖြစ်ပါတယ်။ နိုင်ငံခြားငွေ လျှော့ချနိုင်တဲ့ အခွင့်အလမ်းတွေက ဒီထဲကနေ ပေါ်ပေါက်လာနိုင်တယ်။ (သက်မှူး)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )