၂၀၂၄ နိုဝင်ဘာ ၂၈
ကချင်ပြည်နယ်အတွင်း KIA က တိုက်ပွဲများ ဖော်ဆောင်နေပြီး ပန်ဝါဒေသကို ထိန်းချုပ်ထားမှု၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားမှုနှင့် ကချင်ဒေသ၏ နယ်မြေ တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ ဒေသခံတို့ ကြုံတွေ့နေရသည့် လူမှုစီးပွားဘ၀ အခြေအနေများနှင့် ပတ်သက်၍ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့ထံ ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ လက်ရှိ ကချင်ဒေသအခြေအနေကို ပြောပြပါဦး။
UTPY ။ ။ ကချင်မှာက တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတော့ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကစပြီး ပိတ်လိုက်တယ်။ အဲဒီလို ပိတ်လိုက်ပြီး အခု နောက်ဆုံးကြားရတာက တိုင်းရင်းသား လက်နက်ကိုင်ဘက်က တစ်ခါ ပြန်ပိတ်လိုက်တာပေါ့။ အဲဒီတော့ ဟိုဘက်ပိတ် ဒီဘက်ပိတ် ဖြစ်သွားတာပေါ့။ အဲဒီလို ပိတ်လိုက်ပြီဆိုတော့ အဓိကနစ်နာမှာက ဒေသခံပြည်သူလူထုပေါ့။ ကချင်ကနေ တရုတ်ပြည်ကို ပို့တာရှိတယ်။ တရုတ်ဘက်က ကချင်ဘက်ကို သွင်းတာရှိတယ်။ အဲဒါတွေ အကုန်လုံးက မပို့ဖြစ်တော့ဘူး၊ မသွင်းဖြစ်တော့ဘူး ဖြစ်သွားတာပေါ့။ အခုကတော့ အဲဒီလို နယ်စပ်ဂိတ်တွေ ပိတ်သွားပြီဆိုတော့ ကချင်ပြည်နယ်မှာက ကုန်ဈေးနှုန်းတွေ တက်သွားပြီ။ စက်သုံးဆီဈေးတွေရော၊ လူသုံးကုန်၊ စားသောက်ကုန် ဈေးတွေရော အကုန်တက်သွားပြီ။ တရုတ်ပြည်ကလာတဲ့ ကုန်ပစ္စည်းတွေ အကုန်လုံးလည်း ဈေးတက်ကုန်ပြီ။ ဒေသခံတွေလည်း လူမှုစီးပွားတွေ ထိခိုက်တာ နစ်နာဆုံးရှုံးမှုတွေ လက်တွေ့ ကြုံခဲ့ရပြီပေါ့။

TREND ။ ။ KIA က ပန်ဝါဒေသကို ထိုးစစ်ဆင်တာမှာ နယ်စပ်မတည်ငြိမ်မှုဖြစ်ပြီး ဒေသခံတွေ ဒုက္ခရောက်စေတဲ့ အခြေအနေ ဖြစ်လာတာလို့ သုံးသပ်နေကြပါတယ်။ KIA က ပန်ဝါဒေသကို ဘာကြောင့် စစ်ရေးဖော်ဆောင်တာလဲ။
UTPY ။ ။ အဓိကကတော့ အဲဒီမှာ တိုက်ပွဲဖော်ဆောင်ပြီ ဆိုရင်တော့ သူတို့အတွက်က လက်နက်ခဲယမ်းလိုပြီလေ။ လက်နက်ခဲယမ်း လိုပြီဆိုတော့ ပန်ဝါဒေသဆိုတာကလည်း လောလော လတ်လတ်က အဲဒီမှာ ရွှေထွက်တယ်။ ပြီးရင် မြေရှားသတ္တု ထွက်တယ်။ နောက်သတ္တုပေါင်းစုံလည်း ထွက်တော့ သူတို့လိုအပ်နေတဲ့ ဘဏ္ဍာငွေ ဖြည့်ဆည်းဖို့ဆိုရင် အဲဒီတစ်လမ်းပဲရှိတယ်။ အဲဒါကို တိုက်ခိုက်သိမ်းယူပြီးမှ အဲဒီကနေ သတ္တုတွေ ထုတ်ရောင်း၊ ရွှေတွေ ထုတ်ရောင်းပေါ့ဗျာ။ အဲဒါကြောင့် တိုက်တာလို့ မြင်ပါတယ်။
TREND ။ ။ အဲဒီဒေသဟာ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ NDA-K ခေါ် နယ်ခြားစောင့်တပ် ထိန်းချုပ် နေတဲ့ဒေသ ဖြစ်တယ်။ KIA ကတော့ ဒါဟာ နယ်မြေစိုးမိုးရေး လုပ်တာလို့ ပြောထားတာ တွေ့ရပါတယ်။ NDA-K နေရာကို လိုချင်တဲ့သဘောဆိုတော့ ဒီအပေါ် မှတ်ချက်ပြုပေးပါဦး။
UTPY ။ ။ အဓိကကတော့ KIA က ပန်ဝါကို တိုက်တယ်ဆိုတာ နယ်မြေလုတာပါပဲ။ သယံဇာတ လုနေတာပါပဲ။ ဦးဇခုန်တိန့်ယိန်းတို့အဖွဲ့နဲ့ နယ်မြေလုကြတာ။ သယံဇာတ လုနေကြတာလို့ ပြောရမယ်။ ဦးဇခုန်တိန့်ယိန်းတို့ အဖွဲ့ကလည်း ဒီသယံဇာတကို ထုတ်ပြီးတော့ စီးပွားရေးပဲ အဓိက လုပ်နေတော့ စစ်ရေးကို သူတို့က အလေးမထားလိုက်ဘူးလေ။ အလေးမထားတော့ တကယ်တမ်း တိုက်လာပြီဆိုတော့ ခုခံနိုင်စွမ်းကို မရှိဘဲ သူတို့က အရေးနိမ့်တာပေါ့။ စစ်ဆင်ရေးတွေ မနိုင်တော့ဘဲနဲ့ သူတို့ပဲ ဆုတ်ပေးလိုက်ရတဲ့ အခြေအနေ ဖြစ်သွားတာ။ ပြီးတော့ စစ်အင်အား ဦးစားမပေးတော့ သူတို့ဆီမှာရှိတဲ့ ရဲဘော်တွေ၊ တပ်သားတွေကလည်း တိုက်ရည်ခိုက်ရည် မရှိတော့ဘူး။ သူတို့က စီးပွားရေးကိုပဲ အဓိကလုပ်နေတာ။ ဒါကြောင့်မို့လို့ တစ်ချိန်တုန်းက နှစ်အကြာကြီး သူတို့ ထိန်းနိုင်ခဲ့တာပဲလေ။ ဒီလို ထိန်းချုပ်ခဲ့ပေမယ့် ဦးဇခုန်တိန့်ယိန်းက သူ့စီးပွားရေးပဲ လုပ်ခဲ့တာ။ ပြောရမယ်ဆိုရင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ခဲ့တဲ့ အခြေအနေနဲ့ အခု KIA ထိန်းချုပ်ထားတဲ့ အခြေအနေကြည့်ရင် ပန်ဝါဒေသက နိုင်ငံတော်အတွက်တော့ ဘာမှမထူးဘူးလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ အဲဒီကထွက်ရှိတဲ့ သယံဇာတက နိုင်ငံတော်ရဲ့ဘဏ္ဍာငွေထဲမှာ ဘာတစ်ပြားတစ်ချပ်မှ မရောက်ဘူး။
TREND ။ ။ တရုတ်နိုင်ငံ နယ်စပ်တွေမှာ တိုက်ပွဲမဖော်ဖို့နဲ့ တည်ငြိမ်အေးချမ်းစေချင်ကြောင်း ပြောထားတယ်လို့ သိရပါတယ်။ KIA က တရုတ်ရဲ့ပြောစကားကို နားမထောင်တာက ဘာကြောင့် ဖြစ်မယ်လို့ သုံးသပ်မိလဲ။
UTPY ။ ။ အခုအချိန်မှာတော့ သူတို့က ပန်ဝါကို စစ်ဆင်ရေးလုပ်ဖို့ နဂိုကတည်းက KIA က ပြင်ဆင်ထားပြီးသား။ အဲဒီလို စစ်ဆင်ရေးတွေ လုပ်နေချိန်၊ လုပ်လက်စဖြစ်နေချိန် ဖြစ်နေတော့ တရုတ်ဘက်က ဘာပဲပြောပြော KIA ဘက်က ရပ်မှာမဟုတ်ဘူး။ သူတို့က မြို့သိမ်းတဲ့အထိ လုပ်မယ်၊ မရမှဘဲ ရပ်မယ်ဆိုတာမျိုး သွားနေတယ်လို့ မြင်တယ်။ ဒီစစ်ဆင်ရေးကို တိုက်နိုင်သလောက် တိုက်သွားမယ်၊ မရတော့မှ မတိုက်နိုင် တော့ဘူးဆိုမှ ရပ်မယ့်သဘော။ ပြောရရင်တော့ KIA က ဒီစစ်ဆင်ရေးကို သူအားရှိသလောက် လုပ်မယ်။ နောက်ဆုံး သူမနိုင်တော့တဲ့အခါကျမှပဲ ဒီစစ်ဆင်ရေးက ရပ်မှာ။ တရုတ်က ပြောလည်း သူရပ်မယ် မထင်ဘူး။

TREND ။ ။ တရုတ်က ပြောတာတောင် စစ်ဆင်ရေးမရပ်ဘဲ KIA က ဆက်လုပ်နေတယ်။ KIA စွာနေတာ ဘာကြောင့်ဖြစ်နိုင်လဲ။
UTPY ။ ။ စွာနေတယ်ဆိုတာက အခုအချိန်မှာက လက်နက်အင်အား၊ လူအင်အားက သူ့ဆီမှာ လုံလောက်တဲ့ အနေအထား ရှိနေတယ်။ အမှန်က ၂၀၂၁ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း KIA က သူ့မှာ အင်အားအများအပြား ရသွားတာ။ သူ့မှာ ရဲဘော်အင်အားတွေ အများကြီး တိုးလာတာ။ နောက်ပြီးတော့ PDF တွေလည်း ပူးပေါင်းလာတယ်ဆိုတော့ အခုကျတော့ သူ့မှာ ရဲဘော်အင်အားလည်း လုံလုံလောက်လောက်ရှိတယ်။ ဆိုတော့ အခုအချိန်မှာတော့ သူက တိုက်မှာပဲ။ ဒါကြောင့် သူ့ရည်ရွယ်ချက်အတိုင်း လုပ်နေတာလို့ မြင်တယ်။ တိုက်မယ်၊ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အဲဒီအခါမှ ရပ်မှာလို့မြင်တယ်။ ဆိုလိုတာက အောင်မြင်ရင်ရပ်မယ်၊ မအောင်မြင်ဘူး၊ မနိုင်တော့ဘူးဆိုရင် အဲဒီအခါကျရင်လည်း ရပ်မယ်။ အခုအချိန်ကတော့ တရုတ်က ပြောလည်း သူ့ရဲ့ စစ်ဆင်ရေးတွေ ရပ်မှာမဟုတ်ဘူး။
TREND ။ ။ KIA ရဲ့ နောက်ကွယ်က ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း ရှိနိုင်မယ်လို့ ခန့်မှန်းချင်လဲ။
UTPY ။ ။ တရုတ်လည်း နောက်ကွယ်က ရှိနိုင်တယ်လို့မြင်တယ်။ တရုတ်ဗဟိုအစိုးရ တာဝန်ရှိ သူတွေအပေါ်က လူကြီးပိုင်းတွေ မသိရင်တောင် မြို့နယ်အဆင့်၊ ပြည်နယ် သိနိုင်တယ်။ နောက်ကွယ်က ပံ့ပိုးနေကြတာတော့ ရှိမှာပဲ။ အနောက်နိုင်ငံတွေလည်း ရှိကောင်းရှိမှာပါ။ အဲဒီလို မြင်တယ်။ တရုတ်ကလည်း လူကြီးပိုင်းလောက်ပဲပြောရင် ပြောနေမယ်။ ဒါပေမဲ့ သူ့ရဲ့ ယူနန်ပြည်နယ်ထဲက ခရိုင်ထဲကပါ ပံ့ပိုးနေတာ ရှိမှာ ပဲလေ။ နောက်ယူနန်ပြည်နယ်ထဲမှာရှိတဲ့ စီးပွားရေးသမားတွေကလည်း ပံ့ပိုးနေမှာပဲလေ။ ပံ့ပိုးပေးတယ်ဆိုတဲ့နေရာမှာလည်း ငွေကြေးရယ်၊ စစ်အသုံးအဆောင်တွေပေါ့။ ယူနီဖောင်းကအစ ဒါတွေက တရုတ်ပြည်ဘက်က လာတာပဲ၊ နောက် ဆေးဝါးတွေရောပေါ့။
TREND ။ ။ တရုတ်ရဲ့ နယ်စပ်တည်ငြိမ်ရေး လိုလားကြောင်း၊ စစ်ပွဲတွေ မဖြစ်စေချင်ကြောင်း ပြောဆိုချက်ကို KIA က မူအရ လက်ခံထားတဲ့ သဘောရှိတယ်။ ဒါပေမဲ့ အာဏာရှင်ကို အပြုတ်တော်လှန်တာ ဖြစ်တဲ့အတွက် တိုက်ပွဲတွေဆက်ပြီး ဖော်ဆောင်မယ်ဆိုတဲ့သဘော KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် ပြောထားတာ ရှိပါတယ်။ ဒီပြောဆိုချက်အပေါ် ဘယ်လိုမြင်လဲ။
TREND ။ ။ ဒီအချိန်မှာကတော့ KIA အနေနဲ့က အင်အားကောင်းနေတာဆိုတော့ စစ်ရေးတွေ ဖော်ဆောင်နေတာပေါ့။ ဒီအချိန်မှာပဲ သူတို့လုပ်နိုင်တာ၊ အင်အားမရှိတော့ဘူးဆိုရင်တော့ သူတို့စစ်ရေး ဖော်ချင်လည်း ဖော်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က အစွမ်းကုန် ဖော်နေတာ။ စစ်ရေးအရှိန် ကောင်းနေတုန်းမို့ ဒီလိုပြောတာလို့ပဲ မှတ်ယူပါတယ်။ ဒါကတော့ သူတို့ရဲ့ ခံယူချက်ပဲလေ။ အစိုးရ တစ်ရပ်ကို အမြစ်ပြုတ် ရေးဆိုတာက ဒါက လူတိုင်းလည်း သိပါတယ်။ ရှင်းရှင်း ပြောရရင် ပြီးပြည့်စုံတဲ့ အစိုးရ၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ Institution အားကောင်းတဲ့ တပ်မတော်ကို အမြစ်ပြုတ်အောင် တိုက်ဖို့ဆိုတာက မလွယ်ပါဘူး။ ဆိုတော့ KIA ရဲ့ လုပ်ဆောင်ချက်က တပ်ကတော့ အမြစ်မပြုတ်ဘူး၊ ပြည်သူလူထုကတော့ အိုးအိမ်စည်းစိမ်တွေ ပြုတ်မှာ သေချာတယ်။
TREND ။ ။ KIA က တရုတ် ကိုယ်စားလှယ်တွေနဲ့တွေ့ပြီး တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေးနဲ့ တိုက်ပွဲတွေ ရပ်ဖို့ကိစ္စ မကြာခဏ ဆွေးနွေးနေတယ်လို့ သိရတယ်။ ဒီလိုပြောဆိုနေတဲ့ကြားကပဲ KIA က တိုက်ပွဲတွေကိုဆက်ပြီး ဖော်ဆောင်နေတာ တွေ့ရတယ်။ တရုတ်ရဲ့ ပြောဆိုမှုကို နားမထောင်တာ၊ အလေးမထားတာ ဘာကြောင့်ဖြစ်မလဲ ဒီအပေါ် သုံးသပ်ပေးပါဦး။။
