၂၀၂၅ ဇန်နဝါရီ ၉
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသူ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) ဥက္ကဋ္ဌ စိုင်းသိန်းဖေမြင့်အား တွေ့ဆုံ၍ ဒေသအခြေအနေ၊ ဒေသခံ ပြည်သူ လူထု၏ လူမှုစီးပွား အခက်အခဲများ၊ ရွေးကောက်ပွဲ အလားအလာနှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အပေါ် အမြင်သဘော ထားများကို မေးမြန်းထားပါသည်။
TREND ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသရဲ့ လတ်တလော နယ်မြေဒေသအခြေ အနေလေးကို ပြောပြပါဦး။
STPM ။ ။ ကျွန်တော်က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းဒေသက လာတာဆိုတော့ ဒေသရဲ့အခြေအနေကို ပြောပြရမယ်ဆိုရင် ဟုမ္မလင်းမြို့နယ်နဲ့ ကျွန်တော်နေတဲ့ နောင်ပိုအောင်ရွာဆိုတာက ၁၉ မိုင်လောက်ဝေးတယ်။ အဲဒီ နောင်ပိုအောင်နဲ့ သုံးမိုင်လောက်အကွာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီလို တိုက်ပွဲတွေ ဖြစ်နေတော့ အဲဒီဒေသက ပြည်သူတွေကတော့ ပြေးကြလွှားကြ၊ ရှောင်ကြ တိမ်းကြနဲ့ လောလောဆယ် အခက်အခဲမျိုးစုံ ကြုံနေကြရတာပေါ့။ တိုက်ပွဲအခြေအနေကလည်း ညတိုင်းလိုလိုကို ပစ်သံခတ်သံတွေက အမြဲကြားနေရတော့ အဲဒီမှာ နေရတဲ့သူတွေက ကျီးလန့်စာ စားဘ၀ ဖြစ်နေကြတယ်။ ပြေးတဲ့သူက ပြေးကြတယ်၊ မပြေးဘဲ တချို့လည်း ကျန်တဲ့သူက ကျန်နေတာတွေလည်း ရှိနေပါတယ်။ အရင်ကလည်း ဖြစ်ခဲ့တာပဲ။ အခု တိုက်ပွဲတွေ ဖြစ်နေတာကလည်း တစ်လ ကျော်သွားပြီလို့ ပြောရမယ်။ အခုအချိန်အထိ ဖြစ်နေတုန်း။ ဥရုချောင်း အထက်ပိုင်းမှာရှိတဲ့ ရွှေပြည်အေးဘက်တွေမှာလည်း ဖြစ်တယ်။ အဓိကကတော့ SNA ဆိုတဲ့ ရှမ်းနီတပ်မတော်အဖွဲ့ ထိုင်တဲ့နေရာတွေကို တိုက်နေတာ။
TREND ။ ။ တိုက်ပွဲတွေက ဘယ်အဖွဲ့အစည်း တွေဖြစ်နေကြတာလဲ။
STPM ။ ။ အဓိကကတော့ နောင်ပိုအောင် အနီးနားတစ်လျှောက်မှာက နားမှော်ဘက်မှာ SNA အဖွဲ့က ရှိနေတယ်။ သူတို့က အဲဒီမှာ နေရာယူပြီး ထိုင်နေတယ်။ PDF က လာပြီးဝင်တိုက်တာပေါ့။ PDF က ဝင်တိုက်တော့ အဲဒီဒေသက နေလု့ိထိုင်လို့ အဆင်မပြေတော့ဘူး။ ကျွန်တော်တို့ဒေသမှာရှိတဲ့ တပ်စခန်းတွေဆီကို ဝင်လာမှာ စိုးတဲ့အတွက် SNA က ကာထားတာ အဲဒါကို ဝင်တိုက်တာ။ တပ်မတော်က တိုက်ပွဲဖြစ်ရင် စစ်ကူလာပေးတယ်။ အဓိကဖြစ်နေတာက PDF က SNA ကို လာ တိုက်တာပေါ့။ SNA ကို တိုက်တာကလည်း PDF တစ်ဖွဲ့တည်း မဟုတ်ဘူး၊ ဘေးက KIA နဲ့ တွဲလာတာပါ။ KIA ပါတယ်။ ဦးစီးတာက KIA ပဲ။

TREND ။ ။ ဟုမ္မလင်းဒေသကို သူတို့က ဘာကြောင့် တိုက်နေတာလို့ သုံးသပ်မိလဲ။
STPM ။ ။ ကျွန်တော်တို့အမြင်ကတော့ အဲဒီနယ်မြေတွေကို သူတို့က စိုးမိုးချင်လို့ တိုက်တာပေါ့။ ဥရုချောင်းတစ်ဖက်ခြမ်းကို သူတို့က ရချင်တဲ့ ပုံစံပေါက်တယ်။ နောင်ပိုအောင်ရွာရဲ့ အောက်ဘက်ကရွာဆိုရင် ဟုမ္မလင်းနဲ့ နီးတယ်။ ရွှေပြည်အေးတို့၊ ဒီဘက်က ပြန် တက်လာပြီဆိုရင် မြင်သာ၊ ရေလဲ၊ ဖာနိုင်း အကုန်လုံး ဒီကောင်တွေ တိုက်ပြီးလို့ အထိုင်ချနေတာ။ သူတို့အင်အားက များတယ်။ အင်အားက သူတို့ဘက်က တော်တော်များတယ်။ ရာနဲ့ချီပြီး ရှိနိုင်တယ်။ KIA နဲ့ PDF ပူးပေါင်းထားတာပေါ့။ ဒီနေရာတွေကို တိုက်နေတာက သူတို့အတွက် အကျိုးက ဘာရှိမလဲဆိုရင် ခန့်မှန်းပြီးတော့ ပြောရတာပါ။ မုံရွာကသွားရင် ကားလမ်းရှိတယ်ဗျာ။ ဖြတ်ထားပြီဗျာ၊ သူတို့ စက်လှေနဲ့ သွားမယ်ဆိုရင်လည်း ဟုမ္မလင်းမှာ ဖြတ်ထားပြီဆိုတော့ တစ်ခြမ်းလုံးကို စိုးမိုးထားပြီဆိုရင် သူတို့အတွက် စားဝတ်နေရေး၊ နေရတာ အဆင်ပြေမယ်လို့ ထင်ကြတာပေါ့။ သူတို့ရဲ့အဖွဲ့တွေ ရေရှည်ရပ်တည်လို့ရအောင် လုပ်တာလို့ မြင်တယ်။ ပြီးတော့ KIA/PDF ပူးပေါင်းအဖွဲ့တွေက သူတို့ကို အားမပေးတဲ့ ပြည်သူတွေကို သူတို့ရဲ့ ရန်သူလို သဘောထား ဆက်ဆံကြတာ။ နားမှော်ဆိုတဲ့ ရွာကိုဝင်တာနဲ့ အဲဒီနားမှော်ရွာမှာရှိတဲ့ ကျောင်းဆရာမတွေကို ဖမ်းသွားတယ်။ နောက်တစ်ခါ ပြည်သူ့ စစ်လုပ်နေသူတွေရဲ့ မိဘတွေ၊ သားမယားတွေ၊ ညီအစ်ကိုမောင်နှမတွေ ခေါ်သွားတယ်။ နားမှော်မှာ အဲဒီဖြစ်စဉ်တွေ ဖြစ်ခဲ့တာက တန်ဆောင်မုန်း လလောက်က စဖြစ်တာ အခုထိလို့ ပြောရမယ်။ နားမှော်ရွာက ကျောင်းဆရာမကတော့ နှစ်ယောက်၊ သုံးယောက်လောက် ပါသွားတယ်လို့ ကြားရတယ်။ ကျန်တဲ့ ပြည်သူ့စစ်တွေရဲ့ မိဘတွေ၊ မိသားစုဝင်တွေကတော့ ဘယ်ဘက်ကိုပြေးလို့ ပြေးကြလဲတော့ မသိဘူး။ ပြည်သူ့စစ် မိသားစုဝင်တွေနဲ့ ပတ်သက်ပြီး အရေအတွက် ဘယ်လောက်ခေါ်သွားလဲ အတိအကျ မသိရဘူး။ ကျွန်တော်သိရ သလောက်ကို ငါးယောက်လောက်ရှိမယ်။ ကျန်တဲ့သူတွေတော့ မသိလိုက်ရဘူး၊ ပါတော့ ပါသွားကြတယ်။ ဖမ်းခေါ်သွားတာကလည်း ပင်ခုပ်ဆိုတဲ့ ရွာဘက်ကို ခေါ်သွားတယ်လို့ ကြားရတယ်။ နားမှော် ရွာဆိုတာ အိမ်ခြေက ၃၀၀ ကျော်လောက် ရှိတယ်။ အခုတော့ ရွာပျက်သွားပြီ။ ပျက်သွားတော့ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ကြားညပ်မှာစိုးလို့ လူတွေက မနေနိုင်ကြတော့ဘူး။ မနေရဲလို့ ထွက်ပြေးတယ်။ အဲဒီမှာ စိုက်ထားတဲ့ စပါးတွေတောင် မရိတ်ရတော့ဘူး။ စပါးတွေက မှည့်နေတယ်၊ တချို့ စပါးခင်းတွေက ရိတ်ခါစပဲ ရှိသေးတယ်။ ဒီအတိုင်း ပစ်ထားရတယ်။ တိုက်ပွဲအခြေအနေ နဲ့ပတ်သက်ပြီးပြောရရင် စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သူတို့က ဘယ်လိုနေလဲဆိုရင် ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ကြား၊ နောက်တစ်ခါ ပင်လယ်ဘူးကြား၊ အဲဒီကြားထဲမှာ ဗန်းမောက်ရယ်၊ အဲဒီကြားတွေရဲ့ အလယ်မှာ နေရာယူထားတာ။ အဲဒီကနေပြီးတော့ ဖောင်းပြင်ဘက်ကိုလည်း တိုက်တယ်။ ဖောင်းပြင်ကနေ တိုက်ပြီးတော့ ရွှေပြည်အေးဘက်ကို တိုက်ခဲ့တယ်။ အဲဒီလို တိုက်ခဲ့ပြီးလို့ ရပ်ထားပြီးနောက်မှာ နောင်ပို အောင်ရွာနားက လွှစင်ကုန်းရွာလေးကို လာတိုက်တယ်။ တိုက်လို့တော့ မရဘူး။ ဒါပေမဲ့ ရွာလေးကတော့ ရွှေ့လိုက်ရတယ်။ ရွာကလူတွေ အကုန်လုံးရွှေ့လိုက်ရတာ။ အဲဒီလို ရွှေ့ခဲ့ရတာလည်း တစ်နှစ်လောက်ရှိပြီ။ စစ်ကိုင်းတိုင်း အထက်ပိုင်း မှာတော့ ချင်းတွင်းမြစ် အရှေ့ခြမ်း၊ ဥရုချောင်းရဲ့ အရှေ့ခြမ်းတစ်ခြမ်းလုံးကို သူတို့က စိုးမိုးချင်တဲ့ သဘောမှာ ရှိတယ်။
TREND ။ ။ အဲဒီလို နယ်မြေစိုးမိုးရေးလုပ် ဆောင်လာမှု အနေအထားတွေကို ဘယ်လို ကာကွယ်တုံ့ပြန်မှုတွေ လုပ်ဆောင်သင့်တယ်လို့ သုံးသပ်ချင်လဲ။
STPM ။ ။ အဲဒါကို တပ်ရဲ့အင်အားတွေက ကူလာမယ်ဆိုရင်တော့ သူတို့နယ်မြေစိုးမိုးဖို့ မလွယ်ဘူး။ တပ်အင်အား မပါဘဲ SNA တစ်ခုတည်း ကာကွယ်မယ်ဆိုရင် တစ်နေ့နေ့မှာ ဒီဒေသ ပေါက်သွားနိုင်တယ်လို့ မြင်တယ်။ ဒါကြောင့် KIA /PDF နယ်မြေ မစိုးမိုးနိုင်အောင် ကျွန်တော်တို့ဒေသမှာရှိတဲ့ SNA တစ်ဖွဲ့တည်းဆိုတာထက် တပ်နဲ့ပူးပေါင်းပြီးတော့ ခံစစ်မလုပ်ဘဲ တိုက်စစ် ဖွင့်လိုက်မယ်ဆိုရင် သူတို့ နောက်ဆုတ်သွားနိုင်တယ် လို့မြင်တယ်။ အခုက ခံစစ်နဲ့နေတာကိုး။ ကိုယ်က သွားမတိုက်ဘူး။ သူတို့လာတိုက်မှ တိုက်တဲ့အခါကျတော့ အတိုက်ခံနေရတာပေါ့။ ဒီဘက်ကလည်း တိုက်စစ်ပြန်ဖွင့်ပြီး တိုက်လိုက်မယ်ဆိုရင်တော့ နယ်မြေစိုးမိုးရေး လုပ်ဆောင်တာတွေ လျော့သွားမယ်လို့ မြင်ပါတယ်။ တိုက်ခိုက်တာတွေလည်း လျော့သွားမယ်လို့ မြင်ပါတယ်။ အခုကတော့ ဒေသခံပြည်သူတွေ တော်တော်လေးကို ဒုက္ခရောက်ရတာ။ တော်တော်လေးကို ပြေးနေရတာ။ ပထမအစော ပိုင်းမှာ ကျွန်တော်တို့ နောင်ပိုအောင် အနီးနားတစ်ဝိုက်မှာရှိတဲ့ လွှစင်ကုန်းရွာကို လာပြီးတိုက်တဲ့ အခါကျတော့ SNA ကနေ လွှစင်ကုန်းရွာကနေခံပြီး ပြန်တိုက်ထားတဲ့အခါကျတော့ သူတို့ဝင်လာတယ်၊ ရွာပျက်သွားတယ်။ ရွာကလူတွေ အကုန် ပြေးထွက်ကုန်တယ်။ ဒါပေမဲ့ SNA ကနေ ပြန်တိုက်ရင်း တိုက်ရင်းနဲ့မှ အဲဒီရွာရဲ့ တောင်ကုန်းပေါ်မှာ သွားထိုင်ထားလိုက်တယ်။ အဲဒီလို ထိုင်ထားပြီးတော့ ရွာထဲကို ရွာသားတွေ ပြန်ဝင်ဖို့ SNA က စီစဉ်တယ်။ အဲဒီလိုအချိန်မှာ ခဏခဏလာတိုက်နေတော့ ရွာသားတွေက မဝင်ရဲဘူး။ ပြန်ပြီး မနေရဲတော့ဘူး။ ဒါကြောင့် အဲဒီရွာကလူတွေက နောင်ပိုအောင်တို့၊ ပေါက်ပင်တို့၊ နန်းစကားတို့ နီးစပ်ရာရွာတွေမှာ သွားနေကြရတာပေါ့။ အခုတစ်ခေါက်က နားမှော်ရွာမှာ လာတိုက်လိုက်တဲ့အခါကျတော့ နားမှော်ရွာက တချို့တစ်ဝက်ကို သူတို့နေတဲ့ဘက်ကို ခေါ်ထားတယ်။ ကျန်တဲ့ တစ်ဝက်လောက်ကတော့ နောင်ပိုအောင်တို့၊ သဖန်းကုန်းတို့ဘက်ကို ထွက်ပြေးကြရတော့တာပေါ့။ နားမှော်တစ်ရွာလုံးက ပြည်သူမရှိဘူး။ အကုန်ပြေးကုန်ပြီ။ အဲဒီနားမှော်နဲ့ နန်ကောင်ကောင်းရွာကလည်း လူမရှိတော့ဘူး၊ ပြေးကုန်ပြီ။
TREND ။ ။ ကိုယ့်ဒေသမှာ ဒီလိုတိုက်ပွဲဖော်လာကြလို့ ရွာတွေပျက်သွား၊ ရွာသူရွာသားတွေ အိုးပစ်အိမ်ပစ် ပြေးနေကြရ၊ ဒုက္ခရောက်နေကြရတဲ့ ဒေသခံပြည်သူတွေကိုယ်စား ဘာပြောချင်လဲ။
STPM ။ ။ ဒီလိုနေရာတွေမှာတော့ သူတို့အနေနဲ့ တိုက်ပွဲတွေ လာမလုပ်သင့်ဘူးပေါ့ဗျာ။ တကယ်တမ်း တိုက်ချင်တယ်ဆိုရင် တောထဲမှာတိုက်ကြပေါ့။ တပ်ရှိရင်လည်း တပ်ရှိတဲ့နေရာ သွားတိုက်ကြပေါ့၊ SNA ရှိရင်လည်း SNA ရှိတဲ့ နေရာသွားတိုက်ကြပေါ့။ အခုလို ပြည်သူတွေရှိတဲ့ နေရာမှာ လာပြီး တိုက်ကြတော့ ဒေသခံတွေ ဒုက္ခရောက်တာပေ့ါ၊ ဆင်းရဲပြီးတော့ ငတ်ငတ်ပြတ်ပြတ် ဖြစ်ကြတာပေါ့။ အဲဒါမျိုးကျတော့ ကျွန်တော်တို့က မကြိုက်ဘူး။ ပြည်သူတွေ နစ်နာတယ်၊ ပြည်သူတွေ အထိတ်တလန့် ဖြစ်ရတယ်၊ ပြည်သူတွေ စိတ်ဆင်းရဲရမယ်ဆိုတဲ့ နေရာမျိုးမှာ လာပြီးမှ တိုက်ပွဲမဖြစ်တာ ပို ကောင်းပါမယ်။ အခုကျတော့ ဒေသခံတွေအနေနဲ့က လည်း စိတ်ညစ်နေကြတာ၊ ဒေသခံတွေက မကြိုက်ပါဘူး။ ပြေးရလွှားရ စပါးစိုက်ချိန်၊ ကောက်စိုက်ချိန်ဆိုရင် တိုက်ပွဲတွေ လုပ်လာလို့ စပါးလည်း ကောင်းကောင်း မစိုက်ရဘူး။ စိုက်ပြီးတဲ့အချိန်ကျပြန်တော့လည်း တိုက်ပွဲမဖြစ်သေးဘဲ စပါးသိမ်းချိန်ဆိုရင် တိုက်ပွဲတွေဖြစ်လာပြန်တော့ လူတွေလည်း စိတ်ဆင်းရဲနေကြပါပြီ။

TREND ။ ။ ပြည်သူ့စစ် မိသားစုဝင်တွေကို ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ လုပ်ကြတာလဲ။ အဲဒီလုပ်ရပ်တွေအပေါ် ဘယ်လို တုံ့ပြန်ပြောကြား လိုပါလဲ။
STPM ။ ။ ပြည်သူ့စစ်ဆိုတဲ့နေရာမှာလည်း နားမှော်ရွာ ပြည်သူ့စစ်တွေဆိုတာ သူတို့ရွာကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး ဖွဲ့ထားတာ၊ သင်တန်းတက်တာကတော့ တပ်မတော်ရဲ့ လက်အောက်မှာ သင်တန်းတက်ကြတယ်။ အဲဒီလို တပ်မတော်ဘက်မှာ သင်တန်းတက်ပြီး ပြည်သူ့စစ်ဖွဲ့လို့ တပ်မတော်ဘက်က လူဆိုပြီး အဲဒီလိုပုံစံ မြင်ပြီးမှ နှိပ်ကွပ်တာပဲ။ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ကြတာ။ ဟုမ္မလင်း နားမှော်ရွာက ပြည်သူ့စစ်တွေက သင်တန်းတာ တက်ထားတာ၊ သူတို့လက်ထဲမှာ သေနတ်ကိုင်မထားဘူး၊ သေနတ်မကိုင်ရဘူး။ လက်နက်မကိုင်ဘဲနဲ့ ကိုယ့်ကျေးရွာတွင်းမှာ ဖြစ်လာမယ့် ပြဿနာလေးတွေကို ဖြေရှင်းဖို့ဆိုတဲ့အနေအထားနဲ့ပဲ ပြည်သူ့စစ်ဆိုပြီး ဖွဲ့ထားတာ၊ တစ်ဖက်က ဒီလိုမမြင်ဘဲနဲ့ KIA/PDF ရဲ့ အမြင်မှာက တပ်နဲ့ပူးပေါင်းပြီး လက်နက်ကိုင်ထားတယ်ဆိုပြီး မြင်လာတဲ့ အခါကျတော့ သူတို့ရန်သူလို့ သတ်မှတ်လိုက်တာ။ ပြီးတော့ SNA ကို တိုက်တာကလည်း SNA က လက်ရှိအစိုးရနဲ့ တွဲပြီးနေတယ်၊ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြင်ထားတာကိုး။ အဲဒါကိုလည်း သူတို့နဲ့ တစ်လမ်းစီဆိုတော့ SNA ကလည်း သူတို့ရန်သူ ဖြစ်သွားတာပေါ့။ သူတို့က ဟုမ္မလင်းကို တိုက်မယ်၊ နောင်ပိုအောင်ကို တိုက်မယ်၊ အဲဒီလို ဟုမ္မလင်းဒေသကို တိုက်မယ်လုပ်ရင် SNA က ရှေ့ကနေ ကာထားတယ်။ ကာထားတော့ သူတို့လာတဲ့လမ်း ကြောင်းကို မဝင်ရတော့ SNA ကိုလည်း ရန်သူလို သဘောထားပြီး တိုက်တော့တာပေါ့။
TREND ။ ။ SNA ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် ဘယ်လိုမြင်လဲ၊ ဒေသနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေမှုအခြေအနေ ဘယ်လိုရှိလဲ။
STPM ။ ။ SNA ကတော့ သူတို့က နယ်ကျယ်တယ်။ ဗန်းမောက်ဘက်မှာလည်း နယ်မြေကာ ထားရတာရှိသလို ဟုမ္မလင်းတစ်ဝိုက်မှာလည်း ကျွန်တော်တို့နေတဲ့ နောင်ပိုအောင် ဒေသဘက်မှာ အင်အားမျှထားရတယ်။ ဆပ်ကယားတို့၊ နောင်တောဘက်မှာလည်း ရှိတယ်။ ဒေသခံတွေရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး သူတို့က အတတ်နိုင်ဆုံး ကူညီလုပ်ပေးပါတယ်။ တိုက်ပွဲမဖြစ်ခဲ့ဘူးဆိုရင်လည်း အတတ်နိုင်ဆုံး လုပ်စရာရှိတာ လုပ်တယ်၊ ရိတ်သိမ်းစရာရှိတာ ရိတ်သိမ်းပေးတာတွေ လုပ်ပေးတယ်။ တိုက်ပွဲဖြစ်ပြီဆိုရင်လည်း ပြည်သူတွေ ဘယ်မှမထွက်နဲ့ဦး အခြေအနေမကောင်းဘူး အဲဒီလိုမျိုး ပြောပေးတယ်။ ရွာတွေထဲကို ဝင်မလာအောင်လည်း ကာကွယ်ပေးထားတာပေါ့။ သူတို့တောင် ပြန်ဆုတ်လာရတဲ့ အခြေအနေရှိလာပြီဆိုရင်လည်း ပြည်သူတွေကိုလည်း မနေကြနဲ့ ပြေးကြဆိုတာမျိုး ပြောပေးကြပါတယ်။ ပြောရမယ်ဆိုရင် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း တော်တော်လေး ကာကွယ်နိုင်မှုစွမ်းအား ရှိတယ်။ တော်တော်လေး လုပ်တယ်လို့ မြင်တယ်။ ဘယ်မှာ အခက်အခဲတွေ့လည်းဆိုရင် ဟိုဘက်က ဒရုန်းနဲ့ပစ်တဲ့အခါ အဲဒီမှာ နည်းနည်းလေး စိုးရိမ်ရတယ်။ တစ်ဖက်က ဒရုန်းနဲ့ပစ်ပြီဆိုရင် SNA ဘက်က ဒရုန်းအင်အား နည်းတယ်။ ဒရုန်းအင်အားမရှိတော့ ပိတ်ဆို့ထားပြီး ဖြန့်ပြီးတော့ ကာထားရတာများတယ်။ ဒရုန်းရန်ကိုလည်း ကြောက်နေကြရတယ်။ ဒရုန်းကတော့ တစ်ဖက်က တအားပစ်တာကိုး။ ဒရုန်းနဲ့သာမဟုတ်ရင် KIA/PDF ပူးပေါင်းအဖွဲ့တွေ SNA ကို မတိုက်နိုင်လောက်ဘူး၊ မြေပြင်မှာလာတိုက်ရင် သူတို့ မတိုက်နိုင်ဘူး။ သူတို့က ဒရုန်းတွေနဲ့ချပြီးမှ တက်ပြီးတော့ တိုက်နေကြတာ။ ဒရုန်းနဲ့ပစ်တာတွေက အခုလို ည ၇နာရီ လောက်ဆိုရင်တော့ ပစ်ပြီ၊ ဟိုနားနေတဲ့ တစ်ဖွဲ့က လေး၊ ငါး၊ ၁၀ ချက်၊ ဒီနားကတစ်ဖွဲ့က လေး၊ ငါး၊ ၁၀ ချက် ပုံစံမျိုးနဲ့ ရွာတွေဘက်မှာ ပစ်ချခဲ့တယ်။ သူတို့ဦးတည်ပြီး ပစ်နေတာက နားမှော်ကနေ နန်းစကားဘက်ကို ပစ်တယ်၊ ကင်းစေတီဘက်လည်း ပစ်တယ်။ အဲဒီဘက်က ပစ်ခဲ့လို့ရှိရင်လည်း နောင်ပိုအောင်နဲ့ ကင်းစေတီဆိုတာ နှစ်မိုင်ပဲဝေးတယ်။ အဲဒီလို ကုန်းပေါ်ကနေပြီး မြေပြန့်မှာရှိတဲ့ နောင်ပိုအောင်ရွာ ဘက်ကိုလည်း လှမ်းပစ်တာပဲ။ သူတို့တစ်ခါတစ်ခါ လာပစ်ပြီဆိုရင် နောင်ပိုအောင်နဲ့ ကပ်လျက်က ပေါက်ပင်ရွာ ဘုန်းကြီး ကျောင်းပေါ်ကို လာကျတယ်၊ နောက်တစ်ခါ နန်းစကားရွာဘက် လာကျတယ်။ အဲဒီလိုမျိုးတွေ လာကျတယ်။ နောင်ပိုအောင်ကို လာပစ်တုန်းက ရွာထဲအထိတော့ မကျဘူး၊ ရွာနဲ့ ကင်းစေတီရဲ့ လမ်းတစ်ဝက်မှာ လာပြီးကျတာ။ တိုက်ပွဲအကြီးအကျယ် မဖြစ်ဘူးဆိုရင်တော့ ထိခိုက်မှုတော့ နည်းပါတယ်။ ဒရုန်းနဲ့ပစ်ရင်တော့ ထိတာတွေရှိတယ်။ ပြည်သူတွေ ဒဏ်ရာရတာတွေတော့ ရှိတယ်။
TREND ။ ။ ရှမ်းနီတိုင်းရင်းသားတွေအပေါ် KIA ရဲ့ ဆက်ဆံတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ အခြေအနေကိုလည်း ပြောပြပါဦး။
STPM ။ ။ သူတို့လုပ်ရပ်တွေကို ဒီမှာရှိတဲ့ လူမျိုးတွေကတော့ ကျေနပ်မှုမရှိကြဘူး။ ဘာကြောင့်လဲဆိုတော့ PDF ကချည်းမဟုတ်ဘဲ ကချင် KIA ပါ ပါလာတဲ့အခါ မလုပ်သင့်ဘူးလို့ မြင်နေကြတာပါ။ သူတို့က သူတို့ဒေသ၊ သူတို့လူမျိုး မဟုတ်တဲ့ အခါကျတော့ ပျက်စီးချင်လည်း ပျက်စီးဆိုတဲ့ သဘောမျိုးရှိမှာပါပဲ။ ဒီဒေသခံတွေ ပျက်စီးချင်လည်း ပျက်စီးပါစေ၊ ငတ်လို့ သေကျေပျက်စီးရင်လည်း ပျက်စီးပါစေ ဆိုတာမျိုး ရှိမှာ။ အမှန်ကတော့ သူတို့က နယ်မြေချဲ့ချင်တဲ့ သဘောရှိတယ်။ ဟိုတုန်းကဆိုရင် ကျွန်တော်တို့ဒေသနဲ့ သူတို့ ဒေသကတစ်ဆက်တည်း သွားလိုက်လို့ရှိရင် သူတို့ဒေသ နဲ့ဆက်တာကိုး။ ဟိုတုန်းက သူတို့ KIA တွေ စိုးမိုးခဲ့တဲ့နေရာတွေရှိတယ်။ နေခဲ့တဲ့နေရာတွေ ရှိတယ်လေ။ ဟိုတုန်းကဆိုရင် နန့်သာတို့၊ ရေပေါ်မီးတို့၊ ပါဟုတ်ကြီးတို့ တစ်လျှောက်လုံး KIA တွေ နေခဲ့တာပဲ။ လူမျိုးတော့ ရှမ်းနီတွေနေတဲ့နေရာမှာ သူတို့ကလာနေပြီးမှ ဆက်ကြေးကောက်လိုက်၊ တောင်းလိုက်၊ ရမ်းလိုက်၊ စားလိုက်လုပ်ခဲ့တဲ့သူတွေလေ။ အခုတော့ SNA လည်း ရှိလာတဲ့ အခါကျတော့ ဒီနေရာဒေသတွေမှာ SNA ကိုလည်း မရှိစေချင်တဲ့သဘော ရှိမှာပါ။ အခု တိုက်နေတာတွေကလည်း အဲဒီအကြောင်းအရာတွေ တစ်ကြောင်းပါမယ်။ နောက်ပိုင်း PDF တွေကလည်း တိုက်ရင်းခိုက်ရင်းကနေပြီး ဘယ်လိုမှ အဆင်မပြေလှတော့ဘူးဆိုရင် တောထဲမှာပဲ နေရတော့မယ်ဆိုရင် သူတို့ KIA ထဲမှာ သူတို့လူဖြစ်သွားတာပေါ့။ စုဆောင်းပြီးသား ဖြစ်ပြီလေ။ သူတို့က အဲဒါကြောင့် တိုက်နေတာလို့ မြင်ပါတယ်။
TREND ။ ။ လတ်တလောမှာက မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီး အသံတွေပစ်လာတာ တွေ့ရပါတယ်။ ကချင် KIA အနေနဲ့ရော တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်လာနိုင်လား၊ ဘယ်လိုမြင်လဲ။
STPM ။ ။ အမှန်ကတော့ တိုက်ခဲ့ပြီးပြီ၊ တိုက်ပြီးတော့ အခုအချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ ပြန်ပြီးသုံးသပ်ကြမယ်၊ ကျေအေးမယ်၊ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်း သွားကြမယ်ဆိုရင် ဒါလည်း ကောင်းပါတယ်၊ ကျေအေးဖို့ လိုတာကိုး။ KIA ကတော့ တွေ့ဆုံဆွေးနွေးဖို့ကိုတော့ လုပ်ဦးမယ်လို့ မထင်ဘူး။ သူတို့ လုပ်လောက်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုရင် KIA က အဲဒီလို လုပ်လိုက်မယ်ဆိုရင် သူတို့ထောင်ထားတဲ့ မြုံးထဲမှာက ငါးတွေက ထွက်ကုန်တော့မှာလေ။ သူတို့ဆီမှာ စုဆောင်းထားတဲ့ PDF တွေနဲ့ စိတ်သဘောထား ကွဲကြမှာပေါ့။ ထောင်ထားတဲ့ မြုံးဆိုတာက နောက်တစ်ချိန်မှာ PDF တွေက သူတို့လူဖြစ်ဖို့ ထောင်ထားတာကိုး။ KIA ထောင်ထားတဲ့ မြုံးထဲက ငါးတွေပဲဆိုတော့ တွေ့ဆုံဆွေးနွေးတာတွေ၊ သဘောထားတွေ ထွက်လာပြီဆိုရင် PDF နဲ့ KIA သူတို့အချင်းအချင်း သဘောထား ကွဲလွဲသွားနိုင်တယ်လို့ မြင်ပါတယ်။ ဘယ်အချိန် ဘယ်လိုအနေအထားမျိုးမှာ တွေ့ဆုံဆွေးနွေးကြမလဲ ဒါကလည်း နိုင်ငံရေးဆိုတာက တွေးရခက်ပါတယ်။ ဖြစ်စေချင်တာကတော့ တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ ဆွေးနွေးစရာ ရှိတာတွေကို တွေ့ဆုံဆွေးနွေးပြီးမှညှိနှိုင်း အဲဒီလိုမျိုး ဖြစ်စေချင်တယ်။ တိုက်တာ၊ ခိုက်တာတွေလည်း မလုပ်စေချင်တော့ပါဘူး။ KIA ကိုလည်း တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို လာစေချင်တယ်။ လက်နက်ကိုင်တွေဟူသမျှ အခုလက်ရှိ ရှိနေတဲ့ နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်ကြမယ်၊ အကျေအလည် ညှိနှိုင်းကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ တည်တည်ငြိမ်ငြိမ် အေးချမ်းသွားမယ်လို့ မြင်ပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၅၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ )