၂၀၂၅ မတ် ၆
ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (T.N.D.P) ဥက္ကဋ္ဌ ဦးဌေးအောင်အား ဆက်သွယ်၍ နယ်မြေအခြေအနေ၊ ဒေသခံ လူထုများ ကြုံတွေ့နေရသည့် အခက်အခဲ၊ ရွေးကောက်ပွဲ အထမြောက်အောင်မြင်မှုရှိဖို့နှင့် နိုင်ငံရေး အခြေအနေ အရပ်ရပ်တို့အပေါ် အမြင်သဘောထားများ မေးမြန်းထားပါသည်။
TREND ။ ။ ရွေးကောက်ပွဲ အလားအလာနဲ့ လတ်တလော ပါတီရဲ့ လှုပ်ရှားနေမှုအခြေအနေကို ပြောပြပါဦး
UHA ။ ။ ပါတီရုံးတွေကတော့ ငါးရုံးဖွင့်ထား ပြီးပါပြီ။ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ပေါ့။ အခု ဗန်းမော်ကတော့ တိုက်ပွဲတွေ ဖြစ်နေတော့ ကျွန်တော်တို့ ပါတီရုံးလည်း ဒီအတိုင်း နားထားရတာပေါ့။ လည်ပတ်မှု မရှိဘူးပေါ့။ ဝိုင်းမော်ကလည်း တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်တုန်းကလည်း ရုံးဖွင့်ထားတယ်၊ အခုလည်းပဲ ရှိပါတယ်။ ပါတီဝင်တွေ၊ ဒေသခံတွေနဲ့လည်း အဆက်အသွယ် ရပါတယ်။ သူတို့ ဖုန်းလိုင်းရတဲ့အခါ ဆက်ကြပါတယ်။ ဗန်းမော်ဒေသခံတွေနဲ့လည်း မကြာခဏ အဆက်အသွယ်ရပါတယ်။ ဗန်းမော်တို့၊ မန်စီတို့၊ မိုးမောက်တို့ အဲဒီဒေသခံတွေကတော့ ဖုန်းလိုင်းရတဲ့အခါ ဆက်ကြပါတယ်။ သို့သော်လည်းပဲ လက်ရှိ အနေအထားကတော့ ရွေးကောက်ပွဲဖြစ်ဖို့ ခက်ခဲနေဆဲလို့ပဲ မှတ်ချက်ပြုလိုပါတယ်။ အထမြောက်ဖို့ လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ကျော်ဖြတ်ဖို့ကတော့ အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်ဖို့ လိုပါတယ်။ ဒါကိုလည်း ရွေးကောက်ပွဲနဲ့ သွားကြရမှာပါ။ လက်ရှိအခြေအနေအရ နစကအစိုးရက အာဏာကြီးသုံးရပ်ကို ကိုင်ထားရတယ်။ တကယ် လို့ ရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဆိုရင်တော့ အာဏာကြီး သုံးရပ်က သီးခြားစီနဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေနဲ့ သွားကြမယ်ဆိုတဲ့ ဒီလိုအပြောင်းအလဲတစ်ခု ဖြစ်လာမယ်။ ပြီးတော့ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ကိစ္စက နိုင်ငံရေးပါတီတွေက လိုလားနေကြသလို တိုင်းပြည်ကို ချစ်တဲ့သူအားလုံးကလည်း လိုလားကြမယ်လို့ ထင်ပါတယ်။ အခုလောလောဆယ် နယ်မြေအခြေအနေအရ တိုင်းဒေသကြီးတွေ အပါအဝင် နေရာတချို့ကတော့ အခြေအနေ မတည်ငြိမ်သေးဘူး၊ ဘယ်မြို့ကို ဘယ်လို လုပ်မယ်ဆိုတာမျိုး သတင်းတွေလည်း ကြားနေရတယ်။ ဒါတွေက မရေရာတဲ့ သတင်းတွေပေါ့။ ဒါပေမဲ့ ၂၀၀၈ အခြေခံဥပဒေ အရဆိုရင် ရွေးကောက်ပွဲလုပ်လို့ရတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာက မဲဘယ်လောက်လာထည့်မှ၊ ဘယ်လောက် ရာခိုင်နှုန်းပြည့်မှ အထမြောက်တယ်ဆိုတဲ့ အချက်မတွေ့ရဘူး။ တစ်မဲလာထည့်လည်း အထမြောက်တယ်ဆိုတဲ့ သဘောလို့ နားလည်တယ်။ ဒါကဘယ်နေရာမျိုးမဆို လုပ်လို့ရတဲ့ အတိုင်းအတာပေါ့လေ။ ဒါကြောင့် လည်း ရွေးကောက်ပွဲကို ဖြတ်သန်းစေချင်တာ၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က အခက်အခဲ အကျပ်အတည်းတွေ ဖြစ်နေတယ်။ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ဖို့တွေ အများ ကြီးရှိနေတယ်၊ အချိန်တွေလည်း အများကြီး ယူရဦးမယ်။ အခုက အချင်းချင်း ရန်ဖြစ်နေတာနဲ့ပဲ တိုင်း ပြည်ဖွံ့ဖြိုးရေးကို မလုပ်နိုင်ဘူး။ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ကလည်း အဓိကကတော့ လုံခြုံရေးပေါ့၊ ပြည်သူတွေမှာ လုံခြုံရေး အာမခံချက်ရှိဖို့ လိုတယ်။ အခုက အကြောက်တရားတွေ ရှိနေတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲအပေါ် ပြည်သူပူးပေါင်းပါဝင်မှု အားနည်းကောင်း အားနည်းနေ ပါလိမ့်မယ်။ အရင် ရွေးကောက်ပွဲတွေနဲ့ စာရင်တော့ မဲလာထည့်တဲ့သူ နည်းနိုင်ပါတယ်။ ပြီးတော့ ပါတီတွေအနေနဲ့လည်း ဟောပြောပွဲကိစ္စတွေ ပေါ်ပေါ်တင်တင် ဟောပြောနိုင်ခြေ နည်းနိုင်ပါတယ်။ အချို့နေရာတွေက လွဲလို့ပေါ့၊ အွန်လိုင်းကနေ လုပ်ဆောင်တာမျိုးလောက်တော့ သွားလို့ရမယ် ထင်ပါတယ်။ လူထုကလည်း အကြောက်တရားတွေ ရှိနေတော့ ပူးပေါင်းပါဝင်မှု နည်းနိုင်ပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို လူထုတွေက ကြောက်နေကြတယ်။ နောက်တစ်ခုက ပြည်သူလူထုကလည်း ဘယ် လောက်ပဲ မဲထည့်လိုက် ထည့်လိုက် မဲထည့်လည်း အလကားပါပဲဆိုတဲ့ အတွေးမျိုး ရှိနေကြတယ်။ ဒါကိုလည်း ကျွန်တော်တို့က ရှင်းပြကြရမှာပါ။ တိုင်းပြည်ကောင်းဖို့အတွက် ပြည်သူလူထုရဲ့ ဆန္ဒမဲတွေနဲ့ ဆုံးဖြတ်ပေးကြတာလေ။ အဲဒါကိုလည်း လူထုကို စည်းရုံးရမှာပေါ့။ လောလော ဆယ်ကတော့ စည်းရုံးဖို့ အခြေအနေတွေ မပေးသေးဘူး။ တည်ငြိမ်ဖို့နဲ့ အခြေအနေကောင်းတွေ ဖြစ်လာဖို့ကတော့ အစိုးရကပဲ လုပ်ဆောင်ပေးနိုင်တာပါ။

TREND ။ ။ ရွေးကောက်ပွဲကို မလိုလားတဲ့ ဆန့်ကျင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ ရှိနေသလို မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ အသံမျိုးတွေလည်း ကြားနေရတော့ လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲကို အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေ လုပ်နေကြပြီလို့ ပြောလို့ရလား၊ ဘယ်လိုသုံးသပ်မိလဲ။
UHA ။ ။ သူတို့တစ်ဖက်က သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူးဆိုပြီး လုပ်နေတာ။ ရွေးကောက်ပွဲကို မဖြစ်မနေ ဖျက်မယ်ပေါ့။ အစိုးရကလည်း ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်မယ်။ ဒီလိုအခြေအနေကြားထဲမှာ ပြောရမယ်ဆိုရင် တော်တော်ကို တင်းမာတဲ့ လမ်းကြောင်းလို့ မြင်တယ်။ သူတို့က ရသလောက် ဖျက်မယ်ဆိုတော့ ဒီကြားထဲမှာ ပြည်သူလူထုက ကြားညပ်နေတဲ့ အနေအထားပါ။ ရွေးကောက်ပွဲကို အဟန့် အတား ဖြစ်စေတာကိုတော့ အခု သူတို့ လက်တွေ့လုပ်နေတာပဲလေ။ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်၊ မြို့တွေကို တိုက်ခိုက်တာ၊ မြို့တွေကို ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်ကနေ ခြိမ်းခြောက်တာရှိတယ်။ လက်တွေ့လာလုပ်တာတွေ ရှိတယ်ဆိုတာက ရွေးကောက် ပွဲကို နှောင့်ယှက် ဖျက်ဆီးတာတွေပဲလေ။ အဲဒီမှာ ကိုယ့်မြို့ကို လုံခြုံရေးယူထားတဲ့ အဖွဲ့အစည်းတွေကလည်း ဒီအခြေအနေတွေကို မသိတာလား ဘယ်လိုလဲတော့ မသိဘူး။ တချို့နေရာတွေမှာဆိုရင် လက်နက်တွေ မြို့ထဲရောက်လာတာ ရှိတယ်။ ပြည်သူလူထုက ဒီလို အခြေအနေအပေါ် ကြောက်လာကြတာပေါ့။ အမှန်ကတော့ လူ့အသက်ထက် ဘယ်အရာမှ တန်ဖိုးမရှိပါဘူး။ ဒီအသက် အန္တရာယ်ဖြစ်စေမယ့် အရာကိုတော့ လူတိုင်းက ကြောက်ကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက်ကို အသက်စွန့်ပြီး တာဝန်ထမ်းဆောင်ပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း လေးစားပါတယ်။ အခုက ရွေးကောက်ပွဲ မှာ မဲတစ်ပြား ထည့်မယ်ဆိုရင် ငါ့အသက်နဲ့ တန်ရဲ့လားဆိုပြီး လူထုက စဉ်းစားကြမယ့် အခြေအနေပါ။
တစ်ဖက်က အခုလောလောဆယ်မှာ လုပ်နေတဲ့ အခင်းအကျင်းတွေဟာ ရွေးကောက်ပွဲကို မဖြစ်အောင် လုပ်နေတဲ့ အခင်းအကျင်းလို့ မြင်ပါတယ်။ ခြိမ်းခြောက်မှုတွေနဲ့ လုပ်နေကြတာပါ။ မြို့တွေမှာ တိုက်ပွဲဖော်ဆောင်နေတော့ တချို့မြို့တွေ ပျက်သွားတာပဲ။ အဲဒါတွေက ရွေးကောက်ပွဲ ဘယ်လိုသွားလုပ်မလဲ။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကတော့ ကော်မရှင်နဲ့ တွေ့ တဲ့အခါတုန်းကရော၊ NSPNC နဲ့ တွေ့တဲ့အခါတုန်းကရော တင်ပြထားချက်တွေ ရှိပါတယ်။ ဥပမာ ရခိုင် တောင်ကုတ်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ရင် အဲဒီမြို့နယ်ကနေ တခြားမြို့နယ်တွေမှာလာပြီး စစ်ဘေးရှောင်နေကြတာတွေ ရှိတယ်။ အဲဒီလို စစ်ဘေးရှောင်တွေများတဲ့နေရာတွေမှာ တောင်ကုတ် မဲဆန္ဒနယ်အတွက် မဲပုံးထောင်ပေးရင် မဖြစ်နိုင်ဘူးလားဆိုတာကို တင်ပြထား တာရှိပါတယ်။ အဓိက ကတော့ လုံခြုံတဲ့နေရာမှာ ပဋိပက္ခဖြစ်နေတဲ့ မဲဆန္ဒနယ်အတွက် ရွေး ကောက်ပွဲ မဲပုံးထောင်ပေး တာမျိုးပေါ့။ အဲဒီလိုမျိုး နိုင်ငံတော်က စီစဉ် ပေးမယ်ဆိုရင် ကောင်းတယ်။ သူ့ရဲ့ ကိုယ်စားပြုမှုရသွား တာပေါ့။
TREND ။ ။ ကချင်ပြည်နယ်မှာရှိတဲ့ မဲဆန္ဒ နယ်မြေတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ၊ ပါတီတစ်ခုအနေနဲ့ ဘယ်လိုပုံစံမျိုး ရပ်တည် ဆောင်ရွက်နေရလဲ။
UHA ။ ။ လတ်တလော အခြေအနေမှာတော့ မဲဆန္ဒရှင် ပြည်သူတွေက စည်းရုံးရေးဆင်းဖို့၊ လူထုကို စုဖို့ နေနေသာသာ ကျွန်တော်တို့ သွားဖို့လာဖို့တောင် ခက်ခဲနေတယ်။ အခု ဗန်းမော်ဆိုရင် တိုက်ပွဲဖြစ်တယ်၊ မြို့ပျက်သွားတယ်။ ကျန်တဲ့မြို့တွေမှာလည်း ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေကြတယ်။ အဲဒီအတွက်ကြောင့် ကချင်ပြည်နယ်မှာဆိုရင် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တော်တော် သတိထားပြီး လုပ်ရမယ့် အခြေအနေပါ။ ဒါပေမဲ့လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးထဲမှာ KIA က နိုင်ငံရေးအရ အပါးဆုံးလို့ ပြောလို့ရတယ်။ ရွေးကောက်ပွဲ နီးခါကျမှ နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်မယ်၊ လုပ်ပြီး အဆင်ပြေသွားကြပြီးတော့ ရွေးကောက် ပွဲကို အေးအေးဆေးဆေး လုပ်လို့ရရင် ရသွားမှာပေါ့။ အဲဒါကတော့ သူတို့ရဲ့ လက်နက်ကိုင်တဲ့အဖွဲ့အပေါ် မူတည်နေတာပေါ့။
TREND ။ ။ KIA က နိုင်ငံရေးအရ အပါးဆုံး ဆိုတာက ဘယ်လို ရပ်တည်ဆောင်ရွက်ချက်မျိုး၊ ဘယ်လို လှုပ်ရှားမှုကို ဆိုလိုတာလဲ။
UHA ။ ။ အမှန်ကတော့ KIA က နိုင်ငံရေးအရ ပါးနပ်တယ်။ နိုင်ငံရေးဖြတ်သန်းတဲ့ တစ်လျှောက်လုံး အကုန်ပြန်ကြည့်တဲ့အခါမှာ KIA ဟာ အင်အား မရှိခင်မှာ ငြိမ်းချမ်းရေး စကားပြောတယ်။ အင်အားရှိရင် ပြန်တိုက်တယ်။ အဲဒီလိုမျိုးနဲ့ သူကစားလာခဲ့တာ။ ယနေ့ အချိန်အခါမှာလည်း မြန်မာ့နိုင်ငံရေးကို ရှုပ်ထွေးလာအောင် အဓိက ခေါင်းဆောင်နေတာဟာ KIA ပဲလို့ ပြောချင်ပါတယ်။ ဒါပေမဲ့လည်း ညှိနှိုင်းမှု အဆင်ပြေသွား ပြီဆိုရင်တော့ ကျွန်တော်တို့ဒေသက ရွေးကောက်ပွဲကို အေးအေးဆေးဆေး လုပ်လို့ရ သွားမယ့်သဘော ရှိတယ်။ အဓိကကတော့ KIA အပေါ် မူတည်တယ်လို့ မြင်ပါတယ်။ အခုလောလော ဆယ် ရပ်တည်မှုက KIA ဟာ NUG ဘက်ကနေ ရပ်တည်နေတယ်။ NUG က ဝန်ကြီးတွေ အကုန်လုံးလောက်နီးနီးတွေ ရှိနေတာပဲ။ ဒီအခြေအနေကနေ အစိုးရနဲ့ ညှိနှိုင်းမှု ဘယ်လိုလာမလဲ ဆိုတာကတော့ မသိပါဘူး။ ဒါပေမဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြားထဲမှာ သူက နိုင်ငံရေးပါး တော့ တော်တော်ဝတယ်ဆိုတော့ သူက ဘယ်သူ့ပဲ ထိုးကျွေးရ ထိုးကျွေးရပါစေ၊ သူ့အမျိုးသား ရပ်တည်ဖို့ အတွက်တစ်ခုတည်း သူက လုပ်သွားတာ။ အခုလည်း သူ့ရဲ့နယ်မြေအပိုင်းအခြားအလိုက် သိမ်းထားတယ်။ အဲဒီလို သိမ်းထားပြီးနောက်မှာ သူဘာတွေ ကစားသွားမလဲဆိုတာတော့၊ အစိုးရနဲ့ ဘယ်လို ညှိနှိုင်းမလဲဆိုတာတော့ အဲဒီအခါကျမှပဲ သိလာရမှာ။ နိုင်ငံရေးဆိုတာကတော့ KIA ဘာလုပ်မလဲ ဆိုတာကတော့ အရိပ်အမြွက်တော့ သိပေမယ့် ပြောလို့သိပ်မကောင်းဘူးလေ။ သူကတော့ သူ့ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ သူ့ရဲ့အဖွဲ့အစည်း အကျိုးအတွက်ပဲ။ အဲဒါကိုပဲ သူ့ကြည့်တာ။ စပေါ်လာကတည်းက ဒီအတိုင်း သူကျင့်သုံးခဲ့တာပဲ။
TREND ။ ။ KIA က နိုင်ငံရေးဝတယ်၊ ဘယ်သူ့ပဲ ထိုးကျွေးရ ထိုးကျွေးရ သူ့အမျိုးသား အကျိုးစီးပွား၊ သူ့ရဲ့ အဖွဲ့အစည်း အကျိုးအတွက်ပဲကြည့်ပြီး လုပ်ခဲ့တာဆိုတော့ သာဓကအနေနဲ့ အရင်တုန်းကရော ဘယ်လို ဖြစ်စဉ်တွေ ရှိခဲ့လဲ။
UHA ။ ။ ဖြစ်စဉ်တွေကတော့ တခြားတော့ မပြောလိုတော့ပါဘူး။ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး ယူလိုက်တယ်။ အစိုးရနဲ့ လက်မှတ်ထိုးလိုက်တယ်။ အစတုန်းကတော့ ဖားကန့်ပေးပါ ဘာညာတောင်း ခဲ့တယ်။အစိုးရက မပေးပါဘူး။ ပြီးတော့ အစိုးရနဲ့ သဘောတူညီ လက်မှတ်ထိုးပြီး နောက်ပိုင်းမှာ ၁၉၉၆ခုနှစ်မှာ ABSDF တွေကို အကုန်လုံးကို မောင်းထုတ်ခဲ့တာပဲလေ။ ဒါက ကြီးမားတဲ့ နိုင်ငံရေး အပေးအယူတစ်ခုပဲလေ။ သူတို့ပဲ မြောက်ပိုင်းမှာ ABSDF ဆိုပြီး ဖွဲ့ပေးခဲ့တာ လိုင်ဇာမှာ ဖွဲ့တယ်၊ ပါဂျောင်မှာ ဌာနချုပ်ထားတယ်။ အဲဒီတုန်းက ABSDF အားလုံးကို မြှောက်စားခဲ့တာ။ နောက် ၁၉၉၄ မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ၁၉၉၆ ခုနှစ်မှာတော့ ABSDF အားလုံးကို မြောက် ပိုင်းကနေ မောင်းထုတ်ခဲ့တာပဲ။ ဒါက ၁၉၉၄ ငြိမ်းချမ်းရေးအပေးအယူ ဘယ်လို လုပ်ခဲ့တယ်ဆိုတာ မသိရပေမယ့်လည်း လက်တွေ့ကတော့ အဲဒီလိုဖြစ်စဉ် ရှိခဲ့တာပေါ့။
TREND ။ ။ KIA က သူ့ဌာနချုပ်မှာ NUG က ဝန်ကြီးတွေ လက်ခံထားတာ၊ PDF တွေကို ကူညီနေတာတွေ ရှိနေတော့ ဒီအခြေအနေရဲ့ အဆုံးသတ်က ဘာဖြစ်လာနိုင်လဲ။
UHA ။ ။ အမှန်ကတော့ သူတို့မွေးထုတ်ပေးလိုက်တာလောက်ပဲ ရှိတယ်။ အဲဒီလို မွေးထုတ်ပေးပြီးတော့ သူတို့ ကူညီခဲ့တယ်။ ကူညီခဲ့တယ် ဆိုတာကလည်း ဥပမာ သေနတ်တစ်လက် ထုတ်ပေးတယ်ဆိုတာ က အကြွေးရောင်းပေးတာ။ အဲဒီသေနတ်ဖိုးကို PDF တွေက ပြန်ရှာပေးနေရ တာ။ ဒါကြောင့်လည်း မကွေးတို့၊ ကောလင်းတို့မှာရှိတဲ့ ရေနံတွင်းတွေမှာ PDF တွေက ပိုက်ဆံအကြီး အကျယ်ရှာနေတာ။ ရှာပုံရှာနည်းတွေ ကိုလည်း KIA က သင်ပေးနေတာပဲ။ အဲဒီတစ်လျှောက်လုံး မကွေးတို့၊ ကောလင်းတို့၊ ကန့်ဘလူတို့ သူတို့သိမ်းထားတယ်ဆိုတဲ့ နယ်မြေတွေမှာက ရေနံတွင်း တင်မကဘူး သစ်တို့၊ ရွှေတို့ အဲဒီအားလုံးရဲ့ အကြီးအကဲတွေက KIA ပဲ။ သူတို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီးမှသာ လုပ်ကြရတာ။ပြောရမယ်ဆိုရင် နိုင်ငံရဲ့ သယံဇာတတွေကို ရောင်းစားနေကြတာပေါ့။ လုပ်ငန်းရှင်တွေက လုပ်ချင်ရင် သူတို့ဆီမှာ ခွင့်တောင်းရတယ်။ ဒါက ရောင်းစားတာလို့ ပြောလို့ရတာပေါ့။ PDF တွေကတော့ အဲဒီနယ်မြေမှာ အခွန်ကောက်တဲ့ အဆင့်ပေါ့။ အခွန်ကောက်တယ်ဆိုတာ ကလည်း KIA ကို ပေးရတာပဲ။ အားလုံးက PDF တွေ မရကြဘူးလို့ သိရတယ်။

TREND ။ ။ KIA က PDF တွေကို လက်နက်တွေ အကြွေးရောင်းပေးတယ်၊ ဒါကို PDF တွေ ပြန်ရှာပြီး လက်နက်အကြွေး ပြန်ဆပ်ရတယ်ဆိုတာက ဘယ်လိုအနေအထားမျိုးလဲ။
UHA ။ ။ PDF တွေကို လက်နက်ထုတ်ပေးတယ်၊ ပြီးရင် လက်နက်ဖိုး ပြန်ပေးရတာပေါ့။ အဲဒီလို ပြန်ပေးနိုင်ဖို့ PDF တွေ ကိုယ့်ဒေသမှာကိုယ် ပိုက်ဆံပြန်ရှာတယ်။ လက်နက်ဖိုးရော၊ ကျည်ဖိုးရော ရှာပြီး ပြန်ပေးရတာ။ နောက် ထူးခြားချက်တစ်ခုက အင်းတော်တိုက်ပွဲ တိုက်စဉ်အခါတုန်းက အင်းတော်က PDF တွေက KIA ဆီမှာ စစ်ကူသွားတောင်းတဲ့အခါမှာ သူတို့မှာ စာချုပ်နဲ့ယူခဲ့ရတယ်။ KIA အရာရှိတစ်ယောက်သေရင် ရွှေတစ်ပိဿာ၊ အခြားအဆင့်သေရင် ရွှေငါးဆယ်သား လျော်ကြေးပေးရတာ။ တိုက်ပွဲမှာ ကျသွားရင် အင်းတော်မှာ တာဝန်ခံတဲ့ PDF တွေက လျော်ကြေးပေးရမှာ။ အဲဒီလိုမျိုး စာချုပ်ချုပ်ပြီးမှ ခေါ်ခဲ့ရတာ။ တကယ်တမ်း အင်းဝောာ်ကို လာတိုက်တဲ့အခါ KIA ဘက်က အကျအဆုံးများ၊ လက်နက်ခဲယမ်းတွေလည်း အသုံးများတော့ ကျပ်သိန်းပေါင်း ရှစ်သောင်းကျော် PDF ကို အင်းတော် PDF က စစ်လျော်ကြေး ပေးရတယ်လို့ အဲဒီလိုအသံ ကြားရတယ်။ အဲဒီငွေပေးဖို့ ဘယ်လို လုပ်ရမလဲဆိုတာ သူတို့ မလုပ်တတ်တော့ ရွှေဘို-မြစ်ကြီးနားလမ်းကို ဖွင့်တယ်။ ကားတွေကို အခွန် ကောက်တယ်။ ဆီတစ်ပီပါကို တစ်သိန်းခွဲ၊ ဆီကားကြီးတွေဆိုရင် သိန်းငါးဆယ်၊ ကုန်တင်ကားကြီး တွေဆိုရင် သိန်းငါးဆယ် အဲဒီလို ကောက် ရင်းနဲ့ သူတို့ လျော်ကြေးပေးရတယ်လို့ ကြားရတယ်။ ဒါက ပြည်သူတွေက ပြောတဲ့အသံပါ။ သူတို့ PDF ထဲက ထွက်တဲ့အသံကို ပြည်သူတွေက ပြန်ပြောကြတာပေါ့။ အမှန်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကုန်လုံးက PDF တွေကို အသုံးပြုနေကြ တာပါ။ PDF တွေ ကျတာလည်း အများကြီးလို့ ကြားနေရပါတယ်။ သူတို့ တိုက်ပွဲကျတာကတော့ သူ့သမိုင်းနဲ့သူပေါ့။ အညာ PDF တွေ တော်တော်များများက လက်နက်နဲ့ အသက်နဲ့ သွားလဲခဲ့ကြရတဲ့ အခြေအနေပါ။ TNLA နဲ့ တိုက်တဲ့တိုက်ပွဲ တွေ အားလုံးနီးနီးမှာ အဲဒီလို အနေအထားပေါ့။ အဲဒီမှာ သူတို့ ရပ်တည်ဖို့တောင် သိပ်မလွယ်တော့ပါဘူး။ ဒါကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သူတို့ လူမျိုးစုအရေးပဲ လုပ်တယ်ဆိုတာ ပေါ်လွင်တာပေါ့။ ဒီလိုတွေ လုပ်နေရပြီဆိုတော့ သူတို့ရဲ့ တော်လှန်ရေးဆိုတာက ရေရှည်မှာ မဖြစ်နိုင်တော့ပါဘူး။ အဲဒါက အဓိက ပြည်သူပဲနာမှာ။ အခုလည်း ပြည်သူတွေ နာနေတာပဲ။ အခု တိုက်ပွဲကြီးတွေ မဖော်ဆောင်နိုင်ဘူးဆိုတာကအစ တိုင်းဒေ သကြီးတွေမှာ မြို့သိမ်းဆိုတဲ့ တိုက်ပွဲကြီးတွေ မဖော်ဆောင်နိုင်ဘူး ဆိုတာကလည်း အဲဒီကိစ္စတွေ အများကြီးပါလိမ့်မယ်လို့ မြင်တယ်။ အမှန်ကတော့ ငွေပေးပြီး လက်နက်ဝယ်၊ လျော်ကြေးပေးဖို့ စာချုပ်ချုပ်ပြီး တိုက်ရတယ် ဆိုကတည်းက လွတ်မြောက်ရေးအတွက် တိုက်တာမဟုတ်ဘဲ ကြေးစားခေါ် သလို ဖြစ်နေတာ။ ထပ်ပြီးခေါ်ရင် စာချုပ်စာတမ်းမှာ တစ်ခါတည်း လက်မှတ်ထိုးခဲ့ရတာလို့ အင်းတော် PDF ရဲ့ ရင်ဖွင့်သံလေး ကြားရတာပေါ့။ အမှန်က ပူးပေါင်းတိုက်တာဆိုတာက နောက်ကွယ်မှာ အဲဒီ ကိစ္စတွေ ရှိနေတယ်။ ယနေ့အထိလည်း အောက်ပြည်အောက်ရွာမှာ၊ တိုင်းဒေသကြီးတွေမှာ KIA တစ်ယောက်ကျရင် PDF တွေက လျော်နေရတာပဲလေ။ KIA က အစကတည်းက အဲဒီလိုမျိုး အနေအထားမျိုး ခင်းကျင်းလာခဲ့တာ။ အခု KIA ကို ပေးရမယ့်ငွေက အခွန်ကောက်တာကနေ လျော်ပေးပြီးသွားပြီလို့ သိရတယ်။ သူတို့က လူထုကို ရင်ဖွင့်တယ်။ ပြည်သူကနေ ကျွန်တော်တို့ဆီကို လာပြောပြတာပေါ့။ ကျွန်တော်တို့ ဒေသတွေ ကုန်ဈေးနှုန်းတက်သွားတယ်ဆိုတာ အဲဒီကိစ္စတွေ အများကြီးပါတယ်။
TREND ။ ။ ဒေသရဲ့ ပဋိပက္ခဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ လတ်တလော သိရသလောက် ပြောပြပါဦး။
UHA ။ ။ ဗန်းမော်ကတော့ ဆက်တိုက်နေတုန်းပဲ။ လူအသေအပျောက်ကလည်း အများဆုံးဖြစ်နေတယ်။ ဗန်းမော်က စစ်ဘေးရှောင်တွေ ပြောစကားအရ ကတော့ KIA ဘက်က လူတွေဆွဲနေတာ အကြီးအကျယ်ပဲ။ တွေ့တာနဲ့ ဆွဲတယ်၊ ဆွဲပြီးရင် သင်တန်းကို တစ်ပတ်လောက်ပေးတယ်၊ ပေးပြီးရင် သေနတ်ပစ်တတ်ပြီဆိုရင် ရှေ့တန်းကိုပို့တယ်။ အဆွဲခံရတာက ပြည်သူတွေပဲ၊ သူတို့ ကချင်အစစ်တွေ မဟုတ်ဘူး။ တခြားတိုင်းရင်းသားတွေပါ ဆွဲနေတာဆိုတော့ ပြည်သူတွေ အဆွဲခံနေရတာ။ အခုက ဖားကန့်မှာဆိုရင် အများဆုံး ဆွဲနေတာ တွေ့ရပါတယ်။ ဖားကန့်မှာဆိုရင် လူဦးရေများတော့ လူဘယ်နှယောက် ပျောက်လို့ပျောက်မှန်း မသိနိုင်ဘူး။ အဲဒီအခါကျတော့ ဆွဲတယ်၊ ဆွဲပြီးရင် ကချင်လူမျိုးကို သီးသန့် သင်တန်းပေးတယ်။ ကချင်မဟုတ်တဲ့ တခြားတိုင်းရင်းသားတွေဆိုရင် သီးသန့်ပေးတယ်။ သင်တန်းပေးပြီးရင် ဗန်းမော်စစ်မျက်နှာကို မြန်မြန်ဆန်ဆန် လွှတ်တယ်ပေါ့။ သူတို့ နောက်ပိုင်း လွှတ်တာတွေက KIA က အစစ်အမှန်တွေ မဟုတ်ဘူး၊ အဲဒါတွေက ပြည်သူလို့ ပြောလို့ရတယ်။ သင်တန်းကို တစ်ပတ်၊ ၁၀ ရက်လောက်တက်ပြီး ရှေ့တန်းထွက်ရတာဆိုတော့လေ။ တစ်ဖက်ကလည်း KIA ဝတ်စုံဝတ်ရင် KIA ပဲ၊ ရန်သူလို့ သတ်မှတ်မှာပဲ။ အဲဒီမှာ ပစ်ကြခတ်ကြပြီ ဆိုရင်တော့ သေကြရတာက ပြည်သူလို့ပဲ ပြောရမှာပါ။
TREND ။ ။ ဒေသခံတွေရဲ့ ပြောကြားချက်တွေအရ KIA ဟာ ဗန်းမော်မှာ စစ်ဦးကျိုးသွားတော့ ဘိန်းစားတွေပါမချန် ပေါ်တာ ဆွဲနေတယ်လို့ ကြားရပါတယ်။ သူတို့ ပေါ်တာဆွဲနေတာက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား အခြေအနေအထိ ဖြစ်နေပြီလဲ။
UHA ။ ။ ဘိန်းစားတွေ ဆွဲနေတာကတော့ကြာပါပြီ။ အခုဟာက လူကောင်းတွေရော ဆွဲနေတာ။ အိမ်ပေါ်တောင် တက်ဆွဲတယ်။ နေ့ခင်း ကြောင်တောင်လည်း လူငယ်တွေရှိရင် အိမ်ပေါ်တွေ တက်ဆွဲတယ်။ ဟိုတလောကဆိုရင် မိုးကောင်းမြို့နယ် ပင်းကျိုင်းကျေးရွာမှာ ဆွဲသွားတယ်၊ အဆွဲခံရ တဲ့ လူစာရင်းကတော့ ၅၆ ယောက် စာရင်းရတယ်။ ဒါပေမဲ့ ပါသွားတာက ၁၀၀ နီးနီးရှိတယ်လို့ ပြောကြတယ်။ အဲဒါက နေ့ခင်းပိုင်း ဝင်ဆွဲတာ၊ အမျိုးသမီးတွေက လေးယောက်လောက် ပါသွားတယ်။ အသက်ကြီးပိုင်းတွေရော အကုန်ဆွဲသွားတာ လို့ ရွာသားတွေက ပြောတယ်။ အဲဒါဖြစ်တာက လွန်ခဲ့တဲ့ တစ်ပတ်၊ ၁၀ ရက်လောက်က ဖြစ်ခဲ့တာ။ အင်းတော်ကြီးဘက်မှာဆိုရင်လည်း သူတို့က လူပေါင်းရာချီ ဆွဲသွားတယ်။ ဒီလို အလွတ်ဆွဲနေကြတော့တာပေါ့။ KIA က တစ်ဖွဲ့တည်းလားဆိုတော့ အဲဒီမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက လူတွေကို ဖမ်းနေကြတော့တာ၊ လူဖမ်းပြီးရင် သေနတ်ကိုင်ခိုင်းနေကြတာ။ ဒီလုပ်ရပ်တွေကလည်း ပြည်သူ့အကျိုးအတွက် မဟုတ်ဘူး၊ သူတို့အကျိုးစီးပွားတွေအတွက်ပဲ လုပ်ကြတာ။ တိုင်းပြည်က ဒီအခြေအနေဖြစ်တော့ သူတို့လုပ်ပြီပေါ့၊ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ပြီပေါ့။
TREND ။ ။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်နေကြသလို ပြည်သူလူထု ဒုက္ခမျိုးစုံ ကြုံတွေ့နေရတော့ အမြန်ဆုံး နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိလာဖို့ကလည်း အရေးအကြီးဆုံး အချက်ပါ။ အခြေအနေကြီးကို ဘယ်လိုနည်းလမ်းတွေနဲ့ အမြန်ဆုံးအဆုံး သတ်ကြမလဲ ဖြည့်စွက်ပြောကြား ပေးပါဦး။
UHA ။ ။ လက်ရှိ အခြေအနေအရ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ KIA ဆိုရင် အခု နယ်မြေလုနေတယ်။ ဒါဟာ ဗဟိုအစိုးရ အားနည်းချိန်မှာတော့ သူတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက နယ်မြေလုနေကြတာမျိုးကလည်း ပေါ်လာစမြဲပဲလေ။ အခွင့် အရေးတစ်ရပ်လို လုပ်နေကြတာပဲ။အဓိကကတော့ ဗဟိုအစိုးရအား ကောင်းလာဖို့ လိုတာပေါ့။ နောက်ပြီး တိုင်းပြည် ငြိမ်းချမ်းအောင်ကတော့ ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်။ ပေါ်ပေါက်လာတဲ့ အစိုးရတစ်ရပ် အပေါ်မှာလည်း ပြည်သူက ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ပြည်သူ့လုံခြုံရေးကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လို့ရမယ်လို့ မြင်ပါတယ်။ အခုက အမုန်းတရားတစ်ခုနဲ့ လုပ်ခဲ့ကြတာ တိုင်းပြည် ဒီအခြေ အနေ ဖြစ်လာတာ။ ဒီအမုန်းတရားတွေကို ချေဖျက် ပြီးတော့ တိုင်းပြည်ချစ်စိတ် အကုန်ရှိကြပြီ ဆိုရင်တော့ တိုင်းပြည်က ပြန်ပြီးကောင်းလာမှာပါ။ နိုင်ငံသားတိုင်းကတော့ နိုင်ငံကိုချစ်ဖို့ အရမ်းလို အပ်ပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံကိုချစ်ကြရင် ဒီပြဿနာမပေါ်ပါဘူး။ မငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ ဒါကြောင့်မို့လို့ နိုင်ငံသားတိုင်း နိုင်ငံကိုချစ်ကြဖို့ လိုအပ်တယ်လို့ပဲ ဖြည့်စွက်ပြော ကြားလိုပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )