ရွေးကောက်ပွဲ မရှိစေချင်ဘူး၊ မဖြစ်စေချင်ဘူးဆိုရင် လက်ရှိအစိုးရကို ဆက်ပြီး အုပ်ချုပ်ပေးပါဆိုပြီး တောင်းဆိုတာနဲ့ အတူတူပဲ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း 

၂၀၂၄ ဇူလိုင် ၂၄

    လာမည့် ၂၀၂၅ ခုနှစ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီး အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး နိုင်ငံတော်အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲ အလားအလာနှင့် လက်ရှိနိုင်ငံရေးအခြေအနေ အရပ်ရပ်များအပေါ် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်၏ ရပ်တည်ချက်၊ သဘောထား အမြင်များကို ဆက်သွယ်မေးမြန်း ထားပါသည်။ 
    ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တွဲဖက်အတွင်းရေးမှူး ဦးစောသန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း 

TREND ။        ။ မြန်မာ့နိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် ဘယ်လို သုံးသပ်လိုပါလဲ။
USTM   ။        ။
တိုင်းပြည်က တည်ငြိမ်အေးချမ်းပြီးတော့ တရားဥပဒေစိုးမိုးမှုက အဓိကဖြစ်နေတယ်။ အဲဒီအတွက် ငြိမ်းချမ်းရေးက လိုအပ်တယ်။ အဲဒီတော့ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်အမြန်ဆုံး ချုပ်ငြိမ်းပြီးတော့ တရားဥပဒေစိုးမိုးတဲ့ အနေအထားရောက်မှပဲ တိုင်းပြည်ရဲ့ ကျန်တဲ့လူမှုရေးတို့၊ စီးပွားရေးတို့၊ ပညာရေးတို့ ကျန်တဲ့အရေးကိစ္စတွေက ဖွံ့ဖြိုးလာနိုင်တဲ့ အနေအထားရှိတယ်ဗျ။ အခုလက်ရှိ အခြေအနေက တိုင်းပြည်က မငြိမ်းချမ်းသေးဘူး၊ နေရာတော်တော်များများမှာလည်း တိုက်ပွဲတွေဖြစ်နေတော့ တည်ငြိမ်အေးချမ်းမှု မရှိတဲ့အခါကျတော့ ကျန်တဲ့လုပ်ငန်းတွေက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အများကြီး ဆုတ်ယုတ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ပထမဆုံးအချက်ကတော့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းရမယ်။ လက်ရှိ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေးယူဖို့ လိုအပ်တယ်။ ပြီးတော့ နိုင်ငံအတွက် တရားဥပဒေစိုးမိုးဖို့ လိုအပ်လာပါတယ်။ ဒါမှသာလျှင် ၂၀၂၅ မှာလုပ်မယ့် ရွေးကောက်ပွဲကလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်ပေါ့။ အဲဒီတော့ ရွေးကောက်ပွဲ မလုပ်နိုင်မချင်းကတော့ ကျွန်တော်တို့နိုင်ငံက ဘာပဲဖြစ်ဖြစ် ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ အစိုးရဖြစ်မလာနိုင်သေးဘူးပေါ့။ ရွေးကောက်ပွဲ မလုပ်သရွေ့ လွှတ်တော်ကလည်း ပေါ်မလာဘူး။ တကယ်လို့ လွှတ်တော်က မရှိဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခြေခံဥပဒေကို ပြုပြင်မယ်၊ ပြောင်းလဲမယ်၊ တိုးချဲ့မယ်၊ တချို့ ပယ်ဖျက်မယ့်ကိစ္စတွေက လွှတ်တော်မရှိတော့ ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံရေးအမြင်အရ ပြောရမယ်ဆိုရင်တော့ နံပါတ်တစ်ကတော့ တရားဥပဒေစိုးမိုးဖို့လိုတယ်။ ပြီးတော့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လိုအပ်တယ်။ ပြီးရင် လွှတ်တော်ပေါ်လာဖို့ လိုတယ်။နောက် လွှတ်တော်ကနေ ပြည်သူလူထု တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်း လိုအပ်တယ်။ အဲဒီအခြေအနေ မရောက်မချင်း ကျွန်တော်တို့ တိုင်းပြည်က မကောင်းဘူးလို့ဘဲ ပြောရမှာပေါ့။ နိုင်ငံရေးအရရော၊ စစ်ရေးအရရော လူမှုရေး၊ စီးပွားရေး အားလုံးက ကျဆင်းနေတဲ့ အနေအထား တွေ့ရတယ်။ ဒီအနေအထား အားလုံးကို ကျော်ဖြတ်ဖို့ဆိုရင် စောစောကပြောတဲ့အတိုင်း ဖြစ်မှရမယ်။


TREND ။        ။ တရားဥပဒေစိုးမိုးမှု အခြေအနေ အပေါ် ဘယ်လိုရှုမြင်သုံးသပ်ပါလဲ။
USTM   ။        ။
တိုင်းပြည်ရဲ့ အခုအခြေအနေအရ နေရာအနှံ့မှာ မငြိမ်းချမ်းဘူးပေါ့။ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒီလို ဖြစ်နေသရွေ့ကလည်း တရားဥပဒေစိုးမိုး မှုက အားနည်းနေမယ်။ ရှိနိုင်ဖို့ ခက်ခဲမယ်။ လက်ရှိအနေအထားအရကလည်း တရားဥပဒေစိုးမိုးမှုက လျော့နည်းနေတာ တွေ့ရတယ်။ အများအားဖြင့်တော့ မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးမှု ရှိပါတယ်။ ကျန်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည်ဖြင့် တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာကတော့ တရားဥပဒေစိုးမိုးမှု အင်မတန်နည်းပါတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေစိုးမိုးမှုရဖို့က တိုင်းပြည်အေးချမ်းမှ၊ ငြိမ်းချမ်းမှရမယ်။ နံပါတ်တစ်လုပ်ရမှာက ငြိမ်းချမ်းရေးကိစ္စပဲ။ပြီးတော့ တရားဥပဒေစိုးမိုးရေးဆိုတာကလည်း တိုင်း ပြည်အုပ်ချုပ်နေတဲ့ အစိုးရတာဝန်ရှိသူတွေက လုပ်ဆောင်ရမှာဖြစ်တယ်။ ပြည်သူလူထုကလည်း အစိုးရနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးမှုမှာ ပြည်သူလူထုအနေနဲ့ကတော့ တိုက်ရိုက်ဆောင်ရွက်ခွင့်မရှိဘူး။ အစိုးရက ဦးစားပေးဆောင်ရွက်ရမှာ။ ပြည်သူလူထုက အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုရရှိရေး လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ပူးပေါင်းပါဝင်ရမှာပါ။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုမရှိရင်လည်း တရားဥပဒေစိုးမိုးမှုက အင်မတန်ကို ခက်ခက်ခဲခဲဖြစ်မှာပါ။ ဒါကြောင့်မို့လို့ အစိုးရရော၊ ပြည်သူလူထုရော ပူးပေါင်းပါဝင်မှသာလျှင် ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုက အမြန်ဆုံးဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပါတယ်။


TREND ။        ။ ငြိမ်းချမ်းရေးဆိုတာကလည်း ပြည်တွင်းစစ်နဲ့အတူ ကာလရှည်ကြာ ဖော်ဆောင်နေရဆဲ အခြေအနေဖြစ်နေတော့ ငြိမ်းချမ်းရေး ရရှိရေးခက်ခဲနေတာဟာ ဘာကြောင့်လို့ သုံးသပ်မိလဲ။ 
USTM   ။        ။
ကျွန်တော်သိရသလောက်ကတော့ ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အများစုကတော့ နှစ်ပေါင်း ၇၀ ကျော်တာတွေ ရှိတယ်။ တချို့ကတော့ မကျော်သေးဘူး။ တချို့လက်နက်ကိုင်တွေကတော့ သိပ်မကြာသေးဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးတောင်းဆိုတာက စုပေါင်းခေါင်းဆောင်တဲ့ စနစ်ပေါ့။ ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ့။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားကြတာပေါ့။ အရင်တုန်းကတော့ တိုင်းရင်းသားတွေပဲ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုတယ်။ အခုကတော့ ဖက်ဒရယ်စနစ်ဆိုတာ တိုင်းရင်း သားတစ်ခုတည်းတင် မဟုတ်တော့ဘူး တစ်နိုင်ငံလုံးရှိတဲ့  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တဲ့အနေအထား ဖြစ်လာပါတယ်။ တကယ်တော့ ဒီတိုင်းပြည်တည် ငြိမ်ဖို့အတွက်ကလည်း ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့ကလည်း အဓိကကျနေပါတယ်။ လက်ရှိအနေအထားမှာ လက်ရှိ တပ်မတော်အစိုးရကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်လို့ တရားဝင်ပြော ဆိုထားတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ထူထောင်မယ်ဆိုရင် အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ ပြင်ဆင်ဖြည့်စွက်လုပ်နိုင်မှပဲ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရက ဒီစနစ်ကို သွားမယ်လို့ ပြောထားတယ်။ ဒီစနစ်ကို သွားဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကကျတယ်။ အခြေခံဥပဒေမှာ ပြုပြင်ဖြည့်စွက်တာတွေ လုပ်နိုင်တာက စောစောကပြောသလို လွှတ်တော်ရှိမှ ဖြစ်ပါတယ်။ အဲဒီတော့ လွှတ်တော်ရှိဖို့ ရွေးကောက်ပွဲရှိမှရမယ်။ ရွေးကောက်ပွဲ လုပ်နိုင်ဖို့က တိုင်းပြည်တည်ငြိမ်အေးချမ်းရမယ်။ အားလုံးကလုံး လည်လိုက်နေပါတယ်။ အရင်တုန်းကတော့ ဖက်ဒရယ်စနစ်ကို တိုင်းရင်းသားတွေအများစု ပြောတယ်။ အခုကတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်ခံလာတဲ့ အနေအထားဖြစ်တဲ့အတွက် ကျွန်တော်ထင်ပါတယ်။ အဲဒီစနစ်ကို ဦးတည်သွားမယ်ဆိုရင် တိုင်းပြည်က အေးချမ်းသွားမယ် ထင်ပါတယ်။ အများစု တောင်းဆိုနေတာလည်း ဒီဖက်ဒရယ်စနစ်ကိုပဲ ဖြစ်တယ်။ ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် ပုံဖော်ပေးမယ်။ အခြေခံဥပဒေမှာ လက်ရှိအနေအထားထက်ပိုပြီး ပုံဖော်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်က အများစုတောင်းဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်လာပြီဆိုရင် အလိုအလျောက် ငြိမ်းချမ်းသာယာတဲ့၊ အားလုံး ငြိမ်းချမ်းသွားတဲ့ နိုင်ငံဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်။


TREND ။        ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလည်း ဖက်ဒရယ်ကို တောင်းတာတွေရှိနေတဲ့ ဒီအခြေအနေကိုရော ဘယ်လို သုံးသပ်လိုပါလဲ။
USTM   ။        ။
ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရကတည်းက ဖက်ဒရယ်စနစ်ကို မသွားဘူးဗျ။ ဖက်ဒရယ်စနစ်ကို မသွားတဲ့အတွက် ပြည်နယ်အများစုကနေ ဦးဆောင်ပြီးတော့ ဖက်ဒရယ်စနစ်ကို တောင်းဆိုဖို့ လက်နက်ကိုင်လမ်းစဉ်ဆိုတာ ဖြစ်လာတယ်။ အဲဒီတော့ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် နဂိုကတည်းက အခြေခံဥပဒေအရ သွားမယ်ဆိုရင် ဒီလက်နက်ကိုင်အဖွဲ့တွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ မြင်တယ်။ အခုလည်း ပြည်နယ်အများစုက တိုင်းရင်းသားအများစုက လက်နက်ကိုင်ပြီး တော်လှန်တယ်ဆိုတာ အစိုးရကို တော်လှန်နေတာ မဟုတ်ဘူး။ အခြေခံဥပဒေမှာ ဖက်ဒရယ်စနစ် ဒါမှမဟုတ် တန်းတူညီမျှတဲ့ ပြည်ထောင်စုစနစ်မဖြစ်တဲ့အတွက် ဒါကို အဓိကဦးတည်ပြီးတော့ လက်နက်ကိုင်ပြီးတော့ ဒီစနစ်ကို အခြေခံဥပဒေကို မကြိုက်ကြတာပါ။ အစိုးရကို ကြိုက်တာ မကြိုက်တာထက် အခြေခံပဒေကို မနှစ်သက် တဲ့အတွက် ဖြစ်သွားတာ။ အဲဒီတော့ ကျွန်တော်တို့က အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အစိုးရလွှတ်တော်တွေမှာတော့ ပီပီပြင်ပြင် မလုပ်နိုင်ခဲ့ဘူး။ လာမယ့်လွှတ်တော်မှာ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရကလည်း မကြာခဏ ပြောထားတယ်။ သူတို့ကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားမယ်လို့ ပြောထားတယ်။ အားလုံးကလည်း အဲဒီစနစ်ကို လက်ခံတယ်။ မကြာခင် တကယ်လို့ ရွေးကောက်ပွဲပြီးတော့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ  ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားမယ့် အခြေခံ ဥပဒေကို ပီပီပြင်ပြင် ပုံဖော်နိုင်မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်က အလားအလာ အင်မတန်ကောင်း သွားမှာပါ။ အများစုပြောကြတာက အခုကလည်း ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ အခြေခံဥပဒေပဲ။ ဒါပေမဲ့ အခြေခံတဲ့ဟာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပုံဖော်တဲ့ စနစ်မဟုတ်ဘူး။ ကျွန်တော်တို့က အခြေခံဥပဒေမှာလည်း သေသေချာချာလုပ်မယ်။ ပြင်ဆင် ဖြည့်စွက်မယ်။ပြီးတော့ အဲဒါကိုလည်း လက်တွေ့ အသုံးချမယ်။ အဓိကက အသုံးချမှုအပေါ် အများကြီးဆိုင်ပါတယ်။ အဓိကက ဥပဒေ ဘယ်လိုပဲလုပ်လုပ် အဲဒီဥပဒေကို လက်တွေ့ အသုံးမချဘူးဆိုရင်တော့ ဖြစ်လာဖို့ခက်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထု အများစုဆန္ဒကတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အခြေခံဥပဒေကို လာမယ့် လွှတ်တော်မှာ ပြင်ဆင်တာ၊ ဖြည့်စွက်တာ မွမ်းမံတာတွေ လုပ်မယ်။ ပြီးတော့ အဲဒါကို လက်တွေ့ကျင့် သုံးဖို့လည်းလိုပါတယ်။ မကျင့်သုံးသရွေ့က ဒီငြိမ်းချမ်းရေးက ရဖို့ခက်ခဲပါတယ်။ ဥပဒေကိုလည်း ပြင်ဆင်ပြီးတော့ လက်တွေ့လည်း ကျင့်သုံးဖို့လိုပါတယ်။ ဒီနှစ်ခုက တစ်သား တည်း သွားရမယ်လို့ မြင်ပါတယ်။ 


TREND ။        ။ ရွေးကောက်ပွဲကို မဖြစ်စေလိုသူတွေ၊ မလိုလားသူတွေရှိနေဆိုတော့ အကယ်၍သာ ရွေး ကောက်ပွဲမရှိခဲ့ရင် တိုင်းပြည်က ဘယ်လိုအခင်းအကျင်းမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ချင်လဲ။
USTM  ။        ။
ကျွန်တော်တစ်ခုတည်းပဲ ပြောချင်ပါတယ်။ ရွေးကောက်ပွဲမရှိစေချင်ဘူး၊ မဖြစ်စေချင်ဘူးဆိုရင် လက်ရှိအစိုးရကို ဆက်ပြီးအုပ်ချုပ်ပေးပါဆိုပြီး တောင်းဆိုတာနဲ့ အတူတူပဲဖြစ်သွားမယ်။ ဒါက ပြည်သူအားလုံးရဲ့ ဆန္ဒသဘောပါ။ ရွေးကောက်ပွဲမရှိဘူး၊ ရွေးကောက် ပွဲ မဖြစ်ဘူးဆိုရင် လက်ရှိအစိုးရကို ဆက်လက်ပြီးတော့ အုပ်ချုပ်ပေးပါ၊ ဆောင်ရွက်ပေးပါလို့ တောင်းဆိုတာနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ ရွေးကောက် ပွဲမရှိရင် အစိုးရသစ်တစ်ရပ် ပေါ်လာစရာမရှိဘူး။ အစိုးရသစ်ပေါ်မလာဘူးဆိုရင် လက်ရှိ တပ်မတော်အစိုးရကပဲ ဆက်ပြီးအုပ်ချုပ်သွားမှာပဲ။ ရွေးကောက်ပွဲကို လက်မခံဘူးဆိုရင် လက်ရှိ တပ်မတော်အစိုးရကို လက်ခံတယ်ဆိုတဲ့ဟာနဲ့ အတူတူပဲ ဖြစ်သွားမှာပါ။ အဲဒီတော့ ကျွန်တော်တို့က ပြည်သူအားလုံးကို ပြောချင်ပါတယ်။ ရွေးကောက်ပွဲဖြစ်ဖို့ လိုပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူကလည်း အားလုံး လာရောက်ပြီးတော့ အတတ်နိုင်ဆုံး မဲထည့်ပြီးတေ့ာ ဒီနိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင် ပြောင်းလဲတဲ့နေရာမှာ ပြည်သူပြည်သားအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ လက်ရှိအစိုးရရဲ့ တာဝန်တစ်ခုတည်းလည်း မဟုတ်ပါဘူး၊ အားလုံးပေါ့။ လက်ရှိအစိုးရရော၊ နိုင်ငံရေးပါတီတွေရော၊ ပြည်သူလူထုရော အားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ အဲဒီတော့ ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင် စောစောက ကျွန်တော်ပြောတဲ့အတိုင်း ဖြစ်မှာပါ။


TREND ။        ။ ရွေးကောက်ပွဲဟာ အစိုးရရဲ့ ထွက်ပေါက်လို့ပြောနေတာတွေရှိတယ်။ တချို့ကလည်း ပြည်သူလူထုရဲ့ ထွက်ပေါက်ဆိုပြီး ပြောနေကြတယ်။ ဒီအပေါ်မှတ်ချက်ပြုပေးပါဦး။
USTM   ။        ။
လက်ရှိအစိုးရက လာမယ့် ၂၀၂၅ မှာရွေးကောက်ပွဲလုပ်မယ်လို့ ပြောထားတယ်။ အဲဒီတော့ ရွေးကောက်ပွဲဖြစ်ပြီးတော့ ပြည်သူလူထုတင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်လာမယ်။ ပြည်သူလူထု အများစုက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တင်မြှောက်လိုက်တဲ့ အစိုးရထွက်ပေါ်လာမှသာ တိုင်းပြည်ရှေ့ရေးကို လိုချင်တဲ့ပုံစံအတိုင်း ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ တစ်ခုတော့ရှိတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ လက်ရှိအစိုးရရဲ့ ထွက်ပေါက်မဟုတ်ပါဘူး။ ပြည်သူလူထုနဲ့ တိုင်းပြည်ရဲ့ ထွက်ပေါက် ဖြစ်ပါတယ်။ ဒီအစိုးရက ထွက်ပေါက်မလိုဘူးလို့ မြင်တယ်။ သူက ရွေးကောက်ပွဲမရှိရင် ဆက်အုပ်ချုပ်သွား လို့ရတယ်လေ။ ရွေးကောက်ပွဲမဖြစ်မချင်း သက်တမ်းခြောက်လ၊ ခြောက်လတောက်လျှောက် ဆက်ပြီးတော့ အုပ်ချုပ်သွားနိုင်တယ်။ အဲဒီတော့ သူတို့အတွက်က ထွက်ပေါက်မလိုဘူး။ တကယ့်ထွက်ပေါက်က အခုပြောတဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ထွက်ပေါက်ပဲ။ ဒီအစိုးရရဲ့ ထွက်ပေါက်မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်အမြင်အရ ပြောမယ်ဆိုရင် ရွေးကောက်ပွဲဟာ လက်ရှိအစိုးရရဲ့ ထွက်ပေါက်မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ပြည်သူလူထုရဲ့ ထွက်ပေါက်ဖြစ်ပါတယ်။ 


TREND ။        ။ လက်ရှိ အခြေအနေတွေကို ကျော်လွှား ဖြတ်ကျော်နိုင်ဖို့၊ ရွေးကောက်ပွဲနဲ့တိုင်းပြည်ရဲ့ အနာဂတ် အလားတို့နဲ့ပတ်သက်ပြီး ဖြည့်စွက်ပြော ကြားပေးပါဦး။ 
USTM   ။        ။
စောစောပိုင်းမှာ တောက်လျှောက် ပြောကြားချက်တွေ အကုန်လုံးကတော့ လက်ရှိ အကျပ်အတည်းအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ပါပဲ။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ကျော်လွှားနိုင်ဖို့က ရွေးကောက်ပွဲတစ်ခုပဲရှိပါတယ်။ ဒီအခက်အခဲ အကျပ်အတည်းအားလုံးကို ကျော်လွှားဖို့က ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှသာလျှင် လက်ရှိ အခက်အခဲတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မဖြတ်သန်းသရွေ့ကတော့ ဒီ့ထက်ပိုပြီး ခက်ခဲလာလိမ့်မယ်လို့ မြင်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရွေးကောက်ပွဲအပေါ်မှာ မူတည်ပါတယ်။ ဒါ လေးတစ်ချက် ထပ်ပြောချင်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လာမယ့်ရွေးကောက်ပွဲ အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းပြည်ရဲ့ အနာဂတ်တွေ ပိုကောင်းဖို့ မျှော်လင့်တယ်ဆိုရင် ရွေးကောက်ပွဲမှာလည်း ပြည်သူလူထုအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့  အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ 
TREND ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ် )

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၂၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 229

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43087

© 2022 - 2025 News. All Rights Reserved.