၂၀၂၄ ဒီဇင်ဘာ ၁၉
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ရက်၊ ၆ ရက်တို့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီ ၅၁ ပါတီတို့ နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနတွင် နှစ်ရက်တာ တွေ့ဆုံခဲ့သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၃ ပါတီတို့ တွေ့ဆုံပွဲကို ဒီဇင်ဘာ ၇ ရက်က ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲများကို တက်ရောက်ခဲ့သူ နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်အား တွေ့ဆုံမေးမြန်းထားပါသည်။
TREND ။ ။ NSPNC ကော်မတီနဲ့ နိုင်ငံရေးပါတီ ၅၀ ကျော် နှစ်ရက်တာ တွေ့ဆုံခဲ့မှု အခြေအနေ ပြောပြပါဦး။
USM ။ ။ နှစ်ရက်တာရဲ့ အဓိကအကြောင်း အရာကတော့ အိန္ဒိယနိုင်ငံ အစိုးရကနေ နိုင်ငံရေး ပါတီတွေ၊ NCA- EAO တွေကို ဖိတ်ကြားခဲ့တယ်။ အဲဒီဖိတ်ကြားမှု အစီအစဉ်အရ ပြီးခဲ့တဲ့လက သွားခဲ့တာ။ အဲဒီလို သွားတဲ့အခါမှာလည်း နိုင်ငံရေးပါတီက ၁၆ ပါတီ၊ EAO က ခြောက်ဖွဲ့လားမသိဘူး။ ဆိုတော့ ပါတီပေါင်းက ၅၀ ကျော်ရှိတော့ ပါတီအများစုက ကျန်ခဲ့တာပေါ့။ သွားတာက ၁၆ ပါတီပဲ သွားခဲ့တယ်။ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့က အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်နဲ့ သူ့နိုင်ငံရဲ့ ဖွဲ့စည်းပုံပေါ့၊ ဖက်ဒရယ်ဒီမိုကရေစီအပေါ်မှာ အခြေခံထားတဲ့ အိန္ဒိယနိုင်ငံရဲ့ဖွဲ့စည်းပုံက ဘယ်လိုရေးဆွဲထားသလဲ၊ သူတို့ရဲ့ အာဏာခွဲဝေမှုက ဘယ်လိုလဲ၊ သူတို့ရဲ့ ဘဏ္ဍာရေးခွဲဝေမှုက ဘယ်လိုရှိလဲ၊ တစ်လုံးတည်း ခြုံပြောရရင်တော့ Decentralization ပေါ့။ ဖက်ဒရယ်စနစ်ဆိုတော့ Decentralization က ဘယ်လောက် Level အထိ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ကြားမှာ ဘယ်လို အာဏာခွဲဝေမှုရှိထားလဲဆိုတဲ့ အဲဒီအရာတွေကို ကျွန်တော်တို့ သွားလေ့လာထားခဲ့တဲ့အရာကို အိန္ဒိယခရီးစဉ်ကို မလိုက်ဖြစ်တဲ့ ကျန်ခဲ့တဲ့ပါတီကို ဒီတွေ့ဆုံပွဲမှာပြန်ပြီး Sharing လုပ်တဲ့သဘောပဲ။ အဲဒါက ရည်ရွယ်ချက်တစ်ချက်ပေါ့။ ပြန်ပြီး Sharing လုပ်တယ်ဆိုတဲ့ အနေအထားတစ်ခုမှာက အဲဒီအပေါ်မှာ အပြန်အလှန် ဆွေးနွေးကြတယ်ပေါ့။

နောက် နည်းနည်းလေး ပိုလာတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်၊ ဆင်ကြမယ်ဆိုရင် ဘယ်ပုဒ်မတွေ၊ ဘယ်ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်သင့်လဲ၊ ပြင်ဆင်ကြရင် ကောင်းမလဲပေါ့။ အဲဒီအကြောင်းအရာတွေ ဆွေးနွေးတယ်။ အဓိက ဘာကြောင့် အဲဒီလို စဉ်းစားရသလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက နည်းနည်းလေး ဖက်ဒရယ်ရဲ့ ကျောရိုးကို ယူထားတယ်လို့ အကြမ်းပြော လို့ရပေမယ့် သူ့မှာအခက်အခဲက ၂၀၀၈ ဖွဲ့စည်းပုံကြောင့် သူ့အပေါ်မှာ မြင်တဲ့အမြင်တွေ အမျိုးမျိုး ရှိတဲ့အတွက်ကြောင့် ဒီနေ့ နိုင်ငံရေး Digest မဖြစ်တာတွေ၊ အမျိုးမျိုးဖြစ်နိုင်တဲ့ အနေအထားတွေရှိလာတဲ့ အခြေအနေမှာ Centralized (ဗဟိုချုပ်ကိုင်မှု) အရမ်းများနေတယ်လို့ ယူဆတာပေါ့။ ဒီဇယား ၁၊ ၂၊ ၃ ကို ကြည့်လိုက်မယ်ဆိုရင် ဗဟိုအစိုးရရဲ့ အာဏာက Power Sharing က တိုင်းဒေသကြီးတို့၊ State ပြည်နယ်တွေကို ပေးထားတဲ့ အရာနည်းတယ်။ ပိုဆိုးတာက ကိုယ်ပိုင်အုပ်ချုပ်ရလို့ နေရာမျိုးဆိုရင် ဝန်ကြီးတစ်ပါးရဲ့ လက်အောက်ထဲမှာ သွားအုပ်ချုပ်ခိုင်းသလို ဖြစ်နေတယ်။ ဒီဟာတွေက Decentralization ဖက်ဒ ရယ်စနစ်လို့ ပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုပြီးတော့ Decentralization လုပ်လို့ရ တယ်ဆိုတော့ ပြည်နယ်နဲ့ ဗဟိုအစိုးရရဲ့ အာဏာတွေကို ဗဟိုက တော်တော်များများ ချုပ်ကိုင်ထားတာ မဟုတ်ဘဲနဲ့ ပြည်နယ်တွေကို အခုထက်ပိုပြီး ခွဲဝေနိုင်တဲ့ အနေအထားတစ်ခု ဖြစ်စေလိုတဲ့ ရည်ရွယ် ချက်နဲ့ အခြေခံဥပဒေပြင်ဆင်ရေးမှာ ဘာတွေကို လုပ်ရင်ကောင်းမလဲဆိုတာကို ဆွေးနွေး ကြတာ။
နောက်တစ်ခု ရွေးကောက်ပွဲကိစ္စပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကြမယ်၊ ဆင်ကြ မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီအခြေခံဥဒေကို ပြင်ဆင်တာတွေ၊ ဖြည့်စွက်တာတွေ၊ အသစ်ရေးဆွဲတာတွေ အကုန်လုံး လုပ်နိုင်တဲ့ပါဝါက လမ်းကြောင်းနှစ်ခုရှိတယ်။တစ်ခုက လွှတ်တော် လမ်းကြောင်း ဖြစ်ပြီးတော့ တစ်ခုက လွှတ်တော်ပြင်ပ လမ်းကြောင်းပေါ့။ လွှတ်တော်ပြင်ပလမ်း ကြောင်းဆိုတာက ငြိမ်းချမ်းရေး ပလက်ဖောင်းကနေ သွားတဲ့လမ်းကြောင်းဖြစ်တယ်။ လွှတ်တော်လို့ ပြောတဲ့အခါကျရင် ကျွန်တော်တို့က လွှတ်တော်မရှိဘူး။ လွှတ်တော်မရှိတော့ ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်။ ရွေးကောက်ပွဲတွေရှိရမယ်၊ အစိုးရသစ် ကြားဖြတ်အစိုးရ လိုပုံစံမျိုး အသွင်ကူးပြောင်း ရေးကြားကာလ အစိုးရလို့ ဆိုရမလား၊ အဲဒါတစ်ခု ယူပြီးတော့ Peace Process တွေအပါအဝင် အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြင်မယ်လို့ ပြောရင်လည်း တကယ့်ပုဒ်မတွေပေါ့၊ Power Decentralization ကို ပြည်နယ်နဲ့ ဗဟိုအစိုးရကြားက အာဏာခွဲဝေမှုကို ဒီ့ထက်ပိုပြီးတော့ ဖက်ဒရယ်ဆန်တဲ့၊ ပိုပြီးတော့ ဖက်ဒရယ်ကျတဲ့ နိုင်ငံရေးစနစ်မျိုးကို သွားဖို့လိုမယ်ပေါ့။ အဲဒါမှပဲ တိုင်းပြည်ရဲ့ ရေရှည်အနာဂတ်အတွက် အဆင်ပြေမယ်၊ ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတဲ့ အဲဒီအ ကြောင်းအရာတွေကို ဒီနှစ်ရက်တာမှာ ဆွေးနွေးကြတာပါ။
TREND ။ ။ ဖက်ဒရယ်ကိစ္စ၊ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ပတ်သက်ပြီး ပါတီတွေဘက်ကပဲ ချပြဆွေး နွေးခဲ့တာလား၊ NSPNC ဘက်ကရော ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးလဲ။
USM ။ ။ NSPNC ဘက်ကတော့ သူတို့က ဦးဆောင်တာပါ။ အဓိကကတော့ ပါတီတွေကို ဆွေးနွေးစေပြီးတော့ ပါတီတွေရဲ့အမြင်၊ ကျွန်တော်တို့ရဲ့ အကြံပြုချက်တွေကို ယူတဲ့သဘောလို့ နားလည်ပါတယ်။ တိုင်းပြည်အတွက် ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်အတွေ့ အကြုံတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် ပုံစံမျိုးတော့ရှိတယ်။ ဒါပေမဲ့ ကိုယ်ကမေးလိုက်၊ သူကဖြေလိုက်ပုံစံမျိုးတော့ မဟုတ်ဘူး။ ခေါင်းစဉ်တွေအလိုက် ဆွေးနွေးရမယ့် Topic တွေရှိတယ်။ အဲဒီ Topic တွေအပေါ်မှာ ပါတီတစ်ခုချင်းစီသော်လည်းကောင်း၊ လူပုဂ္ဂိုလ်အားဖြင့် သော်လည်း ကောင်း ဆွေးနွေးတင်ပြတဲ့ အကြောင်းအရာတွေကို NSPNC ဘက်က မှတ်တမ်းမှတ်ရာတွေနဲ့ ယူထားပြီးတော့ ဒါတွေကို သူတို့က Organized လုပ်ပြီးတော့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို ပြန်ပြင်ဆင်မယ့် ပုံစံမျိုးတော့ တွေ့ရပါတယ်။
TREND ။ ။ အိန္ဒိယ ခရီးစဉ်မပါခဲ့တဲ့ အခြားသော ပါတီတွေကရော ဘယ်အကြောင်းအရာတွေ ဆွေးနွေးခဲ့လဲ။
USM ။ ။ ပါတီများတော့ တစ်ခုချင်းစီပြော ရရင်တော့ များမယ်။ အကြမ်းဖျင်းကတော့ အားလုံးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖက်ဒရယ်စနစ်ဟာ မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် Localized ဘယ်လို ပြန်လုပ်လို့ရမလဲ၊ ဖက်ဒရယ်ဆိုတာ သူတို့ဆီမှာ ကိုလိုနီခေတ်က သမိုင်းတွေဖြစ်တယ်။ တော်တော်များများ ခပ်ဆင်ဆင်တူတဲ့ နိုင်ငံနှစ်ခု ဖြစ်တယ်ဆိုတဲ့ အနေအထားမှာ သူတို့ရဲ့ ဖက်ဒရယ်ကလည်း ကျင့်သုံးနေတယ်ဆိုတော့ ဒီဟာကို ကျွန်တော်တို့ မြန်မာပြည်မှာ ဘယ်လိုအဆင်ပြေမလဲ၊ တချို့အပိုင်းတွေ ယူရမလား၊ မယူရဘူးလားဆိုတဲ့ ကိစ္စတွေ ဆွေးနွေးကြတယ်။
ကျွန်တော်တို့က ဖက်ဒရယ်စနစ်ကို လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံကို ပြင်ရမယ်။ တချို့အစိတ်အပိုင်းတွေက ပြင်ရမယ်။ ဒါဆိုရင် ဖွဲ့စည်းပုံ ပြင်ဖို့ဆိုရင် အစိုးရ၊ လွှတ်တော်လိုတယ်။ ဒီမိုကရေစီလို့ ပြောတာဖြစ်တဲ့အတွက် ရွေးကောက်ပွဲလမ်းကို တက်ရမယ်ဆိုတော့ Election ပါလာပြီပေါ့။ Election ကိစ္စပါလာပြီဆိုရင် အခြားတစ်ဖက်မှာက ဖွဲ့စည်းပုံနဲ့ပတ်သက်တဲ့ Peace Process တွေ NSPNC တို့လည်း ရှိထားတဲ့အခါမှာ တစ်ဖက်မှာ ငြိမ်းချမ်းရေး Peace Dialogue ကိစ္စတွေကို ဘယ်လို Initiate ပြန်လုပ်မလဲ၊ ဒီဘက်မှာလဲ Election နဲ့ပတ်သက်ပြီးတော့ ဖက်ဒရယ် Arrangement ကို ဘယ်လို ပြန်လုပ်မလဲဆိုတဲ့အပိုင်းကို အိန္ဒိယအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အပြန်အလှန် ဆွေးနွေးကြတာပါ။
TREND ။ ။ လွှတ်တော်ပြင်ပလမ်းကြောင်းက ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးရော ဘယ်လိုသုံးသပ်မိလဲ။
USM ။ ။ ၂၀၀၈ အခြေခံဥပဒေမှာ လွှတ်တော်ပြင်ပလမ်းကြောင်းကနေ အခြေခံဥပဒေ ပုဒ်မတွေကို ပြင်ဆင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းမထားဘူး။ လွှတ်တော်ရဲ့ မဲဆန္ဒဘယ်လောက်၊ လွှတ်တော် အမတ်ဘယ်လောက်ရှိရင် ဘယ်ပုဒ်မ ပြင်ရမယ်ဆိုတာမျိုး ရှိတာကိုး။ အခြေခံဥပဒေပြင်ဆင်ရေးက လွှတ်တော်ကနေ လိုကိုလိုနေတာ။ လွှတ်တော်ပြင်ပ လမ်းကြောင်းဆိုတာက အဲဒါက EAO တွေနဲ့ ငြိမ်း ချမ်းရေး လက်မှတ်ထိုးထားတဲ့ အနေအထားတစ်ခုမှာ သူတို့လိုချင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံက ဘယ်လို ပုံစံမျိုးလဲ ဆိုတဲ့အပေါ်မှာ အဲဒီထဲမှာ ထပ်ဖြည့်တာတို့၊ ဘာတို့ဆိုတာမျိုး။ ဒါကို သူတို့က Ceasefire တကယ် ဖြစ်လာပြီဆိုရင်တော့ ဒီအပေါ်မှာ တိုင်းရင်းသားလက် နက်ကိုင်တွေကနေပြီး သူတို့လိုချင်တဲ့၊ သူတို့မြင်ချင်တဲ့ ဖက်ဒရယ်ပုဒ်မတွေ ဘာတွေလဲဆိုတာ အပြန်အလှန် ဆွေးနွေး၊ ဆွေးနွေးပြီးရင် Election Process ကနေလာတဲ့ လွှတ်တော်မှာ ထည့်သွင်းပြီးတော့ အတည်ပြုပြီး ပြဋ္ဌာန်းပေးဖို့ဆိုတာမျိုးပဲ သွားရမယ်ထင်တယ်။ အဲဒါက လွှတ်တော် ပြင်ပလမ်းကြောင်းပေါ့။

