သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းနှင့် တွေ့ဆုံခြင်း (၂)

၂၀၂၃ နိုဝင်ဘာ ၁၆

ယခင်အပတ်မှအဆက်
TREND ။        ။ ပန်ထွာဘုရင်မနဲ့ပတ်သက်ပြီး ကျွန်တော်ဘာဖြစ်လို့ ပြောပြလဲဆိုတော့ ရှေးဟောင်း သုတေသနနဲ့လည်း ဆက်စပ်နေတာပေါ့။ ဒဏ္ဍာရီဆန် ဆန်ဖြစ်နေတာပေါ့။ အဲဒါက ဘာလဲဆိုတော့ မဟာဗော ဓိမြိုင်ဆရာတော်ဟာ ဒီနေ့ခေတ်မှာ လူအများကြည်ညိုတဲ့ ဆရာတော်ကြီး။ ဆရာတော်ကြီးကိုယ်တိုင်က Inprint ရေးခဲ့တယ်။ အသုံးအနှုန်းကိုက မိပန်လို့ခေါ်တာနော်။ သူများပြောတာတွေ မဟုတ်ဘူး။ ဒီလို ဒီလို ဖြစ်ခဲ့တယ် ဆိုတာကို ဆရာတော်တစ်ပါးပဲသိတယ်။ ပွေးဖို၊ ပွေးမဘဝကနေ ဘဝအဆက်ဆက် သိမြင်သမျှကို ဆရာတော် ကိုယ်တိုင်ရေးခဲ့တာ။ ဆရာတော်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာကိုအစ်ကိုလည်း သိနေတာလေ။
  မဟာမြိုင်တောဆိုတာလည်း အရင်တုန်းက ဘုန်းကြီး၊ ရဟန်း၊ သံဃာလာလို့မရဘူးလေ။ မဟာဗောဓိမြိုင်ဆရာတော်ကြီးပဲ လက်ခံခဲ့တာ။ ဆရာတော့်ဆီမှာလည်း တရားလာနာတယ်။ ဒါတွေက ဆရာတော်ကိုယ်တိုင်ရေးခဲ့တာ။ အစ်ကိုက ဗိဿနိုးမှာ တာဝန်ကျခဲ့တော့ ပန်ထွာဘုရင်မနဲ့ပတ်သက်ပြီး ထူးထူးခြားခြားသိထားတာမျိုး ရှိမလားလို့မေးကြည့်တာပါ။

UKMW ။        ။ ပန်ထွာဘုရင်မနဲ့ပတ်သက်ပြီး ထူးထူးခြားခြားတော့ မတွေ့ခဲ့ပါဘူး။ ကျွန်တော်တူးတာဆိုရင် တော်တော်များတယ်။ ၂၀၀၃ ကဆိုရင် ကုန်း ၁၀ ကုန်းလောက်တူးတာ။ နောက် ၂၀၁၀၊ ၂၀၁၁ မှာ ဆိုရင်လည်း ငါးကုန်းလောက်တူးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အနှောင့်အယှက်ပေးတာမျိုး မကြုံခဲ့ရဘူး။ ကျွန်တော်တို့ တူးဖော်ရေးသမားတွေကို အန္တရာယ်ဖြစ်အောင် လုပ်တာကတော့ ကားကြီးကြေသွားပြီး တစ်ယောက်မှ မသေတာတော့ ထူးခြားတယ်။ တရုတ်ကား ခေါင်းပြားကြီးဗျာ။ အဲဒီကားခေါင်းပိုင်း တစ်ခုလုံးကြေသွားတယ်ဆိုတော့ စဉ်းစား ကြည့်ဗျာ။ အဲဒါတောင်ရှေ့ခန်းမှာ လိုက်လာတဲ့သူတွေ ဘာမှမဖြစ်ဘူး။


TREND ။        ။ ရှေးဟောင်းသုတေသနဌာနမှာ အောက်ခြေဝန်ထမ်းဘဝကနေ စခဲ့တာ အခုဆိုရင် ပုဂံကို ညွှန်မှူးအနေနဲ့ တာဝန်ပေးခြင်းခံခဲ့ရပြီ။ပုဂံဆို တာကလည်း မြန်မာမှာရော၊ ကမ္ဘာမှာပါ သဲသဲလှုပ်ခြင်း ခံရတဲ့နေရာ၊ ပြဿနာကလည်းပေါင်းစုံပဲ။ World Heritage ရပြီးမကြာခင်ပဲ ပုဂံကိုရောက်ခဲ့တယ်။ ပုဂံနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ဟာတွေ၊ ပြဿနာတွေ၊ အခြေအနေတွေ ဘယ်လိုရှိလဲ။ အဲဒါလေး ပြောပြပါ။
UKMW ။        ။ ကမ္ဘာ့အမွေအနှစ်လုပ်ငန်းစဉ် မြန်မာပြည်မှာ စလုပ်ရတာက ၂၀၁၃ မှာ စတယ်။ အရင်တုန်းက ဝေးကွာသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အမွေအနှစ်လုပ်ငန်းစဉ် ဆောင်ရွက်တဲ့အချိန်ကစ ပြီးတော့ နိုင်ငံတကာ က အဝင်အထွက်တွေများလာတယ်။အထူးသဖြင့် အီတလီနိုင်ငံက အဲဒီတုန်းက ယူရိုလေးသိန်းလားမသိဘူး။ ထောက်ပံ့တယ်။ သူတို့က ပိုက်ဆံပေးတာမဟုတ်ဘူး။ တန်ဖိုးအားဖြင့် ယူရိုလေးသိန်းဆိုပေမဲ့ ဒီယူရိုလေးသိန်းကို ယူနက်စကိုကနေ စီမံခန့်ခွဲပေးတာ။ ကမ္ဘာ့အမွေအနှစ်ဖြစ်သွားတဲ့နေရာတွေကို ထိန်းသိမ်းရမယ့် ဝန်ထမ်းတွေရဲ့ Capacity ကို မြှင့်ပေးတာ။ ဥပမာဆိုပါတော့ ထိန်းသိမ်းရေးဆိုလို့ရှိရင် ထိန်းသိမ်းရေး Express တွေခေါ်လာတယ်။ ဒီအမွေအနှစ်တွေကို ထိန်းသိမ်းရေးလုပ်ရမယ့် ပုဂ္ဂိုလ်တွေကို Capacity မြှင့်ပေးတာ။ သုတေသနလုပ်ရမယ့် ပုဂ္ဂိုလ်တွေကို သုတေသနသမားတွေခေါ်လာပြီး Capacity မြှင့်ပေးတာ။ အဲဒီယူရိုလေးသိန်းသည် သူတို့ရဲ့လေယာဉ်ခ၊ ဟိုတယ်ခ၊ စားဖို့သောက်ဖို့တွေ၊ အထောက်အကူပစ္စည်း၊ ဒါတွေ အကုန်ပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ရှေးဟောင်းသုတေသနက ဝန်ထမ်းတွေသည် ကမ္ဘာ့အမွေလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်အပါ အဝင်တစ်ဦးချင်းဆီမှာ Capacity တက်လာတာတော့ အမှန်ပဲ။ အမွေအနှစ်အပေါ်မှာ ထိန်းသိမ်းစောင့် ရှောက်တဲ့ သဘောတရားတွေကိုလဲ ပိုသိလာကြတယ်။ ဥပမာအရင်တုန်းကဆိုရင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသတွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကျွန်တော်တို့မှာ ဘာ Assessmentမှ မရှိဘူး။ ကမ္ဘာ့အမွေအနှစ် ဖြစ်ပြီးတဲ့အချိန်မှာတော့ ကျွန်တော်တို့ မှာ HIA ဆိုတဲ့ Heritage Impect Assessment မလုပ်ဘူးဆိုရင် ဒီအမွေအနှစ်ဇုန်ထဲမှာ ဘာ Projectမှ လုပ်လို့မရဘူး။ Project တစ်ခုလုပ်ရင် ဒီအမွေအနှစ်ကို ဘယ်လောက်အထိ ထိခိုက်နိုင်သလဲဆိုတဲ့ အရင်ခံစာထွင်ပေးရမယ်။ နောက်ပြီးတော့ ဒီဒေသတွင်းမှာရှိတဲ့ သီးနှံတွေဟာ ဒေသမျိုးရင်း ဖြစ်ရမယ်။ ဒေသမျိုးရင်းဖြစ်မှ သူ့ရဲ့ဂေဟစနစ်မှန်မယ်။ ဂေဟစနစ်မှန်တော့မှ မူလ Insect တွေ ပြန်ရလာမယ်။ မူလ Insect တွေပြန်ရလာမှ မူလမိုးလေဝသ အခြေအနေပြန်ရမယ်။ ဒါမျိုးပေါ့နော်။ အရင်တုန်းက ရှေးဟောင်းအမွေ အနှစ်ထိန်းတယ်ဆိုတာက ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေကိုပဲ ထိန်းတာပေါ့နော်။ အခုကျတော့ ဂေဟစနစ်ကိုပါ ထိန်းရမယ်ဆိုတာ ထည့်မစဉ်းစားမိခဲ့ကြဘူး။ ရှေးဟောင်းအမွေအနှစ်ကို ထိန်းတဲ့နေရာမှာလည်း ပြီးစ လွယ်လုပ်တာမျိုးတွေပုဂံမှာ အများကြီးတွေ့ရတယ်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ရထားတဲ့ ရှေးဟောင်းအ ဆောက်အုံတွေကို ထိန်းသိမ်းတဲ့နေရာမှာ OUV လို့ခေါ်တဲ့ Outstanding Universal Value က သိပ်အရေးကြီးတယ်။ စံတန်ဖိုးတွေကို ထိန်းသိမ်းရမယ့်တာဝန် ကျွန်တော်တို့မှာရှိတယ်။ အရင်တုန်းကဆိုရင် ဘုရားတစ်ဆူပြိုကျတယ်။ ဒါမှမဟုတ်ရင် ပဲ့ကျတယ်။ ဒါမှ မဟုတ်လည်း ကွာကျတယ်ဆိုရင် ခေတ်အုတ်တွေပဲ စီလိုက်ကြတယ်။ ဘိလပ်မြေနဲ့ ပဲဖျော်လိုက်ကြတယ်။ သူနဲ့မဆိုင်တဲ့ ပစ္စည်းတွေ ဥပမာကော်ပိုက်တွေလဲထည့်သုံးရင် သုံးလိုက်တာမျိုး ရှိလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာ့အမွေအနှစ်ရပြီး တဲ့နောက်ပိုင်းမှာ လုံးဝဒါမျိုးလုပ်လို့မရဘူး။ သူ့ရဲ့မူလအရောင်၊ မူလသုံးထားတဲ့ ပစ္စည်း၊ မူလ ဗိသုကာလက်ရာ၊ မူလအုတ်၊ ဘိလပ်မြေသုံးတဲ့နေရာမှာလည်း Chemical ပါတဲ့ ဘိလပ်မြေသုံးလို့မရဘူး။ မူလတုန်းက သဘာဝအတိုင်းဖျော်ခဲ့တဲ့ဟာမျိုးပေါ့။ အုတ်နံမှုန့်၊ ထုံး၊ သဲ၊ ဥသျှစ်သီး၊ တင်လဲရည်၊ ကျွဲကော်တို့၊ ဘာတို့ကတော့ရှားသွားလို့ မထည့်နိုင်ဘူးပေါ့ဗျာ။ ဒါမျိုးပေါ့လေ။ အရင်တုန်းက ဒီလိုတွေသုံးခဲ့တဲ့အတွက်ကြောင့် အခုခေတ် ဘိလပ်မြေတွေသည်လေး၊ ငါးနှစ်ခံတယ်ဆိုပေမဲ့လည်း နောက်ပိုင်းသူက Chemical ပါတဲ့အတွက်ကြောင့် ရှေးအုတ်တွေကို စားသွားတယ်။ အရင်ဆုံးမှိုတက်လာမယ်။ ပြီးရင်ခေတ်အုတ်နဲ့ရှေးအုတ်ကြားထဲမှာ ဆားတွေပွင့် လာတယ်။ ဆားတွေပွင့်လာပြီး ပေါက်လာတဲ့အထဲကို ခြတွေတို့၊ ပုရွက်ဆိတ်ဝင်လာတဲ့အခါ နောက်ဆုံးပြိုကျ သွားရော။ ပြင်ဆင်ပုံမမှန်တဲ့အခါ အလွန်ဆုံး ၁၀ နှစ်အတွင်းမှာ အကုန်ပြန်ပြိုကျတယ်။ အခု ပုဂံမှာလည်း ကမ္ဘာ့ အမွေအနှစ်မတိုင်မီက လုပ်ခဲ့ကြတဲ့အမှားတွေ အများကြီးပဲ။ ကမ္ဘာ့အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ရတဲ့ Site Manager တစ်ယောက်အနေနဲ့ နိုင်ငံတကာမှာ ဘယ်လိုထိန်းသိမ်းသလဲဆိုတာ ကျွန်တော်လေ့လာတယ်။
ကမ္ဘာ့အမွေအနှစ် မဝင်မီနဲ့ဝင်ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံတော်တော်များကို လေ့လာဖြစ်တယ်။ လာအိုသွား တယ်။ ကမ္ဘောဒီးယားသွားတယ်။ ဂျပန်သွားတယ်။လက်တင်အမေရိကတောင် ရောက်တယ်။ ကမ္ဘာ့အမွေ အနှစ်တွေကို ဘယ်လိုထိန်းသိမ်းသလဲ လိုက်လေ့လာတယ်။ ဂျာမနီရောက်တယ်။ ထိုင်းကတော့ အကြိမ်ကြိမ်ပေါ့။ ကမ္ဘာ့အမွေအနှစ်ကို ထိန်းဖို့ဆိုတာ Community Baseပဲ။ Community မပါဘဲနဲ့မရဘူး။ Community က ကမ္ဘာ့အမွေအနှစ်ဆို တာ ဘယ်လို စောင့်ရှောက်ရတယ်ဆိုတာကို ပညာပေးဖို့ သိပ်အရေးကြီးတယ်။
သူများနိုင်ငံတွေမှာဆို နိုင်ငံပိုင်ရုပ်မြင်သံကြား လိုင်းတွေ၊ ရေဒီယိုတွေကနေ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ ရိုက်ပြီးတော့ အသိပညာပေးကြတယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုအသိပညာပေးတာတွေ အများကြီးလုပ်ပေးရမယ်။ ပေးပြီးတဲ့အခါမှာ သူတို့ ပူးပေါင်းပါဝင်စောင့်ရှောက်တဲ့ အမွေအနှစ်ကနေ ရရှိလာတဲ့ အကျိုးကျေးဇူးကို ဒေသခံတွေလည်း ခံစားစေတယ်။ ကျွဲကူးရေပါသဘောမျိုးပေါ့။ ရရှိလာတဲ့ခံစားခွင့်တွေနဲ့ ဒေသခံတွေရဲ့ဘ၀ စိုပြည်လာတယ်။ ဒီခံစားခွင့်တွေကို ပျောက်ပျက်မသွားဖို့အတွက် အမွေအနှစ်ကို ပြန်ပြီးထိန်းသိမ်းစောင့် ရှောက်ရ မယ်ဆိုတဲ့ အပြန်အလှန် သက်ရောက်မှုမျိုးနဲ့ ရေရှည်သွားနိုင်ဖို့ ကျွန်တော်တို့က ထိန်းကွပ်ပေးရမယ်။ အဲဒီလိုမျိုး တွေ မလုပ်ခင်မှာ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အမွေအနှစ်မတိုင်မီကတည်းက မှားခဲ့တဲ့အမှားတွေထဲမှာ တော်တော်ကြီးကို လွဲနေတာမျိုးတွေရှိတယ်။အားမနာ တမ်းပြောရမယ်ဆိုရင် တော်တော်ကြီးကိုလွဲနေတယ်။ ဥပမာဆိုပါတော့ ၁၂ ရာစု၊ ၁၃ ရာစုခေတ်က Temple ကြီးတွေရှိတယ်။ အဲဒီ Temple ထဲမှာနဲ့၊ အဲဒီ Temple နဲ့ တစ်ခေတ်တည်း တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို ပြန်ပြင်တဲ့အခါမှာ ၁၂ ရာစု၊ ၁၃ ရာစု ခေတ်က ဗုဒ္ဓရုပ်ပွားတော်ပုံစံ တွေ မဟုတ်ဘဲနဲ့ ပြုပြင်မှုတွေဟာ မူလစံတန်ဖိုးတွေ လုံးဝမရှိတော့တာ တွေ့ရတယ်။ ပရမ်းပတာတွေနဲ့ မျက်နှာတော်တွေကအစ အဂါရဝဖြစ်အောင် လုပ်ထားတယ်။ လက်တော်တွေ၊ ဦးခေါင်းတော်တွေ အချိုးအစား မမှန်ဘူး။ ၁၂ ရာစုဟန် ၁၃ရာစုဟန်တွေ မပါဘူး။ ဒါကြောင့်မို့လို့ နိုင်ငံခြားသွား တဲ့အခါ သိပ်ပြီးတော့ ခံစားရတယ်။
အရှေ့တောင်အာရှကို သွားတဲ့အခါ တချို့ပညာရှင်တွေက ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်း ပုံထိန်းသိမ်းနည်းကို သီရိလင်္ကာမှာ ဘယ်လိုထိန်းတယ်။ ထိုင်းမှာ ဘယ်လိုထိန်းတယ်။ ကမ္ဘောဒီးယားမှာဘယ် လိုထိန်းတယ် စသည်ဖြင့် နှိုင်းယှဉ်လေ့လာကြတဲ့အခါ ကျွန်တော်တို့ပုဂံရဲ့ ပုံတွေတက်လာတော့ Temple ကြီး တွေကတော့ အကြီးကြီးတွေပဲအထဲမှာ ထိန်းသိမ်းထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေက ပုံပျက်ပန်းပျက်တွေဖြစ်နေတယ်။ ဒါတွေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးတဲ့နောက် OUV စံနှုန်းတွေနဲ့ညီအောင် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တာတွေ လုပ်နေပါပြီ။ အခုဆိုရင် စားပွဲတင်ဘုရားမှာ စပြီးတော့လုပ်နေတာ ပြီးသွားပါပြီ။ အပြင်ကကြည့်ရင် ဘုရားကြီးက ပုဂံခေတ် ၁၃ ရာစု ဘုရားကြီး။ ဒါပေမဲ့ အထဲက ရုပ်ပွားတော်ကို ပြန်ပြင်တဲ့ အခါမှာ ပန်းရန်ဆရာတွေက မနိုင်တာလည်းပါမှာပေါ့။ ဒါမှမဟုတ်လည်း ကြီးကြပ်မှုအားနည်းတဲ့ အပိုင်းတွေလည်း ပါမှာပေါ့။ နောက်ပြီးတော့ ဘုရားတွေကို တစ်ပြိုင်နက် ပြင်တဲ့အခါကြတော့ မူလအရည်အသွေး၊ မူလပုံစံတွေအတိုင်း ပြန်မဖြစ်တော့ဘူး။
အခုတော့ ၁၂ ရာစုဆို ၁၂ ရာစုဟန်၊ ၁၃ ရာစုဆို ၁၃ရာစုဟန် ပြန်ရအောင် ဆောင်ရွက်နေပါတယ် ပြန်လည်ပြုပြင်ရမယ့် ဘုရားတွေနဲ့ပဲ သုတေသနနဲ့လေ့ ကျင့်ရေးဌာနက တာဝန်ခံကို တာဝန်ပေးထားတာရှိတယ်။ ဒီဟာတွေကို ပြန်ပြီးတော့ စာရင်းကောက်မယ်။ ပြင်ရမယ့်ဘုရားတွေကို အလှူငွေနဲ့ပြင်ရမယ်။ အခုစားပွဲ တင်ဘုရားကလည်း အလှူငွေနဲ့ပြင်တာပါ။ တချို့ဘတ် ဂျက်နဲ့ ပြင်ရမယ့်ဟာတွေလည်း ရှိပါတယ်။ ဒါမျိုးတွေက တော့ ပုဂံရဲ့မူလစံတန်ဖိုးတက်လာအောင် လုပ်ရမယ့်လုပ်ငန်းစဉ်တွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ပြီးတော့ ရာသီဥတု ပြောင်းလဲသွားတဲ့ ကိစ္စလေးလည်း ပြောချင်ပါတယ်။ အခု ပုဂံမှာ ဒီနှစ် မိုးတစ်ခါတစ်ခါရွာရင် လက်မ ၃လက်မ၊ ၄လက်မ လောက်ရွာတယ်။
ဒါသည် Forest အရမ်းများလို့။ အထူးသဖြင့် ပုဂံဒေသကို ခြိမ်းခြောက်လာတာက ကန္တာရပင်တွေ။ ကန္တာရပင်တွေက အခုဆိုရင် လမ်းတစ်လျှောက်မှာ ကျွန်တော်တို့အရပ်ထက် နှစ်ဆ၊ သုံးဆလောက် မြင့်နေ ပြီ။ အရင်တုန်းက ပုဂံဧရိယာမှာ ထနောင်းတို့၊ ဒဟတ်တို့လောက်ပဲ အများဆုံးရှိကြတာ။ ပုဂံခေတ်ရှေးမြောင်း တွေထဲ အထိ ကန္တာရပင်တွေ ရောက်ကုန်ကြပြီ။ အဲဒီတော့ ကန္တာရပင်တွေကို ဖယ်ရှားပစ်ဖို့လည်း လိုပါတယ်။


TREND ။        ။ ပုဂံ World Heritage ရခဲ့တာ ခုနစ်နှစ်လောက်ရှိပြီ။ World Heritage ကျောက်တုံးစိုက်မယ့်နေရာ၊ ပုဂံဘုရားတွေ ချုံနွယ်ပိတ်ပေါင်းရှင်းဖို့လည်း အများကြီးလိုသေးတယ်။ နိုင်ငံတကာအကူအညီနဲ့ လုပ်မှာလား။ ဌာနဘတ်ဂျက်နဲ့ပဲ လုပ်မှာလား။ အဲဒီ အစီအစဉ်လေးလဲ ပြောပေးပါဦး။
UKMW။        ။ ပုဂံမှ မဟုတ်ပါဘူး။ သရေခေတ္တရာတို့၊ ဘာတို့မှာလဲ ဒီလိုပါပဲ။ Site ကို စီမံခန့်ခွဲတဲ့နေရာမှာ ဧည့်သည်တွေ ပြန်သွားရင် အမှိုက်တွေကျန်ခဲ့ပါတယ်။ ပုဂံကတော့ ဧည့်သည်အလာများတော့ အမှိုက် ပိုများတာပေါ့။ ပုဂံမှာ စနစ်ကျတဲ့ အမှိုက်သိမ်းစနစ် လိုတယ်။ စည်ပင်သာယာကနေ သေချာလေးဆောင် ရွက်သင့်တယ်။ သူတို့ စည်ပင်သာယာကိုလည်း Smart ဖြစ်အောင်လူအင်အား၊ ပစ္စည်းကိရိယာ ပံ့ပိုးပေးလိုက်လို့ရှိရင် ဒီကိစ္စက အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ အခုကတော့ ဘယ်နေရာမှာ အမှိုက်ပစ်လို့ပစ်ရမှန်းမသိ။ အမှိုက်ပုံး ထားပေးပြန်တော့လည်း ဒီအမှိုက်ပုံးကို စနစ်တကျသိမ်းမယ့်သူက မရှိဖြစ်နေတာပေါ့။ တကယ်တမ်းကျတော့ အမှိုက်ဆိုတာ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ ဂုဏ်သိက္ခာ၊ အဲဒီဒေသကိုလာတဲ့ ဧည့်သည့်တွေရဲ့ ဂုဏ်သိက္ခာ၊ နောက်ဆုံး နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ပါ ဆိုင်တယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကိန်းဘရစ်သွားတုန်းက အတွေ့အကြုံ အရ ကိန်းဘရစ်မှာနေတဲ့သူတွေက သိပ်ပြီးတော့ စောစောမထကြဘူး။ ၇ နာရီ၊ ၇ နာရီခွဲလောက်မှ အိပ်ရာထကြတာ။ ကျွန်တော်က မနက်တိုင်း ၅ ခွဲလောက်ဆို လမ်းပတ်လျှောက်တယ်။ အဲဒီအချိန်မှာ ဘာတွေမြင်ရသလဲဆို တော့ အမှိုက်ထုပ်တွေချထားတာ အကုန်မြင်ရတယ်။ ကျွန်တော်တို့ လူမျိုးတင် အမှိုက်ထုပ်ချတာ မဟုတ်ဘူး။ ကိန်းဘရစ်ကလူတွေ လည်း အမှိုက်ချတယ်။ ဒါပေမဲ့ သူတို့စည်ပင်သာယာက အကုန်လုံးသိမ်းနိုင်တယ်။ ၇ နာရီခွဲ၊ ၈ နာရီလောက်ဆိုရင် လန်ဒန်ကနေ ကိန်းဘရစ်ကို ထွက်တဲ့ရထား ၉ နာရီ လောက်ဆိုရောက်လာပြီ။ ဧည့်သည်တွေ ပါလာပြီ။အဲဒီ ရထားမှာပါလာတဲ့ ဧည့်သည်တွေသည် စောစောတုန်းက အမှိုက်ထုပ်တွေကို အဲဒီလိုမမြင်ရအောင် ကိန်းဘရစ်စည် ပင်သာယာက ရှင်းထားပြီးပြီ။ ရှင်းတဲ့အခါမှာ လူတစ်ယောက်တည်း မောင်းပြီးတော့မှ သူကဆင်းပြီးတော့ အမှိုက်ပုံးကို သူ့ဘာသာသူ သွန်ထည့်တာရှိတယ်။ ကြွပ်ကြွပ်အိတ်တွေကို ခါးမှာထိုးပြီးတော့မှ တုတ်ရှည်ကြီး တွေနဲ့ လိုက်ကောက်တာရှိတယ်။ တံမြက်စည်းလှည်းတဲ့ ကိရိယာနဲ့ လှည်းတာရှိတယ်။ ကျွန်တော် လေ့လာကြည့် သလောက်လေးဖွဲ့လောက်ရှိတယ်။
အဲဒါကြောင့်မို့ ၇နာရီခွဲ၊ ၈နာရီလောက်ဆို ကိန်းဘရစ်က လမ်းတွေမှာ အမှိုက်မရှိတော့ဘူး။ လုံး၀ပြောင်လက်သွားတယ်။ အဲဒါဘာလဲဆိုရင် ကိန်းကရစ်ကလူတွေသည် စည်ပင်သာယာဒီလို အမှိုက်ရှင်းနိုင်အောင် အခွန်အခမှန်မှန်ဆောင်တယ်။ အဲဒီတော့ အမှိုက်ပစ်တဲ့သူကလည်း ငါတို့အခွန်ဆောင်ထားတာ အချိန်တန်ရင် သူတို့လာသိမ်းလိမ့်မယ်ဆိုပြီး ရဲရဲတင်း တင်းအမှိုက်ချတယ်။
အမှိုက်သိမ်းတဲ့သူကလည်း ငါတို့အခွန် ကောက်ထားတဲ့အတွက် အမှိုက်သိမ်းကိုသိမ်းရမယ်ဆိုတဲ့အသိ ရှိတယ်။ ဒါဟာ ကိန်းဘရစ်ရဲ့ ဂုဏ်သိက္ခာနဲ့ပါ ဆက်နွှယ်နေတဲ့ သဘောဖြစ်တယ်။ ကျွန်တော်တို့ ပုဂံဒေသကိုလည်း အဲဒီလိုလုပ်ရမယ်။ ပုဂံဒေသကလူတွေ ပစ်တာရှိမယ်။ ဧည့်သည်တွေ ပစ်သွားတာရှိမယ်။ဘာ ပဲဖြစ်ဖြစ် ပုဂံဒေသ ကလူတွေလည်း ကျွန်တော်တို့နိုင်ငံ သားတွေပဲ၊ ဧည့်သည်တွေလဲ ကျွန်တော်တို့နိုင်ငံသားတွေပဲ။ ဘာပဲဖြစ်ဖြစ် ဒီလိုစည်းကမ်းမဲ့ ပစ်လိုက်တဲ့ အမှိုက်တွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်။ အဲဒီဂုဏ်သိ က္ခာကို ဆယ်ဖို့အတွက် သက်ဆိုင်ရာစည်ပင်မှာ တာဝန်ရှိသလို စည်ပင်အင်အား နည်းတယ်ဆိုရင်လည်း ဒေသခံပရဟိတအဖွဲ့တွေနဲ့ ဝိုင်းဝန်းပြီးတော့ ဖြေရှင်းလိုက်မယ်ဆိုရင်တော့ နိုင်ငံ့ဂုဏ် သိက္ခာကို ဆယ်ရာလည်း ရောက်ပါတယ်။ ဒါကြောင့်မို့ လို့ ပြီးခဲ့တဲ့နှစ်က ကျွန်တော်ကိုယ်တိုင် ကျွန်တော့်အဖွဲ့ တွေနဲ့ တနင်္လာနေ့တိုင်း အမှိုက်ကောက်ကြတယ်။ ဧည့်သည်အများစုက သောကြာနေ့လာကြတယ်။ စနေ၊ တနင်္ဂနွေလည် ပြီးတော့ တနင်္လာနေ့ ပြန်သွားကြတယ်။အမှိုက်တွေ ကျန်ခဲ့တယ်။
အဲဒါကြောင့် တနင်္လာနေ့မှာ ကျွန်တော်ကိုယ် တိုင် စနစ်ကျတဲ့ အမှိုက်သိမ်းစနစ်မဖြစ်ခင်တော့ ဒီလိုပဲ ဝိုင်းကူညီရမယ်။ အဲဒီလို ကူညီရင်း တစ်ချိန်တည်းမှာ သက်ဆိုင်ရာ ဌာနတွေကလည်း စနစ်ကျတဲ့ အမှိုက်သိမ်း စနစ် တည်ထောင်ရမယ်။

TREND ။        ။ ပုဂံဒေသနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဝေဖန်နေတဲ့သူ တွေကို ဘာများပြောချင်လဲ။
UKMW ။        ။ ဝေဖန်တဲ့သူတွေကို ဘာမှမပြောချင်ဘူးဆိုတာက အမွေအနှစ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နေတဲ့ စီမံခန့်ခွဲမှုတွေသည် သေချာစနစ်တကျနဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် အကြံဉာဏ်ယူပြီးတော့မှ ဆောင်ရွက်တာမျိုးဖြစ်တယ်။ ဝေဖန်တဲ့သူတွေကတော့ ဝေဖန်မှာပဲ။ ဝေဖန်တဲ့နေရာမှာ တကယ်ချစ်လို့ ဝေဖန်တဲ့သူ တွေရှိတယ်။ တကယ်ချစ်လို့ အကြံပေးတဲ့သူတွေရှိတယ်။ ဥပမာ ကျွန်တော် Facebook က မိတ်ဆွေထဲမှာ ပုဂံနဲ့ပတ်သက်ပြီးတော့ ကောင်းစေချင်လို့ ဝေဖန်အကြံပြုတဲ့လူတွေရှိတယ်။ မယ်သီလရှင် ကအစရှိတယ်။ Messenger ကနေပြီးတော့ ဒကာလေးရေ ဟိုနားလေးမှာတော့ ဒါလေးတွေတွေ့တယ်။ ရှင်းလိုက်ဦးနော်ဆိုပြီး လာပြောတယ်။ ဒါမျိုးပေါ့နော်။ ဘာလုပ်လုပ် ဝေဖန်မယ်၊ အပြစ်ပြောမယ်ဆိုတာကတော့ အဖျက်ပေါ့နော်။ သူတို့သည် ဒီအမွေအနှစ်ထိန်းသိမ်းတဲ့ လုပ်ငန်းကိုတင် ဝေဖန်တာမဟုတ်ဘဲနဲ့ တခြားသော ရည်ရွယ်ချက်တွေရှိတယ်။
TREND ။        ။ ပုဂံဘုရားတွေနဲ့ ပတ်သက်ရင် ဘုရားဂေါပကတွေက ပိုပြီးတော့  Power ကြီးတာလား။ ဆရာတို့ ရှေး/သုက Power ကြီးတာလား။


UKMW။        ။ ဘုရားတွေနဲ့ ပတ်သက်ရင် Power ဆိုတာထက် ထိန်းကျောင်းတာပေါ့နော်။ ဘုရားတွေ ထိန်းသိမ်းရေးနှင့်ပတ်သက်ရင် ဥပဒေကြောင်းအရ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဂေါပကတွေကတော့ ပင်စား ယူပြီးမှ လုပ်ကြတဲ့အခါကြတော့ Volunteer သဘောမျိုးပေါ့။ ရှင်းရှင်းပြောရလို့ရှိရင် ကျွန်တော်တို့ ဌာနဆိုင်ရာတွေ မထိန်းသိမ်းနိုင်တဲ့ကိစ္စတွေကို သူတို့က ဆောင်ရွက်ပေးတာပေါ့နော်။ ဂေါပကရှိတဲ့ဘုရားတွေကို သာသနာရေးဦးစီးဌာနက စောင့်ရှောက်ထိန်းသိမ်းပါတယ်။ ကျွန်တော်တို့ကတော့ ဂေါပကအဖွဲ့အစည်းကို ထိန်းသိမ်းတာထက် ဂေါပကအဖွဲ့ ကိုင်တွယ်နေတဲ့ ရှေးဟောင်းဘုရားကို သူတို့ဘာတွေလုပ်နေလဲဆိုတာကို ကျွန်တော်တို့က ထိန်းသိမ်းတာ။ သာသနာရေးဦးစီးဌာနက ဂေါပကကိုထိန်းသိမ်းတယ်။ ကျွန်တော်တို့ ရှေးဟောင်းသုတေသနဌာနက ဂေါပကကို စိတ်မဝင်စားဘူး။ ဂေါပကက လုပ်တဲ့ကိစ္စတွေဟာ ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်နိုင်သလား၊ မထိခိုက်နိုင်ဘူးလားဆိုတာကို စိတ်ဝင်စားတယ်။ အခုဆိုရင် ကျွန်တော်စာထုတ်တယ်။ ရှေးဟောင်းဘုရားတွေအတွင်းမှာ ဂေါပကများ သန့်ရှင်းရေးဆောင်ရွက်ပါ။ သန့်ရှင်းရေး ဆောင်ရွက်ပြီးကြောင်း ကျွန်တော်တို့ဆီကို ပြန်ပြီးတော့ တင်ပြပါဆိုတော့ သူတို့ ဆောင်ရွက်ပြီးကြောင်း တင်ပြတာမျိုးတွေရှိပါတယ်။ ဟိုရက်ကဆိုရင် အာနန္ဒာမှာ ထိန်း သိမ်းရမယ့်ဟာတွေ၊ နောက်ပြီးတော့ဟိုအရင်က ရိုက်ထားတဲ့ မီးကြိုးတွေ အဆင်မပြေတာတွေ့တော့ ဖယ်ခိုင်းတာ၊ သူတို့လည်း ဖယ်ပေးပါတယ်၊ လိုက်နာပါတယ်။ ဥပဒေကြောင်းဆိုရင် ကျွန်တော်တို့က ပိုပြီးတော့၊ ဂေါပကတွေကတော့ ဘုရားအလှူငွေတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့လည်း မထိန်းသိမ်းနိုင်တဲ့အတွက် ပြည်သူလူထု ကိုယ်စား စောင့်ရှောက်ရတဲ့ အဖွဲ့အစည်းပေါ့။
TREND ။        ။ ပုဂံနဲ့ပတ်သက်ပြီး နေပြည်တော်က လူကြီးတွေကို ဘာ Message ပေးချင်တာရှိမလဲ။
UKMW ။        ။ ပုဂံနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပုဂံဌာနခွဲဆိုရင် ကမ္ဘာ့အမွေအနှစ်စာရင်းမှာ မှတ်ပုံတင်ထားတဲ့ ဘုရားပေါင်း ၃၈၃၇ ဆူနဲ့ ယှဉ်တွဲနေတဲ့ Landscape ကြီးတစ်ခုလုံးကို ထိန်းသိမ်းနိုင်ဖို့အတွက် ချုံတွေရှင်းဖို့၊ ဘုရားတွေအပေါ်မှာပေါက်နေတဲ့  ညောင်ပင်တွေကိုသတ်ဖို့ နှစ်စဉ်လုပ်ဖို့အတွက် ဝန်ထမ်းအင်အားတွေ လိုပါတယ်။ လက်ရှိဖွဲ့စည်းပုံမှာကိုက ၅၁၆ ယောက်ရှိတယ်။ တကယ်လုပ်တဲ့အခါမှာ လုံခြုံရေးအင်အားလည်း မပြည့်ဘူး။ သန့်ရှင်းရေးအင်အားလည်း မပြည့်ဘူး။ လက်ရှိမှာ ၂၀၀ ကျော်လောက်နဲ့ လုပ်နေရတယ်။ ၃၀၀ ကျော်လောက် လိုနေတယ်။ ပြတိုက်မှာလည်း ဝန်ထမ်းအင်အား လိုပါတယ်။ ပုဂံမှာညဘက် မိုးရွာပြီဆိုရင် ကျွန်တော်တို့ စောင်ခြုံပြီးတော့ မကွေးရဲဘူး။ မိုးလင်းတာကို စောင့်နေရတာ။ အလင်းရောင်လာတာနဲ့ ဘုရားတွေထဲပြေးဝင်ပြီးတော့ ဘယ်ဘုရားတွေ ဘာဖြစ်သလဲဆိုပြီး လိုက်ကြည့်ရတယ်။ ပျက်စီးမှုတွေကို ချက်ချင်းအရေး ပေါ်တုံ့ပြန်နိုင်အောင် ဆောင်ရွက်သင့်တာ အမြန်ဆောင်ရွက်ရတယ်။ အဓိကတော့ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအပြည့်လေးဖြစ်အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။
TREND ။        ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(TREND News ဂျာနယ် အတွဲ(၂)၊ အမှတ်(၄၃) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 223

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.