၂၀၂၅ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းအနေဖြင့် ပုဂ္ဂလိက စက်မှုလက်မှုလုပ်ငန်းများကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် စက်မှုလက်မှုကဏ္ဍ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက် လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာခြင်းဖြင့် စားဝတ်နေရေး၊ အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်အတွက် နိုင်ငံတော် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းထွက်ကုန်ပစ္စည်းများကို စနစ်တကျအသုံးပြု၍ အရည်အသွေးမြင့်မားသော ကုန်စည်များ ထုတ် လုပ်ပြီး ပြည်တွင်းထွက်ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲလာစေရန် စသည်တို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ရန်အတွက် ပြည်တွင်းစက်မှုထုတ်ကုန် အခြေအနေများ၊ အခက်အခဲများနှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုပ်လုပ်သူများ အသင်းအနေဖြင့် ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ်အသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် တွေ့ဆုံမေးမြန်းထား သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ (၂၉) ကြိမ်မြောက် အသင်းသား စုံညီနှစ်ပတ်လည်အစည်းအဝေးအကြောင်း ပြောပြပေးပါဦး။
UTT ။ ။ အသင်းတိုင်းကတော့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေး ဆောင်ရွက်ရတာပေါ့။ မြန်မာနိုင်ငံစက်မှု ကုန်ထုပ်လုပ်သူများ အသင်းအနေနဲ့ နှစ်စဉ် ဆောင်ရွက်လာတာဆိုရင် ၂၉ ကြိမ် ရှိလာပြီ ဖြစ်ပါတယ်။ အသင်းရဲ့ သက်တမ်းကတော့ ၃၁ နှစ်ကျော်ခဲ့ပြီ ဖြစ်ပါပြီ။အသင်းထဲမှာတော့ Member တွေက စက်မှုလုပ်ငန်းလုပ်တယ်ဆိုရင် ကုမ္ပဏီလည်း ဖြစ်နိုင်သလို၊ လုပ်ငန်းလည်း ဖြစ်နိုင်တယ်။ တစ်ဦးချင်း ကိုယ်ပိုင်လုပ်ငန်းတွေလည်း ဖြစ်နိုင်တယ်။ အဲဒါမှ အသင်းဝင် ဖြစ်လို့ရတယ်။ အသင်းအနေနဲ့ကျတော့ နိုင်ငံတကာဈေးကွက် ဖော်ဆောင်တဲ့ နေရာမှာသော်လည်းကောင်း၊ ငွေကြေးနဲ့ပတ်သက်တဲ့ အကူအညီချေးငွေတွေ လိုအပ်တဲ့အခါမှာ သော် လည်းကောင်း၊ နည်းပညာနဲ့ပတ်သက်တဲ့အခါမှာ လည်းကောင်း၊ နိုင်ငံတော် မူဝါဒဆိုင်ရာမှာ နိုင်ငံတော်နဲ့ပတ်သက် ဆက်နွှယ်တဲ့ လုပ်ငန်းတွေကို ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီးတော့ အသင်းဝင်တွေအတွက် ဘာတွေအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။ အဲဒါတွေကို အသင်းသားတွေကိုယ်စား စုပေါင်း အသံအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

TREND ။ ။ အသင်းအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်တာ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်လေးတွေ ပြောကြားပေးပါဦး။
UTT ။ ။ အသင်းအနေနဲ့ သဘာဝဘေး ဒဏ်တွေခံခဲ့ရတဲ့ ဒေသတွေကို အသင်းရဲ့ ရန်ပုံငွေထဲက သော်လည်းကောင်း၊ အလုပ်အမှုဆောင်တွေရဲ့ ထည့်ဝင်လှူဒါန်းငွေသော်လည်းကောင်း၊ အသင်းဝင်ရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေသော် လည်းကောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အများကြီး လှူဒါန်းနိုင်ခဲ့တယ်။ ကိုဗစ်ကာလတုန်းကဆိုရင် အောက်ဆီဂျင်ဘူးတွေ နိုင်ငံခြားကနေ မှာပြီးတော့ ရန်ကုန်က ဆေးရုံတွေမှာ လှူဒါန်းခဲ့တာမျိုးတွေ ရှိတယ်။ လက်ရှိ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ထုတ်ကုန်တိုးမြှင့်ဖို့ ရည်ရွယ် ချက်တွေ အကောင်အထည်ဖော်တဲ့နေရာမှာလည်း ကျွန်တော်တို့ လုပ်နိုင်တဲ့ထဲကနေပြီးတော့ ဘာတွေလုပ်လို့ရမလဲဆိုတာကို ပူးပေါင်း ချိတ်ဆက်ပြီးတော့ ဘယ်ကဏ္ဍတွေကတော့ဖြင့် ပိုမို ဆောင်ရွက်နိုင်မလဲ။ ဘယ်ကဏ္ဍတွေကို ပိုမိုအားဖြည့်ရမလဲ၊ ကျွန်တော် စောစောကက ပြောသလို အသင်းအနေနဲ့အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေကို ပြည်တွင်းဌာနဆိုင်ရာများနဲ့ သော်လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အ စည်းများနဲ့သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။
TREND ။ ။ CMP လုပ်ငန်းတွေနဲ့ ပတ်သက် ပြီးတော့လည်း ဆောင်ရွက်ပေးနေမှုအပိုင်းလေးကို ပြော ကြားပေးပါဦး။
UTT ။ ။ CMP ကတော့ လက်ခစား ကုန်ကြမ်းပေး ကုန်ချောယူပေါ့။ အဲဒီဟာတွေမှာ အထည်ချုပ်ဆိုရင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းရှိတယ်။ ဒါကြောင့် အထည်ချုပ်လုပ်ငန်းမှအပ အခြား CMP တွေ အားလုံးနီးပါးပေါ့။ အားလုံးနီးပါး လို့ပြောတာက ရေလုပ်ငန်းဆိုင်ရာမှာလည်း အသင်းတစ်သင်းရှိတာကြောင့်ပါ။ ကျွန်တော်တို့အနေနဲ့ကျတော့ ကျောပိုးအိတ်တို့၊ အိတ်မျိုးစုံ ချုပ်မယ်။ ဆံပင်တု၊ လက်အိတ်၊ ဖိနပ်၊ စက်ဘီးကိုယ်ထည်တွေလုပ်မယ် စသဖြင့် လုပ်ငန်း ၅၃ မျိုးလောက်ရှိတယ်။ အဲဒီ CMP တွေအားလုံးက အသင်းရဲ့အောက်မှာရှိနေတယ်။ နောက်ပြီး လုပ်ငန်းရှင်တွေနဲ့ပတ်သက်ပြီး ကုန်ကြမ်းရရှိရေးအတွက်ကို စိစစ်ပြီးတော့ ထောက်ခံရတယ်။ အဲဒီကနေပြီးတော့ နိုင်ငံတော်ရဲ့ CMP ကဏ္ဍမှာ အထည်ချုပ်မှအပ ကျန်တဲ့လုပ်ငန်းအားလုံးကို ပူးပေါင်းဆောင်ရွက် ပေးနေတာတွေ ရှိပါတယ်။
TREND ။ ။ အသင်းအနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းဆောင်တာလေးတွေလည်း ပြောပြပေးပါဦး။
UTT ။ ။ ဒီနှစ်မှာတော့ အသင်းသား ကုမ္ပဏီတွေ စက်ရုံတွေရဲ့အကျိုး၊ နိုင်ငံထဲမှာရှိနေတဲ့ လုပ်သားတွေ အများကြီး ပိုမိုခန့်ထားနိုင်ဖို့ ရှိပါတယ်။ ဒါပေမဲ့ မမြင်ရတဲ့၊ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေကလည်းရှိနေတော့ ကျွန်တော်တို့ လုပ်နိုင်တဲ့ ဘောင်ထဲကနေပြီးတော့ အခြေအနေအရ ခွင့်ပြုသလောက်ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ သို့သော်လည်း အသင်းသားတွေအနေနဲ့လည်း ရှောင်လွှဲလို့မရတဲ့ အခြေအနေ ကြုံတွေ့ရလာတဲ့အခါမှာ ကျွန်တော်တို့ဟာ မိမိရဲ့လုပ်ငန်းရပ်တည်ဖို့ရယ်၊ မိမိရဲ့လုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်း တည်မြဲဖို့ရယ်၊ အဲဒီအတွက် မျှမျှတတ အသိ ဉာဏ်ရှိရှိလေး ရင်းနှီးမြှုပ်နှံမယ်။ လုပ်ငန်းတိုးချဲ့ဖို့၊ စီမံခန့်ခွဲဖို့ ပြုလုပ်တဲ့ ကိစ္စရပ်တွေမှာ ကျွန်တော်တို့ အသင်း အနေနဲ့ အကြံဉာဏ်ပေးတဲ့ ကိစ္စတွေရှိမယ်။ ဥပဒေပိုင်းဆိုင်ရာ ဝိုင်းဝန်းအကြံပေးတဲ့ ကိစ္စတွေရှိမယ်။ ချေးငွေကိစ္စ ပေါင်းစပ်ညှိနှိုင်းတဲ့ကိစ္စတွေရှိမယ်။ နိုင်ငံတော်နဲ့ ပတ်သတ်တဲ့ မူဝါဒပိုင်းတွေမှာ အသင်းသားများရဲ့ ကိုယ်စားစုစည်းပြီးတော့ တင်ပြပေးတာတွေကို ဆက်လက်လုပ်ဆောင်ပေး သွားမှာ ဖြစ်ပါတယ်။
TREND ။ ။ ထုတ်လုပ်မှု တိုးတက်လာဖို့အတွက်က ဘာတွေလိုအပ်ချက်တွေရှိလဲ။ ဘယ်လိုမျိုး ပံ့ပိုးပေးလျက်ရှိပါသလဲ။
UTT ။ ။ စက်မှုလုပ်ငန်း အားလုံးဟာ ကျွန်တော်တို့ အသင်းဖြစ်ရမယ်လို့တော့ မရှိပါဘူး။ ကျွန်တော်တို့ အသင်းဝင်မဟုတ်တဲ့ စက်မှုလုပ်ငန်းတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ဆီကို အသင်းဝင် ဖြစ်လာတာနဲ့အမျှ နိုင်ငံတကာနဲ့ပတ်သက်တဲ့ ချိတ်ဆက်မှုတွေသော်လည်းကောင်း၊ စွမ်းအင်ကဏ္ဍမှာဆိုလို့ရှိရင်လည်း ပြောင်းလဲလာတဲ့ ဆိုလာစွမ်းအင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ နိုင်ငံတ ကာ ကုန်စည်ပြပွဲတွေ အဲဒါမျိုးတွေကို ကျွန်တော်တို့အသင်းကနေ ဝိုင်းဝန်းပြီးတော့ ပံ့ပိုးပေးလို့ရမယ့် ကဏ္ဍကနေ လုပ်ဆောင်ပေးနေပါတယ်။
TREND ။ ။ စက်မှုကုန်ထုတ် လုပ်ငန်းတွေအနေနဲ့ လျှပ်စစ်ဓာတ်အားရရှိမှုနဲ့ပတ်သက်ပြီး ပြောပြ ပေးပါဦး။ လုပ်ငန်းတွေရပ်သွားတာမျိုးတွေ ကြုံတွေ့ရတာရှိလား။
UTT ။ ။ လုပ်ငန်းတွေရပ်သွားတာမျိုး ရှိပါတယ်။ လက်ရှိအနေအထားမှာ လျှပ်စစ်မီးက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတာ ရှိပါတယ်။ သို့သော်လည်း လုပ်ငန်းရှင်တွေကတော့ ဆိုလာနဲ့သော်လည်းကောင်း၊ Diesel Generator နဲ့သော်လည်းကောင်း ဖြေရှင်းနေရတာပေါ့။ သို့သော်လည်း ဒီဇယ်ဆိုတာကလည်း နိုင်ငံခြားကနေ ဝယ်ရတာဆိုတော့ အခြားနည်းလမ်းနဲ့ရမယ့် နိုင်ငံတော်ကသော် လည်းကောင်း၊ တိုင်းဒေသကြီးကနေ စီမံခန့်ခွဲပေးမယ့် လျှပ်စစ်ဆိုရင်တော့ ပိုပြီး သက်သာနိုင်တာပေါ့။ နောက်တစ်ချက်က လောင်စာဆီသိုလှောင်ရမယ့် ဒုက္ခတွေလည်း ကင်းနိုင်အောင်ပေါ့။ အဲဒီအတွက်လည်း အိမ်နီးချင်းနိုင်ငံအချို့က လာရောက်ကမ်းလှမ်းထားတာရှိပါတယ်။ အဲဒါလေးတွေ အဆင်ပြေ ချောမွေ့သွားမယ်ဆိုရင်တော့ လောလောဆယ် ကြုံတွေ့နေရတဲ့ လျှပ်စစ်မီး စိန်ခေါ်မှုက အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကျွန် တော်တို့နိုင်ငံထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းရှင်တွေအားလုံးကို စိန်ခေါ်မှုတွေကြားထဲကနေ ကြံ့ကြံ့ခံပြီး လုပ်သားတွေ အလုပ်အကိုင် တည်မြဲရေး၊ မြန်မာ့စက်မှုကဏ္ဍ ဆက်လက်ဖွံဖြိုး တိုးတက်ဖို့အတွက်ကို ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး ဆောင်ရွက်ပေးနေကြတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
UTT ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများ အသင်းအနေနဲ့ (၂၉)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကျင်းပရာမှာ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ အသင်းအနေနဲ့လည်း သက်တမ်းအားဖြင့် ၃၁ နှစ် မြောက်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းကို သက်တမ်းအကြာရှည်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးကြမယ့် မျိုးဆက်သစ်တွေကိုလည်း ဖိတ်ခေါ်တယ်လို့ ပြောလိုပါတယ်။ အသင်းအနေနဲ့လည်း ကုန်စည်တွေကို အရည်အသွေးနဲ့ စံချိန်စံညွှန်းသတ်မှတ်ပေးတဲ့လုပ်ငန်း၊ သုတေသနနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်သလို၊ ဆွေနွေးပွဲ၊ နှီးနှောဖလှယ်ပွဲ၊ ကုန်စည်ပြပွဲတွေကိုလည်း စက်မှုကုန်ထုတ် လုပ်ငန်းတွေတိုးတက်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )