၂၀၂၄ ဒီဇင်ဘာ ၂၆
ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကဏ္ဍ၊ နယ်မြေဒေသအခြေအနေ အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအပေါ် ကရင်ပြည်နယ် ဘားအံမြို့တွင် အခြေစိုက်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) အတွင်းရေးမှူး စောကြည်လင်းအား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ကရင်ပြည်နယ်ရဲ့ လက်ရှိ နယ်မြေဒေသအခြေအနေကို ပြောပြပါ။
SKL ။ ။ ကရင်ပြည်နယ်မှာ ခုနစ်မြို့နယ် ရှိတယ်။ ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်ကြီးပေါ့။ ထိတွေ့မှုတွေကတော့ မကြာခဏ ဖြစ်နေတယ်ဆိုတာကို သတင်းတွေမှာ တွေ့ရတယ်။ မြေပြင်မှာ တကယ်ရှိနေတဲ့ ကျွန်ဝောာ် တို့အဖွဲ့တွေက ပြန်ပြီးတော့ အကြောင်းကြားတာတွေ ရှိတယ်။ အဲဒီအချက်အလက်တွေအရ သိရတာပေါ့။ ကြာအင်းဆိပ်ကြီးမှာ ဘယ်လိုဖြစ်နေတယ်၊ မြဝတီဘက်မှာတော့ ဒီလိုဖြစ်နေတယ်။ ကော့ကရိတ်မှာ ဘယ်လို၊ သံတောင်ကြီးမှာ ဘယ်လို၊ ဖာပွန်ဘက်တွေမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ သတင်းအချက်အလက်တွေ တက်ပါတယ်။ အဲဒီအချက်အလက်တွေကို ကြည့်ပြီး ပြန်သုံးသပ်ပြောရတာပါ။ အခုလက်ရှိလည်း အဲဒီနေရာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက ရှိနေတယ်။ လက်ရှိ ကရင်ပြည်နယ်အတွင်းရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကတော့ ဘားအံနဲ့ လှိုင်းဘွဲကတော့ အဆင်ပြေတယ်။ ဘာကြောင့်လဲဆိုဝောာ့ KNU တပ်မဟာ (၇) ဘားအံခရိုင်လေ။ KNU ရဲ့ ဖွဲ့စည်းပုံအရပေါ့။ အဲဒီမြို့နယ် နှစ်ခုကတော့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စတွေ အဆင်ပြေတယ်။ ကျန်တဲ့ ကြာအင်းဆိပ်ကြီးလို နေရာမျိုးတွေ၊ ကော့ကရိတ်ကလည်း မြို့ဆိုရင်လည်း မြို့ပျက်ကြီးဖြစ်သွားပြီလေ။ မြဝတီကတော့ မြို့ပေါ်ကတော့ ဘာမှ မဖြစ်ဘူး။ ဖာပွန်ဆိုရင် ဖာပွန်ရဲ့အောက်ဘက် ကမမောင်းဘက်လောက်ပဲ နည်းနည်းလေး လုံခြုံမှုရှိတယ်။ ဟိုဘက် ဖာပွန်မြို့ကြီးဘက်နဲ့ အနီးတစ်ဝိုက်ကတော့ သိပ်အဆင်မပြေဘူးလို့ သုံးသပ်တယ်။ နောက်ကြာအင်းဆိပ်ကြီးဆိုရင် အဲဒီမှာလည်း အဖွဲ့စုံရှိတယ်။ KNU လည်းရှိတယ်။ DKBA လည်းရှိတယ်၊ KNU/KNLA-PC လည်းရှိတယ်။ မွန်ပြည်သစ်အဖွဲ့လည်းရှိတယ်။ ဒီကြားထဲမှာ PDF တွေလည်းရှိတယ်။ ဆိုတော့ အဲဒီနယ်မြေကျတော့ တော်တော်ရှုပ်တာပေါ့။ KNU ရဲ့ တပ်မဟာ(၆)နယ်မြေလို့ ခေါ်တာပေါ့။ အဲဒီနယ်မြေတွေကျတော့ အခု ဆိုရင်လည်း အနန်းကွင်းဗျူဟာတို့ ဘာတို့မှာ တိုက်ပွဲတွေကလည်း ကြိုးကြားကြိုးကြား လှုပ်ရှားမှုတွေ ရှိတယ်။ ဆိုတော့ အဲဒီမှာရှိတဲ့လူတွေက ကျီးလန့်စာစား ဖြစ်နေတယ်။ စစ်ဘေး ရှောင်နေကြရတယ်ပေါ့။ ကိုယ့်ရွာကိုယ့် ဒေသမှာ မနေနိုင်ဘူး၊ မစိုက်မပျိုးနိုင်ဘူး။ ဒါက ကြာ အင်းဆိပ်ကြီးရဲ့ အခြေအနေတချို့ပေါ့။
ကော့ကရိတ်ဆိုရင်လည်း သိတဲ့အတိုင်းပဲ ကော့ကရိတ်က တစ်မြို့လုံးက ပြာကျသွားတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ပေမယ့်လည်း ပျက်စီးသွားတဲ့ကိစ္စကို ပြန်ပြီးတော့ ပြန်ထူထောင်ရတဲ့ ကိစ္စကသိပ်လွယ်တာ မဟုတ်ဘူး။ အချိန်ကလည်း အများကြီး ယူရတယ်။ ဒီကြားထဲမှာ ကြိုးကြားကြိုးကြား သူတို့ကဝင်ပြီးတော့ နှောင့်ယှက်နေမယ်။ နှောင့်ယှက်တယ်လို့ပဲ ပြောရမှာပေါ့။ အဲဒီလို နှောင့်ယှက်နေတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဘယ်လိုမှ ပြန်မလုပ်နိုင်တဲ့ အနေအထား ဖြစ်နေတယ်။ ဆိုတော့ သူလည်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စတွေ နည်းနည်း လုပ်ရကိုင်ရတာ ခက်ခဲမယ့်ဒေသလို့ မြင်တယ်။ ထိုနည်းလည်းကောင်းပဲ။ ဟိုဘက်က မြဝတီပေါ့။ မြဝတီမြို့ကြီးကတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မြဝတီနဲ့ထိစပ်နေတဲ့ သင်္ကန်းညီနောင်နဲ့ အဲဒီနီးနီးနားနားက ရွာတွေဆိုလို့ရှိရင် ထိတွေ့မှုတွေက အမြဲတမ်း ဖြစ်နေတဲ့အခါကျတော့ ပြောရရင်တော့ မြဝတီမြို့ပေါ်ကလွဲရင် ကျန်တဲ့ နေရာဒေသတွေဟာ တရားဥပဒေစိုးမှု မရှိတဲ့နေရာတွေလို့ သတ်မှတ်လို့ရတယ်။ အဲဒီလိုတော့ မြင်မိပါတယ်။ ပဲခူးတိုင်းနဲ့ တောင်ငူနဲ့ကပ်တဲ့ သံတောင်ကြီးဆိုရင်လည်း သိတဲ့အတိုင်းပဲ အဲဒီဘက်မှာက လူထုတွေက ကျီးလန့်စာ စားပဲလေ။ လုံခြုံမှုဆိုရင် အရင်တုန်းကလောက် ဘယ်လိုမှ လုံခြုံမှုမရနိုင်ဘူး။ ဒီကြားထဲမှာ ကယားနယ်စပ်က လိပ်သိုတို့၊ ဟိုဘက် ဝောာပြာကြီးတို့ အဲဒီတစ်ဝိုက်ရယ်၊ ပြောရရင် သံတောင်ကြီးမြို့ကလွဲလို့ အဆင်ပြေနေပြီးတော့ ကျန်တဲ့အပိုင်းတွေမှာ တရားဥပဒေ စိုးမိုးရေးအတွက် အခက်အခဲရှိတယ်လို့ သုံးသပ်မိပါတယ်။ သံတောင်ကြီးကလည်း တောင်ကုန်း တောင်တန်းများတယ်။ ပထဝီအနေအထားအရလည်း တောင်ကုန်းအမြင့်တွေက ပေ ၂၀၀၀ နဲ့ ၃၀၀၀ အထက်ရှိနေတာကိုး။ အဲဒီလိုနေရာ တွေမှာကတော့ တကယ်လို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အခြေအနေအရ မဖြစ်နိုင်သေးတဲ့ အနေအထားလို့ သုံးသပ်ပါတယ်။

TREND ။ ။ နယ်မြေအခြေအနေအရ ကရင် ပြည်နယ်ရဲ့ ရွေးကောက်ပွဲအခင်းအကျင်းကို ဘယ်လို မျှော်မှန်း သုံးသပ်ချင်လဲ။
SKL ။ ။ ကရင်ပြည်နယ် တစ်ခုလုံးမှာ ဘားအံနဲ့ လှိုင်းဘွဲနှစ်နေရာကတော့ Safe ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကျန်တဲ့ ငါးမြို့နယ်ကတော့ ထိတွေ့မှုတွေက အရမ်းများတယ်။ များတဲ့အခါကျတော့ တရားဥပဒေစိုးမိုးမှုအပိုင်းက နည်းနည်းလျော့တယ်။ တကယ်လို့ အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အခု အနေအထားအရကတော့ မြို့ပေါ်တွေကတော့ လုပ်နိုင်လိမ့်မယ်လို့ သုံးသပ်တယ်။ အဲဒီငါးမြို့နယ်ကတော့ အခက်အခဲရှိနိုင်တယ်လို့ ထင်မြင်ယူဆပါတယ်။ ဘားအံနဲ့ လှိုင်းဘွဲကတော့ ထိတွေ့မှုတွေ မရှိတဲ့ နယ်မြေတွေလေ။ ပြောရရင် ဟိုဘက်က လက်သုံးချောင်းအဖွဲ့ပဲ ခေါ်ခေါ်၊ NUG ပဲခေါ်ခေါ် အဲဒီအဖွဲ့တွေနဲ့ KNU နဲ့ တွဲပြီးတော့ အလုပ်လုပ်တာတွေ ရှိတယ်။ အဲဒီလို အလုပ်လုပ်တာတွေ ရှိနေပေမယ့် ဘားအံနဲ့ လှိုင်းဘွဲကိုတော့ သူတို့ဘာမှ လုပ်ခွင့်မရဘူး။ အဲဒါကလည်း KNU ရဲ့မူပေါ့။ တပ်မဟာ(၇) ဖြစ်တဲ့ ဘားအံနဲ့ လှိုင်းဘွဲကို ထိတွေ့မှုမရှိအောင် သူတို့ လုပ်ထားတဲ့ အခါကျတော့ အခြေအနေကတော့ တရားဥပဒေစိုးမိုးရေးကိစ္စမှာပဲ ဖြစ်ဖြစ်၊ လုံခြုံရေးကိစ္စမှာပဲဖြစ်ဖြစ် အလုပ်လုပ်ရတာ အဆင် ပြေ ချောမွေ့မယ်လို့ သုံးသပ်ပါတယ်။ ကျန်တဲ့ငါးမြို့ နယ်ကတော့ အနည်းနဲ့အများပေါ့၊ အခက်အခဲတချို့ ရှိနိုင်မယ်လို့ သုံးသပ်မိပါတယ်။ ပြောရရင်တော့ ကရင်ပြည်နယ်အတွင်း မှာ လက်ရှိအနေအထားအရကတော့ ရွေးကောက်ပွဲက ရာနှုန်းပြည့်အောင်မြင်ဖို့က မလွယ်ဘူးလို့ မြင်တယ်။ အထူးသဖြင့်တော့ လုံခြုံရေးပေါ့။ အတိုင်းအတာတစ်ခုတော့ လုပ်လို့ရနိုင်တယ်။ အတိုင်းအတာဆိုတာက မြို့ပေါ်တို့နဲ့ နီးနီးနားနား နေရာတွေပေါ့။ နည်းနည်းဝေးတဲ့ နေရာတွေမှာတော့ မဲရုံတွေ ဖွင့်နိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။
TREND ။ ။ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေး EAO တွေဘက်က ဘယ်လို ပါဝင်ကူညီပေးသင့်တယ်လို့ မြင်လဲ။
SKL ။ ။ အဲဒါကလည်း NSPNC နဲ့ နိုင်ငံရေးပါတီ ၁၆ ပါတီ အလုပ်အဖွဲ့နဲ့ NCA ထိုးထားတဲ့ ခြောက်ဖွဲ့နဲ့ ကျွန်တော်တို့ ဆုံတုန်းက လုံခြုံရေးအစီအမံ နဲ့ပတ်သက်လို့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက ဝိုင်းဝန်းကူညီပေးဖို့ ဆွေးနွေးခဲ့ကြဖူးတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် တရားဥပဒေစိုး မိုးမှုက အဓိကပဲလေ။ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကိစ္စပေါ့။ ဒါကြောင့်မို့ လို့လည်း ပါတီတွေနဲ့ UEC
တို့နဲ့ ဆုံကြတော့ စကားပြောတဲ့အခါမှာ လုံခြုံရေး အစီအမံတွေကို ဘယ်လို လုပ်ကြမလဲ၊ အကြံ ပေးခဲ့ကြတာပဲ။ ဒီရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ပြည်နယ်နှင့်တိုင်း အသီးသီးက ပါတီတာဝန်ရှိသူတွေ တင်ပြကြပါတယ်။ အဲဒီလိုတင်ပြကြတော့ ပါတီတွေအနေနဲ့က သူ့မှာက လက်နက်မှ မရှိတာ၊ အဓိကကတော့ နိုင်ငံတော်အစိုးရကပဲ ရွေးကောက် ပွဲဆိုင်ရာ လုံခြုံရေးကို စီမံဆောင်ရွက်ပေးရမယ့် အနေအထားမျိုးလို့ မြင်ပါတယ်။ ပါတီတွေဘက်ကတော့ အစီအမံတွေကို အကြံပြုတာကလွဲလို့ ကျန်တဲ့အပိုင်းတွေကို စီမံလို့မရဘူး။ လုပ်နေတဲ့ အစီအမံတွေ၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အစီအမံတွေကို ဝိုင်းဝန်း ကူညီပေးတာမျိုးပဲ လုပ်နိုင်ပါတယ်။ ကူညီတဲ့နေရာမှာလည်း ကူညီလို့ရတဲ့ အနေအထားလောက်ပဲ ကူညီလို့ရမယ်။ EAO တွေ ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပါ့မယ်ဆိုတဲ့ ကတိကဝတ်တော့ ရထားပါတယ်။ အဲဒီတုန်းက ဝိုင်းဝန်းကူညီပေးမယ်ဆိုပြီး ကတိကဝတ်ပေးခဲ့တယ်။ တကယ်တမ်း မြေပြင်မှာ ရွေးကောက်ပွဲလုပ်တဲ့အခါ ဘယ်လိုအခြေအနေ ဖြစ်လာမလဲဆိုတာတော့ မခန့်မှန်းတတ်သေးဘူး။ အမှန်ကတော့ အဲဒီအဖွဲ့တွေက သူတို့ဘာသာ နေကြတာပါ။ ကရင်ပြည်နယ်မှာက လက် မှတ်ထိုးထားတဲ့အဖွဲ့က နှစ်ဖွဲ့ ရှိတာကိုး။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) ရှိတယ်။ KNU/ KNLA-PC ရှိတယ်။ အဲဒီနှစ်ဖွဲ့ကလာတဲ့ ကိုယ်စားလှယ် တွေကတော့ ရွေးကောက်ပွဲလုပ်ရင် သူတို့ဘက်က လုံခြုံရေးအစီအမံတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ လက်တွဲပြီးတော့ ဘယ်လို၊ ဘယ်လို လုပ်သွားပါ့မယ်လို့တော့ ပြောသွားကြပါတယ်။ တကယ်တမ်း လက်တွေ့အကောင်အထည် ဖော်တဲ့အခါမှာတော့ ဘယ်လိုလာမလဲ ဆိုတာကတော့ စောင့်ကြည့်ရ မယ့် အနေအထားလို့ပဲ သုံးသပ်မိပါတယ်။ EAO တွေက ရွေးကောက်ပွဲလုပ်ဖို့ ပြောတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့အတွက် ဒါက အဖြေတစ်ခုပဲ၊ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ပေးပါ၊ သူတို့ဘက်ကလည်း လုံခြုံရေးအစီအမံတွေကို တတ်နိုင်သလောက် ကျရာကဏ္ဍကနေပြီးတော့ ဝိုင်းဝန်းကူညီပေးပါ့မယ်လို့ EAO တွေဘက်က ပြောထားပါတယ်။ နှုတ်ကတိပေါ့၊ အဲဒီလို နှုတ်ကတိတော့ ရထားပါတယ်။ အစိုးရကလည်း လာမယ့် ၂၀၂၅ မှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောထားပြီးသားပဲ။ နဂိုကတည်းက အစိုးရတက်လာပြီးကတည်းက ရှေ့လုပ်ငန်းစဉ်ငါးရပ်ထဲမှာ လုပ်မယ်ဆိုတာ ကြေညာထားပြီးသားပဲ။ ရွေးကောက်ပွဲဆိုတာက နိုင်ငံရေးထွက်ပေါက် မဟုတ်ဘူး၊ ဒါက အစိုးရက လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပဲ၊ ဒီကတိကဝတ်အတိုင်း အစိုးရကလုပ်နေတာ။ အဲဒါကိုတော့ ခြွင်းချက်မရှိ ယုံကြည်တယ်။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာတော့ ရှိတာပေါ့။ ရွေးကောက်ပွဲလုပ်မယ်။ ဟိုဘက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကလည်း အသံမျိုးစုံ ထွက်နေတာပဲ။ အဓိကကတော့ ဒီရွေးကောက်ပွဲကို မပျက်ပျက်အောင် လုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ အဲဒီလိုအသံတွေ ကြားနေရတယ်။ အဲဒီတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်မယ့်အဖွဲ့နဲ့ မပျက်ပျက်အောင် ဖျက်မယ့်အဖွဲ့ ထိပ်တိုက်လာတွေ့တဲ့ အခင်းအကျင်းမှာတော့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုရှိလာနိုင်တယ်။ အဲဒီတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အစီအမံတွေက လျော့ရိလျော့ရဲ ဖြစ်မယ်ဆိုရင်တော့ ပြဿနာမျိုးစုံ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ အဲဒီတော့ ဘယ်လို အစီအမံတွေ လုပ်မလဲဆိုတော့ လုံခြုံရေးနဲ့ပတ်သက်တဲ့ အစီအမံတွေ အများကြီးပါ။ မဲရုံလုံခြုံရေး ရှိတယ်၊ မဲလာထည့်မယ့်သူတွေရဲ့ လုံခြုံရေးရှိမယ်၊ မဲရုံ တာဝန်ယူရတဲ့ အဖွဲ့အစည်းတွေ၊ ပြောရရင် မဲရုံမှူးတွေ၊ မဲရုံကိုယ်စားလှယ် အဲဒီလိုမျိုး အများကြီးပါ။ အဲဒီလူတွေအတွက် အသက်အန္တရာယ် ပေးနိုင်လောက်တဲ့ အနေအထားမျိုးမဖြစ်အောင် ဘယ်လိုအစီအမံတွေ လုပ်မလဲဆိုတာကတော့ လုံခြုံရေးအပိုင်းနဲ့ပတ်သက်တဲ့ အစီအမံတွေရှိပါလိမ့်မယ်။ အချက်အလက်တွေ ရှိပါလိမ့်မယ်။ အဲဒီအချက်အလက်တွေအပေါ် မူတည်ပြီးမှ NCA ရေးထိုးထားတဲ့ EAO တွေကလည်း အဲဒီအပေါ်မူတည်ပြီးတော့မှ သူတို့ ဝိုင်းဝန်းကူညီကြမယ်လို့တော့ သူတို့ဆီကလည်း နှုတ်ကတိ ရထားတော့ သူတို့ကို တာဝန်ပေးလာရင် သူတို့ တာဝန်ကျေကျေပြွန်ပြွန် ထမ်းဆောင်ကြ လိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။
TREND ။ ။ လက်ရှိနိုင်ငံရဲ့ အခြေအနေအရပ် ရပ်တွေအပေါ် ဘယ်လိုသုံးသပ်ချင်လဲ။
SKL ။ ။ အဲဒါတွေက ပြောရရင် တော်တော်များမယ်ဗျ။ တော်တော်များများပြောမှပဲ နား လည်သဘောပေါက်မယ့် အနေအထားမျိုး ရှိမှာကိုး။ မဲမ သမာမှုဖြစ်စဉ်ကြောင့်ဆိုတဲ့ တစ်ခုကိုပဲ ကျွန်တော်ပြောပေးမယ်။ မသမာတဲ့နည်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ယူခဲ့တာ မဟုတ်ဘူးဆိုရင် ဟိုအချိန်၊ ဟိုအခါတုန်းက တပ်မတော်ကနေ အကျိုးအကြောင်းတွေနဲ့ သတင်းစာရှင်း လင်းပွဲတွေလုပ်၊ လုပ်ပြီးတော့မှ မဲမသမာမှုဖြစ်ခဲ့တာတွေကို ထောက်ပြခဲ့တယ်။ အဲဒီလို ထောက်ပြခဲ့တဲ့ အချိန်တုန်းက ဘာဖြစ်လို့ ရေငုံနှုတ်ပိတ်နေခဲ့ကြလဲ။ အဲဒါကို နည်းနည်း ပြန်စဉ်းစားဖို့လိုပြီ။ ကျွန်တော်တို့ မဟုတ်ပါဘူး၊ မလိမ်ခဲ့ပါဘူး၊ မဲမသမာမှု မရှိဘူးဆိုရင် ဘယ်နေရာလိမ်လို့လဲ စစ်စရာရှိတာ စစ်ဆေးပါ။တကယ်လို့ မှားတယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ရွေး ကောက်ပွဲ လုပ်ထုံးလုပ်နည်းအရ နှုတ်ထွက်မယ်ဆိုလည်း နှုတ်ထွက်ပေးပါ့မယ်ဆိုတာမျိုး အဲဒီလို အသံမျိုးလေးထွက်ဖို့ သင့်တယ်လို့ မြင်တယ်။ အဲဒီတုန်းက ဘာမှ မပြောဘဲနဲ့ တကယ်တမ်းလည်း အာဏာထိန်းလိုက်ရော ဘာဖြစ်တယ်၊ ညာဖြစ်တယ် အဲဒီလိုပြောတာကတော့ နောက်ကျသွားပြီလေ။ ဟိုအချိန်အခါတုန်းက ထောက်ပြနေတဲ့အချိန်၊ ရွေးကောက်ပွဲမှာ ဒီလိုဒီလို မဲမသမာမှုတွေ ရှိတယ်၊ တပ်မတော်က ထောက်ပြခဲ့တာပဲ။အဲဒီတုန်းက NLD က ဘာလို့ ထွက်မရှင်းခဲ့လဲ။ ဟိုတုန်းကသာ ရွေးကောက်ပွဲ မဲမသမာမှုကိစ္စကို NLD က ဖြေရှင်းခဲ့မယ်ဆိုရင် ဒီနေ့ ဒီပြဿနာတွေဟာ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါက ဖြစ်တော့ ဖြစ်ပြီးသွားပါပြီ။ ဒါပေမဲ့ သူတို့သာ ဖြေရှင်းခဲ့ရင် ဒီကိစ္စတွေ၊ ဒီလိုပြဿနာတွေ ထွက်လာလိမ့်မယ်လို့ မထင်ဘူး။ အဲဒီတုန်းကတော့ သူတို့က ရေငုံနှုတ်ပိတ်နေပြီးတော့ ဟုတ်သလိုလို မဟုတ်သလိုလို၊ မဟုတ်သလား ဟုတ်သလား အဲဒီလိုပုံစံမျိုး ဖြစ်နေတယ်။ အဲဒီလိုမဟုတ်ဘဲ ပြန်ပြီးတော့ အဲဒီကိစ္စတွေက ဘယ်နေရာမှာလဲ၊ ဘယ်မြို့နယ်မှာလဲ၊ ဘယ်ပုံစံမျိုးဖြစ်တာလဲ၊ ဘယ်မဲရုံမှာ ဖြစ်ဝာာလဲ၊ ပြန်စိစစ်ပြီး ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လုပ်ရမယ်ဆိုရင်လည်း ပြန်လုပ်မယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ဘာဖြစ်လို့များ ရွေးကောက်ပွဲက မဲမသမာပါဘူးလို့ တပ်မတော်ဘက်က အချက်အလက်တွေနဲ့ ထောက်ပြခဲ့တာကို ဘာလို့ မချေပခဲ့သလဲ။ အဲဒါတွေက စဉ်းစားစရာအချက်တွေ ဖြစ်လာခဲ့တာပေါ့။
TREND ။ ။ လူထုက တိုက်ပွဲတွေရပ်ပြီး တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ကြပေမယ့်လည်း လက်နက်ကိုင်လမ်းစဉ် စွဲကိုင်ထားသူတွေ တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် ပဋိပက္ခတွေကြား အတိဒုက္ခမျိုးစုံ ကြုံနေကြရပါတယ်။ ဒီအခြေအနေပေါ် မှတ်ချက်ပြုပေးပါဦး။
SKL ။ ။ လတ်တလော မျက်မှောက်အခြေအနေအရ လူထုဆိုရင် ဘယ်လူထုကိုပဲ မေးမေးပါ။ လူထုက ငြိမ်းချမ်းရေး လိုချင်ကြပြီ။ ငြိမ်းချမ်းရေးကို တကယ်လိုချင်တာက ဟိုအပေါ်က စာရွက်နဲ့လုပ်နေတဲ့ ပုဂ္ဂိုလ်တွေလို မဟုတ်ဘူး။ လူထုက တကယ်ကို တိုက်ပွဲပဋိပက္ခကို တွေ့ကြုံနေရတဲ့သူတွေ။ ထိတွေ့ တိုက်ပွဲတွေဆိုတာ လူထုနဲ့က တိုက်ရိုက်မသက်ဆိုင်ပေမယ့် သူနဲ့လာပြီးတော့ ပတ်သက်လာပြီလေ။ ပတ်သက်လာလို့ပဲ မြို့ တွေ ရွာတွေပျက်၊ နှစ်ဖက်ဖြစ်တဲ့ကိစ္စမှာ တိုက်ပွဲဆိုတာ ကောင်းတာမှ မဟုတ်ဘဲ။ တိုက်ပွဲတွေကြောင့် လူထုတွေ အတိဒုက္ခအမျိုးမျိုး ရောက်ကြရတယ်။ အဲဒါကြောင့် လူထုတွေကို မေးကြည့်ရင် အဲဒီတိုက်ပွဲတွေက မရှိသင့်တော့ဘူး၊ တိုက်ပွဲတွေ ရပ်သင့်ပါတယ်။ အားလုံးတွေ့ဆုံကြပါ။ ဆွေးနွေးကြပါ၊ ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါပြီဆိုတဲ့ အဲဒီအသံတွေပဲ ထွက်လာမှာပါ။ ဘယ်လူထုပဲ မေးမေး၊ အဲဒီလိုအသံတွေပဲ ထွက်လာမှာပါ။ တိုင်းပြည်ငြိမ်းချမ်း ချင်ပြီဆိုတဲ့ လူထုဆန္ဒကို တွေ့ရမှာပါ။ ပြောရရင်တော့ အစိုးရ အဆက်ဆက် ကျွန်တော်တို့တစ်တွေ ဒီအတိုင်းပဲ ရန်ဖြစ်နေကြတယ်။ အဲဒီလို အစိုးရတစ် ဆက်ပြီးတစ်ဆက် ရန်ဖြစ်နေမယ့်အစား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်နိုင်မယ့်နည်းလမ်းတွေကို လူထုကလိုချင် တာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကရင်ပြည်နယ်တွင်းမှာပဲ ဘားအံဘက်မှာ ဘာမှမဖြစ်ဘူး၊ လှိုင်းဘွဲမှာ မဖြစ်ဘူး။ ကြာအင်းဆိပ်ကြီး ဘက်မှာ ဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ ကိုယ်ချင်းစာတာပေါ့။ သွားချင်တိုင်းသွားလို့မရ၊ လုံခြုံမှု မရှိ၊ ကိုယ့်အိမ်ကိုယ့်ရာရှိလည်း မနေရ၊ ကိုယ်တောင်ယာရှိလည်း ကိုယ်မလုပ်ရ၊ ကိုယ့်စီးပွားရေး ကိုယ်မလုပ်ရဘူး။ ထမင်းစားဖို့တောင်မှ လူက အသက်လုပြီး ပြောနေကြရတယ်ဆိုတော့ ရွှေ့ပြောင်းနေကြရတယ်၊ တိုက်ပွဲရှောင်နေကြရတယ်။ အဲဒီလို ဖြစ်နေတာတွေက အများကြီးဆိုတော့ ကျွန်တော်တို့က ကိုယ်တိုင် မကြုံရပေမယ့် ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် လူထု အားလုံးကို မေးကြည့်ရင် အဖြေက တစ်ခုတည်းပဲ ထွက်မှာပါ။ ဒီတိုက်ပွဲတွေ မဖြစ်သင့်တော့ဘူး၊ တိုက်ပွဲတွေ ရပ်ချင်တယ်။
တိုက်ပွဲတွေကြောင့် သူတို့တစ်တွေ ငြိမ်းငြိမ်းချမ်းချမ်း မနေရဘူးပေါ့။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ခွင့် လည်းမရှိဘူးဆိုတာမျိုး အားလုံးက လိုလားနေကြတယ်။ အဲဒီလို အခြေအနေတွေဖြစ်နေတော့ ဒါတွေက စိတ်မကောင်းစရာတွေပါ။ ဒါတွေက အခုမှဖြစ်တာတော့ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်ကတည်းက ဖြစ်လာတာပါ။ ဒီအခြေအနေကြီးက ဘယ်တော့ ဆုံးမှာလဲဆိုပြီး မေးလာကြတာတွေလည်း ရှိပါ တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဒီနေ့ ဒီအချိန်ခါမှာ ဒီ ဘက်ကလည်း လိုက်လိုက်လျောလျော လုပ်ပေးမယ်။ဟို ဘက်ကလည်း လျှော့မယ်။ သူ့ဘက်ကလျှော့၊ ငါ့ဘက်ကလျှော့နဲ့ အားလုံးစားပွဲဝိုင်းပေါ် ရောက်လာကြပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာကြမယ်။ ဟိုတုန်းက ဦးသိန်းစိန် လက်ထက်တုန်းက ငြိမ်းချမ်းရေး ဖိတ်ခေါ် လိုက်တဲ့အခါကျတော့ အားလုံး ဝင်လာကြတယ်။ တခြားနေရာတော့ မပြောတော့ပါဘူး။ အဲဒီတုန်းက ကျွန်တော်တို့ ကရင်ပြည်နယ်မှာဆိုရင် သေနတ်သံတွေ တိတ်ဆိတ်သွားခဲ့တယ်။ ညဆိုလည်း သွားရဲလာရဲ၊ ဘာလုပ်ငန်းပဲ လုပ်လုပ် လုပ်ချင်သလိုလုပ်လို့ရတဲ့ အခြေအနေဖြစ်ခဲ့တယ်။ လူထုကလည်း အဲဒီလို အနေအထားမျိုး လိုချင် ကြတာပေါ့။ အဲဒီလိုမျိုးဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းကတော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မသုံးသပ်ချင်ပါဘူး။ အားလုံးက ဒီလို ရန်ဖြစ်နေမယ့်အစား အားလုံးစားပွဲဝိုင်းမှာ ဆုံပြီးတော့ တွေ့ဆုံဆွေးနွေး အဖြေရှာ ကြစေချင်ပါတယ်။ အရင်တုန်းကလည်းပြောလည်း ပြောခဲ့ဖူးပါတယ်။ ဆိုလည်း ဆိုခဲ့ဖူးပါတယ်။ ပြောရင်း ဆိုရင်းနဲ့ပဲ ဒုံရင်းက ဒုံရင်း ဖြစ်သွားခဲ့တယ်။ အခုအချိန် မှာက အဲဒီလိုမျိုးမဖြစ်ဘဲနဲ့ အားလုံး သဘောထားကြီးကြီးနဲ့ လုပ်ကြစေချင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ဆန္ဒပါ။
TREND ။ ။ ယနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအခက်အခဲ အကျပ်အတည်း အခြေအနေကြီးကို ကျော်လွှားနိုင်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းစေဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းလုပ်ဆောင်သင့်လဲ၊ ဖြည့်စွက် ပြောကြားပေးပါဦး။
SKL ။ ။ ဒီနိုင်ငံရဲ့ အကျပ်အတည်းက လက်နက်ကိုင်ပဋိပက္ခပဲ။ ဒီလက်နက်ကိုင်ပဋိပက္ခကြောင့် ကျွန်တော်တို့နိုင်ငံ မတိုးတက်ဘူး၊ ကျွန်တော်တို့ အချင်းချင်း ရန်ဖြစ်နေရတယ်။ သူများနိုင်ငံတွေ တိုးတက်သွားတယ်။ ရန်မဖြစ်တဲ့နိုင်ငံတွေက တိုးတက်သွားပြီးတော့ ရန်ဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံက တိုးတက်သွားလား။ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်ပါတယ်ပြောပြော၊ သူများနိုင်ငံတွေက ရန်မဖြစ်ဘဲ တိုးတက်တယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံ တိုးတက်တယ်ဆိုတာက သူတို့နောက်မှာပဲ ကျန်ခဲ့မှာပဲ။ ကျွန်တော်တို့က နောက်ကျန်ခဲ့တယ်။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ရောက်သွား တယ်။ ကျွန်တော်တို့ အရင်တုန်းက ရွှေနိုင်ငံကြီးလေ။ အဲဒီလောက်အထိရှိခဲ့တဲ့ နိုင်ငံကြီးက ဒီအခြေအနေကြုံနေ ရတာကိုတော့ စိတ်မကောင်းဘူးပေါ့။ အဲဒီတော့ ဒီနိုင်ငံရဲ့ အဓိကပြဿနာက လက်နက်ကိုင်ပဋိပက္ခပဲ။ လက်နက်ကိုင်ပဋိပက္ခဆိုတာကလည်း ဖြစ်ရတဲ့အကြောင်းရင်းတွေ ရှိမှာပဲလို့ သုံးသပ်မိတယ်။ ဘာကြောင့်ဖြစ်တာလဲ၊ အလိုလိုနေရင်းနဲ့တော့ ဖြစ်တာမဟုတ်ဘူး။ တောင်းဆိုချက်တွေ၊ လိုလားချက်တွေ ခေတ်အဆက်ဆက် အစိုးရတွေဆီမှာ တောင်းခဲ့တာတွေ ရှိတယ်။ ကျွန်တော်တို့ ကရင်ဆိုလည်း ကရင်ပေါ့၊ ကချင်လည်း ကချင်ပေါ့။ တိုင်းရင်းသား တော်တော်များများနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို ပြန်ကြည့်ရင် ဒါက တောင်းဆိုမှုကို မရလို့ သဘောကတော့ အေးအေးလူလူ တောင်းတာမရလို့ နောက်ဆုံးကျတော့ အကြမ်းနည်းနဲ့ လုပ်ကြတာလို့ မြင်တယ်။ ပစ်ခတ်တိုက်ခတ်တယ်ဆိုတာ အကြမ်းနည်းပဲလေ။ အဲဒီလို တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို အကြမ်းနည်းနဲ့ တောင်းလို့ရသလားဆိုတော့ မရဘူး၊ မရတော့ ဒီတိုင်းပြည်က ဒီအတိုင်းပဲ လက်နက်ကိုင်ပဋိပက္ခက သက်ဆိုးရှည်နေတာ။ အဲဒီတော့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူ အလျှော့အတင်းလုပ်ပြီးတော့မှ စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြသင့်တာပေါ့။
အဲဒီကနေ လမ်းစပေါ့၊ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံသစ်တစ်ခုကို တည်ဆောက်ကြရအောင်ဆိုတဲ့ အနေအထားမျိုး တကယ်လို့သာ ဖြစ်လာခဲ့ရင်တော့ အတိုင်းအထက် အလွန်ပေါ့ဗျာ။ အားလုံးအတွက် ကောင်းတာပေါ့။ မဖြစ်လာဘူးဆိုရင်တော့ ဒီအတိုင်းပဲ တိုက်နေကြ ဦးမယ်လို့ မြင်တယ်။ အဓိကကတော့ လက်နက်ကိုင်ပဋိပက္ခကြီး ချုပ်ငြိမ်းအောင် နှစ်ဖက်က၊ နှစ်ဖက်ဆိုတာက အစိုးက ဘက်ကပဲဖြစ်ဖြစ်၊ ဟိုဘက်က လက်နက်ကိုင်အဖွဲ့ပဲ ခေါ်ခေါ်၊ သူပုန်ပဲခေါ်ခေါ် ဘယ်အဖွဲ့ပဲဖြစ်ဖြစ် အားလုံးက တွေ့ကြဆုံကြပြီး လုပ်ကိုင်စေချင်တဲ့ အနေအထားပါ။ ပြောရရင် တိုက်ပွဲတွေရပ်ဖို့ဆိုရင် တိုက်ပွဲတွေဖြစ်ရတဲ့ အကြောင်းရင်းတွေကို လိုက်ရှာဖို့လိုတယ်။ အဲဒီအကြောင်းအရင်းတွေကနေပြီးတော့ လုပ်သင့်လုပ်ထိုက်တာ၊ လျှော့သင့်လျှော့ထိုက်တာတွေပေါ့၊ အလျှော့အတင်း အပေးအယူဆိုတာ ရှိပါတယ်။ အဲဒီလိုသာ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေး အသီးအပွင့် ရလာမှာပါလို့ပဲ သုံးသပ်မိပါတယ်။ဖြစ်စေ ချင်တာကလည်း ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတဲ့ ပြည်သူလူထုကြီးကို အားနာသမှု ပြုကြသင့်ပြီလို့လည်း ဖြည့်စွက် ပြောကြားလိုပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )