မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနဲ့ပတ်သက်လို့ UNESCO ရဲ့ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းခြင်းမှာ အောင်မြင်မှုရရှိမယ်လို့ ယုံကြည်တယ် . . .  မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ မတ် ၁၃
     မြန်မာ့ရိုးရာ အားကစားနည်းဖြစ်သည့် ခြင်းလုံးအားကစားကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (The Representative List of The Intangible Cultural Heritage of Humanity) တွင် စာရင်းဝင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းတင့်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။ လက်ရှိမှာ မြန်မာ့ရိုးရာခြင်းလုံးအားကစားကို ယူနစ်စကိုတင်ဖို့ ဆောင်ရွက်နေတာလေး သိရပါတယ်။ 
UWT    ။    ။
ခြင်းလုံးကို ယူနစ်စကိုမှာ စာရင်းဝင်သွားအောင်၊ ယဉ်ကျေးမှုအမွေအနှစ်အနေနဲ့ စာရင်းဝင်အောင် ဆောင်ရွက်တာက စိတ်ထဲမှာ ရှိနေတာတော့ကြာပြီ။ အခုနောက်ပိုင်းမှာ အခြေအနေလည်း ပေးလာတယ်၊ အချက်အလက်လည်း စုံလင်စွာ လုပ်ရမှာဖြစ်တဲ့ အတွက်ကြောင့် လာ မယ့်နှစ်မှာ ယူနစ်စကို ယဉ်ကျေးမှု အမွေအနှစ်အနေနဲ့ အသိအမှတ်ပြုခံရအောင် တင်ဖို့ ကြိုးစားနေတယ်။ ဒါကို မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်က အစကနေ အဆုံးအထိ စီစဉ်ဆောင်ရွက်နေတယ်။ သူ့မှာက လုပ်ငန်းစဉ်တွေက အများကြီးရှိတဲ့အတွက်ကြောင့် တင်ပြရမယ့် အထောက် အထားတွေက လည်း ခိုင်ခိုင်လုံလုံဖြစ်မှ သူတို့ကလည်း ပြန်မေးဦးမှာ။ ပြန်စုံစမ်းဦးမှာ။ တကယ်လည်း ခြင်းလုံးက အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာ သူတို့သိအောင်၊ တင်ပြပုံကလည်းကောင်းအောင် ဦးတို့ ကြိုးစားနေ ပါတယ်။ ခြင်းလုံးဟာ ကမ္ဘာမှာ  မြန်မာက စလုပ်တယ် ဆိုတာလည်း အားလုံးက သိတယ်ဆိုပေမယ့် ကိုယ့်ဘက်က အထောက်အထားပြည့်စုံအောင် တင်ပြဖို့ သက်သေတွေကို လိုက်လံစုဆောင်းနေပါတယ်။

TREND    ။    ။ မြန်မာ့ခြင်းလုံး အားကစားနဲ့ ပတ်သက်ပြီး ဘယ်အချိန်က စတင်ပြီး ကစားခဲ့တာလဲ ပြောပြပေးပါဦး။
UWT    ။    ။
မြန်မာနိုင်ငံမှာ ခြင်းလုံးကစားခဲ့တာကကြာပြီ သမိုင်းတင်ခဲ့တာကတော့ ခေတ်အနေနဲ့က ၅၀၀ ရာစုနှစ်နဲ့ ၇၀၀ ရာစုနှစ်လောက်ကပါ သမိုင်းတင်တယ်။ ဒါက အထောက်အထား အပြည့်အစုံနဲ့ ပြောတာပါ။ ဒီ့ထက်စောပြီးတော့လည်း ကစားတာတွေလည်း ခန့်မှန်းလို့ရတယ်။ ၁၉၂၆-၂၇ လောက်မှာ သမိုင်းသုတေသီတွေက ပြည်ခရိုင်ကို တူးဖော်တဲ့အခါကြတော့ မှော်စာရွာဆိုတဲ့နေရာ ဦးခင်ဘရဲ့ ယာကုန်းလေးထဲမှာ ခင်ဘကုန်းလို့ခေါ်တဲ့ ကုန်းမှာ နှစ်လက်မ ပတ်လည်ရှိတဲ့ ငွေခြင်းလုံးကို တူးဖော်ရရှိခဲ့တယ်။ ဒီခြင်းလုံးလေးကို စမ်းသပ်ကြည့်တော့ နှစ်ပေါင်း ၅၀၀ ရာစုနဲ့ ၇၀၀ ရာစု နှစ်မှ ပြည်ခရိုင်မှာတွေ့တော့ အဲ့ဒီမှာရှိပါတယ်။ ခြင်းလုံးကို ဘယ်လိုအသွင်နဲ့ ကစားကြလဲဆိုတော့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားတာ ရှိတယ်။ ဖျော်ဖြေရေးနဲ့ ကစားတာရှိတယ်။ နောက်ပိုင်းကြ မင်းခမ်း မင်းနားတွေမှာ ဘုရင်တွေကို ဖျော်ဖြေတာ၊ ပွဲလမ်းသဘင်မှာ ဖျော်ဖြေတာတွေလည်း ရှိပါတယ်။ ဒီလိုအသွင်နဲ့ လုပ်ခဲ့ကြတယ်။ ပျူခေတ်ကစပြီး ကုန်ဘောင်ခေတ်မှာလည်း ဒီလိုပဲ ကစားလာခဲ့ကြ တယ်။ အဲဒီလို ကစားလာခဲ့ကြပြီး ခြင်းလုံးကို တကယ်အားကစားအသွင်နဲ့ ပြောင်းလိုက် တာက ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံ ကိုယ်လက်ကြံ့ခိုင်ရေး ကော်မတီဆိုပြီးရှိတယ်။ အရင်တုန်းက အားကစားဝန်ကြီးဌာနဆိုတာ မရှိဘူး။ ကိုယ်လက်ကြံ့ခိုင်ရေး ကော်မတီက အားကစားအသွင်နဲ့ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကိုတွေးပြီး ခြင်းလုံးဝါသနာပါတဲ့သူ၊ ခြင်းခတ်တဲ့သူ အားလုံးစုစည်းပြီးတော့ ညီလာခံကြီး တစ်ခု လုပ်ခဲ့တယ်။ အဲဒီညီလာခံကို အောင်ဆန်းကွင်းမှာ လုပ်တယ်။ ခရိုင်ပေါင်းစုံ တိုင်းလို့မခေါ်သေးဘူး။ ခရိုင်ပေါင်းစုံမှာရှိတဲ့ ခြင်းလုံးနဲ့ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးကို ခေါ်ပြီးတော့ ဒါကို ပြိုင်ပွဲအနေနဲ့ လုပ်ကြတော့မယ်။ အဲဒီတော့ အားကစားအသွင်နဲ့ လုပ်တော့မယ်၊ လိုအပ်တဲ့အကြံဉာဏ်တွေ ပေးကြပါဆိုပြီးတော့ စည်းမျဉ်းစည်းကမ်းက ၅၃ ခုနှစ်မှာ ပြိုင်ပွဲအသွင်နဲ့ဖြစ်အောင် စတင်ရေးဆွဲခဲ့တာပါ။ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ကလည်း အဲဒီက စပေါ်တာပါ။ နောက်ပိုင်း ပြိုင်ပွဲတွေ လုပ်ပေး တယ်၊ ကျောင်းတွေမှာ သင်ပေးတယ်။ နိုင်ငံတကာကို ထိုးဖောက်တယ်။ ဦးနုလက်ထက်မှာလည်း တရုတ်ပြည်ကို သရုပ်ပြအဖွဲ့တစ်ဖွဲ့ သွားကစားခဲ့ဖူးတာ ရှိတယ်။ ၆၀ ပြည့်နှစ်လောက်ကပါ။

TREND    ။    ။ ခြင်းလုံးအားကစားနည်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ဆောင်ရွက်တဲ့ အပိုင်းလေးကိုလည်း ရှင်းပြပေးပါဦး။
UWT    ။    ။
ခြင်းလုံးက မြန်မာလူမျိုး အားကစားနည်းဆိုတော့ မြန်မာလူမျိုးပဲ ခတ်နိုင်တယ်။ သို့သော်လည်း အဖွဲ့ချုပ်တွေစဉ်းစားတယ်။ နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ဘယ်လို ဆောင်ရွက်မလဲပေါ့။ ခြင်းလုံး ပညာက တကယ်တော့ နက်နဲတယ်။ လေ့လာလို့လည်း မကုန်ဘူး။ အသစ်အဆန်းတွေက ယနေ့အထိ သစ်ဆန်းနေတယ်။ အဲဒါတွေကို တကယ်ကစားနိုင်တာ မြန်မာလူမျိုးပဲ ကစားနိုင်တယ်။ နိုင်ငံခြားသား မကစားနိုင်ဘူး။ နိုင်ငံခြားသား ကစားနိုင်အောင်ဆိုပြီးတော့ ၂၀၁၀ လောက်က တည်းက စကြိုးစားပြီးတော့ စည်းမျဉ်းလေးတွေ စဆွဲတယ်။ ၂၀၁၃ ခုနှစ် ဆီးဂိမ်းမှာမှ ခြင်းလုံးကစားပွဲကို စထည့်တယ်။ ခြင်းလုံးရဲ့ အခြေခံ "ထိခြောက်ချက်"ကို လွယ်လွယ်ကူကူနဲ့ ကစားနိုင်အောင် ဥပဒေလေးတွေ လုပ်ပြီးတော့ ပြိုင်ပွဲအသွင်နဲ့ လုပ်တာ ဒီနေ့ထက်ထိ ဆီးဂိမ်းမှာ ပါနေတုန်းပါပဲ။ ဒီနှစ်ဆိုရင် (၃၃)ကြိမ်မြောက်က ထိုင်းမှာလုပ်မှာ။ အဲဒီအတွက်လည်း ဒီက သွားပြိုင်ဖို့ လုပ်နေတယ်။ ခြင်းလုံးက ဥရောပနိုင်ငံနဲ့ အာရှနိုင်ငံ တော်တော်များများမှာ ကစားနေပြီ။ အခုဆိုရင် မန္တလေး မှာကျင်းပတဲ့ ဝါဆိုပွဲ ဝါဆိုလမှာ ကျင်းပတဲ့ ပွဲဆိုရင် ဂျာမနီ၊ ကနေဒါ၊ ဂျပန် စတဲ့နိုင်ငံက နာမည်ကြီး အသင်းတွေတောင် လာခတ်တာတွေရှိတယ်။ အဲဒီကနေ တစ်ဆင့် မန္တလေးမှာရှိတဲ့ ခြင်းပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေ သင်ပေးတော့ ဥရောပအထိတောင် ခြင်းပညာက ပျံ့နှံ့နေပါပြီ။ ခြင်းလုံးက ကျန်းမာရေးအရရော အလွန်ကောင်းတဲ့ အားကစားနည်းဖြစ်တယ်။ တခြားအားကစားနဲ့ယှဉ်ရင် တစ်ယောက်နဲ့တစ်ယောက် အတင်းတိုးဝှေ့ပြီးတော့ သူနိုင်ကိုယ်နိုင် ကစားရတဲ့ ကစားနည်းမဟုတ်တဲ့အတွက် တစ်ယောက်နဲ့တစ် ယောက်အတူကစားရင် ခြင်းလုံးကို မြေကြီးအောက်မကျအောင် ဝိုင်းဝန်း ထောက်ပံ့ပို့ပေး၊ ကောက်ပေး၊ ထောက်ပေး၊ ခတ်ပေးဆိုတဲ့ အခြေခံဘာဖြစ်လဲဆိုရင် လူငယ်တွေ ရဲ့ စိတ်ဓာတ်တွေ မြင့်မားလာမယ်။ ဒါကြောင့် ခြင်းလုံးက ကမ္ဘာအထိသိအောင် လုပ်နေတယ်။ ဦးတို့ဗမာတွေ ခတ်ကစားခဲ့တဲ့ ခြင်းလုံးက ဘယ်လောက်အထိ တန်ဖိုးရှိ တယ်ဆိုတာကိုသိအောင် ယူနစ်စကို စာရင်းဝင်အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။ မကြာသေးခင်မှာလည်း မဲခေါင်မှာ အစားအသောက်ပွဲ တော်နဲ့ ရုပ်ရှင်ပွဲတော်မှာ ခြင်းလုံးအကြောင်း လာရောက်ရိုက်ကူးပြသတာ မဲခေါင် ရုပ်ရှင်ပွဲတော်မှာ ပထမဆု ရရှိသွားတယ်။

TREND    ။    ။ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်အောင် အသေးစိတ်ကျတဲ့ အချက်အလက်တွေကို ဘယ်လိုမျိုး စုစည်းသွားမလဲ။ အခုဆိုရင် သနပ်ခါးကို ဆောင်ရွက်နေသလိုမျိုးပေါ့နော်။
UWT    ။    ။
သနပ်ခါးက အိမ်ထဲမှာနေရင်း လိမ်းတာပေါ့နော်။ ခြင်းလုံးကတော့ လမ်းဘေးမှာ ခတ်နေတာ အထူးစည်းရုံးစရာမလိုဘူး။ ဒါပေမဲ့ ဦးတို့ကတော့ လိုက်ပြီး စည်းရုံးရမယ်။ ဓာတ်ပုံတွေ ရိုက်ရမယ်။ မှတ်တမ်းတင်ရမယ်။ လက်ရှိလည်း မှတ်တမ်းတင်ထားတာတွေ အများကြီးရှိတယ်။ အဲဒီအပြင်ကို မြန်မာနိုင်ငံတစ် နိုင်ငံလုံးမှာ ခြင်းလုံးဆပ်ကော်မတီလေးတွေ ဖွဲ့စည်းထားတယ်။ အဲဒီ ကော်မတီအောက်မှာ ခြင်းအသင်းတွေ ရှိတယ်။ ပဲခူးတိုင်းမှာဆိုရင် ဘယ်တုန်းကစပြီး ခြင်းခတ်တယ်ဆိုတာ သိတယ်။ ဘယ်ဘုရားပွဲမှာ ခြင်းလုံးက နာမည်ကြီး ခတ်တယ်ဆိုတာကို သိတယ်။ မြသလွန်ပွဲ၊ ဝါဆိုပွဲတွေမှာက ရက်ရှည် ကျင်းပတယ်။ ရန်ကုန်မှာ ရှိတယ်။ တစ်ခုပဲ အချိန်ယူရမယ်။ တင်ပြမယ့် စာတမ်းအရေးအသား ကောင်းအောင်တင်ပြဖို့လည်း လိုအပ်ပါတယ်။


TREND    ။    ။ ခြင်းလုံးကို ယဉ်ကျေးမှုအမွေ အနှစ်စာရင်းတင်တာ အခြားနိုင်ငံတွေလည်း ရှိတယ်လို့ ကြားသိရတယ်။ အဲဒါ ဟုတ်ပါသလား။
UWT    ။    ။
တရားဝင်တော့ ဦးတို့မကြားရပါဘူး။ ကြိုးစားကောင်း ကြိုးစားနိုင်တာကတော့ ယိုးဒယားလည်း ခတ်တယ်။ ယိုးဒယားခတ်တာက ခြင်းလုံး မဟုတ်ဘူး။ ပလတ်စတစ်လုံးခတ်တာ။ ဦးတို့က ခြင်းလုံးကို ကြိမ်နဲ့ခတ်တာ။ ဘာကြောင့် ကြိမ်နဲ့ခတ်တာလဲဆိုရင် သမီးတို့ သတိ ထားမိလိမ့်မယ်။ ဘုန်းကြီးကျောင်းတွေမှာ ဆုံးမရင်တောင် ကြိမ်နဲ့ ရိုက်တာ။ ကြိမ်က လူအသားနဲ့ထိရင် ကျန်းမာတယ်ဆိုတာ ရှေးဗမာကြီးတွေရဲ့ အယူရှိတယ်။ ဒါကြောင့်မို့ ခြင်းလုံးဆိုရင် ကြိမ်နဲ့ဆော့ကစားတာဖြစ်ပြီး တကယ့်ရိုးရာ အစစ်အမှန်ဆိုတာ သက်သေခိုင်မာတယ်။ တကယ်လည်း အထောက်အထားတွေရှိတယ်။ ဦဘသိန်း(ပီကင်းပြန်)ရေးထားတဲ့ ခြင်းလုံးသမိုင်း စာအုပ်မှာလည်း တော်တော်များများ ပါနေတယ်။ ဒါ ကြောင့် အထောက်အထားတွေရှိတယ်။ ရန်ကုန်မြို့မှာတောင် ခြင်းရုံပေါင်းက ၇၀ ကျော်တယ်။ နေရာလေးလွတ်ရင်တောင် စည်ပင်သာယာဌာနမှာ နေရာတောင်းပြီး ခြင်းရုံလုပ်တယ်။ ဒါကြောင့် အင်အားချင်းပြိုင်ရင် ဦးတို့ကတော့ မကြောက်ပါဘူး။ တင်ပြနိုင်ပါတယ်။ မလုပ်ရင်တော့ သူများ လုပ်သွားမှာဖြစ်တဲ့အတွက် ဦးတို့အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။


TREND    ။    ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ရွှေတံဆိပ်ဆုရရှိအောင် အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးပေးနေလဲဆိုတာ ရှင်းပြပေးပါဦး။
UWT    ။    ။
ခြင်းလုံးကတော့ ကိုယ့်အားက စားနည်းဆိုတော့ ဗမာကတော့ ရွှေတံဆိပ်ဆု ရရှိမှာ ပါပဲ။ ဒါပေမဲ့ သူတို့ ယှဉ်ပြိုင်နိုင်အောင် နည်းပြတွေ လွှတ်ပေးတယ်။ အခုလည်း လာမယ့်ဒီဇင်ဘာမှာ ပြိုင် မယ့်ပွဲမှာလည်း ဆောင်ရွက်နိုင်အောင် နည်းပြတွေလွှတ် ပေးရမယ်။ နိုင်ငံတကာမှ ပြိုင်ပွဲဝင်ပြိုင်ရင် အနည်းဆုံး နိုင်ငံငါးနိုင်ငံ ပါဝင်မှရမယ်။ အဲဒီကိုသွားပြီးတော့ ဦးတို့ စည်းရုံးမယ်။ အစိုးရအနေနဲ့ကတော့ ပြိုင်ပွဲအတွက် သွားတဲ့အခါ ထောက်ပံ့တယ်။ စခန်းသွင်းလေ့ကျင့်တဲ့အခါ ထောက်ပံ့ပေးတယ်။ လိုအပ်တဲ့ စိတ်ဓာတ်ရေးရာ မြှင့်တင်တာတို့ ကျန်တာကိုအဖွဲ့ချုပ်က ထောက်ပံ့တယ်။ 


TREND    ။    ။ ခြင်းလုံးပညာက အမြဲတမ်းဆန်း သစ်နေတယ်။ တစ်ဦးတည်းကစားတာ၊ မီးကွင်းနဲ့ ကစားကြတာတွေ ရှိတယ်။ တွေ့ရတယ်။ အဲဒီလို ကစားတဲ့သူတွေကိုရော ဘယ်လိုမျိုး ထောက်ပံ့ပေးလဲ။
UWT    ။    ။
ကစားတဲ့သူတွေက များတယ်လေ။ အဖွဲ့ချုပ်နဲ့ လက်လှမ်းမီတဲ့သူရှိသလို လက်လှမ်း မမီတဲ့သူတွေလည်း ရှိတာပေါ့။ ခြင်းပညာမှာက ဝိုင်းဖွဲ့ခတ်တာတွေ၊ မိန်ကလေးတွေဆိုရင် တစ်ပင်တိုင်ခတ်လို့ဆိုတဲ့ မီးကွင်းနဲ့ခတ်တယ်။ အိုးနဲ့ခတ်တယ်။ ကျောက်ခဲပေါ်မှာ ခတ်တယ်။ ထီးနဲ့ ခတ်တယ်။ အမျိုးမျိုးပေါ့နော် သူတို့ ကျွမ်းကျင်မှုအမျိုးမျိုး ပြသတာပေါ့နော်။ သူတို့အတွက် ပြိုင်ပွဲတွေ လုပ်ပေးတယ်။ ထိုက်ထိုက် တန်တန် ဆုချတယ်။ ပွဲတွေမှာ ဆိုရင်လည်း ဒီကလေးတွေကို ငှားပေးရတယ်။ ပွဲရာသီတွေမှာလည်း ပါဝင်ခတ်ပြကြတယ်။ လူငယ်တွေ စိတ်ဝင်စားအောင် ပညာပေး သင်တန်းလေး တော့ စီစဉ်နေတယ်။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UWT    ။    ။
ယူနစ်စကို ကိစ္စက ဦးတို့က ယုံကြည်တယ်။ ဦးတို့ပဲ ရမယ်ဆိုတာကိုလေ။ တကယ်လည်း လိမ်ညာစရာမလိုဘဲနဲ့ အထောက် အထားတွေက အကုန်ရှိတယ်။ အလုပ်လုပ်ဖို့ပဲ လိုတာပါ။ ဦးတို့ကတော့ ကြိုးစားပြီး လုပ်နေတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း ခြင်းပညာတိုးတက်ဖို့ ပြိုင်ပွဲများများ လုပ်ဖို့ လိုတဲ့အတွက်ကြောင့် နှစ်အလိုက်၊ လအလိုက်ပွဲတွေဖြစ်အောင် စီစဉ်ပေးတယ်။ နိုင်ငံတော်ကလည်း တိုင်းနဲ့ပြည်နယ်ပွဲလေးတွေ စီစဉ်ပေးတယ်၊ ထောက်ပံ့ပေးတယ်။ အဖွဲ့ချုပ်အနေနဲ့ကတော့ အခြားပွဲကြီးတွေတစ်နှစ်ကို ငါးပွဲလောက်လုပ်ဖြစ်တယ်။ မိုးရာသီ တံခွန်စိုက်ဒိုင်း ပြိုင်ပွဲတွေကို ကြိုပြီးတော့ အား/ကာကို တင်ပြပြီး ပွဲလေးတွေ ကျင်းပပေးတယ်။ ပွဲကျင်းပတာ အဖွဲ့ချုပ်ရန်ပုံငွေနဲ့ အဖွဲ့ချုပ်က တာဝန်ရှိသူတွေက ဝိုင်းဝန်းထောက်ပံ့ပေးကြတယ်။ ဒီလိုနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မိဘပြည်သူတွေ အနေနဲ့လည်း ခြင်းလုံးနဲ့ ပတ်သက်လာရင် စိတ်ရှည်စွာ ထားပေးဖို့ ပြောချင်ပါတယ်။ ခြင်းပညာက နက်နဲတယ်။ တစ်နှစ်လောက်ထားပြီးတော့ လက်ရွေးစင် မပါဘူးဆိုပြီး ပြောကြတယ်။ ဒါက ရေရှည်အတွက် ကောင်းတဲ့အား ကစားနည်း ဖြစ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီတယ်ဆိုတဲ့ အခြေခံစိတ်စာတ်တွေကိုပါ သင်ပေးပြီးသား ဖြစ်တယ်။ ခြင်းက စားခြင်းအားဖြင့် အခုခေတ်စားနေတဲ့ မူးယစ်ဆေးဝါးတို့၊ ဂိမ်းအလွန်အကျွံ ကစားခြင်းတို့ကို ရှောင်ရှား ပြီးတော့ မိသားစုစိတ် ချမ်းသာရပါစေမယ်လို့ ပြောချင်ပါတယ်။
(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 105

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43070

© 2022 - 2025 News. All Rights Reserved.