TREND ။ ။ နိုင်ငံတည်ငြိမ်မှပဲ ရွေးကောက်ပွဲကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အောင်အောင်မြင်မြင် ကျင်းပနိုင်မှာဆိုတော့ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကိစ္စတွေရော ဘာတွေ ဆွေးနွေးဖြစ်လဲ။
USM ။ ။ အဲဒါကိုတော့ အကျယ်တဝင့် ဆွေးနွေးကြတယ်။ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကိစ္စကတော့ တော်တော်လေး ခေါင်းကိုက်ရတဲ့ အနေအထားရှိတယ်။ လုံခြုံရေးကိစ္စ ဘယ်လိုလုပ်ကြမလဲ၊ ရွေးကောက်ပွဲကို ဘယ်လို ပုံစံလုပ်မလဲ၊ နောက် မဲဆန္ဒနယ်တွေကို ဘယ်လို သတ်မှတ်မှာလဲ၊ ရွေးကောက်ပွဲက တစ်တိုင်းပြည်လုံး လုပ်ဖြစ်မှာလား၊ ပြည်သူတွေက မဲလာပေးတဲ့ အနေအထားကရော၊ အန္တရာယ်ကင်းမလား၊ လက်နက်ကိုင်တွေအနေနဲ့ရော လက်နက်ကိုင်လို့ ပြောတဲ့အခါမှာ NCA ထိုးထား သူရော၊ မထိုးသေးတဲ့သူရော လက်ရှိဖြစ်နေတဲ့ အနေအထားတစ်ခုမှာ အကုန်လုံးပေါ့။ အဲဒီမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အင်အားစု အားလုံးကရော ဘယ်လိုရှိမလဲဆိုတာတွေ ရှိနေတယ်။ ပါတီတွေအနေနဲ့လည်း ကိုယ့်ရဲ့ လုံခြုံရေးကို ဘယ်လိုတာဝန်ယူရမလဲဆိုတဲ့ အပိုင်းတွေရယ်၊ နောက်လုံခြုံရေးလို့ ပြောတဲ့အခါမှာ မဲရုံလုံခြုံရေးတို့၊ မဲနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ သွားရောက်တွေ့ဆုံတဲ့အချိန် အကုန်လုံး ဆွေးနွေးဖြစ်ပါတယ်။ ဆွေးနွေးဖြစ်ကြပေမယ့်လည်း ဆုံးဖြတ်ချက် အနေနဲ့မဟုတ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောကြဆိုကြတဲ့သဘောပါ။ ရွေးကောက်ပွဲကတော့ လုပ်သင့်တယ်လို့ တော်တော်များများ ဆွေးနွေးကြပါတယ်။ လုပ်မယ်ဆိုရင် ဒီလုံခြုံရေးကိစ္စကတော့ နေရာတစ်ခုနဲ့တစ်ခုက မတူနိုင်ဘူး။ နောက် မဲဆန္ဒနယ် သတ်မှတ်ထားတဲ့ နယ်မြေတွေက ဘယ်လိုပုံစံ ဖြစ်လာမလဲ။ မဲပေးတဲ့စနစ်က ဘယ်လိုဖြစ်လာမလဲဆိုတဲ့အပေါ်မှာ လုံခြုံရေးအခန်းကဏ္ဍက ဘယ် လောက်ကြီးသလဲ၊ ဘယ်လောက်ငယ်သလဲ အပေါ်မှာလည်း မူတည်မယ်ထင်တယ်။ နောက် ပြည်သူတွေရဲ့ မဲပေးလိုစိတ် ရှိခြင်း၊ မရှိခြင်းဆိုတဲ့ အနေအထားတွေပေါ့။ နောက်ပြီးတော့ ပြည်သူတွေက မဲပေးရမယ်ဆိုတဲ့ အသိတရားက 'မဲက ဘာကြောင့်ပေးရမှာလဲ၊ ရွေးကောက်ပွဲက ဘာအတွက် လိုအပ်တာလဲ၊ ရွေးကောက်ပွဲပြီးသွားရင် ဘာဆက်ဖြစ်မှာမို့လဲ'ဆိုတဲ့ အဲဒီရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ပေါ့။ ဒီတစ်ခေါက် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲက ကျန်တဲ့ ပုံမှန်ဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့မတူဘဲ Transi tional Election ဖြစ်နေတယ်။ Government ကလည်း ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အများကြီးလုပ်လို့တော့ မရသေးဘူး။
Transitional ဖြစ်တဲ့အတွက် ကြောင့်မို့လို့ Naxt Level မှာ နောက်ထက် Preparation တစ်ခုပြန် လုပ်ပေးရမယ့် ပုံစံဖြစ်တဲ့အတွက်ကြောင့်ရယ်၊ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်မယ့် အစိုးရပုံစံမျိုးနဲ့ ပေါ်ထွန်းလာဖို့ဆိုတဲ့ ပုံစံမျိုးပဲရှိမယ်။ အဲဒီတော့ အဲဒါကို ပြည်သူတွေကနားလည် သဘောပေါက်ပြီး မဲပေးကြမလား၊ မပေးကြဘူးလားဆိုတာတော့ ကျွန်တော်တို့ ဘာမှမပြောနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီဟာကို လုံခြုံရေးဆိုတဲ့ အနေအထားတစ်ခုမှာ Sector အားလုံးက၊ Stakeholders အကုန်လုံးက ဒီအပေါ်မှာ ဘယ်လိုသဘောထား ရှိကြမလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မမြင်ရဘူးဆိုတော့ အဲဒါကိုတော့ စောင့်ကြည့်ရမယ်လို့ပဲ ပြောချင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးလဲ၊ ရွေးကောက်ပွဲတစ်ခု အောင်မြင်ဖို့ ဘယ်အချက်တွေက အရေးကြီးတယ်လို့ မြင်လဲ။
USM ။ ။ ရွေးကောက်ပွဲကတော့ ဖက်ဒရယ်ဖြစ်တာ၊ မဖြစ်တာ ခဏထားလိုက်ပြီးတော့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ပြီဆိုရင် ဒီမိုကရေစီရဲ့ အနေအထားမှာတော့ ရွေးကောက်ပွဲတွေက မဖြစ်မနေ ကျင်းပပေးရမယ့်အရာပဲ။ ဘာလို့လဲဆိုတော့ အခုလိုမျိုး လက်ရှိ ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတာက နိုင်ငံရေးပြဿနာ၊ နိုင်ငံရေးပြဿနာ ဖြစ်နေတဲ့အတွက်ကြောင့် ဒါကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ရွေးကောက်ပွဲက မဖြစ်မနေ ဖြတ်သန်းရမယ့် လမ်းကြောင်းတစ်ခုလို့ မြင်ပါတယ်။ ဒါက နိုင်ငံရေးပါတီ ရှုထောင့်ကနေ မြင်တဲ့အမြင်ပါ။ တခြားသူတွေအနေနဲ့လည်း တခြားပုံစံနဲ့ မြင်ရင် မြင်ကြမှာပေါ့။ ဒါပေမဲ့ အဲဒီလိုမဖြစ်မနေ ဖြတ်သန်းရမယ့် လမ်းကြောင်းတစ်ခုလို့ ပြောပင်ပြောသော်ငြားလည်း၊ အဲဒီ မဖြစ်မနေ ကျင်းပပေးရမယ့် ရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပကြမလဲ၊ ကြပ်ကြပ်မတ်မတ်နဲ့ တကယ်လုပ်နိုင်မယ့် အနေအထား ရှိသလား၊ မှန်ကန်ပြီးတော့ Free and Fair ဖြစ်မလား၊ နောက် ပြည်သူတွေ အမှန်တကယ် လက်ခံနိုင်တဲ့ Government တစ်ခု ကျွန်တော်တို့ တည်ဆောက်နိုင်မလား ဆိုတဲ့အရာ။ အဲဒီတော့ ရွေးကောက်ပွဲစနစ်၊ ဒါတွေက ပိုပြီး အရေးကြီးမယ်လို့ မြင်ပါတယ်။
TREND ။ ။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်တွေနဲ့ ရွေးကောက်ပွဲ အလားအလာအပေါ် သုံးသပ်ပြပါဦး။
USM ။ ။ အခုလာမယ့် ရွေးကောက်ပွဲဟာ အရေးကြီးတယ်၊ ဒါကြောင့် သူတို့လည်း ဖြစ်အောင်လုပ် မယ်ဆိုတာ ပေါ်လွင်ထင်ရှားပါတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အတိုင်းအတာတွေကိုလည်းအများကြီး မြင်တွေ့ရတယ်ပေါ့။ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မတီ NSPNC နဲ့ တွေ့တုန်းကလည်း ဆွေးနွေးပြောကြားခဲ့တယ်၊ အဲဒီနှစ်ရက်တာ ပြောကြားချက်တွေနဲ့ UEC နဲ့ တွေ့တဲ့ပွဲ ပြောကြားချက်တွေက ဆက်စပ်တယ်လို့ ပြောလို့ရတယ်။ ဘာကို ဆက်စပ်မိလည်းဆိုတော့ ရွေးကောက်ပွဲ မဲမသမာမှုတွေကြောင့် တပ်မတော်က အာဏာထိန်းခဲ့ရတယ်။ နစက အစိုးရပေါ်ပေါက်ခဲ့တယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲလုပ်ပြီး ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်မယ်ဆိုပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်။ ဒါက နဂိုကတည်းက အဲဒီလို စဉ်းစားထားပုံရတယ်။ ဒါပေမဲ့ ကြားထဲမှာဖြစ်နေတဲ့ အနေအထားတွေကြောင့် ကြာသွားတဲ့ သဘောရှိတယ်။ ဒါပေမဲ့ သူတို့ ဖြစ်အောင်လုပ်မယ်။ အဲဒီလိုဖြစ်အောင် လုပ်တဲ့နေရာမှာ အရေးကြီးတာက ရွေးကောက်ပွဲ မဲမသမာမှုတွေကြောင့် အာဏာထိန်းခဲ့ရတာဖြစ်လို့ ရွေးကောက်ပွဲ ကျင်းပပေးရမယ့် အဖွဲ့အစည်းကလည်း မဲမသမာမှုဖြစ်စဉ်တွေ မဖြစ်ဖို့ ပါတီဘက်က လိုလားကြတယ်။ အရင်ရွေးကောက်ပွဲကလို မသမာမှုဖြစ်စဉ်တွေ ရှိလာတာမျိုးလည်း မဖြစ်သင့်ကြောင်း ပါတီတွေဘက်က ပြောတယ်။ အဲဒါကိုလည်း သူတို့ဘက်က ကတိပေးတယ်လို့ပြောတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့ ၊ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ လွှတ်တော်ဖြစ်ဖို့ လုပ်မယ်လို့ ပြောသွားပါတယ်။ အဲဒီလိုမျိုး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်နေတဲ့ အပိုင်းတွေ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးပါတီတွေကို မှတ်ပုံ ပြန်တင်ခိုင်းတာ၊ စိစစ်ခွင့်ပြုပေးနေတာတွေ ဆောင်ရွက်နေတယ်။ ခွင့်ပြုခဲ့တာ ၅၃ ပါတီရှိတယ်၊ နောက်ထပ် တင်တဲ့သူတွေလည်း ရှိကောင်းရှိမယ်။ စိစစ်ဆဲ အနေအထားတွေလည်း ရှိမယ်။ ပါတီတွေဘက်ကလည်း ပါတီထောင်ကြတယ်ဆိုတာ ရွေးကောက်ပွဲအတွက်ပဲ ထောင်ကြတာ။ ရွေးကောက်ပွဲအတွက် ထောင်တယ်ဆိုတော့ ရွေးကောက်ပွဲတွေ ဖြစ်လာတော့မယ်ဆို တော့ လောလော ဆယ်ကတော့ ရွေးကောက်ပွဲတွေ ဘယ်ပုံစံလုပ်မယ်၊ မဲဆန္ဒနယ် ဘယ်လိုသတ်မှတ် မယ်ဆိုတာတွေကို အချိန်နည်းနည်း စောင့်ပေးဖို့ ပြောတယ်။ သူတို့အနေနဲ့ သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်ပေးမယ်၊ တိကျတဲ့ညွှန်ကြားချက်တွေ ပေးမယ်လို့ပြောသွားတယ်။ ဒါပေမဲ့ လောလောဆယ်မှာ တော့ နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီနဲ့ ဆက်စပ်တဲ့ကိစ္စတွေကို လုပ်စရာရှိတာ လုပ်ထားကြဖို့ပဲပေါ့၊ ဒါကြောင့် ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ဒါတော့ သေချာတယ်။ ပါတီတွေကတော့ ရွေးကောက်ပွဲရှိရင် ဝင်ပြိုင်ကြမယ်လို့ ယုံကြည်တယ်။ အားလုံးနီးပါးပေါ့။ ရွေးကောက်ပွဲလုပ်မယ့် ဒီကြားကာလထဲမှာ၊ မလုပ်ခင် ဒီကြားကာလထဲမှာ နောက်ထပ် နိုင်ငံရေး ပြောင်းလဲမှုတွေ တစ်ခုခုပေါ့။ ပိုဆိုးတဲ့အခြေ အနေပဲ ဖြစ်ဖြစ်၊ ပိုကောင်းတဲ့ အခြေအနေပဲ ဖြစ်ဖြစ်၊ ပိုကောင်းတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ရင်တော့ တိုင်းပြည်ရဲ့ နယ်မြေတော်တော်များများမှာ ရွေးကောက်ပွဲ ဖြစ်ထွန်းမယ်။ တကယ်လို့ ပိုဆိုးတဲ့အခြေအနေ ဖြစ်ခဲ့မယ်ဆိုရင် အဲဒီဖြစ်ခဲ့မယ့် နယ်မြေထဲမှာရှိတဲ့ ဒေသပါတီတွေက ရွေးကောက်ပွဲဝင်နိုင်မလား၊ မဝင်နိုင်ဘူးလားဆိုတာတော့ မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ ဒီနေ့ဖြစ်နေတဲ့ အနေအထားအတိုင်း ဆိုရင် ဝင်ပြိုင်လို့ရတဲ့ နယ်မြေတွေလည်း ရှိနိုင်တယ်၊ တချို့နေရာ အရမ်းကျပ်တည်းတဲ့ နယ်မြေတွေ ရခိုင်လိုနယ်မြေတွေ ဘယ်လိုဖြစ်နိုင်မလဲ မခန့်မှန်းနိုင်ဘူးပေါ့။ အဲဒီလို အနေအထားတွေရှိနေတော့ ပါတီတွေကတော့ ရွေးကောက် ပွဲအတွက်ကို အခုစပြီး စဉ်းစားနေပြီ၊ ပြင်ဆင်နေပြီ။ အဲဒီလိုမျိုး စပြီး စဉ်းစားပါ၊ ပြင်ဆင်ပါဆိုတာလည်း UEC ဘက်က ပြောနေပါတယ်။ ရွေးကောက်ပွဲက မြေပေါ်နိုင်ငံရေး ပါတီဘက်က ပြောရမယ်ဆိုရင် ရွေးကောက်ပွဲတွေရှိတာ ကောင်းတယ်။ ဘာကြောင့် ကောင်းလဲဆိုရင် ငါးနှစ်သက်တမ်းတစ်ကြိမ် ရွေးကောက်ပွဲတွေ လုပ်ခြင်းအားဖြင့် လောလောဆယ် နိုင်ငံရေးအကျပ်အတည်းတစ်ခု အနေအထားမှာ အားလုံး ကျပ် တည်းလာတယ်။ ပြည်သူတွေကလည်း နောက်ထပ် ဘယ်လောက်ကြာအောင် ခက်ခဲနေဦးမှာလဲ၊ အခု အနေအထားတွေအရ ဘယ်လိုမှကို အဆင်မ ပြေတော့ဘူး၊ အဆင်မပြေတော့ဘူးဆိုတာ စားရေးသောက်ရေး၊ နေရေးထိုင်ရေးကအစ ဆိုလိုတာပါ။ စီးပွားရေးက ပိုပြီး ဆိုးရွားလာတယ်၊ ပိုပြီး ကျပ်တည်းလာတယ်၊ အသက်ရှူချောင်ဖို့ကို မနည်းကြိုးစား နေကြရတဲ့ ပြည်သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့က အဲဒီနယ်မြေတွေမှာနေတော့ အဲဒီလို ခံစားနေကြရတယ်ဆိုတာ သိတယ်။ ဒါက ဘယ်အဖွဲ့အစည်းကိုမှ ပြောချင်တာတော့ မဟုတ်ဘူး၊ ဖြစ်နေတဲ့ကြားမှာ ကျွန်တော်တို့ ရှင်သန်နေရတဲ့ဘ၀ တော်တော်လေး ခက်ခဲတယ်။ အဲဒီကြားထဲမှာ ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်နဲ့ သေချာလုပ်ပေးမယ်လို့ ပြောထားတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ဘက်က ကောင်းတယ်လို့ပဲ မြင်ပါတယ်။
TREND ။ ။ တိုင်းရင်းသားနဲ့ တိုင်းရင်းသား ပါတီတွေဆိုတာ သူ့လူမျိုးစု၊ ကိုယ့်လူမျိုးစုအလိုက် ဆက်စပ်မှုတွေရှိနေတော့ တိုင်းရင်းသားပါတီတွေ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ် ရောက်ရှိမှု၊ ပါဝင်မှု ပိုမိုများပြားလာရင် လက်နက်ကိုင်ပဋိပက္ခကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်တယ်လို့ သုံးသပ်နေမှုရှိပါတယ်။ ဒီအပေါ်အမြင်လေး ပြောပြပါဦး။
USM ။ ။ အဲဒီဟာနဲ့ ပတ်သက်လို့ကတော့ တိုင်းရင်းသားပါတီတွေ အားလုံးကို ကိုယ်စားပြုပြီး ပြောပေးလို့မရသလို တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ တိုင်းရင်းသားပါတီအားလုံးက ဆက်စပ်ပါတယ်ဆိုတာမျိုးလည်း ပြောလို့မရဘူး။ ဘယ်ပါတီက ဆက်စပ်တယ်၊ ဘယ်ပါတီက မဆက်စပ်ဘူးဆိုတာ တစ်ခုနဲ့တစ်ခု နောက်ခံ Background တွေက မတူကြဘူး။ လုံး၀မဆက်စပ်တဲ့ အရာတွေလည်း ရှိနိုင်သလို ဆက်စပ်တဲ့ အရာတွေလည်း ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ ဆက်စပ်သည်ဖြစ်စေ၊ မဆက်စပ်သည်ဖြစ်စေ၊ တိုင်းရင်းသားလူမျိုးစုတစ်ခုကို အခြေပြုပြီး တည် ထောင်ထားတဲ့ ပါတီဆိုတာ သူ့ရဲ့ သက်ဆိုင်တဲ့နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ရှိတယ်ဆိုရင်တော့ ပြည်မအစိုးရနဲ့ သူ့ရဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြားမှာ လိုအပ်ခဲ့ရင် ကြားခံအနေနဲ့ အဲဒီပါတီက ရပ်တည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။
TREND ။ ။ တိုင်းရင်းသားပါတီက ကြားခံအနေနဲ့ ရပ်တည်ပေးနိုင်တယ်ဆိုတာက ဘယ်လိုပုံစံမျိုး ဖြစ်မလဲ။
USM ။ ။ ရပ်တည်ပေးနိုင်တယ်ဆိုတာက သဘောက ဟိုဘက်ဒီဘက်ကို ကြားက ပေါင်းစပ်ညှိနှိုင်းပေးနိုင်တဲ့ Moderator လုပ်ပေးနိုင်တဲ့ဟာမျိုး၊ ထိပ်တိုက်ပြောလို့မရတဲ့ကိစ္စကို နိုင်ငံရေးပါတီက တရားဝင်ပါတီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြောရေးဆိုခွင့်ရှိတာမျိုး၊ တကယ်လို့ လွှတ်တော်အမတ်တွေရှိခဲ့မယ်ဆိုရင် အဲဒီပါတီရဲ့ လွှတ်တော်အမတ်က လွှတ်တော်ထဲမှာ ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ဆပ်ကော်မတီတွေ ဘာတွေရှိနိုင်တာပေါ့။အဲဒီကနေ တစ်ဆင့် သူက ပြောတာဆိုတာမျိုးတွေဆိုတော့ အဲဒီအတွက် လမ်းပွင့်သွားတာပေါ့။ အဲဒီလိုကဏ္ဍကို ပြောချင်တာပါ။ အဓိကçကတော့ တိုင်းရင်းသားပါတီနဲ့ တိုင်းရင်း သား လက်နက်ကိုင်ဆိုတဲ့ အနေအထားမှာ ဆက်စပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒါက ဆက်စပ်ပြီးသားပဲ။ တစ်ယောက်နဲ့တစ်ယောက်ဝင်ပါပြီး ပါတီကလူက အဲဒီတိုင်းရင်းသားလက်နက်ကိုင်ထဲ ဝင်ပါပြီး ရာထူးတစ်ခုခုယူပြီး ဝင်တိုက်ပေးတဲ့ ဟာမျိုးတော့ မဟုတ်ဘူး။ အဲဒီလို ဆက်စပ်တာမျိုးကို ပြောတာမဟုတ်ဘဲနဲ့ လူမျိုးတစ်ခု ဖြစ်ခြင်းဆိုတဲ့ ဆက်စပ်မှုတွေ၊ အပြန်အလှန် ထိန်းကျောင်းကြတဲ့ ဟာတွေက ရှိပြီးသား။ ဘယ်လူမျိုး ဖြစ်ဖြစ်ရှိတယ်၊ ရှိတဲ့အနေအထားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုတာ ဒီနိုင်ငံရေး ဖြစ်စဉ်ကျမှ လက်နက်ကိုင်ဆိုပြီး ထောင်လာတာ မဟုတ်ဘူး။ သူတို့က အရင်ကတည်းက ဖြစ်တဲ့ဖြစ်စဉ်၊ ဖက်ဒရယ်ကြောင့် ဖြစ်လာတဲ့ဖြစ်စဉ်၊ ဖယ်ဒရယ်ကြောင့်ဆိုတာက ဖက်ဒရယ်လိုလားတယ်၊ ပြည်နယ်လိုလားတယ်၊ နယ်မြေလွတ်မြောက်မှုတစ်ခုခုကို လိုချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တာဖြစ်တယ်။ နိုင်ငံရေးဖြစ်စဉ်ကြောင့် ဖြစ်တာကတော့ နောက်ပိုင်း ဖြစ်တဲ့ အပိုင်းတွေရှိမှာပေါ့။ အဲဒါကြောင့်မို့လို့ ရွေးကောက်ပွဲရှိလို့ တိုင်းရင်းသားပါတီတွေ ဝင်လာမယ်၊ သူတို့ဆီမှာ နောက်ခံမှာလည်း သူတို့ သက်ဆိုင်တဲ့ လက်နက်ကိုင်တွေ ရှိတယ်ဆိုရင် သူတို့ကလည်း အများစုက ဖက်ဒရယ်အခွင့်အရေးကို လိုချင်လို့ လက်နက်ကိုင်ခဲ့ကြတယ်လို့ မြင်တယ်။ အခုက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အားနည်းချက်တချို့ရှိတယ်။ အဲဒါတွေကိုလည်း ပြင်မယ်လို့ ပြောနေတယ်။ ပြင်ဖို့ ကိုလည်း ခေါ်တွေ့နေပါတယ်။ ခေါ်တွေ့တဲ့ အနေအထား တစ်ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းပုံကို ပြင် နိုင်တာက နိုင်ငံရေးဖြစ်စဉ်ကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်မှာပဲ ပြင်လို့ရတယ်။ ဆိုတော့ ဖက်ဒရယ်ကိုလည်း တကယ် ကောင်းကောင်းမွန်မွန် ပြန်ပြီးတော့ တည်ဆောက်မယ်၊ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရတစ်ရပ်ကလည်း အဲဒါကို သေချာလုပ်မယ်ဆိုရင် လွှတ်တော်ထဲမှာ တိုင်းရင်းသား ပါတီတွေ လွှတ်တော်ထဲ ရောက်လာတဲ့အပေါ် ဖက်ဒရယ်ကြောင့် လက်နက်ကိုင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ကြိုဆိုကြ လိမ့်မယ်လို့ ထင်တယ်။ ဒါက အထောက်အပံ့တွေဖြစ် လာနိုင်တယ်။ နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ဖက်ဒရယ်ကြောင့် လက်နက် ကိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့လိုချင်တဲ့ ဖက်ဒရယ်ပုံစံကို ဘယ်လိုတောင်းပါ ဆိုတာမျိုး လွှတ်တော်ထဲမှာရောက်နေတဲ့ တိုင်းရင်းသားပါတီတွေကို ပြောဆိုကမ်းလှမ်းတာ မျိုးလည်း ရှိလာနိုင်တယ်။ အခြားတစ်ဖက်မှာလည်း အစိုးရ၊ လွှတ်တော်တို့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပြောဆိုရတဲ့ လွှတ်တော်ပြင်ပဆိုတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေကတစ်ဆင့်လည်း သူတို့ ဖြစ်ချင်တဲ့ ဖယ်ဒရယ်ပုံစံမျိုးကို လက်နက်ကိုင်အဖွဲ့တွေက တိုက်ရိုက် တောင်းဆိုမှုတွေနဲ့လည်း Negotiate လုပ်တဲ့ Process တွေက ဖြစ်လာနိုင်တယ်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )