ရွှေအုပ်ဆောင်း ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပယင်းထုတ်ကုန်များ ထုတ်လုပ်သူ ဒေါ် နီနီလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ဇန်နဝါရီ ၁၂

ကချင်မှာ ထုတ်လုပ်မှုက သယ်ယူပို့ဆောင်ရတာ မလွယ်ကူဘူး။ ကားတစ်ခေါက်ပို့ရင် တစ်လလောက်ကြာတဲ့အတွက်ကြောင့် ထုတ်လုပ်မှုကို ရပ်ထားပြီး အခု ရန်ကုန်မှာ ပြန်ပြီးကြိုးစား လုပ်ကိုင်နေတယ်။
    နိုင်ငံတော်မှ အသေးစားအလတ်စား လုပ်ငန်းများကို အားပေးပံ့ပိုးမှုများ ပြုလုပ်လျက်ရှိသည်နှင့်အညီ အသေးစားအလတ်စား လုပ်ငန်းရှင်များမှ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက်သာမက၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဆောင်ရွက်နေသည့် လုပ်ငန်းများထဲမှ နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ဆုရ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်တွင် ပြုလုပ်သည့် China-Myanmar Innovation and Entrepreneurship Competition  ပြိုင်ပွဲတွင် Innovation ဆုရရှိခဲ့သည့် ရွှေအုပ်ဆောင်းကျန်းမာရေးနှင့် အလှအပဆိုင်ရာ ပယင်းထုတ်ကုန် ထုတ်လုပ်သည့်ပိုင်ရှင် ဒေါ်နီနီလွင်နှင့် အသေးစားအလတ်စား လုပ်ငန်းရှင်များ၏ အတွေ့အကြုံများနှင့်ပတ်သက်၍ မေးမြန်းမှုများကို ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ ပယင်းထုတ်ကုန်ကို အသေးစား အလတ်စား လုပ်ငန်းတစ်ခုအနေနဲ့ စတင်ထုတ်လုပ်ဖြစ်ပုံကို ရှင်းပြပေးပါဦး။
DNNL    ။    ။
အစ်မက ပယင်းကို ကျန်းမာရေးပိုင်းမှာ အသုံးဝင်ပုံနဲ့ အာနိသင်ကို သိသွားတယ်။ အစ်မလုပ်ငန်း စတင်လုပ်ကိုင်ချိန်ကတော့ ပယင်းကျောက် မျက်ရတနာဆိုင်ကို စတင်ပြီးတော့ ဖွင့်လှစ် လုပ်ကိုင်တာပေါ့။ အဲ့ဒီမှာ ပယင်းရဲ့ စွန့်ပစ်ပစ္စည်းထားတဲ့ အမှုန့်လေးတွေကို အနီးနား ပတ်ဝန်းကျင်က အသက်ကြီးတဲ့သူတွေက လာတောင်းပြီး သူတို့တွေလိမ်းကြတယ်။ အဲ့ဒီကနေ စပြီးတော့ လာတောင်းတဲ့သူတွေကို မေးကြည့်တော့ ဒီအမှုန့်လေးတွေနဲ့ အသုံးပြုတဲ့အခါကြရင် သက်သာသွားတယ်ပေါ့။ အစ်မကိုယ်တိုင်လည်း စမ်းသပ်ကြည့်တယ်။ ပယင်းလက်ပတ်နဲ့ စမ်းကြည့်တော့ လက်ကိုက် တာလေးတွေ ပျောက်သွားတယ်။ အဲ့ဒီကနေတစ်ဆင့် ပယင်းကို တိုက်ရိုက်ထိတွေ့တဲ့ ခေါင်းအုံးလေးတွေ၊ ခါးပတ်လေးတွေ ချုပ်ပြီးတော့ စမ်းသပ်တယ်။ ဒါကိုလည်း Customer တွေဘက်က ပြန်လာတဲ့ Comment တွေက အရမ်းကောင်းတယ်။ အသုံးပြုတဲ့အခါမှာ တကယ်လည်း ပျောက်တယ်။ အဲဒီတော့ အစ်မအနေနဲ့ စဉ်စားလိုက်တယ်။ ဒီလိုမျိုး အသားနဲ့ထိတွေ့ရုံနဲ့ ပျောက်တယ်ဆိုရင် ပယင်းအဆီတွေကို ထုတ်ပြီးတော့ အသုံးပြုမယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်နိုင်တယ်လို့ ယူဆတဲ့အတွက် ကချင်ပြည်နယ် SME အသင်းဝင်ဖြစ်တဲ့အခါကြတော့ တိုင်ပင်တာပေါ့။ အဲ့ဒီမှာ သူတို့က သုတေသနနဲ့ တီထွင်စမ်းသပ်မှုဦးစီးဌာနကို ချိတ်ပေးတယ်၊ အဲဒီမှာ အစ်မက နည်းပညာလိုတဲ့ အတွက်ကြောင့်။ ဘာလို့ဆို အစ်မက အဆီထုတ်ပြီးတော့ ပြည်ပကို ပို့ရတဲ့အထိ လုပ်ချင်တာပေါ့။ ကုန်ကြမ်းလည်း ကိုယ့်ဆီမှာ ရှိတဲ့အခါကြတော့လေ။ အဲဒါနဲ့ ဒီပစ္စည်းထုတ်လုပ်မှုကို စိတ်ဝင်စားပြီးတော့ ကနဦးစမ်း သပ်ချက်အနေနဲ့ တစ်လလုပ်တယ်။ နောက်တစ်နှစ် အကြာမှာ Reflux Extraction နည်းနဲ့ အဆီထုတ်တဲ့စနစ် ရလာတယ်။ အဲဒီမှာ အစ်မက ဒဏ်ကြေလိမ်းဆေးနဲ့ အလှအပဆိုင်ရာပစ္စည်းတွေနဲ့ ပေါင်းပြီးတော့ ထုတ်လုပ်ဖြစ်တယ်။ ထုတ်လုပ်လို့ ဈေးကွက်ကို စတင်ပြီးဖြန့်ချိတဲ့ အခါမှာလည်း အရမ်းကြိုက်ကြတယ်။ အဲဒါကြောင့် ပယင်းကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေကို ထုတ်ဖြစ်သွားတာပါ။


TREND    ။    ။ ဒါဆိုရင် လက်ရှိ ဈေးကွက်အခြေအနေက ဘယ်လိုအခြေအနေရှိလဲ။
DNNL    ။    ။
ဈေးကွက်အခြေအနေကတော့ ၂၀၁၇-၂၀၁၈ ခုနှစ်လောက်က စတင်ခဲ့တယ်။ နည်းပညာရတာလည်း ၂၀၁၈ ဆိုတော့လေ။ အစ်မတို့က ဒီထုတ်ကုန်ပြိုင်ခဲ့တာ National Award ဆုကို ရရှိခဲ့တယ်။ နောက်တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းခရိုင်မှာ ပြုလုပ်တဲ့ China-Myanmar Innovation and Entrepr-eneurship Competition ပြိုင်ပွဲမှာလည်း Innovation ဆုရရှိခဲ့တယ်။ ဈေးကွက်ကို ဖြန့်တဲ့အခါ၊ တရုတ်ကလည်း အစ်မထုတ်ကုန်ကို သုံးကြည့်တဲ့အခါမှာ အသုံးတည့်တဲ့အတွက် မှာယူတယ်။ ပြည်တွင်းမှာလည်း ဖြန့်တယ်။ အဲဒီအချိန်မှာ ကိုဗစ် ၁၉ ကဖြစ်တော့ ဈေးကွက်က တန့်သွားတယ်။ နောက်တော့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ပစ္စည်းက နည်းနည်းလေး အရှိန်ရပ်သွားတယ်။ ဒါပေမဲ့ အစ်မတို့က SME လုပ်ငန်းဖြစ်တဲ့အတွက် ပြန်ပြီးတော့ ရပ်တည်နိုင်အောင် လုပ်ဆောင်တဲ့အတွက်ကြောင့် လုပ်ငန်းကတော့ ရပ်တန့်မနေဘူး။ အစ်မတို့အခြေစိုက်တာက ကချင်ဒေသဆိုတော့ အခုက ရန်ကုန်မှာ ပြန်ပြီးတော့ ရုံးခွဲအနေနဲ့ ဖွင့်ပြီးတော့ ပြန်ထုတ်လုပ် နေပါတယ်။ ကချင်မှာကြတော့ ထုတ်လုပ်မှုကို ရပ်ထားတယ်။ ဘာလို့လဲဆိုတော့ သယ်ယူပို့ဆောင်မှုက မလွယ်ကူတဲ့အတွက်ကြောင့် ကားတစ်ခေါက်ပို့ရင် တစ်လလောက်ကြာတဲ့အခါကြတော့ ရန်ကုန်မှာ ပြန်ပြီးကြိုးစား လုပ်ကိုင်နေပါတယ်။ ရောင်းအားကတော့ အရင်ကလောက် မရှိပေမယ့်လည်း ပြန်ကြိုးစားတဲ့အတွက် အွန် လိုင်းမှာရော Digital Marketing နှစ်ခုပြန်လုပ်ပြီးတော့ ကြိုးစားနေပါတယ်။


TREND    ။    ။ အသေးစားအလတ်စားလုပ်ငန်း တစ်ခုအနေနဲ့ လုပ်ကိုင်ရတဲ့အပေါ်မှာ ဘာတွေအခက်အခဲရှိလဲ။
DNNL    ။    ။
SME လုပ်ငန်းဆိုတာက သိတဲ့အတိုင်း အသေးစား အငယ်စားလေးတွေ စုပေါင်းပြီးတော့ လုပ်တာပေါ့။ အင်မတန် ရည်ရွယ်ချက်လည်း ကောင်းတယ်။ ဒီ SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံရဲ့ GDP တွေလည်း ကောင်းလာမယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် အစ်မတို့တွေက ကြိုးစားကြတယ်။ ဒါပေမဲ့ အခက်အခဲတွေက ဘာတွေရှိလဲဆိုရင် SME လုပ်ငန်းမှာ ငွေကြေးလိုအပ်ချက်နဲ့ နည်းပညာလိုအပ်ချက် ရှိတယ်။ ဒီနှစ်ခုရှိပြန်တော့လည်း ထပ်မံပြီးတော့ လုပ်ငန်းဖွံ့ဖြိုးဖို့ ဆိုတာက အခြေခံငွေကြေး လိုအပ်ချက်ရှိတယ်။ အဲဒီအတွက်ကြောင့် ပံ့ပိုးပေးနိုင်တဲ့ အသင်းအဖွဲ့တွေ၊ နောက်က ထောက်ပံ့ပေးနိုင်တဲ့ စစ်မှန်တဲ့အဖွဲ့အစည်းတွေ ရှိတယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ရုန်းကန်ခဲ့တာက ကိုဗစ်-၁၉ အခြေအနေနဲ့ နိုင်ငံရေးအခြေအနေကြောင့် ရုန်းကန်ခဲ့ရတာပါ။ ဒါပေမဲ့ မပြိုလဲသွားအောင် လုပ်ကိုင်ရတယ်။ ကုန်ကြမ်းလိုအပ်ချက်ကလည်း အရေးကြီးတယ်။ အစ်မတို့ ကုန်ကြမ်းအားလုံးက တရုတ်ကမှာတယ်။ အဲဒီလိုကြတော့ လက်ရှိအခက်အခဲပါ။ ပါကင်ထုတ်တဲ့ပစ္စည်း ကုန်ကြမ်းနဲ့ ဆက်စပ်ပစ္စည်း ဝယ်ယူရရှိမှု အခက်အခဲပဲ။ အခုဆိုရင် အစ်မပစ္စည်းတွေဆိုရင် လမ်းပေါ် မှာရှိနေတယ်။ အစ်မတို့ပစ္စည်းက ရောင်းနေရင်း ပစ္စည်းလက်ကျန်ပြတ်သွားတဲ့ အခြေအနေရှိနေတော့ Customer လိုအပ်ချက်ကို ဖြည့်မပေးနိုင် တာတွေရှိတယ်။ အခက်အခဲကတော့ အမျိုးမျိုးပါပဲ။


TREND    ။    ။ လက်ရှိမှာ MSME လုပ်ငန်းတွေကို ပြပွဲတွေ၊ ဆွေးနွေးပွဲတွေ ကျင်းပပေးတဲ့အပေါ် ဘယ်လိုမြင်လဲ။
DNNL    ။    ။
အခက်အခဲတွေရှိနေသော်လည်းပဲ နိုင်ငံတော်ဘက်က အခုလို အစ်မက MSME အသင်းဝင်ထားတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ချိတ် ဆက်ပြီးတော့ ဆောင်ရွက်ပေးတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့အတွက် အစ်မတို့ ထုတ်ကုန်တွေကို လူပိုသိသွားတာပေါ့။ အစ်မတို့ကို ပံ့ပိုးပေးမယ့် ဘဏ်တွေလည်းရှိလာပြီ၊ ချိတ်ဆက်ပေးတယ်ဆိုတော့ ဒါက အစ်မတို့ SME လုပ်ငန်းရှင်တွေအတွက် အားတက်စရာတစ်ခု ဖြစ်ပါတယ်။ ယူဆပါတယ်။


TREND    ။    ။ တရုတ်ကနေ ကုန်ကြမ်းမှာယူ နေရတယ်ဆိုတဲ့ အပိုင်းလေးနဲ့ပတ်သက်ပြီး သေချာလေး ရှင်းပြပေးပါဦး။
DNNL    ။    ။
အစ်မတို့ ကုန်ကြမ်းက နှစ်ပိုင်းရှိတယ်။ ပယင်းကုန်ကြမ်းက ကချင်ပြည်နယ်ကထွက်တဲ့ ကုန်ကြမ်းရှိတယ်။ အစ်မက ပယင်းကထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းယူပြီးတော့ ထုတ်တာ။ ပယင်းကို လက်ဝတ်ရတနာ တွေလုပ်တယ်။ အဲဒီကထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းကို ယူပြီးလုပ်တာ။ ဒီအပိုင်းက ကုန်ကြမ်းအခက်အခဲမရှိဘူး။ဘာလို့ဆို တစ်လကို သုံးတန်ကနေ၊ လေးတန်ကြားမှာ ကုန်ကြမ်းဝယ်ယူလို့ရတယ်။ ပယင်းနဲ့တွဲထုတ်တဲ့ ပစ္စည်းတွေက တရုတ်က မှာယူရတာ၊ ဒါမှမဟုတ် အိန္ဒိယကနေ မှာရတယ်။ နောက်ထုတ်တဲ့ ပါကင်ပိုင်းတွေကလည်း တရုတ်ကနေ မှာရတယ်။ အစ်မ တို့နိုင်ငံအတွင်းမှာက Quality ကောင်းတဲ့ပစ္စည်းတွေက မရှိသေးဘူး။ အစ်မအနေနဲ့က ရှိစေချင်တယ်။ နည်းပညာ ရှိတယ်။ အခြေခံထုတ်လုပ်တဲ့ ကုန်ကြမ်းလည်းရှိတယ်။ ဒါပေမဲ့ ထုတ်လုပ်တဲ့အပိုင်းက စိတ်မအေးရဘူး။ လမ်းပိတ်တဲ့ အခြေအနေနဲ့တိုးရင် ရှေ့ရောက်မယ့်အရာတွေက နောက်ကိုပြန် ရောက်နေသလိုပဲ။ 


TREND    ။    ။ ပယင်းကုန်ကြမ်းဝယ်ယူမှု အခြေအနေကရော ဘယ်လိုရှိပါလဲ။
DNNL    ။    ။
ပယင်းကုန်ကြမ်းက အခု ပွင့်လင်းရာသီရောက်ပြီဆိုတော့ ပယင်းကျောက်မျက်ဈေးကွက်ထဲမှာ နေ့စဉ် အစ်မတို့က ဝယ်တယ်။ လှောင်ထားတယ်၊ ဝယ်လို့ရပါတယ်။ တနိုင်းပယင်း ဈေးကွက်ဖြစ်ဖြစ်၊ မြစ်ကြီးနားက ကျောက်မျက်ပယင်း ဈေးကွက်ဖြစ်ဖြစ် အဲဒီမှာ ဝယ်လို့ရပါတယ်။ ကိုယ်က ကုန်ကြမ်း ၁၀ တန် လှောင်မယ်ဆိုရင် ပြည့်အောင်ဝယ်ယူပြီးတော့ လှောင် ထားလို့ရပါတယ်။ ထုတ်ကုန်အနေနဲ့က ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်လုပ်တဲ့ထုတ်ကုန်က ၁၀ မျိုးရှိတယ်။ နောက် ပယင်းနဲ့ တိုက်ရိုက်ထိတွေ့ပြီး အသုံးပြုတဲ့ ပစ္စည်းတွေလည်း ထုတ်တယ်။ ထုတ်တဲ့ပစ္စည်း တွေကလည်း Export Quality  မီအောင် ထုတ်ထားတယ်။ အဲဒီပစ္စည်းကတော့ ရှစ်မျိုးဆိုတော့ အားလုံး ၁၈ မျိုးထုတ် လုပ်ပါတယ်။


TREND    ။    ။ အသေးစားအလတ်စားလုပ်ငန်းတွေအတွက် တောင်းဆိုချင်တာလေးရှိရင် ပြောပေးပါဦး။
DNNL    ။    ။
အစ်မ အခက်အခဲက စောစောကပြောတဲ့ ပါကင်ထုတ်တဲ့ အပိုင်းပေါ့နော်။ ပါကင်ထုတ်တဲ့အပိုင်းဆိုရင် ကောင်းတာပဲထုတ်ချင်တယ်။ ပြည်တွင်းကထုတ်တဲ့ ပရုတ်ဆီပုလင်းတွေကို သုံးဖူးတယ်။ အစ်မတို့ ဘူးတစ်ထောင်ဝယ်လိုက်ပြီဆိုရင် သုံးပုံတစ်ပုံလောက်က အကွဲပါတယ်။ လက်တွေရှတယ်။ အဲဒီအတွက်ကြောင့် အသုံးပြုတဲ့အခါမှာ Save မဖြစ်ဘူး။ အဲဒီအတွက်ကြောင့် အစ်မတို့က တရုတ်ကနေပြီတော့ စက်ရုံတွေကနေ မှာယူရတယ်။ အဖုံးကအစ ပေါက်မထွက်ဘူး။ အဲဒါကြောင့် တရုတ်ကမှာယူရတယ်။ လမ်းပိတ်တဲ့အခါမှာကြတော့ အလုပ်က မတွင်ကျယ်ဘူး။ သူ့ကိုစောင့်ပြီးတော့ အလုပ်လုပ်နေရတယ်။ အဲဒီလိုမျိုး မဖြစ်စေချင်တဲ့ အတွက်ကြောင့် ပြည်တွင်းမှာလည်း အခုလို ပါကင်ပိုင်း ထုတ်တဲ့ စက်ရုံတွေ၊ လုပ်ပေးနိုင်တဲ့ စက်ရုံတွေကို ဖိတ် ခေါ်ချင်တာ။ လုပ်ပေးနိုင်တယ်ဆိုရင် ဒီမှာရှိတဲ့ SME လုပ်ငန်းရှင်တွေ အကုန်လုံး အဆင်ပြေသွားမှာ။ ပါကင်ပိုင်းနဲ့ပတ်သက်ပြီး အခက်အခဲရှိတဲ့သူတွေ အများကြီးရှိနေတယ်။ သူတို့လေးတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။


TREND    ။    ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောပေးပါဦး။
DNNL    ။    ။
ပြပွဲတွေလုပ်တဲ့အခါမှာ အစ်မတို့အနေနဲ့ ထုတ်ကုန်တွေကို ကြော်ငြာပေးဖို့အတွက် ဆိုင်ခန်းတွေ ယူရတာရှိတယ်။ ဆိုင်ခန်းခကို အတိုင်းအတာ တစ်ခုအထိပေးပြီး ယူရတယ်။ အခုအချိန်မျိုးမှာ စပြီး စမ်းသပ်တဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်လေ။ အဲဒီလုပ်ငန်းတွေကြတော့ ဆိုင်ခန်း တွေယူပြီး မလုပ်နိုင်ကြဘူး။ လုပ်ငန်းကို စလုပ်တဲ့အခါမှာ Marketing ပြုလုပ်ဖို့ ကြတော့ အဲဒီအခက်အခဲတွေ ရှိတယ်။ အစိုးရအနေနဲ့ လုပ်ပေးတဲ့ပဲွဲတွေမှာ အခမဲ့ကြော်ငြာပေးတာမျိုးဆိုရင် ပိုကာင်းပါတယ်။ အခုမှစတင်တဲ့ လုပ်ငန်းတွေဆိုရင် ငွေကြေးအခက်အခဲတို့၊ နည်းပညာနောက် Marketing လုပ်ဖို့လည်း လိုအပ်တယ်။ သူတို့ကအပေါ်ကို တက်ရမယ့် အခြေအနေမျိုးမှာ အပေါ်ကို မတက်နိုင်ဘူးဖြစ်နေတာပေါ့။ ဒါက အစ်မတွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့ယှဉ်ပြီး အခုမှစလုပ်တဲ့ လုပ်ငန်းတွေအတွက် တောင်းဆိုပေးချင်တာ ဖြစ်ပါတယ်။
(
သက်မှူး)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )
 

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.