သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းနှင့် တွေ့ဆုံခြင်း

    ရှေးဟောင်း သုတေသနနဲ့ပတ်သက်ပြီး စာတွေ မရေးဘူးဆိုရင် နိုင်ငံရဲ့အမွေအနှစ် ထိန်းသိမ်းရေး စီမံခန့်ခွဲမှုတွေကို ငါတို့ရဲ့မျိုးဆက်တွေ မသိဘူး။ ငါတို့ရဲ့ မျိုးဆက်တွေမသိရင် စိတ်မဝင်စားဘူး။ စိတ်မဝင်စားရင် ထိန်းသိမ်းလိုစိတ်လည်း ရှိမှာမဟုတ်ဘူးလို့ တွေးမိရာကနေ စာတွေ စရေးဖြစ်တယ် ...
    ပုဂံရောက်တိုင်း ကိုကျော်မျိုးဝင်းနှင့် စကားပြောဖြစ်တယ်။ သူနဲ့စကား ပြောတိုင်း နှစ်နာရီ၊ သုံးနာရီကြာတတ်သည်။ ရှေးဟောင်းသုတေသန ဘာသာရပ်ကို စိတ်နှစ်ပြီး လုပ်နေသူမှန်း သူနှင့်စကားပြောရင်း သိလာရသည်။ တူးဖော်မှုများနှင့် ပတ်သက်ပြီး အတွေ့အကြုံတွေကလည်း နားထောင်လို့မကုန်နိုင်။ ဒီလိုလူမျိုးတစ်ယောက်ရှိနေတာ ဌာနအတွက်ရော၊ တိုင်းပြည်အတွက်ရော တန်ဖိုးကြီးမားလှသည်။ သူလုပ်ရမည့်အလုပ်နှင့် လိုအပ်ချက်များကို ကြားရသဖြင့် စိတ်ပင်ပန်း ဖြစ်ခဲ့ရသေးသည်။ ယခုတစ်ခေါက် ပုဂံရောက်တော့ သူနှင့်တွေ့ပြီး ပြောသမျှကို မျှဝေချင်စိတ် ပေါက်ခဲ့မိသည်။

TREND ။        ။ ဆရာ့အနေနဲ့ ရှေးဟောင်းသု တေသနပညာရပ်ကို စပြီး စိတ်ဝင်စားဖြစ်ခဲ့ပုံကို အရင်ဆုံး ပြောပြပေးပါဦး။
UKMW  ။    ။ ရှေးဟောင်းသုတေသနထဲကို ကျွန်တော်ရောက်လာတာ ပြောရမယ်ဆိုရင် ရှေးဟောင်း သုတေသနနယ်ပယ်မှာ ကျွန်တော့်ဆွေမျိုးလည်း မရှိဘူး။ ရှေးဟောင်းသုတေသန ဆိုတာကိုလည်း ကျွန်တော်မသိဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အခါကျတော့ အလုပ်တစ်ခုလုပ်မယ်လို့ စဉ်းစားနေတဲ့ အချိန်မှာ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က "ရှေးဟောင်းသုတေသနမှာ အလုပ်ခေါ်နေတယ်၊ ငါသွားလျှောက်မလို့ မင်းအဖော်လိုက်ခဲ့"ဆိုလို့ လိုက်သွားရင်း ဝင်ခွင့်စာမေးပွဲ ဖြေတဲ့အခါကျတော့ သူက မပါဘဲ၊ ကျွန်တော်က ပါသွား တယ်။ အဲဒီတုန်းက ၁၉၉၅။ ကျွန်တော့် အသက် (၂၁) နှစ် ကျော်ကျော်ပေါ့။ တက္ကသိုလ် မတက်ရသေးဘူး။ အလုပ်ရတော့ ကျွန်တော်အဝေး သင်ပဲတက်လိုက်တယ်။ ကျွန်တော် စရောက်တဲ့ဌာနက တူးဖော်သုတေသနဌာန၊ ရှေးဟောင်းသုတေသန ဦးစီးဌာနမှာ ဌာနခွဲတွေ အများကြီးရှိတဲ့အထဲမှာ တူးဖော်သုတေသနဌာနကတော့ အပင်ပန်းဆုံးပေါ့။ သူက ကွင်းဆင်းရတယ်။ လူသူအရောက်အပေါက်နည်းတဲ့ ရှေးခေတ် မြို့ဟောင်းတွေကို နှစ်လ၊ သုံးလဖြစ်စေ၊ လေး၊ ငါး၊ ခြောက်လဖြစ်စေ ဘတ်ဂျတ်အခြေအနေအရ Camp တွေဆောက်၊ အလုပ်သမားတွေ ငှားပြီးတော့မှ နန်းတော်ရာတွေ ပြန်တူးဖော်တာတို့၊ မြို့ရိုးတွေ တူးဖော်တာတို့၊ မြို့ဝင်ပေါက်တွေ။ ရှေးဟောင်းသုတေသနထဲက ဝင်တဲ့အချိန်မှာ အဲဒီအချိန်တုန်းက ရှေးဟောင်း သုတေသနမှာရှိတဲ့ လူကြီးတွေကို အစိုးရဝန်ထမ်းဖြစ်ဖို့ တော်တော်ပေးရ၊ ကမ်းရတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကျွန်တော် ငါးပြားတစ်စေ့ မကုန်ခဲ့ဘူး။ လူကြီးတွေက ကျွန်တော့်ကို လူတွေ့အင်တာဗျူးတယ်။ ပြီးတော့ ရေး၊ ဖြေ အောင်တယ်။ ၁၉၉၅ ခုနှစ် မတ်လ ၁ ရက်မှာစပြီး တာဝန်ထမ်းဆောင် တယ်။ တူးဖော်သုတေသနဌာနဖြစ်တဲ့ အဲဒီအချိန်ကစပြီးတော့ အိမ်ကနေ စခွဲရတာပဲ။ အဲဒီတုန်းက ရှေးဟောင်း သုတေသနဌာန ရန်ကုန်ရုံးချုပ်မှာ တူးဖော်ရေးအဖွဲ့ တစ်ဖွဲ့ပဲရှိတယ်။ အဲဒီတစ်ဖွဲ့တည်းကပဲ လှည့်ပတ်တူးနေရတာ။ အဲဒီတုန်းက ဘယ်နေရာတွေ တူးခဲ့ရသလဲဆိုရင် ကျိုင်းတုံ စွန်ဆတ်ကုန်း၊ အနော်ရထာမင်းကြီး ယိုးဒယားကို စစ်ခင်းပြီး ပြန်လာတော့ စစ်ပွဲအောင်တဲ့အထိမ်းအမှတ်နဲ့ စေတီတည်ထားခဲ့တယ်။ အဲဒီစေတီကြီးက ပြိုပျက်ပြီးတော့ ကုန်းအသွင်ရှိနေတာပေါ့။ အဲဒီနေရာမှာ အစိုးရဝန်ထမ်းအိမ်ရာ ဆောက်ရင်းနဲ့ဌာပနာတိုက်ပွင့်ပြီးတော့ ဌာပနာပစ္စည်းတွေ ပေါ်လာတယ်။ အဲဒါကို အကြောင်းပြုပြီးတော့မှ ကျွန်တော်တို့အဖွဲ့တွေ သွားတူးရတယ်။ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံး တူးဖော်ရေးပေါ့။ ဒုတိယကတော့ မြင်စိုင်းမြို့ဟောင်း တူးဖော်ရေးပေါ့။ အဲဒီကနေ တောက်လျှောက် သရေခေတ္တရာ၊ ဗိဿနိုးပေါ့။ မြန်မာပြည်အောက်ပိုင်းဆိုလို့ရှိရင် ကျိုက္ကသာ၊ နောက်ပြီးတော့ ထားဝယ် သာဂရ၊ အထက်မြန်မာပြည်ဆိုလို့ရှိရင် တကောင်းမြို့ဟောင်း၊ မိုင်းမော၊ အခုတော့ ပင်လယ်မြို့ မြို့ဟောင်းပေါ့။ ဒုညွှန်မှူးဖြစ်တဲ့ အထိကို သုဝဏ္ဏဘူမိနေရာကို ရှာတဲ့ Project နှစ်နှစ်ဆက်တိုက် လုပ်ခဲ့ရတယ်။ အခုနောက်ဆုံး ပုဂံကို ညွှန်ကြားရေးမှူးအနေနဲ့ ရောက်တဲ့ အချိန်မှာတောင် ယုန်လွှတ်ကျွန်း တူးလိုက်ရသေးတယ်။ ပြောရရင်တော့ ကျွန်တော် ရှေးဟောင်းသုတေသန နယ်ပယ်ထဲကို ဝင်လာပြီး ဒီပညာရပ်အပေါ် နစ်မြုပ်လာတယ်၊ သိချင်လာတယ်။ ဒီပညာရပ်ကလည်း နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက် သိပ်ကို အရေးကြီးတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးရဲ့ Profile ကို ပြန်ဖော်ရတာလေ။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာ သက်သေပြရတာကို ကျွန်တော်ကြိုက်လာတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုသိဖို့လည်း လိုတယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော် ရှေးဟောင်း သုတေသနနဲ့ ပတ်သက်တဲ့စာတွေ စပြီး ရေးဖြစ်တယ်။ အရင်တုန်းကဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်က ရှေးဟောင်းသုတေသနဌာနကို လူတွေက မသိကြဘူး။


    ကျွန်တော် ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အလုပ်ရတယ်ဆိုတော့ ကျွန်တော့်ကို ဇာတ်မင်းသားလုပ်မယ်လို့ ထင်နေကြတာ။ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုတာနဲ့ ကျွန်တော့်မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေက ကရ၊ ခုန်ရမှာလားလို့ မေးကြတယ်။ မဟုတ်ဘူး မြို့ဟောင်းတွေ တူးဖော်ရမှာဆိုတော့ သူတို့သိပ်မသိကြဘူး။ အဲဒီတုန်းက အင်ဒီယာနာဂျုန်း ရုပ်ရှင်ဇာတ်ကားက ခေတ်စားနေတယ်။ ဟယ်ရီဆင်ဖို့ဒ်ရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်းကြည့်ရင်းနဲ့ ကြိုက်လာတယ်။ ဒီပညာရပ်ကိုလည်း လူတွေ သိစေချင်လာတယ်။ အဲဒီအတွက် ငါစာ ရေးမှဖြစ်မယ်။ မရေးဘူးဆိုရင် နိုင်ငံရဲ့ အမွေအနှစ်ထိန်း သိမ်းရေး စီမံခန့်ခွဲမှုတွေကို ငါတို့ရဲ့မျိုးဆက်တွေ မသိဘူး။ ငါတို့ရဲ့ မျိုးဆက်တွေ မသိရင် စိတ်မဝင်စားဘူး။ စိတ်မဝင်စားရင် ထိန်းသိမ်းလိုစိတ်လည်း ရှိမှာမဟုတ် ဘူးလို့ တွေးမိရာကနေ စာတွေ စရေးဖြစ်တယ်။ ၂၀၁၃၊ ၂၀၁၄ ကစပြီး Facebook မှာ ရေးလာခဲ့တယ်။ TREND ဂျာနယ်ရဲ့ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ Facebook ပေါ်က စာတွေဟာ ပုံနှိပ်စာတွေ ဖြစ်လာခဲ့တယ်။ ပြီးတော့ စာအုပ်တွေ ထုတ်ဖြစ်ခဲ့တယ်။ ပထမဆုံးစာအုပ်က ရှင်သန်နေဆဲဝိညာဉ်များနှင့် တူးဖော်မှုအသစ် တွေ့ရှိချက်များပေါ့။ ကျွန်တော့်ဘဝမှာ တူးဖော်ရေး Site ပေါင်း အကြိမ် ၅၀ ကျော် လုပ်ခဲ့တယ်။ အဲဒီထဲမှာ အသစ်တွေ့ ရှိချက်တွေရှိတယ်။ အရင်တုန်းက ရှေးဟောင်းသုတေသန လုပ်ငန်းတွေကို လုပ်တဲ့အခါမှာ ကျွန်တော်တို့ ကိုး ကားရတဲ့ အကိုးအကားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကလုပ်ခဲ့တဲ့ ဆရာကြီးတွေကို မကျော်နိုင်ဘူးဖြစ် နေတယ်။
ကျွန်တော်တို့ လက်ထက်ကျတော့ ဒါတွေထက် ကျော်ပြီးတော့ ဘာတွေ လုပ်သင့်လဲဆိုတဲ့ Tool တစ်ခုကို ရလိုက်တယ်။ Geograpic Imformation System (GIS) ဆိုတဲ့ပညာရပ်ကိုရအောင် သင်လိုက်တယ်။ အဲဒါကလည်း သြစတြေးလျကနေလာတဲ့ ဒေါက်တာ ပေါဟာဆန်ကနေ ကျွန်တော့်ကို သင်ပေးတယ်။ ၂၀၀၁၊ ၂၀၀၂ လောက်မှာ သူက ကျွန်တော့်ကို Laptop အဲဒီတုန်းကဆိုရင် ရုံးမှာ ညွှန်ချုပ်ကလွဲပြီး ဘယ်ဝန်ထမ်းမှာမှ Laptop မရှိဘူး။ သူက ဝန်ထမ်းတွေ အများကြီးထဲကမှ ကျွန်တော့်ကို GIS ပညာကို ဘာလို့ ရွေးပြီးသင်ပေးရသလဲဆိုတော့ ၂၀၀၁ ခုနှစ်လောက်မှာ အရင်တုန်းက ကွင်းဆင်းရင် စာလုံး မြေပုံတွေကို ဖြန့်ပြီးတော့ တိုင်းထွာရတာ တွေရှိတယ်။ ကျွန်တော်က စာဖတ်တဲ့အခါကျတော့ GIS ရဲ့ အစောပိုင်းမျိုးဆက်ဖြစ်တဲ့ E-map အကြောင်း ဖတ်မိတယ်။ ဒီကောင်က ကိုယ်သွားတဲ့ ပွိုင့်တွေကို မှတ်နိုင်တယ်။ မြေပုံကို ထုတ်နိုင်တယ်။ လူကြီးတွေကို တင်ပြတော့ ကျွန်တော့်ကို ဝယ်ပေးတယ်။ အဲဒါလေးကို တစ်နှစ်လောက် လေ့လာပြီးတော့ How to use Emap ဆိုပြီး မြန်မာလို စာပြန်ရေးတာ ၂၅ မျက်နှာရတယ်။ အဲဒီတုန်းက ကုမ္ပဏီကနေ ကျွန်တော် ဝယ်လိုက်ပေမယ့် ကုမ္ပဏီကလည်း ဒါကို မသိဘူး။ ကျွန်တော် တစ်နှစ်လောက်လေ့လာပြီး ဘယ်လိုသုံးရလဲဆိုတာကို ရေးထား တဲ့ဟာကို ကုမ္ပဏီကို ကျွန်တော်လည်း ပေးလိုက်တယ်။
    ဒီဟာလေးကို သုံးပါများလာတဲ့အခါကြတော့ Grap ပေါ်မှာ စကေးချဲ့ပြီးနေ ပုံပြန်ဆွဲတာပေါ့။ မြေပုံ ပြန်ဆွဲပြီးတော့ ရှေးဟောင်းသုတေသန နေရာတွေပါ အဲဒီအပေါ်မှာ ထားတယ်။ အဲဒါက ဒေါက်တာပေါဟာ ဆန်က တွေ့သွားတော့ဟာ ကျော်မျိုးဝင်း ဒီ Emap လေးပေါ်ကနေ ပွိုင့်တွေမှတ်၊ စကေးချဲ့ပြီးတော့ မြေပုံကို Grap ပေါ် တင်ရတာကို ငါတစ်ခါမှ မစဉ်းစားဖူးဘူး။ ဒီဟာကို မင်းကျေသွားပြီ။ မင်းမှာ အခု ဘာလိုနေလဲဆို တော့ Laptop လိုနေတာ။ အဲဒါမှာ ဒါကို Laptop ပေါ်မှာ ပြန်လုပ်လိုက်ရင် အဲဒါ GIS ပဲ။ ငါမင်းရဲ့လုပ်ဆောင်ချက်တွေကို သြစတြေးလျက ဆစ်ဒနီတက္ကသိုလ်ကို တင်ပြပေးမယ်ဆိုပြီး ကျွန်တော် လုပ်ထားတာတွေကို ယူပြီးတော့ တက္ကသိုလ်ကို တင်ပြပေးတယ်။ အဲဒီတက္ကသိုလ် ကနေ ကျွန်တော့်ကို Laptop ဆုချတဲ့ သဘောပါ။ အဲဒီနောက်ပိုင်း ကျွန်တော်သွားခဲ့တဲ့ မြို့ဟောင်းတွေဟာ Digital Map တွေ ဘယ်မှာသွားပြီးတော့ အကျိုးသက်ရောက်မှုရှိလဲဆိုတော့ ပျူမြို့ဟောင်းသုံးမြကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ လုပ်တဲ့အခါမှာ GIS လုပ်ငန်းစဉ်က ၆၅ ရာခိုင်နှုန်းလောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့အမွေအနှစ် Site တွေ Digital စနစ်နဲ့ စောင့်ကြည့် ထိန်းကျောင်းရတဲ့ လုပ်ငန်းစဉ်တွေမှာ Deta Base စနစ်မပါရင် မရဘူး။ ကျွန်တော်တို့က ဒါကို ၂၀၀၁ ကတည်းက လေ့လာနေတဲ့အခါကျတော့ ယူနက်စကိုအဖွဲ့တွေ လာတဲ့အချိန်မှာ မင်းတို့ရှေးဟောင်းသုတေသနက GIS စနစ်ဆိုတာကို သိလားလို့မေးတဲ့အချိန်မှာ ကျွန်တော်က သိပါတယ်လို့ ပြောတဲ့အချိန်မှာ ဒီကောင်တွေ အံ့သြသွားတယ်။ ပြီးတော့ မင်းလုပ်ထားတာတွေ ပြစမ်းဆိုတော့ ကျွန်တော်လုပ်ထားတာတွေ ပြလိုက်တဲ့အချိန်မှာ သူတို့ တော်တော်အံ့သြသွားတယ်။ ငါတို့ ဒါတွေကို ၂၀၀၂ လောက်ကတည်းက တတ်တာ။ ဒါပေမဲ့ International Platform ပေါ်တော့ မရောက်သေးဘူးလို့ ပြောတဲ့အချိန်မှာ လာအိုက GIS ပညာရှင်တစ်ယောက် ငှားပြီးတော့ လိုတာတွေ ထပ်သင်ရတယ်။ GIS လုပ်ငန်းစဉ်အောင်မြင်သွားတဲ့ အတွက် ၂၀၁၄ မှာ ပျူမြို့ဟောင်းသုံးမြို့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သွားခဲ့တယ်။ အဲဒီကနေ ဒီ GIS ပညာကို ငါတစ်ယောက်တည်း တတ်လို့မဖြစ်ဘူးဆိုပြီး ဌာနမှာရှိတဲ့ ဝန်ထမ်းတွေကို Training ပေးရင်းနဲ့ အခု ကျွန်တော်တို့ ပုဂံဌာနမှာ GIS ဌာနခွဲတစ်ခု ထူထောင်ထားနိုင်ပါပြီ။ ရှေးဟောင်းသုတေသနဌာနမှာ GIS ကျွမ်းကျင်တဲ့ ပညာရှင်တွေ အယောက် ၃၀ ကျော်၊ ၄၀ လောက် ရှိလာပါပြီ။

TREND ။        ။ ရှေးဟောင်းသုတေသနပညာ ရပ်ကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းက မိတ်ဆက်ပေးလာတာ ၁၀ နှစ်ကျော်ရှိလာပြီဆိုတော့ အများပြည် သူရဲ့တုံ့ပြန်မှု ဘာတွေရှိလဲ။
UKMW  ။            ။ အများပြည်သူရဲ့တုံ့ပြန်မှုတွေကတော့ အများကြီးပဲ။ မြန်မာပြည်တစ်လွှားက ရှေးမြို့ဟောင်းတွေ ဆီသွားရင် နှုတ်ပြောသမိုင်းတွေနဲ့ လုံးနေတာတွေ့ရတယ်။ ဥပမာ မှန်နန်းရာ ဇဝင်မှာပါတဲ့ သရေခေတ္တရာကို နတ်တွေမြို့လုပ်လိုက်တာတို့၊ လူတစ်ရစ် နတ်တစ်ရစ်တည်တာတို့ ဒါမျိုးကိစ္စတွေက အများကြီးပဲ။အရင်တုန်းက ဒီလိုမျိုးတွေပြောရင် ယုံကြပေမယ့် ဒီခေတ်မျိုးဆက်သစ် တွေက သိပ္ပံပညာထွန်းကားလာတာနဲ့အမျှ လက်မခံချင်ကြပါဘူး။ ဒါတွေကို သက်သေပြဖို့ ရှေးဟောင်း သုတေသနရဲ့ တူးဖော်ရေးသမားမှာ တာဝန်ရှိပါတယ်။ ဥပမာ နတ်တွေဖန်ဆင်းတဲ့မြို့ဆိုပြီး တူးလိုက် တဲ့အခါကျတော့ ဘာနတ်တွေမှ မဖန်ဆင်းဘူး။ မြို့ရိုးတွေမှာ သုံးထားတဲ့ အုတ်တစ်ချပ်ရဖို့တောင် တော်တော် လေးလုပ်ယူရတာ။ ပထမဆုံး ရွှံ့တူးရတယ်။ နယ်ရမယ်။ မီးနီအောင် ဖုတ်ရမယ်။ အဲဒီအတွက် စပါးခွံတွေထည့်ရမယ်။ အုတ်တစ်ချပ်ရဖို့ လူသားတစ်ယောက်က ကြိုးစားရတယ်။ ဟပ်ချလောင်းဆိုပြီး ဖြစ်လာတာမဟုတ်ဘူး။ အဆင့်တစ်ခုမှာ Lose and Win ဆိုတာရှိတယ်။ ဆုံးရှုံးမှု တွေကို ရှောင်တယ်။ အောင်မြင်မှုတွေကို ဆက်ထိန်းသိမ်းပြီးတော့ သွားတာပေါ့။ ဒါနဲ့ပတ်သက်ပြီး အမေရိကန် မနုဿဗေဒပညာရှင် Elman Service ဘယ်လိုခွဲ ထားလဲဆိုတော့ Social Evolution မှာ Bands ? Tribes? Chiefdoms? Kingdoms? State ဆိုပြီး ခွဲထားတယ်။ Bands ဆိုတာကတော့ လူအစုအဖွဲ့လေးနဲ့ နေတာ အကြီးအကဲလည်း မရှိဘူး။ တန်းတူရည်တူပဲ။ Tribes ဆိုတာကြတော့ Group ဖြစ်လာပြီ။ နှစ်ယောက် Group၊ သုံးယောက် Group ဖြစ်လာပြီ။ Chiefdom ဆိုတာကတော့ အုပ်ချုပ်တဲ့သူရှိတယ်။ အုပ်ချုပ်ခံတဲ့လူတွေ ရှိ လာပြီ။ ဥပမာ အစားအစာတွေကို စုဆောင်းတယ်ဆိုလို့ ရှိရင် သမိုင်းမတင်မီ ခေတ်ကာလတွေမှာ အစားအစာတွေကို စုဆောင်းဖို့အတွက် အိုးတွေ၊ ခွက်တွေလည်း မရှိဘူး။ တစ်ရက်စားပြီး ပိုရင် လွှင့်ပစ်လိုက်မှာပဲ။ Tripup ကို ရောက်လာတဲ့အခါ ယုန်တစ်ကောင်ကို လိုက်တာ လူတစ်ယောက် ဆိုပေမယ့် သမင်တစ်ကောင်ကို လူသုံးယောက်လောက်လိုက်မှ အလွယ်တကူမိတာမျိုးကို သိလာတယ်။ အဲဒီကနေမှ လူအင်အားနဲ့ အမဲလိုက်တာနဲ့ တစ်ယောက်ချင်း အမဲလိုက်တာ သားကောင်ရတာချင်း မတူတာကို သတိထားမိလာကြတယ်။ ပိုနေတဲ့အစာတွေကို ဘယ်လို သိုလှောင်ကြမလဲ။ သဘာဝကျောက်ခွက်တွေ ရှာကြမယ်။ ဖက်တွေထဲ ထည့်ထားတယ်။ မြေကြီးထဲမြှုပ်ထားမယ်။ အဲဒါတွေကို ရုတ်တရက် မိုးကြိုးပစ်ခံရလို့ မီးကျွမ်းသွားတဲ့ အခါကြတော့ အနံ့မွှေးပြီး စားလို့ အရသာ ရှိလာတာ သတိထားမိလာတယ်။ တစ်ခါတလေကြတော့ ပုပ်နေတဲ့ အသားတွေကို စားမိလို့ အစာ အဆိပ်သင့်ပြီး သေသွားတာမျိုးတွေလည်း ကြုံလာရတော့ ဒီလို အစားဆို မစားသင့်ဘူးဆိုပြီး မှတ်သား ထားမိလာကြတယ်။ ဒီကာလကြီးက အရှည်ကြီးပါ။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ယဉ်ကျေး မှုကာလ၊ ပျူခေတ်၊ ပုဂံခေတ် စသည်ဖြင့် လာတာကိုး။ အဲဒီကာလတွေမှာ လူသူတွေရဲ့ ဖြတ်သန်းခဲ့မှု အဆင်ဆင့်က မြန်မာပြည်မှာ အဲဒါတွေ ရှိခဲ့တယ်ဆိုတာကို သက်သေပြဖို့အတွက် ရှေးဟောင်းသုတေ သနသမားတိုင်းမှာ တာဝန်ရှိတယ်။ ဒါကို ကျွန်တော်တို့ချည်းပဲ လုပ်နေလို့လည်း မပြီးဘူး။ ကျွန်တော်တို့ လုပ်နေတာတွေရဲ့ ရလဒ်တွေကို မျိုးဆက်သစ်တွေသိဖို့လည်း အရေးကြီးတဲ့အတွက် ဆိုရှယ်မီဒီယာတွေ၊ ပုံနှိပ်မီဒီယာတွေကနေတစ်ဆင့် ဒါတွေကတော့ နတ်တွေ၊ သိကြားတွေ ဖန်ဆင်းတာ မဟုတ်ဘူး။ ကျွန်တော် ရှင်းပြတဲ့အဆင့်တွေအတိုင်း သွားတာ။ Kimdom ဆိုရင် မြို့ရိုးတွေ ဆောက်လာပြီ၊ နန်းတော်တွေဆောက်လာပြီ။ ဒီထက် တစ်ဆင့်တက်ရင် ကိုးကွယ်ယုံကြည်မှုတွေ ပါလာပြီ။ ဒီလိုသွားတဲ့အဆင့်တွေတိုင်းမှာ လူ့ရဲ့ကြိုးစား အားထုတ်မှုကလွဲလို့ ကျန်တဲ့ဟာမရှိဘူး။ လူတစ်ယောက်ရဲ့ အုပ်ချုပ်မှုကိစ္စမှာ မဟာဗျူဟာ၊ နည်းဗျူဟာ ကိစ္စတွေ ပါလာတယ်။


    လူတွေကို အုပ်ချုပ်ရတဲ့လူတစ်ယောက်အဖို့ လူတွေရဲ့ အထင်ကြီးလေးစားမှုရဖို့ လိုအပ်တယ်။ အ ထင်ကြီးလေးစားတာထက် ကျော်သွားရင် ကိုးကွယ်ဖို့လိုတယ်။ အဲဒီဟာအတွက် သူဟာ ဘုရားလောင်း၊ ပုဂ္ဂိုလ်ထူး၊ လနဲ့ အမျိုးတော်တယ်၊ နေနဲ့အမျိုးတော်တယ်ဆိုတာ ဒီနေရာမှာ ဓလေ့ထုံးတမ်းနဲ့ ကိုးကွယ်ယုံကြည် မှုမတူဘူး။ တောထဲက အကြီးဆုံးအပင်ကို ပူဇော်တာမျိုး၊ တစ်ခါတလေကျတော့လည်း နေထွက်လာတဲ့အချိန် နေကို ရှိခိုးပြီးသွားတဲ့နေ့မှာ အစားအစာ ပိုရတယ်ဆိုရင်  ဒီဟာလုပ်လို့ ပိုရတယ်ဆိုတဲ့ အစွဲရှိသွားပြီ။ ဒီအကြောင်း အရာကို မှတ်ထားပြီး နောက်လူတွေကို လက်ဆင့်ကမ်း လာရာကနေ ဓလေ့ထုံးတမ်းဆိုတာ ဖြစ်လာတာပေါ့ လေ။ နတ်တွေကို ယုံတာ ဘာသာရေးထက် စောတယ်။ အရင်တုန်းက လူသေရင် သချုႋင်းမှာမြှုပ်ရတယ်။ တခြား နေရာမှာမြှုပ်ရင် ခိုက်တတ်တယ်။ ဒါက ဓလေ့ထုံးတမ်း။ အခုနောက်ပိုင်း သချုႋင်းကုန်းမှာ ဘုရားတည်လာကြ တယ်။ ဓလေ့ထုံတမ်းနဲ့ ကိုးကွယ်ယုံကြည်မှု ရောသွားတာ။ ဒီခေတ်မှာ လူတွေကလည်း သရဏဂုံရွတ်ပြီး နတ် ပွဲကို ငေးနေကြတယ်။ နဂါးတွေ ပူးနေကြတယ်ဆိုတာက လည်း ဓလေ့ထုံးတမ်းနဲ့ ကိုးကွယ်ယုံကြည်မှု မကွဲကြ တော့တာ။ ဒါကို ကွဲကွဲပြားပြားသိဖို့ ရှေးဟောင်းသုတေသန Knowledge တွေ လိုတယ်။ ဥပမာ ကျွန်တော်တို့နိုင်ငံမှာ အရင်တုန်းကဆိုရင် မြန်မာအစ တကောင်း က၊ မြန်မာအစ ကျောက်ဆည်က စသည်ဖြင့် အမျိုးစုံပေါ့။ ယနေ့ခေတ် ရှေးဟောင်းသုတေသနဌာနရဲ့ ကြိုးစားမှု ကြောင့် အပူပေးထားတဲ့ မည်သည့်ပစ္စည်းမဆို ဘယ်ခေတ်ကဆိုတာ စပြီးတော့ စစ်ဆေး ပေးနိုင်ပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ လွင်ပြင်တွေ ရှိတယ်။ မူးလွင်ပြင်၊ စမုံလွင်ပြင် စသည်ဖြင့် လွင်ပြင် တွေ အများကြီးပဲ။ မူးလွင်ပြင်ဆိုရင် အကျယ်ကြီးပဲ။ နှစ်ပေါင်း ၂၀ လောက် ပြင်သစ်နဲ့ ကျွန်တော်တို့ တူးလာတဲ့ အရိုးစုတွေ၊ သချုႋင်းတွေ အများကြီးပဲ။ ဒီသချုႋင်းတွေထဲမှာ ရိုးရိုးမြှုပ်တာကနေ  ခေါင်းတ လားနဲ့ မြှုပ်တဲ့အဆင့်အထိ ပါလာတယ်။ သစ် လုံးကြီးတွေထဲမှာ လူသေကို ထည့်မြှုပ်တယ်။ မြှုပ်တဲ့မြေ လွှာသည် ထုံးဓာတ်ကြွယ်ဝတဲ့ မြေဖြစ်တဲ့အတွက်  ကျောက်တုံးကြီးလို ဖြစ်သွားတယ်။ အဲဒီ နည်းပညာ ကို ရှေးလူတွေ သိထားတယ်။ ဒါတွေက မြန်မာနိုင်ငံမှာ မြို့ ပြယဉ်ကျေးမှု မထွန်းကားခင်ကတည်းက သိနေတာ။ဘယ်ကမှ မလာဘူး။ ဒီကပဲ။ ရာသီဥတုအရ မုတ်သုံလေ နဲ့ပါလာတဲ့ ယဉ်ကျေးမှုတွေရှိတာ ပေါ့ Trade အရ ပါလာတာပေါ့။ ဥပမာဆိုပါတော့ ပြီးခဲ့တဲ့နှစ်လလောက်က ကျွန်တော် အိန္ဒိယသွားတယ်။ သြရိသကမ်းခြေမှာရှိတဲ့ ဝိသာခါပတ္တနာမြို့ကို သွားခဲ့တယ်။ မြတ်စွာဘုရားပွင့်ပြီးတော့ ကျွန်တော်တို့ ဘက်မှာ ပျံ့နှံ့လာတဲ့ ခြေရာတွေကို လိုက်ကြည့်တဲ့အခါ သြရိသကမ်းခြေမှာ ရပ်သွားတယ်။ ဝိသာခါ ပတ္တနာမြို့ကနေ ပင်လယ်ကြီးကို ကြည့်လိုက်တဲ့ အခါကြတော့ ဘာနဲ့တည့်တည့်ဖြစ်နေလဲဆိုတော့ ရခိုင် ကမ်းရိုးတန်းနဲ့တည့်တည့် ဖြစ်နေတယ်။ ဘင်္ဂလားပင် လယ်အော်ထဲကို အဲဒီဘက်ကနေ သစ်တုံး တစ်တုံးချလိုက်ရင် အရင်ဆုံးကမ်းတင်မှာ ကျွန်တော်တို့နိုင်ငံရဲ့ကမ်းရိုးတန်း အရှည်ကြီးပဲ။ ဒါသည် ယဉ်ကျေးမှုပဲ Trade အရ ပါလာတာ။ Trade အရ အရှေ့တောင်အာရှကို ဝင်မယ့်လူတွေက မိုးလေဝသကို စောင့်နေတာ။ မုတ်သုံလေလာတာနဲ့ ဒီကောင်တွေက ရွက်ထောင်လိုက်ရင် ကမ်းကပ်လို့ရပြီ။ တချို့ကောင်တွေက မြန်မာပြည်ကမ်းရိုးတန်းမှာ အခြေချပြီး အပေါ်ကိုတက်လာမှာပဲ။ တချို့ကောင် တွေကတော့  ယိုးဒယားဘက်ကနေ ဟိုဘက်ဆက် သွားမှာပေါ့။ ဒါကြောင့်မို့လို့လည်း ခမာအင်ပါယာဆိုတာ အေဒီ ၁၂ ရာစုမှာ ထွန်းကားလာတာလေ။ ဒီဘက်မှာတော့ ပုဂံအင်ပါယာက သူဟာနဲ့သူ ထွန်းကားလာတယ်လေ။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။၂၀၁၅၊ ၂၀၁၆ မှာ သုဝဏ္ဏဘူမိ အငြင်းပွားနေတဲ့အချိန် Project တစ်ခုအနေဒုညွှန်မှူးဘဝမှာ နှစ်နှစ်လုပ်ခဲ့တယ်။ စစ်တောင်းလွင် ပြင်မှာရှိတဲ့ ကေလာသတောင်ကြောရဲ့ တချို့နေရာတွေမှာ အဆောက်အအုံအကြီးကြီးတွေ ထွက်လာတယ်။ ဒါပေမဲ့ သူ့မှာ အစောပိုင်း မျက်နှာပြင်တစ်ခုရှိတယ်။ အဲဒါကို ကျွန်တော်တူးကြည့်တယ်။ တူး ကြည့်တာ အကြောင်းရှိတယ်။ အခု ကျွန်တော်တို့ နင်းနေတဲ့မြေလွှာမှာ တွေ့တဲ့အဆောက်အအုံ တွေဟာ Material သုံးမျိုးနဲ့ လုပ်တယ်။ အုတ်ရယ်၊ ဂဝံကျောက်ရယ်၊ မီးသင့်ကျောက်ရယ်။ ဒါပေမဲ့ သူ့အောက်ကို ပေ  ၂၀ လောက် ကျွန်တော် တူးကြည့်လိုက်တော့ စောစောက Material သုံးမျိုးအပြင် အုတ်ကျိုးအုတ်ပဲ့တွေပါ သွားတွေ့တယ်။ ဒါတွေ ဘယ်ကလာတယ်ဆိုတာ အဖြေက ရှိပြီးသား။ နောက်ပိုင်းကျမှသာလျှင် ဒေသထွက်တဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုဖြစ်စဉ်ဟာ ဘယ်အဆင့်ကိုမှ ကျော်ခွသွားတာမျိုး မရှိခဲ့ဘူး။ ဘယ်ကမှလည်း ဝုန်းဒိုင်းဆိုပြီး ရောက်လာတာမဟုတ်ဘူး။ သူ့ဟာသူ ရှိပြီးသား တွေကို မိုးလေဝသနဲ့အတူ ရောက်လာတဲ့ နည်းပညာ တွေနဲ့ ပေါင်းစပ်ပြီးတော့ နောက်ထပ် အသစ်တစ်ခု ဖြစ် ပေါ်လာတာ။ အခြေခံအားဖြင့်တော့ မြန်မာဖြစ်လာမယ့် ဟာကို လာပေါင်းကြတာ။ ဒါပေမဲ့ ဧည့်သည်ဆိုတာ ခဏပဲလေ။ အချိန်တန်ရင် သူ့အိမ်သူပြန်ကြရတာပဲလေ။

TREND ။        ။ ဆရာက ဗိဿနိုးမြို့ဟောင်းတူး ဖော်မှုနဲ့ပတ်သက်ပြီး အတွေ့အကြုံ အများကြီးရှိခဲ့ တော့ ကျွန်တော်တို့ဆီမှာလည်း စာရေးဆရာတစ်ယောက်က ရေးဖူးတယ်။ ပန်ထွာဘုရင်မက မဟာ ဗောဓိမြိုင်ဆရာ တော်ဆီမှာ ညနေဆိုရင် တရားလာနာတယ်တဲ့။ ဆရာ တော်ကြီးကိုယ်တိုင်ရေးတဲ့ မထုတ်ရဆိုပြီး ကန့်သတ်ထား တဲ့ စာအုပ်ထဲမှာလည်း ဒီအကြောင်းပါ ပါတယ်။ သဲဖြူ ဆရာတော်နဲ့ ပတ်သက်ပြီးတော့လည်း ဒီအကြောင်း အရာတွေ ဆိုရှယ်မီဒီယာမှာ ဆရာတော်ကြီးတွေရဲ့ မေတ္တာပို့တဲ့ အထဲမှာ မြင်အပ်၊ မမြင်အပ်ဆိုပြီး ထည့်ပို့ကြတယ်။ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဗိဿနိုးတူးဖော်မှုလုပ်တဲ့နေရာမှာ ပန်ထွာဘုရင်မနဲ့ပတ်သက်ပြီး ဒေသခံတွေဆီက ကြားခဲ့ရတာ၊ ဆရာ ကိုယ်တိုင် ကြုံခဲ့ရတာလေး ပြောပြပေးပါဦး။
UKMW ။        ။ ဗိဿနိုးတူးဖော်ရေးနဲ့ပတ်သက်လို့ ကွင်းဆင်းတာတော့ အကြိမ်ကြိမ်ပေါ့နော်။ စခန်း ချပြီးတော့ တူးတာကတော့ ၂၀၀၃ ခုနှစ်မှာ ခြောက်လ လောက်ကြာတယ်။ ၂၀၁၀၊ ၂၀၁၁ မှာလည်း ခြောက်လ၊ ခုနစ်လလောက် ကြာတယ်။ ဒေသခံတွေနဲ့ တော်တော် လေးလည်း ရင်းနှီးပါတယ်။ သူတို့ရဲ့ အသိထဲမှာ ဗိဿနိုးမိဖုရားထက်စာရင် ပန်ထွာကပိုပြီးတော့ လွှမ်းမိုးတယ်။ တချို့ဟာတွေကျတော့ လည်း မယုံလို့မရဘူး။ကျွန်တော်တို့ ရှေးဟောင်းသုတေသနသမားတွေ သိပ္ပံနည်းကျ တူးဖော်တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့ တူးဖော်ဖို့အတွက်ပြင်ဆင်တဲ့ ပထမဆုံးအဆင့်မှာ အရင် ဆုံးလုပ်ရ တာက ကန်တော့ပွဲပေးရတာ။ ကန်တော့ပွဲပေးရတယ်။ ပိုင်ရာဆိုင်ရာတွေရာကို တင်မြှောက်တာတွေ လုပ်ရတယ်။ ပြီးတော့ အမိန့်စာ ပြန်ရတယ်။ အဲဒါ ကျွန် တော်တို့ရဲ့လုပ်ငန်းစဉ်ထဲမှာ ပါနေတယ်။ တချို့ ဒီလုပ်ငန်းကို မလုပ်ဘဲနဲ့ တူးဖော်ရေးလုပ်ခဲ့တဲ့လူတွေ ရှိတယ်။ သူတို့တွေ ဒုက္ခရောက်ကြတယ်။ ဆရာကြီးတစ်ယောက်ဆို ရင် အမြွှာလေးမွေးတယ်။ စကားမပြောတတ်ဘူး။ ညသန်းခေါင်လောက်မှ အဲဒီကလေးနှစ်ယောက်က စကားထထပြောတယ်။ သူတို့ဘာသာသူတို့ ပြောတာ။ တချို့ ဆရာသမား တွေထဲမှာလည်း စိတ်ကယောက်ကယက်ဖြစ် သွားတာမျိုးရှိတယ်။ တချို့ကျတော့ ခေါင်းဆောင်မ ဖြစ်ဘဲ  လက်အောက်ငယ်သားတွေမှာ သွားဖြစ်တာမျိုး ရှိတယ်။


    ကျွန်တော်အခု နောက်ဆုံးထုတ်ထားတဲ့စာ အုပ်ထဲမှာ အဲဒီအကြောင်း ပါသေးတယ်။ သရေခေတ္တရာမှာ တူးဖော်ရေးခေါင်းဆောင် ဆရာသမားတစ်ယောက်က အဲဒါ မလုပ်လိုက်မိဘူး။ မလုပ်ဘဲနဲ့ တူးတဲ့ အခါကျတော့ တစ်ယောက်က အိမ်မီးလောင်တယ်။ တစ်ယောက်က အစာအိမ်လိုလို၊ ဘာလိုလိုဖြစ်ပြီး ချက် ချင်းခွဲစိတ်ရတယ်။ တစ်ယောက်ကကျတော့ ကြီးကြပ် နေရင်းနဲ့ ဘယ်သူက ရိုက်လိုက်မှန်းမသိဘဲနဲ့ ကျင်းထဲကို ပြုတ်ကျတယ်။ အဲဒါ မယုံလို့မရဘူး။ အခုလည်း သူတို့ သက်ရှိ ထင်ရှားရှိပါတယ်။ ကျွန်တော်က မေးကြည့်တယ်။ မင်းတို့ ပြန်မတောင်း ပန်ဘူးလားဆိုတော့ အဲဒီလိုတွေဖြစ်လာတော့ တောင်းပန်ရတာပေါ့ ဆရာရယ်တဲ့။ တောင်းပန်ပြီး Site ထဲကနေ ပြန်ထွက်လာ တဲ့အခါတော့ ရွှီးဆိုပြီး အသံကြီးကြားပြီး မီးတန်းကြီး တက်သွားတယ်တဲ့။ သဘာဝလွန် ဖြစ်ရပ်ဆန်းခေါ်မှာပေါ့။ နောက်တစ်ခုက တူးဖော်ရေးသမားတွေ တူးမယ့်နေရာမှာ သန့်ရှင်းရေးလုပ်တယ်။ ဘုန်းကြီး တွေပင့်ပြီး ပရိတ်တွေ၊ ဘာတွေရွတ်ပြီး မြေသန့်ကြတယ်။ ရွာနဲ့ဝေးရင်တော့ ညဘက်မှာ   ယာယီတဲ တွေထိုးပြီး စခန်းချကြတယ်။ ရွာနဲ့နီးရင်  ရွာထဲက အိမ်တစ်အိမ်မှာ နေတာပေါ့။ အဲဒါမျိုးကြရင် ဘာအမြဲတမ်း ဖြစ်လေ့ရှိလဲဆိုတော့ ညဘက်မှာ ရွှေ့ကြပြောင်းကြတာ။ လှည်းသံတွေ၊ ကလေးသံတွေ၊ ချူသံတွေ၊ စကားပြော သံတွေနဲ့ တစ်ရွာလုံးက အိပ်လို့မရဘူး။ ကျွန်တော်တို့ ရှေးဟောင်းက အဖွဲ့တွေကတော့ မနိုးကြဘူး။ အဲဒီလို လည်းကြုံရတယ်။ ဗိဿနိုးတူးဖော်ရေးလုပ်တော့ ၂၀၀၃ မှာ ဘုရားတစ်ဆူ ရလိုက်တယ်။ ဗိဿနိုးက ရုပ်တုကိုး ကွယ်မှုမရှိဘူးပြောပေမယ့် ၂၀၀၃မှာ ကုန်းအမှတ်(၁၃)ကနေ ရလိုက်တယ်။ မြေလွှာအနေအထားကတော့ သိပ်မကြိုက်ဘူးပေါ့။ ဗိဿနိုးပျက်ပြီးနောက် တစ်ခေတ်မှ ပါလာလားပေါ့။ ရုပ်တုပုံစံကတော့ စောပါတယ်။ စောပေမယ့်လည်း ဗိဿနိုးရဲ့ အဆောက်အအုံ  တည်ဆောက်မှုပုံစံတွေနဲ့တော့ စောစောကဟာကို ပြန်ကောက်ရမယ်ဆိုလို့ရှိရင် ဘုရားရတဲ့နေ့မှာပဲ တူးဖော်ရေးအဖွဲ့သုံးတဲ့ကား Accident ဖြစ်တယ်။ ကျွန်တော်ကတော့ ကုန်းတစ်ကုန်းကို တူးနေတာ။ ကျွန်တော့်ဆရာ ဒေါက်တာသိန်းလွင် အဲဒီတုန်းက ဒုညွှန်မှူး အခု ဒုချုပ်ဖြစ်နေပါပြီ။ သူကတော့ ဒီ့ပြင် Site ပေါ့။ တစ်ချိန်တည်းပဲ ဒီဘက်မှာ ဘုရားရတယ်။ ဒီဘက်မှာ Accident ဖြစ်တယ်။ တောင်တွင်းကြီးမှာ ဗိဿနိုး Site အတွက် လိုအပ်တာတွေ သွားဝယ်ရင်းနဲ့ တိုင်းရော့ ပြုတ်ပြီး သစ်ပင်ကို ဝင်တိုက်တာ Accident ကလည်း ကားခေါင်းတစ်ခုလုံး ကြေမွသွားတာ။ ငါးယောက်ပါတာ တစ်ယောက်မှ မသေဘူး။ ရဲကမယုံဘူး ဖြစ်နေသေးတာ။ ကျွန်တော့်ဆရာက ဘုရားရတဲ့ ဆီသွားတယ်။ ကျွန်တော်က Accident ဖြစ်တဲ့နေရာကို သွားတယ်။ နောက်သူ များတွေပြောတာက ဗိဿနိုးက မျက်စိလည်တယ်တဲ့။ ကျွန်တော်တို့က GPS နဲ့ ပွိုင့်တွေရိုက်ပြီး မှတ်ထားတော့ မလည်ဘူး။ ဒေသခံကတော့ ခဏခဏမျက်စိ လည်ပြီး ကျွန်တော်တို့ Camp ကို မီးတုတ်ကြီးတွေနဲ့ ရောက်ရောက်လာဖူးတယ်။
    နေ့ခင်းကြောင်တောင်ကြီးတောင် လည်တယ်။ ကျွန်တော့် စီနီယာတစ်ယောက် မျက်စိလည် ဖူးတယ်။ အရင်တုန်းက ဖုန်းဆက်ချင်ရင် ကုက္ကိုလ်ခွရွာမှာရှိတဲ့ တာဝါတိုင် ရှိတဲ့နေရာကို သွားဆက်ပြီး ဖြတ်လမ်းက ပြန်လာရတယ်။ ပြန်လာရင်ကို တစ်နာရီခွဲ လောက် လမ်းလျှောက်ရတယ်။ နောက်ပြီးတော့ ဗိဿနိုးက မြွေပွေး တအားပေါတာ။ သွားပြီဆိုရင် မိုးချုပ်လို့ မရဘူး။ တစ်ရက်ကျတော့ ကျွန်တော့်စီနီယာနဲ့ ရွာခံတစ် ယောက် ဖုန်းသွားဆက်ပြီးအပြန်မှာ မျက်စိလည်နေ တယ်။ ချွေးစေးတွေပါ ပြန်လာတယ်။ အဲဒီမှာ မဖြစ်တော့ဘူး။ ငါတို့ ခဏ ရပ်လိုက်ကြရအောင်ဆိုပြီး ရပ်လိုက်တယ်။ အသက်ကို မှန်မှန်ရှူရင်းနဲ့မှ ခွေးဟောင် သံကြားတော့မှ ခွေးဟောင်တဲ့ဘက်ကို ဇွတ်သွားတော့မှ စခန်းကို ပြန်ရောက်တယ်။ မနက်ကြတော့ မကျေနပ်လို့ အဲဒီနေရာကို သွားကြည့်တော့ မြေပြင်က ပြောင်ပြောင်ကုန်းလေး။ တချို့ မျက်စိလည်ပြီး ရွှေမန်ကျည်းတောင့် တွေ့တယ်။ ငွေမန်ကျည်းတောင့် တွေ့တယ်လို့တော့ ကြားဖူးတယ်။ ရှေးဟောင်းသုတေသန အထောက်အ ထားအနေ နဲ့တော့ ပန်ထွာဘုရင်မနဲ့ပတ်သက်ပြီး ဘာမှတော့ မတွေ့သေးဘူး။ ပန်ထွာဘုရင်မလို့ပဲ ခေါ်တာနော်။ ဗိဿနိုး ဘုရင်မလို့ မခေါ်ကြဘူး။ ကိုဝဏ္ဏတို့ အဲဒီကိုရောက်လို့ ရွှေရောင်တော်ဘုရားကြီး ဘယ်သူတည် တာလဲလို့မေးရင် ဗိဿနိုးဘုရင်မ တည်တာလို့ ဘယ်သူမှမပြောကြဘူး။ ပန်ထွာဘုရင်မ တည်တာလို့ပဲ ဖြေကြတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ရှေးဟောင်းသုတေသန အထောက်အထားတော့ မတွေ့ရှိသေးဘူး။ ဒါကို သက်သေပြနိုင်တဲ့ ကျောက်စာလိုမျိုး၊ တစ်ခုခုပေါ့ မတွေ့သေးဘူး။ ဒါပေမဲ့ ဒီကိစ္စတွေ တော်တော်များများသည် ကျွန်တော်စော စောက ပြောခဲ့သလိုပေါ့။ မြန်မာပြည် ကမ်းရိုးတန်းကနေ အိန္ဒိယတောင်ပိုင်းကလာတဲ့ First Settlement တွေ မြေအောက်ထဲက  ပေ ၂၀ လောက်မှာ ရှိတယ်။ အဲဒါတွေက အပေါ်ကို တက်လာ တာအများကြီးပဲ ဒါကိုတော့ သတိချပ်ဖို့ လိုတယ်။
                        ဆက်လက်ဖော်ပြပါမည်. ......................

(TREND News ဂျာနယ် အတွဲ၂၊အမှတ် (၄၂) ၌ ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်သည်။)
 

Total Views ~ 213

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.