၂၀၂၄ ဒီဇင်ဘာ ၄
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာမှုသည် နိုင်ငံ၏ ပကတိ အရှိတရားဖြစ်နေခြင်းကြောင့် နိုင်ငံရေးနယ်ပယ်အသီးသီးတွင် ပါဝင်ပတ်သက်သူများအားလုံး၊ အဖွဲ့အစည်းများအားလုံး နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေးများနှင့် ပတ်သက်၍ KNU ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းအား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ကရင်ပြည်နယ် အခြေအနေနဲ့ ဒေသခံလူထုရဲ့ လူမှုစီးပွားအခြေအနေတွေကို ပြောပြပါဦး။
SSM ။ ။ ကျွန်တော်ကတော့ သတင်းတွေ သိပ်မကြည့်ဖြစ်တော့ဘူး။ ဘာသာရေးအရ အသက်အရွယ်ကလည်း ရှိလာတယ်ဆိုတော့ ဘာသာရေးဘက်ကို ဇောင်းပေးပြီးတော့ ကုသိုလ်ကောင်းမှုပြုတဲ့ဟာကိုပဲ ဇောင်းပေးနေတဲ့အပေါ်မှာ အဲဒီကိစ္စတွေကိုလည်း ထဲထဲဝင်ဝင် ဝင်ပြီးတော့ မဆွေးနွေး၊ မမေးမြန်းဖြစ်ဘူး။ ကျွန်တော့်ရပ်၊ ကျွန်တော်ရွာမှာဆိုရင် ယနေ့ထက်ထိ လူတွေက စိတ်မချမ်းမသာ ဖြစ်နေရတယ်။ လုပ်ကိုင်စားသောက် နေရတာရော၊ သွားလာနေထိုင်ကြရတာရောကအစ စိတ်မသက်မသာနဲ့ သွားနေရတယ်၊ လုပ်နေရတယ်။တချို့နေရာတွေဆိုရင် အလုပ်ရှိလို့ လုပ်ချင်ပေမယ့်လည်း လုပ်လို့မရဘူး။ အလုပ်မလုပ်တော့ ဘယ်မှာသွားပြီး စားမှုသောက်မှု အဆင်ပြေတော့မလဲ၊ လုပ်ကိုင်ခွင့်မှမရဘဲ။ သူများနေရာမှာ စစ်ဘေးရှောင်အနေနဲ့ ခိုကပ်နေရတယ်ဆိုတော့ သူတို့အတွက်က အခက်အခဲအကျပ်အတည်းတွေချည်းပဲပေါ့။ သေနတ်သံတွေကတော့ ကြားနေရတယ်။ ကျွန်တော်လည်း အဲဒီကြားမှာပဲ သွားနေလာနေတာပေါ့။ သေနတ်သံတွေက အနန်းကွင်းဘက်မှာ ကြားနေရတာ။
အခုဆိုလို့ရှိရင် အနန်းကွင်းစခန်းကို KNU နဲ့ ပူးပေါင်းအဖွဲ့တွေက ဒရုန်းတွေနဲ့ ပစ်၊ လက်နက်ကြီးတွေနဲ့ ပစ်လိုက်၊ အမြောက်တွေနဲ့ ပစ်နေကြတာကိုး။ သူတို့က စခန်းသိမ်းတာကလည်း သိမ်းမယ်သိမ်းမယ်နဲ့ တစ်နှစ်တောင် ပြည့်တော့မယ်၊ စခန်းက မရဘူး။ သိမ်းထားတာတချို့လည်း ရှိနေ တယ်။ ဆက်ပြီးတော့ သိမ်းမယ်လို့ ပြောနေတာတွေလည်း ကြားနေရတယ်။ ဒီလောက် အချိန်ကြာကြာ အခြေအနေမှာ သူတို့တစ်တွေ ခြေကုန်လက်ပန်း မကျသေးဘူးလား၊ အဲဒီလိုပဲ မေးရတော့မယ်။ ပြီးတော့လည်းပဲ သူတို့သိမ်းလို့ရတဲ့ အပေါ်မှာ ဘာအကျိုးအမြတ်တွေ ရှိနေလို့လဲ၊ အဲဒါတွေလည်း သူတို့ကို မေးသင့်တယ်။

TREND ။ ။ ကရင်လူထုအများစုက စစ်ပွဲတွေ မလိုလားကြောင်းနဲ့ တိုက်ပွဲများ မဖြစ်ဖို့တောင်း ဆိုခဲ့ကြသလို ပြည်သူတွေ စစ်ဘေးစစ်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစား၊ တိုက်ပွဲတွေ မဖော်ဆောင်ဖို့ကိုလည်း ဘာသာရေးခေါင်းဆောင်တွေကအစ မေတ္တာရပ်ခံခဲ့တာ ရှိပါတယ်။ ဒီလိုဒေသခံလူထုရဲ့ အသံကို KNU အနေနဲ့ မကြားတာလား၊ မျက်ကွယ်ပြုနေတယ်လို့ ဆိုရမလား။ ဘယ်လိုသုံးသပ်မိလဲ။
SSM ။ ။ သူတို့ နားထဲကို ရောက်ပါတယ်။ မရောက်တာတော့ မဟုတ်ပါဘူး။ သူတို့တစ်တွေလည်း လူပါပဲ။ နားရှိပါတယ်၊ မျက်စိရှိပါတယ်၊ စာနာစိတ်လို အပ်နေတယ်လို့ မြင်ပါတယ်။ စာနာစိတ်မရှိဘူးလို့ ပြောပြန်ရင်လည်း လူထုတွေ လုပ်ပေးနေပါတယ်လို့ ထပ်ပြောပြန်ရော။ ဒီလူထုတွေအတွက် လုပ်ပေးတယ် ဆိုလို့ရှိရင် ကိုယ်လုပ်ပေးလိုက်တဲ့ အလုပ်တစ်ခုအပေါ်မှာ လူထုတွေက ပိုပြီးတော့ စိတ်ချမ်းသာစရာတွေ၊ ပိုပြီးတော့ နေမှုထိုင်မှုအတွက် ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်လာတာတွေ ဖြစ်ရမှာပေါ့။ ကိုယ်လုပ်လိုက်တဲ့အလုပ် တစ်ခုကြောင့် ပြည်သူတွေက ပိုပြီးတော့ ပြေးနေလွှားနေရ၊ ပူပင်သောကရောက်ရ သေကြကျေကြ၊ နှစ်ဖက်တပ်တွေကလည်း သက်သောင့်သက်သာ ဘယ်ရှိတော့မလဲ။ သေနေကျေနေ၊ ဒုက္ခိတဖြစ်နေ၊ အသက်၊ ချွေး၊ သွေးတိုင်းရင်းသား ဖြစ်တဲ့အပေါ်မှာ ပိုပြီးတော့ တိုင်းပြည်အတွက် နစ်နာတာပေါ့။ ဒီကလေး လူငယ်တွေဟာ နိုင်ငံတော်ရဲ့ တကယ့် အားအင်တစ်ရပ်ပါပဲ။ နိုင်ငံ့အားတွေ အလဟဿ ပြုန်းတီးကုန်တယ်။ ဒါတွေက အားလုံးသိကြပါတယ်။ ဒါကြောင့် ဒါတွေ အဆုံးသတ်ဖို့က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် ဆုံတွေ့ပြီး ပြောကြဆိုကြ၊ ညှိနှိုင်းဆောင်ရွက်ကြဖို့ပဲ လိုပါတယ်။ ဒီလမ်းကြောင်းပဲ ရှိပါတယ်။
TREND ။ ။ TNLA အဖွဲ့ကတော့ ပြည်သူတွေ စစ်ဘေးဒဏ်ပေါင်းစုံ ဆိုးရွားစွာ ခံစားခဲ့နေရဝာာကို ထောက်ထားပြီးတော့ ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။ ဒီအပေါ် အမြင်လေးသိပါရစေ။
SSM ။ ။ TNLA ရော၊ KNU ရော လက်နက်ကိုင်အဖွဲ့တွေ ပြောဆိုတာတွေကို မဖတ်ရပါဘူး။ ပြီးတော့ သုံးလည်း မသုံးသပ်ချင်တော့ဘူး။ ဒါကတော့ သူတို့ရဲ့ သူတို့အနေအထား၊ သူတို့အခြေအနေနဲ့ သူတို့လည်း ဒီလိုပြန်ပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ အဲဒီလမ်းကြောင်းကို ရွေးချယ်လိုက်တယ်လို့ပဲ မြင်ပါတယ်။ ပြီးတော့ နယ်မြေတစ်ခုနဲ့တစ်ခုက အနေအထား မတူဘူး။ အဖွဲ့တစ်ဖွဲ့ရဲ့ အနေအထားချင်းလည်း မတူတဲ့အပေါ်မှာ တစ်သမတ်တည်းတော့ ပြောလို့မရဘူး။ သူ့အခြေအနေ၊ ကိုယ့်အခြေအနေပေါ်မှာ ကြည့်ပြီးတော့ ဆောင်ရွက်နေကြတာကိုး။ ဒါကြောင့် နယ်မြေတစ်ခုနဲ့တစ်ခုက အနေအထား အဖွဲ့တစ်ဖွဲ့ရဲ့ အနေအထားချင်းမတူညီတဲ့ သုံးသပ်ရခက်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာက ဘယ်လုပ်ငန်းပဲဆောင်ရွက်၊ ဆောင်ရွက်ပေါ့။ ဒီလိုမျိုး မတည်မငြိမ် ဖြစ်နေသရွေ့ကတော့ ဘာမှဆောင်ရွက်ဖို့အတွက် အခွင့်မသာဘူး။ ဆိုတော့ ဒီလိုမျိုးပဲ ဆက်ပြီး ပြုမူနေကြဦးမယ်ဆိုရင် နိုင်ငံသားတိုင်း အခက်အခဲမျိုးစုံ ကြုံတွေ့ရပြီးတော့ ဘာစီးပွားရေးမှလည်း ရှာလို့ အဆင်မပြေနိုင်ဘူး။ ဒီပြဿနာတွေကို ဆက်ရှိနေတာက ပြဿနာတွေကို ဖြေရှင်းဖို့၊ အဖြေရှာဖို့ ရှာသင့်ရှာထိုက်တဲ့ ပုဂ္ဂိုလ်တွေက မရှာကြလို့ဘဲ ဖြစ်မှာပေါ့။ ရှာမယ်ဆိုရင် လွယ်လွယ်လေးပါ။ ရှာရမယ့်လူတွေက တကယ့်လက် ဝယ်လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့တွေကပဲ ရှာရမှာပေါ့။ သူတို့ အဖြေရှာ မယ်ဆိုလို့ရှိရင် အဖြေက လွယ်လွယ်လေးပဲဟာ။
ပြီးတော့ စစ်ပွဲဖြစ်တယ်ဆိုတာ လက်နက်ကိုင်ဆောင်ထားတဲ့ တစ်ဖွဲ့တည်းကပဲ ဖြစ်လို့ရတာမှ မဟုတ်ဘဲ၊ လက်နက်ကိုင်ထားကြတဲ့လူတွေ တစ်ဖက်မဟုတ် တစ်ဖက် ပစ်ခတ် တိုက်ခိုက်နေကြလို့သာ တိုက်ပွဲတွေ၊ စစ်ပွဲတွေ ဖြစ်နေကြတာ။ နှစ်ဖက်လုံး ပစ်နေခတ်နေကြတော့ ဘယ်ပြီးဆုံးတော့ မလဲ။ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ။ ပစ်လိုတဲ့ ဆန္ဒတွေ ရှိနေကြသေးတာကိုး။ အမှန်က ဘာကြောင့် ဒီလိုဆန္ဒတွေ ဖြစ်ပေါ်နေရသလဲ၊ အဲဒီပစ်ခတ်တိုက်ခိုက်မှုကိုပဲ စွဲကိုင်နေချင်ကြရတာလဲ။ အဲဒါကလည်း သူတို့ကို မေးရမယ့်ကိစ္စတွေပဲ ဖြစ်တယ်။
TREND ။ ။ နိုင်ငံတော်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDF များကို လက်နက်စွန့်ပြီး လွှတ်တော်လမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ထားတာ ရှိပါတယ်။ တစ်ဖက် အဖွဲ့အစည်းတွေကလည်း ဒီဖိတ်ခေါ်မှုကို အမျိုးမျိုး တုံ့ပြန်ထားကြပြီး လက်မခံတဲ့အသံတွေလည်း ထွက်လာပါတယ်။ ဘယ်လို အခင်းကျင်းမျိုးဖြစ်မှ တွေ့ဆုံဆွေးနွေးရေး လက်တွေ့ကျကျ ဖြစ်မြောက်မယ်လို့ ယူဆလဲ။
SSM ။ ။ သူတို့တစ်တွေက ကြိုတင်ကန့် သတ်မှုတွေကို ဒါတွေ မလုပ်ရ၊ ဒါတွေ မလုပ်တော့ဘူးဆိုရင် သူတို့တွေ့မယ်။ ဒါတွေ ဒါတွေကို မလုပ်ရတော့ ဘူးပေါ့။ အဲဒီလိုမျိုး ကြိုတင်ကန့်သတ်ချက် တွေရှိနေတယ်ဆိုရင် တွေ့ဆုံနိုင်ဖို့က အခက်အခဲ ဖြစ်သွားပြီ။ တစ်ဖက် နဲ့တစ်ဖက်က သူတို့ ကြိုတင်သတ်မှတ်ချက်တွေ ရှိနေတယ်။ KNU ဘက်မှာလည်း ရှိနေတယ်။ KIA ဘက်ကလည်း ထုတ်ပြန်ထားတာတွေ ရှိတယ် မဟုတ်လား။ ကြိုတင်ကန့်သတ်ချက်တွေ ရှိနေသရွေ့ကတော့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးက ဖြစ်လာနိုင်ခြေမရှိဘူး။ အရင်တုန်းက ကျွန်တော်တို့ တွေ့ကြုံခဲ့ဖူးပြီလေ။ ဒါတွေဟာ ကြိုတင်ကန့်သတ်မှုတွေမထားဘဲနဲ့ ဆောင်ရွက်မှပဲတွေ့ ဆုံမှုတွေက အဆင်ပြေခဲ့တာတွေ ရှိခဲ့တာကိုး။ အဲဒီအတွေ့အကြုံအရ ပြောတာပါ။ အမှန်ကတော့ ကြိုတင်ကန့်သတ်မှုတွေ မထားမှဘဲ တွေ့ဆုံဆွေးနွေးဝိုင်းက ဖြစ်လာနိုင်ခြေရှိတယ်။
တစ်ဖက်ကလည်း ကိုယ့်ရဲ့ ကြိုတင်ကန့်သတ်ချက်တွေကို လိုက်လျောဖို့ကလည်း အဆင်မပြေ၊ ကိုယ်ကလည်း သူများရဲ့ အဲဒီ ကြိုတင်ကန့်သတ်မှုပဲ ပြောရမှာပေါ့။ ဒီတောင်းဆိုချက်ကို လိုက်လျောမှ တွေ့မယ်ဆိုလို့ရှိရင် တွေ့ဆုံမှုက ဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်ဘူး။ အမှန်ကတော့ ပြည်သူလူထု ရဲ့ခံစားချက်၊ ကိုယ့်နိုင်ငံရဲ့ ကြုံတွေ့နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ မလိုလားအပ်တဲ့ အရာတွေ၊ မကြိုက်နှစ်သက်ဘူးဆိုရင် ပြည်သူ့ရဲ့ အကျိုး၊ နိုင်ငံရဲ့အကျိုးကို ကြည့်ကြမယ်၊ ရှေးရှုကြမယ်ဆိုရင်တော့ ဒါကတော့ ဖြစ်လာမှာပေါ့။ ဖြစ်လာရမယ်လေ။ အဲဒါကို အဓိကထား စဉ်းစားတဲ့လူဆိုရင်တော့ တွေ့ဖို့လိုအပ်တာပေါ့။ တစ်နေ့နေ့မှာ ပြန်ပြီးတော့ စဉ်းစားလာနိုင်မယ်လို့ပဲ ဖြစ်စေချင်ပါတယ်။ သူတို့ရဲ့ အတ္တကို ရှေ့တန်းမတင်ဘဲနဲ့ လူထုရဲ့အကျိုးကို ရှေ့တန်းတင်သင့်တာပေါ့။ ပြည်သူ့အကျိုးကို ဆောင်ရွက်ရိုးမှန်ရင်တော့ သူတို့တစ်တွေက ပြန်ပြီးတော့ သင့်သင့်မြတ်မြတ်နေဖို့ လုပ်သင့်တာပေါ့။ အဲဒီလို နေဖို့ထိုင်ဖို့အတွက်ဆိုရင် တွေ့ဆုံနိုင်ကြရမှာပေါ့။ ပြီးခဲ့တဲ့ဟာတွေကို မေ့ပျောက်လိုက်ပြီးတော့ အနာဂတ်အတွက် ဘယ်လိုကောင်းအောင် တည်ဆောက်ကြမလဲ၊ ပြောကြဆိုကြရင်းနဲ့ ပြန်ပြီးတော့ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး အတူတကွ သယ်ပိုးထမ်းဆောင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။
TREND ။ ။ ပြီးခဲ့တဲ့ဟာတွေကို မေ့ပျောက်လိုက်ပြီး ပြန်လည်သင့်သင့်မြတ်မြတ်နေဖို့၊ အနာဂတ်အတွက် ဘယ်လိုကောင်းအောင် တည်ဆောက်ကြမလဲ တွေ့ဆုံဆွေးနွေးချိန်တန်ချိန်မှာ ဆွေးနွေးစရာ မလိုဘူး။ တွေ့ဆုံဆွေးနွေးရေး လက်မခံဘူးဆိုတဲ့ အယူအဆ ရပ်တည်ချက်တွေဟာ တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်းတွေ ဖြစ်လာနိုင်ပါ့မလဲ၊ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်လဲ။
SSM ။ ။ အဲဒီလိုဆိုရင်တော့ အနာဂတ်တိုင်းပြည်က ပျက်စီးစေရုံပဲ ရှိတော့မှာပေါ့။ အဲဒီလိုမျိုး သာသဘောထားနေကြရင် အဲဒီလိုမျိုး စိတ်ဆန္ဒနဲ့ ဒါကိုပဲ ဆုပ်ကိုင်ထားကြမယ်ဆိုရင် အလုံးစုံပျက်သုဉ်းသွားတဲ့ အခြေအနေအထိ ရောက်သွားမှာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေသာ တစ်နေ့မဟုတ်တစ်နေ့ စဉ်းစားရင်းနဲ့ တဖြည်းဖြည်း ရင့်ကျက်သွားမယ် ပြောချင်ပါတယ်။ အခြေအနေက တစ်သမတ်တည်း သွားမှာတော့ မဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာ အချိန်တွေက သူတို့ကို တည့်မတ်ပေးလိုက်မယ်လို့ပဲ ပြောချင်ပါတယ်။ မတွေ့လို့ မဖြစ်ဘူးဆိုတဲ့ အနေအထားမျိုးပေါ့။ လူတွေ ကတော့ ပူလောင်တာနဲ့ ငြိမ်းချမ်းတာမှာ ငြိမ်းချမ်းတာကိုပဲ ကြိုက်ကြမှာပဲပေါ့။ ကျွန်တော် ထင်ပါတယ် လူထုတွေ အခုလို ပူပူလောင်လောင် နေရတယ်၊ ဒုက္ခဖြစ်နေရတဲ့ ဘဝကို သူတို့မမြင်ချင်၊ မတွေ့ချင်ကြဘူးလို့ ထင်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်နဲ့ နှိုင်းပြီးတော့ ပြောတာပါ။ တစ်နေ့နေ့မှာတော့ ဒီလို ငြိမ်းချမ်းသွားအောင်၊ တိုက်ပွဲတွေ မရှိဘဲနဲ့၊ မဖြစ်ဘဲနဲ့ သူတို့လိုချင်တဲ့၊ သူတို့ ဖြစ်စေချင်တဲ့ အရာတွေကို သူတို့ တစ်နေ့နေ့မှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ပြန်ပြီးတော့ ဆောင်ရွက်ဖြစ်ကြမယ်လို့ပဲ ယူဆပါတယ်။ ဒီမှာရှိနေကြတဲ့ ဒီနိုင်ငံသားတွေပဲမို့လို့ KNU ရော၊ အခြားအဖွဲ့အစည်းတွေရော ဒီလိုပဲဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုတာပါ။

TREND ။ ။ လွှတ်တော်နိုင်ငံရေးအခင်းအကျင်းမှာ တိုင်းရင်းသား လူထုလူတန်းစားတွေကို ကိုယ် စားပြုသူတွေ ကျယ်ပြန့်စွာ ပါဝင်လာစေဖို့ ကျင်းပဖို့ရှိ တဲ့ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR)ကျင့်သုံးဖို့ အစိုးရက စီစဉ်ဆောင်ရွက်တာ ရှိပါတယ်။ တိုင်းရင်းသားပါတီတွေ လွှတ်တော်များများ ရောက်လာ ပြီဆိုရင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတိုင်း အတာတစ်ခုအထိ လျှော့ချနိုင်မလား။
SSM ။ ။ ဒီလို စစ်ပြုတိုက်ခိုက်နေလို့ကတော့ ဘယ်လိုမှ အဆင်ချောချော၊ အဆင်ပြေပြေ ဖြစ်လာနိုင်စရာ မရှိဘူးလေ။ ဒါတွေက အခက်အခဲတွေနဲ့ပဲ ရင်ဆိုင်ကြုံတွေ့နေရမယ့် ကိစ္စတွေပဲ။ ဖြစ်လာနိုင်ခြေကတော့ ဖြစ်လာမှပဲ ပြောရမယ့်သဘောပါ။ အမှန်ကတော့ ဒီလိုမျိုးရယူချင်တဲ့ အခွင့်အရေးကို လက်နက်ကိုင် တိုက်ယူတာထက် အခွင့်အရေးကို လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး ရယူတာက ပိုပြီးတော့ အေးမြ ငြိမ်းချမ်းပါတယ်။ အဲဒီလိုမျိုး ငြိမ်းချမ်းတဲ့နည်းနဲ့ သွေးထွက်သံယို မရှိဘဲနဲ့ ဆောင်ရွက်လိုစိတ်၊ ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ်ဆိုရင် လွှတ်တော် ဖြစ်ပေါ်လာအောင် ဆောင်ရွက်ဖို့ လိုတာပေါ့။ လွှတ်တော်ရှိလာဖို့အတွက် ဆိုရင်လည်းပဲ ရွေးကောက်ပွဲလုပ်ရမယ်၊ ရွေးကောက်ပွဲ အခင်းအကျင်း ဖြတ်သန်းရမယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း တစ်ချိန်တုန်းက တစ်ပါတီအာဏာရှင်စနစ်ကို မကြိုက်ကြလို့ ဆန့်ကျင်ခဲ့တယ်။ ပါတီစုံတောင်းဆိုခဲ့ကြတယ်။ ပါတီစုံဖြစ်လာတော့လည်းပဲ တစ်ပါတီနဲ့ တစ်ပါတီ အားပြိုင်မှုတွေကလည်း ရှိလာပြန်ရော။ အဲဒီလိုမျိုးဖြစ်တယ်။ ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေဆိုတာကလည်း ကောင်း၏ဆိုး၏ ဆိုတာကလည်း ပြောလို့ဘယ် တော့မှ ဆုံးနိုင်မယ်မထင်ဘူး။ ဒီမိုကရေစီဆိုရင်လည်း တရားမျှတတဲ့ ဒီမိုကရေစီဆိုပြီး အထူးထည့် ပြောကြတာတွေလည်း ကြားနေရတယ်။ ရွေးကောက်ပွဲဆိုရင်လည်း ရွေးကောက်ပွဲ အစစ်အမှန်တို့၊ မတရားတာတို့၊ တရားတာတို့ ဖြစ်လာပြန်ရော။ အဲဒီလို အခြေအနေတွေ ရှိနေတယ်ဆိုတော့ ဒါက ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တွေကလည်း တော်တော် အခက် အခဲနဲ့ ကြုံရတာပေါ့။ အမှန်မှာက ကျွန်တော်အဓိက ပြောချင်တာကတော့ ဒီလိုမျိုး အကြမ်းဖက်လက်နက်ကိုင်ပြီးတော့မှ ကိုယ်လိုချင်တဲ့ ဟာကိုယူတာထက် လွှတ်တော်လမ်းကြောင်းကနေ ရယူနိုင်ဖို့ဆိုတာက အကောင်းဆုံးဆိုတာ ပြောလိုတာပါ။ အခု PR နဲ့ ဆောင်ရွက်တဲ့ကိစ္စမှာလည်းပဲ ကိုယ့်အတွက် ပိုအကျိုးရှိတယ်။ သူ့အတွက် ပိုပြီးတော့ နစ်နာတယ်ဆို တာတွေကလည်း လူတွေတစ်ဦးချင်းစီရဲ့ ဆန္ဒတွေပါ။ တစ်ဦးချင်းစီရဲ့ အမြင်အပေါ်မှာ အခြေတည်ပြီးတော့ ရှိနေတာပါ။ အဖွဲ့အစည်းအသီးသီးတွေဆိုရင်လည်း အဲဒီလိုမျိုး တစ်ဖွဲ့ချင်းစီမှာပင်လျှင် PR က ပိုကောင်းတယ်၊ နိုင်သူ အကုန်ယူစနစ်က ပိုကောင်းတယ်ဆိုတာတွေ တစ်ဖွဲ့တည်းမှာကို အမျိုးမျိုးရှိနေကြမှာပါ။ ဒါကြောင့် အဲဒီအပိုင်းမှာကျတော့ အကောင်းအဆိုး မပြော ချင်ပါဘူး။ ဆိုလိုချင်တာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားနိုင်တဲ့ လမ်းကြောင်းဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံသားတွေ အားလုံးအတွက် အကောင်းဆုံးပါလို့ပဲ ပြောချင်ပါတယ်။ ဒါကြောင့် အားလုံး ဒီလွှတ်တော်နိုင်ငံရေးလမ်းကြောင်းမှာ ပါလာကြဖို့ကောင်းပါတယ်။ မပါဘူးဆိုရင် မကောင်းဘူးလေ။ အဲဒီလို ပါလာအောင် အခုလည်း ဆောင်ရွက်နေကြတာပဲလို့ မြင်ပါတယ်။ လက်ရှိအစိုးရ၊ တပ်မတော်တို့ကလည်း ဆောင်ရွက်နေတယ်။ ပါလာဖို့ ပြောနေတာပဲ။ အရင် NCA ချုပ်ဆိုစဉ်တုန်းကလည်း မပစ်ပယ်ဘူး။ အရင်ချုပ်ဆိုထားတဲ့ စာချုပ်ကတိအတိုင်း သူကလည်း ဆုပ်ကိုင်ပြီးတော့မှ ဆောင်ရွက်နေတာပဲ။ ဒါပေမဲ့ အဲဒီမှာလည်းပဲ မကောင်းဘူး ပြောနေကြတဲ့သူတွေလည်း ရှိနေပြန်ရော။ အစိုးရက NCA ဆက်ပြီးတော့ ဆောင်ရွက်နေတယ်။ အဲဒီမှာလည်း အာဏာထိန်းထားတဲ့အပေါ်မှာ အပြစ်ရမယ်ရှာ ပြောပြီးတော့မှ တိုက်ခိုက်နေကြတဲ့လူတွေလည်း ရှိတယ်။ ဒါကြောင့်မို့ အဲဒီလိုမျိုး တိုက်ခိုက်မယ့်အစား တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင် ရွက်ရင်တော့ ဒါက ပိုပြီးတော့ အကျိုးရှိတာပေါ့။ ဒါကြောင့် ဒီလိုမျိုး လွှတ်တော်လမ်းကြောင်းကို ရောက်နိုင်ဖို့ဆိုတာက တိုက်လိုခိုက်လိုစိတ် ဆန္ဒတွေ မရှိမှဘဲ ရောက်နိုင်မှာပေါ့။ ဒီလိုပဲ တိုက်နေခိုက်နေ၊ တိုက်ချင်ခိုက်ချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြနေသရွေ့ကတော့ ဘယ်လိုမှ လွှတ်တော်ထဲကိုလည်း ရောက်လာနိုင်မှာ မဟုတ်ဘူး၊ တွေ့ဆုံဖို့အတွက်လည်း အခက်အခဲတွေက ပိုပြီး ကြီးမားသွားမှာပဲ။ ဒါက ကျွန်တော့်ရဲ့ အမြင်ပါ။
TREND ။ ။ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆိုတာက တိုက်ရိုက် မဟုတ်ရင်တောင် သွယ်ဝိုက်ပြီးမှ ချိတ်ဆက်မှုရှိတဲ့ အနေအထားပါ။ ဒီတိုင်းရင်းသားပါတီတွေသာ လွှတ်တော်ထဲ ပါဝင်မှုပိုများလာမယ်၊ လွှတ်တော်မှာလည်း တိုင်းရင်းသား အခွင့်အရေး၊ ကိုယ့်လူမျိုး အရေးတွေနဲ့ပတ်သက် ဆွေးနွေးနိုင်မယ်၊ ရလဒ်ကောင်းတွေလည်းရ ခဲ့မယ်ဆိုရင် လက်နက်ကိုင်လမ်း စဉ် လျှောက်နေသူတွေ ရဲ့ သဘောထားရပ်တည်ချက်တွေ ပြောင်းလာနိုင်သလား။
SSM ။ ။ တိုင်းရင်းသားပါတီတွေရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော တစ်နိုင်ငံလုံး အားလုံးက ဆက်စပ်နေတယ်။ တစ်နိုင်ငံလုံးမှာ ဖြစ်တယ်၊ တစ်နိုင်ငံလုံးအရေးမို့ အားလုံးကတော့ ဆက်နွှယ်နေတာပဲ။ ဆက်စပ်နေတာပဲ။ လွှတ်တော်လမ်းကြောင်းကနေ အကောင်းဖြစ်လာတယ်၊ သိမ်မွေ့တဲ့နည်းနဲ့ ဆောင်ရွက်လို့ရပါလျက်နဲ့ ဒီလိုမျိုးပဲ ဆက်ပြီးတော့ လက်နက်ကိုင်ပြီး တိုက်နေသေး တယ်ဆိုရင် ဒီအဖွဲ့အစည်းဟာ ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ ပြောရတော့မှာပေါ့။ သူ့လူမျိုးစု အခွင့်အရေးက အပြည့်အ၀ ရရှိနေပြီပဲ။ အဲဒါကို ဆက်ပြီးတိုက်နေခိုက်နေဦးမှာဆိုရင် ဒီလူဟာ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်တဲ့အဖွဲ့အစည်း မဟုတ်တော့ဘူးလို့ပဲ ပြောရတော့မှာပေါ့။
TREND ။ ။ တိုက်ချင်ခိုက်ချင်တဲ့ စိတ်ဆန္ဒတွေ ဘာကြောင့် ပြင်းပြနေကြတာလဲ၊ ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ ဖြစ်ချင်တဲ့ ဖြစ်သင့်တာက ဘာလဲ၊ ဖြည့်စွက်ပြောကြားပေးပါဦး။
SSM ။ ။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက် မေတ္တာစိတ် ခေါင်းပါးလွန်းအားကြီးလို့ ဒေါသ၊ မောဟနဲ့ ဆောင်ရွက်နေကြလို့၊ မေတ္တာတရား ခေါင်းပါးလွန်းကြလို့ ဒီအတိုင်းပဲ ဆက်သွား နေကြတာလို့ မြင်တယ်။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်အယူဝါဒမဆိုပေါ့။ မေတ္တာသည်သာ အကြီးမားဆုံး အင်အားတစ်ရပ်ပါ။ အဲဒီအင်အားသည်သာ တစ်နေ့မဟုတ်တစ်နေ့ ငြိမ်းချမ်းမှုကို ဆောင်ရွက်ပေးနိုင်မှာမို့လို့ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာစိတ်ရှေ့ထားပြီးတော့ ဆောင်ရွက်ကြမယ်။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားနဲ့ အပြန်အလှန် ဆောင်ရွက်သွားမယ်ဆိုရင် တစ်နေ့မဟုတ်တစ်နေ့ ငြိမ်းချမ်းသွားမှာပါပဲလို့ပဲ မြင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )