၂၀၂၅ အိမ်ခြံမြေ ဈေးကွက်မှာ မြေကွက်ထက်စာရင် တိုက်ခန်းတွေကို ဝယ်တာများလာလိမ့်မယ် . . 3 Stars Shwe Nyi Ko Engineering Group  ၏ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းအောင်နှင့် တွေ့ဆုံခြင်း

၂၀၂၅ ဇန်နဝါရီ ၁၆

 လူနေထူထပ်ပြီး တိုက်တာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာနေသည့် စီးပွားရေးမြို့တော် ရန်ကုန်တွင် ၂၀၂၄ ခုနှစ်အတွင်း အဆောက် အအုံ တည်ဆောက်ရေးလုပ်ငန်းလည်ပတ်မှု အခြေအနေများသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ မြင့်တက်လာမှုများကြောင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် လုံးချင်းများကို PAE စနစ်ဖြင့် ဆောက်လုပ်ပေးလျက်ရှိသည့် လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိခဲ့သည်။ ထို့ကြောင့် "လုံးချင်းကို PAE စနစ်နဲ့ ဆောင်ရွက်ရတဲ့နေရာမှာ ကြုံတွေ့ရတာကတော့ အလုပ်သမား နည်းနည်းအခက်အခဲရှိတယ်။ အဓိကကတော့ ပစ္စည်းဈေးပဲ အခက်အခဲရှိတာပေါ့။ တချို့ဟာတွေကျတော့ ပစ္စည်းကို မဖြစ်မနေ လှောင်ရတယ်။ လှောင်ပြီးမှပဲ ဆောက်ရတာ ပေါ့။ ဒီအချိန်မှာတော့ ကျွန်တော်တို့ ကုမ္ပဏီမှာ မှီခိုနေတဲ့ ဝန်ထမ်းတွေ၊ ကျွန်တော်တို့အပါအဝင် အမြတ်အစွန်းကို ကြည့်လို့မရဘူး။ လုပ်ငန်းလည်ပတ်ပြီး တစ်ချိန်ကျရင် ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အဆင်ပြေလာတဲ့အချိန်မျိုးကျရင် အကျိုးအမြတ်တွေ ဖြစ်ထွန်းလာမယ်လို့ မျှော် လင့်ပါတယ်"ဟု ပြောကြားသည့် 3 Stars Shwe Nyi Ko Engineering Group ၏ မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းအောင်နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

TREND    ။    ။ 3 Stars Shwe Nyi Ko Enginee-ring Group အနေနဲ့ လတ်တလော အဆောက်အအုံတည် ဆောက်ရေး လုပ်ငန်းလည်ပတ်မှု အခြေအနေလေးကို ရှင်းပြပေးပါဦး။
UZMA    ။    ။
ကျွန်တော်တို့ကတော့ PAE လုပ်ငန်းရယ်၊ အခန်းပေးအခန်းယူ ပုံစံမျိုးရယ်၊ နောက် အထပ်မြင့်တွေလည်း PAE နဲ့ ဆောက်တာတွေလည်း ရှိပါတယ်။ လုပ်ငန်းကတော့ တော်တော်လေး ကျယ်ပြန့်နေပါပြီ။ ၂၀၁၉ မတိုင်ခင်ကတည်းက လုပ်ဆောင်နေတာ ရှိပါတယ်။ ၂၀၁၉ မှာတော့ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောကတော့ ဈေးကွက်မှာ ဈေးအတက်အကျအပေါ် လုပ်ရတာ ခက်ခဲတဲ့အပိုင်းတွေတော့ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကတော့ စရန်ကြိုမယူဘဲနဲ့ ဖောင်ဒေးရှင်းပြီးမှ စပေးရတာဆိုတော့ Client တွေဆီက ယုံကြည်မှု အများကြီးရရှိပါတယ်။ အဓိကတော့ ငွေကို ကြိုမယူဘူး။ ဖောင်ဒေးရှင်းပြီးမှပဲ စရန်စပေးပြီးတော့ တစ်ခုပြီးမှတစ်ခု ယူသွားတာပေါ့။ PAE မှာဆို ဖောင်ဒေးရှင်းပြီးရင် တစ်ခုပြီးမှ တစ်ခုယူတဲ့ အခါကျတော့ Client တွေဘက်က အရမ်းသဘောကျတယ်။ ဘာလို့ သဘောကျကြလဲဆိုတော့ သူတို့ငွေနဲ့ မဆောက်ဘူး။ စရန်မယူဘဲနဲ့ ဆောက်တာပေါ့။ ဒါက ပစ္စည်းလှောင်ရတဲ့ အကြောင်းရင်းကလည်း ပစ္စည်းဈေး အတက် အကျ ဖြစ်နေတဲ့အခါကျတော့ ပစ္စည်းလှောင်ပြီး သွာရတဲ့ အနေအထား ဖြစ်ပါတယ်။ အခန်းပေးအခန်းယူ ကိစ္စမှာလည်း ကြိုပွိုင့်တွေရောင်းတာတော့ နည်းပါတယ်။ ကြိုပွိုင့်က တချို့အခန်းတွေ ရောင်းတဲ့ဟာတွေ လည်း ရှိပါတယ်။ ရောင်းတဲ့ဟာတွေလည်း တစ်ခုပြီးမှတစ်ခု အဲဒီလိုမျိုး ရှစ်ကြိမ်၊ ကိုးကြိမ်လောက် ခွဲ ယူသွားတယ်။ Client တွေဘက်က ပိုက်ဆံနည်းနည်းစီပေးရတော့ ပိုအဆင်ပြေတာပေါ့လေ။

TREND    ။    ။ လုံးချင်း တည်ဆောက်တဲ့အခါမျိုးတွေမှာ Customer စိတ်ကြိုက်ဖြစ်အောင် ဆောင်ရွက်ပေးမှု အပိုင်းကိုလည်း ရှင်းပြပေးပါဦး။
UZMA    ။    ။
အိမ်ဆောက်တဲ့ အခါမှာလည်း အတွေ့အကြုံနုသေးချိန် ကိုယ်ဆောက်မယ့် အိမ်ဒီဇိုင်းက အသစ်အဆန်းဖြစ်နေတဲ့အခါ တစ်ခါတလေ Challenging  ဖြစ်တာတွေနဲ့ ကြုံရလေ့ရှိပါတယ်။ အဲဒါမျိုးတွေ မကြုံတွေ့ရအောင် ကျွန်တော်တို့အနေနဲ့ ကျွမ်းကျင်တဲ့ အင်ဂျင်နီ ယာတွေ Labor တွေကို ဈေးကွက်တန်းဝင် အိမ်တော်တော်များများကို တည်ဆောက်ဖူးတဲ့သူတွေ၊လေ့လာဖူးထားကြတဲ့သူ ဖြစ်တဲ့အတွက် ဝယ်သူစိတ်ကြိုက်ဖြစ်စေမှာ အမှန်ပါပဲ။ Project Plan သေချာဆွဲပြီး အသေးစိတ် Detail လိုက် ကြည့်လုပ်ဆောင်ကြတဲ့အတွက် တိကျပြီး လုပ်ငန်းလည်းပြီးဖို့မကြာပါဘူး။ နောက် စောစောကပြောသလို စရန်လည်း ကြိုမယူတာဖြစ်တဲ့အတွက်ကြောင့်နဲ့ အတွေ့အကြုံများစွာရှိတဲ့ အင်ဂျင်နီ ယာများရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့အတူ လက်ရာကျွမ်းကျင် သေသပ်တဲ့ Labor များ အချိုးညီညီ ပူးပေါင်းဆောင် ရွက်ထားတဲ့ Projects ကြောင့် ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်တဲ့သူတွေဆိုရင် စိတ်ကျေနပ်မှု ရရှိပါတယ်။ ဈေးကွက်မှာတော့ Customer စိတ်ကြိုက်ဖြစ်စေပါတယ်။

TREND    ။    ။ အဲဒီလိုမျိုး တည်ဆောက်ရေး ဆောင်ရွက်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
UZMA    ။    ။
လုံးချင်းကို PAE စနစ်နဲ့ ဆောင်ရွက်ရတဲ့နေရာမှာ ကြုံတွေ့ရတာကတော့ အလုပ်သမား နည်းနည်း အခက်အခဲရှိတယ်။ အဓိကတော့ ပစ္စည်းဈေးပဲ အခက်အခဲရှိတာပေါ့။ တချို့ဟာတွေကျတော့ ပစ္စည်းကို မဖြစ်မနေ လှောင်ရတယ်။ လှောင်ပြီးမှပဲ ဆောက်ရတာပေါ့။ ဒီအချိန်မှာတော့ ကျွန်တော်တို့ ကုမ္ပဏီမှာ မှီခိုနေတဲ့ဝန်ထမ်းတွေ၊ ကျွန်တော်တို့ အပါအဝင် အမြတ်အစွန်းကို ကြည့်လို့ မရဘူး။ လုပ်ငန်းလည်ပတ်ပြီး တစ်ချိန်ကျရင် ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ အဆင်ပြေလာတဲ့အချိန်မျိုးကျရင် အကျိုးအမြတ်တွေ ဖြစ်ထွန်းလာမယ်လို့ မျှော်လင့်ပါတယ်။

TREND    ။    ။ လက်ရှိအချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဈေးတက်သွားတယ်။ ဘိလပ်မြေဈေးဆိုရင် သုံး၊ လေးဆ လောက်အထိ ဖြစ်သွားတယ်။ ကျန်တဲ့ ဆောက်လုပ်ရေးသုံး ပစ္စည်း ဈေးကွက်အနေနဲ့ရော ဘယ်လောက်ထိ မြင့်တက်သွားလဲ။
UZMA    ။    ။
ဆောက်လုပ်ရေးသုံး ပစ္စည်းတွေ  တက်တာတော့ ယာယီတက်တာ များတာပေါ့။ ဘိလပ်မြေ၊ သံ၊ သံချောင်း အကုန်ပေါ့။ နောက် ကြွေပြား၊ ပါကေးတွေ အကုန်လုံး တက်တာပေါ့။ ဒီလိုမျိုး တက်နေတယ်ဆိုပေမယ့်လည်း မလုပ်လို့တော့ မရဘူးပေါ့။ တချို့ဟာတွေဆိုလည်း ရှုံးခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ရှုံးတယ်ဆိုပေမယ့်လည်း ဘတ်ဂျက်တစ်ခုကို တည်ဆောက်ပြီးတော့ သွားနေတဲ့အခါကျတော့ ကာလို့ရတာပေါ့။ ဈေးကွက်ကတော့ လုပ်ငန်းလုပ်ဆောင် သူတွေအနေနဲ့ ကြည့်ပြီးတော့ ဆောင်ရွက်နေပါတယ်။

TREND    ။    ။ တည်ဆောက်ရေး လုပ်ငန်းတွေကို ဘယ်မြို့နယ်တွေမှာ ဝန်ဆောင်မှုပေးနေပါသလဲ။
UZMA    ။    ။
တည်ဆောက်ရေး လုပ်ငန်းတွေကတော့ မန္တလေးမှာ ရုံးခွဲရှိပြီး အဆောက်အအုံတွေ ဆောက်လုပ်နေပါတယ်။ နောက် ဘားအံတို့၊ ဧရာဝတီတိုင်းဘက်ကျရင် ကျိုက်လတ်၊ မအူပင်တို့မှာ တည်ဆောက်နေတာ ရှိပါတယ်။ နောက်သန်လျင်တို့၊ မှော်ဘီ၊ ထောက်ကြန့်တို့၊ ရန်ကုန်မြို့ပတ်ချာလည်တို့မှာ လုပ်ဆောင်နေတာ ရှိပါတယ်။

TREND    ။    ။ လာမယ့် ၂၀၂၅ ခုနှစ်ရဲ့ ဖြစ်လာနိုင်တဲ့ ဈေးကွက် သုံးသပ်ချက်လေး ပြောကြား ပေးပါဦး။
UZMA    ။    ။
လာမယ့်နှစ်မှာ တိုက်ခန်းတွေကတော့ ဝယ်လိုအား ပိုများလာမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးလည်း သိတဲ့အတိုင်း ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်တဲ့ လူဦးရေတွေက တစ်နှစ်ထက်တစ်နှစ် များလာတဲ့အတွက် လိုအပ်ချက်တွေက အများကြီးရှိနေတယ်။ မိသားစုတွေ နေထိုင်ဖို့အတွက် အောက်ခြေ လူတန်းစားနဲ့ လူလတ်တန်းစားတွေက တိုက်ခန်းတွေကို ဝယ်ကြတဲ့အခါကျတော့ လာမယ့်နှစ်မှာတော့ အရောင်းအဝယ်တွေ ပိုပြီး ဖြစ်ထွန်းလာနိုင်တယ်။ စီးပွားရေးကလည်း အားလုံး အဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ PAE ကတော့ ဈေးနှုန်းအတက်အကျပေါ်မှာ မူတည်ပြီးတော့ မြေကွက်ပိုင်ဆိုင်တဲ့သူက အိမ်တစ်လုံး တည်ဆောက်မယ်ဆို ဈေးအကျတော့ မရှိဘူး။ အတက်မှာပဲရှိ ပါတယ်။ ဥပမာ - မြေကွက်ပေါ်မှာ သိန်းနှစ်ထောင်တန် အိမ်ဆောက်ရင် ဈေးနှုန်းအတက်ပေါ်မှာ မူတည်ပြီးတော့ သိန်းခုနစ်ထောင်၊ ရှစ်ထောင်တို့ ဖြစ်သွားတာ ရှိတယ်။ ဒါကတော့ မြေရှိတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုပေါ့။ အခန်းပေးအခန်းယူ စနစ်တွေမှာတော့ ပြန်အဆင်ပြေလာမယ်လို့ပဲ မျှော်လင့်ပါတယ်။ ကိုယ့်ရှေ့တွေမှာ မလုပ်ရဘဲရပ်နေတဲ့ အလုပ်တွေ တော်တော်များများ ပြန်စနေပြီဆိုတော့ ကြည့်မယ်ဆိုရင် တိုက်ခန်းလိုအပ်ချက်တွေက အများကြီးရှိတယ်။ တိုက်ခန်းတွေကတော့ သိန်း ၁၀၀၀၊ ၉၀၀၊ ၈၀၀ ဝန်းကျင်ဆိုတော့ ဝယ်နိုင်တဲ့ အနေအထားပေါ့။ တိုက်ခန်းတွေရဲ့ ဝယ်လိုအားတွေကလည်း မြေကွက်ထက်စာရင် တိုက်ခန်းတွေကို ဝယ်တာများလာလိမ့်မယ်လို့ ထင်ပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UZMA    ။    ။
ကျွန်တော်တို့ အနေနဲ့က PAE စနစ်နဲ့ ဆောက်မယ်ဆိုရင် ကျွန်တော်တို့ကုမ္ပဏီရဲ့ အားသာချက်ကတော့ ငွေကြိုမပေးရဘူး။ တစ်ခုပြီးမှတစ်ခု ပေးရတဲ့အတွက် Client တွေက ပိုက်ဆံကို ကြိုမပေးရ ဘဲနဲ့ကုမ္ပဏီက စိုက်လုပ်ထားတော့ အဲဒီအတွက် အဆင်ပြေကြတယ်။ နောက် အဆောက်အအုံတစ်ခု တည်ဆောက်တော့မယ်ဆိုရင် အဆောက်အအုံနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှုရှိအောင် ချပြပြီးမှ သွားတာပေါ့။ အဲဒါကြောင့်မို့ PAE ဆောက်ချင်တဲ့ အိမ်ရှင်တွေ သူရဲ့မြေ ကွက်ပေါ်မှာ သိန်းထောင်ကျော်တန် အိမ်တစ်လုံး ရင်းလိုက်တာနဲ့ သိန်း ၅၀၀၀၊ သိန်း ၆၀၀၀ မြတ်တယ်ဆိုတာက မြေပိုင်တဲ့ သူတွေရဲ့ အခွင့်အရေးဖြစ်ပါတယ်။ လက်တွဲပြီး လုပ်ဆောင်လိုတဲ့ သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ အထပ်မြင့်ဆောက်မယ်ဆိုရင်လည်း ကျွန်တော်တို့က မြေရဲ့ တန်ကြေးနဲ့ တွက်ချက်ပြီးတော့ အခန်းရဲ့တန်ကြေးကို ပြန်ပြီးသတ်မှတ်တာဆိုတော့ အထပ်မြင့် တွေ‌ဆောက်မယ်။ အကျိုးတူတွေ ဆောက်မယ်ဆိုရင်လည်း Downtown လိုနေရာမျိုးမှာ မြေပိုင်ဆိုင်ထား တဲ့ သူတွေအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရရှိလာမှာ ဖြစ်ပါတယ်။
(သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43079

© 2022 - 2025 News. All Rights Reserved.