မြန်မာ့သနပ်ခါးနဲ့ ပတ်သက်ပြီးကမ်ပိန်း ပြုလုပ်တာတွေက ယူနက်စကို တင်သွင်းဖို့ အထောက်အကူ ပြုမယ်လို့ ယူဆပါတယ်... မြန်မာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဌေးလင်းနှင့် တွေ့ဆုံ မေးမြန်းခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၂၇

    မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်း ယူနက်စကို စာရင်းဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဌေးလင်းနှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

TREND     ။    ။ အခုလို သွေးချင်းစုံလင် သနပ်ခါး သဘင်ပွဲတော်မှာ ပါဝင်ဖြစ်တဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါဦး။
UHL    ။    ။
သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူနစ်စကိုကို တင်သွင်းဖို့ တာဝန်ရှိတဲ့သူတွေ ဆောင်ရွက်နေချိန်မှာ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း တွင်တွင်ကျယ်ကျယ် လုပ်လာတယ်။ ကျွန်တော်တို့လို အသင်းသူ အသင်းသားတွေ အနေနဲ့လည်း ပါဝင်နိုင်အောင် ကမ်ပိန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။


TREND    ။    ။ သွေးချင်းစုံလင် သနပ်ခါးသဘင် ပွဲတော်မှာ The Best Performance Award ဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
UHL    ။    ။
သနပ်ခါးကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ယူနက်စကို တင်သွင်းဖို့အတွက် လှုပ်ရှားမှု တစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒါကတော့ သွေးချင်းစုံလင် သနပ်ခါးပွဲတော်ပဲဖြစ်ပါတယ်။ အဲဒီပွဲမှာ လှုပ်ရှားမှုတစ်ခုအနေနဲ့ လူမှုအသင်းအဖွဲ့တွေအားလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မှာရော၊ တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းအဖွဲ့တွေ တော်တော်များများ ဝင်ပြိုင်ခဲ့ကြပါတယ်။ အဲဒီမှာ အုပ်စုလိုက် ခွဲရရင်တော့ ကချင်၊ ကယား၊ ကရင်၊ ချင်း အားလုံး ပါဝင်ပါတယ်။ သူတို့ကတော့ စာပေယဉ်ကျေးမှုကို ဆောင်ရွက်တာ အဖွဲ့တွေဖြစ်ပါတယ်။ အဲဒီလိုမျိုး အသင်းအဖွဲ့ကြီးတွေ အားလုံးထဲမှာမှ မမျှော်လင့်ဘဲနဲ့ The Best Performance Award ရသွားတာ ဖြစ်ပါတယ်။


TREND    ။    ။ ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်တွေကို ဂုဏ်ပြုပေးပွဲ ကျင်းပတာနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
UHL    ။    ။
မြန်မာ့ရိုးရာသနပ်ခါးကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းဖို့အတွက် ပြုလုပ်တဲ့ သွေးချင်းစုံလင် သနပ်ခါးသဘင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး ကွန်ပျူတာအသင်းရယ်၊ ဗမာတိုင်းရင်းသား စာပေယဉ် ကျေးမှုအဖွဲ့တွေကို ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဂုဏ်ပြုပွဲက စောစောက ကျွန်တော်ပြောသလို သနပ်ခါးကို ယူနက်စကိုကို တင်သွင်းဖို့ ဆောင်ရွက်နေတဲ့အချိန်မှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ တွင်တွင်ကျယ် ကျယ်လုပ်တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ အသင်းသူ အသင်းသားတွေရော၊ ကျွန်တော်တို့ အသင်းနဲ့ ပတ်သက်တဲ့သူတွေရော မြန်မာ့ရိုးရာသနပ်ခါးကို ချစ်မြတ်နိုးပြီးတော့ ဒီလိုမျိုး ကမ်ပိန်းတွေမှာ ဝင် ရောက်လာအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဆုအနေနဲ့ကတော့ ဆုတွေပေးအပ်ချီးမြှင့်ပါတယ်။ ကျန်တဲ့အဖွဲ့တွေ ပြိုင်ပွဲဝင်အားလုံးကိုတော့ ဗဟုသုတနဲ့ပတ်သက်ပြီး ပြည့်စုံတဲ့အဖွဲ့၊ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့အဖွဲ့တို့ကို ပေးအပ်တာပေါ့။ ဗမာတိုင်းရင်း သား စာပေယဉ်ကျေး မှုအဖွဲ့ကတော့ Peformance နဲ့ ပတ်သက်တဲ့ ဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဒီဂုဏ်ပြုပွဲမှာ ကျွန် တော်တို့အနေနဲ့ကတော့ ဗမာစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဖြစ်တဲ့အတွက် ဗမာယဉ်ကျေးမှုကို ထင်ဟပ်စေမှာ ဖြစ်ပါတယ်။ သနပ်ခါး၊ ခြင်းလုံး၊ လက်ဖက်တို့ ဒါတွေကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း သနပ်ခါးကို သုံးနေကြတာပါပဲ။ ဒီလိုပွဲမျိုးကျတော့ တကယ့်ကို ဘယ်လိုအချက်အလက် တွေပါဝင်ရမလဲဆိုတာကို ကြည့်ရှုသူ ဧည့်ပရိသတ်တွေက ပြိုင်ပွဲဝင်တွေရဲ့ စွမ်းဆောင်ရည်‌တွေကို ကြည့်ပြီးတော့မှ သနပ်ခါးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ရသွားတာဖြစ်တဲ့အတွက် အများကြီး အကျိုးရှိပါတယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအနေနဲ့လည်း ငါတို့လူမျိုးတွေဟာ ဒီလိုဓလေ့တွေရှိတယ်။ ဒီလိုမျိုး ဆောင်ရွက်ကြပါသလား ဆိုတာကို မြင်ဖူးမှပဲ သိမှာပေါ့။ နောက်လူတွေသိအောင် ဒါကို စံနမူနာအနေနဲ့ လုပ်ပြတာ ဖြစ်ပါတယ်။ 


TREND    ။    ။ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ တင်သွင်းဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
UHL    ။    ။
ယဉ်ကျေးမှု အမွေအနှစ်တွေကို ယူနက်စကို တင်တာကတော့ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကလည်း တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်း ဖြစ်ပါတယ်။ အခုဆိုရင်လည်း QR Code  တွေနဲ့ မြန်မာ့သနပ်ခါးနဲ့ ပတ်သက်ပြီး Survey ကောက်ယူနေတာ ရှိပါတယ်။ အဲဒါမျိုးကို တွင်တွင် ကျယ်ကျယ်ဖြစ်အောင် ကျွန်တော်တို့အသင်းအနေနဲ့ ပါဝင်ကူညီအားဖြည့်ပေးနေပါတယ်။ အခုဆိုရင် ဆိုရှယ်မီဒီယာတွေ၊ Tiktok လူမှုကွန်ရက်တွေမှာလည်း ဆောင်ရွက်နေတာ ရှိပါတယ်။ အဓိကတော့ သနပ်ခါးရဲ့ တကယ့်ကို သဘာဝကပေးတဲ့ ဆေးဖက်ဝင်တဲ့ ကော်လာဂျင်တွေ ပါဝင်တာ၊ နေရောင် ခြည်ဒဏ်ကို ကာကွယ်ပေးတာ ဒါတွေကို မသိကြဘူး။ Cosmetic အလှကုန်ပစ္စည်းတွေကိုပဲ သုံးနေကြတယ်။


TREND    ။    ။ အခုလို ကမ်ပိန်း ပြုလုပ်တဲ့အတွက် အကျိုးကျေးဇူတွေက ဘာတွေရရှိလာမလဲ။
UHL    ။    ။
အခုလိုမျိုး ကမ်ပိန်းတွေလုပ်ခြင်းအားဖြင့် သနပ်ခါးရဲ့ အကျိုးအာနိသင်တွေကို သိလာကြတယ်။ အားလုံးလည်း လိမ်းတယ်။ တောင်သူလယ်သမားတွေလည်း လိမ်းတယ်။ သနပ်ခါးသွေး လိမ်းခြယ်တာကို လူမှုကွန်ရက်တွေမှာ တင်လာကြတယ်။ တစ်ယောက်က လုပ်တာကိုမြင်ပြီး နောက်တစ်ယောက်က လိုက်လုပ်တယ်။ ဒါတွေကလည်းပဲအများကြီး အထောက်အကူ ဖြစ်ပါတယ်။ ယူနက်စကို တင်သွင်းတယ်ဆိုတာ ကျွန်တော်တို့က အလေ့အထ ယဉ်ကျေးမှုကို တင်သွင်းတာ ဖြစ်ပါတယ်။ သနပ်ခါးတုံးကြီး၊ အပင်ကြီး၊ အမြစ်ကြီး၊ ကျောက်ပြင်ကြီး တင်သွင်းတာ မဟုတ်ဘူး။ ဒီလိုမျိုး လိမ်းရတယ်ဆိုတဲ့ အလေ့အထဆောင်ရွက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒီအလေ့အထဟာ မြန်မာလူမျိုးတွေဟာ ရှေးနှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်းက၊ ပုဂံခေတ်ကတည်းက ဆေးရေး ပန်းချီတွေမှာ သနပ်ခါးနဲ့ တွေ့ခဲ့ရတယ်။ နှစ် ၂၀၀၀ ကျော်ကတည်းက လုပ်တယ်။ ယနေ့အထိ မပျောက်ပျက်အောင် ကြိုက်နေဆဲပဲ၊ လုပ်နေဆဲပဲဆိုတာကို ကျွန်တော်တို့ သိသာထင်ရှား အောင် ဆောင်ရွက်တာပါ။ ဒါကို သက်သေနဲ့တင်သွင်းနိုင်မှပဲ သတ်မှတ်တဲ့ စံနှုန်းရှိမှာပေါ့။ ဒါကို တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ သက်ဆိုင် ရာ၊ ဌာနဆိုင် ရာအစိုးရလည်း လုပ်လို့မရဘူး။ မြန်မာနိုင်ငံမှာနေတဲ့ Community လူမှုအဖွဲ့အစည်းတွေအားလုံးက တကယ်ဒါကို လုပ်ပါတယ်ဆိုတဲ့ သက်သေ အထောက်အထားနဲ့ ပြနိုင်မှပဲ ယူနက်စကို တင်သွင်းဖို့ အထောက်အကူ ဖြစ်မယ်လို့ ယူဆပါတယ်။


TREND    ။    ။ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောကြားပေးပါဦး။
UHL    ။    ။
ဒီပွဲတော်မှာဆိုရင် ချမ်းသာကြွယ်ဝတဲ့ သက်တမ်းကြာရှည်တဲ့ လူမှုအသင်းအဖွဲ့ကြီးတွေ အများကြီး ရှိပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်က အဖွဲ့တွေလည်း အများကြီးပြိုင်ကြတယ်။ ဒီထဲမှာမှ မြန်မာတိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့(ဗဟို)က The Best Perfo rmance Award ဆုရရှိခဲ့တယ်ဆိုတာက  မမျှော်လင့်ထားဘဲနဲ့ ရခဲ့တာဖြစ်ပါတယ်။ ဂုဏ်ပြုပွဲမှာဆိုရင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့ တွေဖြစ်တဲ့ ရခိုင်၊ ကရင်၊ မွန် စသဖြင့် လာရောက် ချီးမြှောက်ကြတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ဂုဏ်ယူကြပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသားစာပေအဖွဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာရတာ ဖြစ်တဲ့အတွက်ကြောင့် အများကြီး ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 232

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.