UTPY ။ ။ အရင်တုန်းကတော့ တရုတ်ပြောရင် KIA က တော်တော်လေး နားထောင်တဲ့သဘော မှာရှိတယ်။ အခုကျတော့ တရုတ်က မီးစတစ်ဖက်၊ ရေမှုတ် တစ်ဖက် ကျင့်သုံးနေတာလားလို့တောင် တွေးမိတယ်၊ အဲဒီလို ယူဆမိတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်က မြန်မာနိုင်ငံမှာ သူတို့အကျိုး စီးပွားတွေအများကြီး ရှိတယ်လေ။ တိုင်းရင်းသားလက်နက်ကိုင်တွေက နယ်စပ်တစ်လျှောက်မှာရှိနေ တာဆိုတော့ ဒီနယ်စပ်မှာက တရုတ်ရဲ့ အကျိုးစီးပွားတွေ အများကြီးရှိတယ်လေ။ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လိုအပ်တဲ့ပစ္စည်းမှန်သမျှကလည်း တရုတ်က ရောင်းပေးနေတာကိုး။
TREND ။ ။ KIA က အိန္ဒိယဘက်ကို စခန်းပြောင်းမယ်ဆိုပြီး ကြားနေရပါတယ်။ KIA ဌာနချုပ် အပြောင်းအလဲကိစ္စ ဆရာတို့ရော ကြားမိလား။
UTPY ။ ။ အဲဒီလို ပြောင်းမယ်လို့ ပြောနေတာလည်း ကြာပါပြီ၊ အဲဒီလို စီစဉ်နေတာလည်း ကြာပါပြီ။ အခုအချိန်အထိကတော့ မပြောင်းသေးဘူး ထင်ပါတယ်။ ဌာနချုပ်က အိန္ဒိယဘက်ပြောင်းမယ်ဆိုတာကတော့ ကြားတာက ကြာပါပြီ။ သူတို့အဓိက ဟိုဘက်ကို ပြောင်းမယ်ဆိုတာကလည်း သူတို့ လုံခြုံရေးပေါ့။ အဲဒီ သူတို့ပြောင်းမယ့် အိန္ဒိယဘက်ကတော့ ကျွန်တော်တို့ ဒီဘက်က မြန်မာ့တပ်မတော်နဲ့ အလှမ်းဝေးတဲ့နေရာ ဖြစ်နိုင်တယ်။ အဲဒီမှာက လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းတဲ့ နေရာမျိုးပေါ့။ သူတို့ကို လာတိုက်မယ်ဆိုရင်တောင် နည်းနည်း အခက်အခဲရှိစေတဲ့ သဘောပေါ့။ အခု လိုင်ဇာတို့၊ မိုင်ဂျာယန်တို့ကျတော့ အချိန်မရွေး သွားသွားလာလာလုပ်ပြီး တိုက်လို့ရတာကိုး။ ပြီးတော့ အဲဒီလို ဌာနချုပ်ပြောင်းမယ့် သတင်းကြားတယ်၊ အိန္ဒိယက ဘယ်နေရာကို ပြောင်းမယ်၊ ဘယ်ဒေသကို ပြောင်းမယ်ဆိုတာတော့ မသိရဘူး။
TREND ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး KIA ရဲ့ သဘောထားတစ်ခု တွေ့လိုက်ရတယ်။ ကချင်ဒေသမှာ ရွေးကောက်ပွဲ လုပ်နိုင်စရာအကြောင်းမရှိဘူးလို့ ပြောထားပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး KIA ရဲ့ ရပ်တည်ချက်အပေါ် ဘယ်လိုမြင်လဲ။
UTPY ။ ။ ရွေးကောက်ပွဲဆိုတာက ဒီနိုင်ငံအတွက် လိုအပ်တယ်လေ။ ရွေးကောက်ပွဲ မဖြစ်စေချင်ဘူးဆိုရင်၊ ရွေးကောက်ပွဲ မလုပ်ဘူးဆိုရင် တပ်မတော် အစိုးရပဲ တစ်သက်လုံး အုပ်ချုပ်စေချင်တာလား။ ရွေးကောက်ပွဲလုပ်ပြီးမှ ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီကနေ လွှတ်တော်တို့၊ အစိုးရတစ်ရပ်တို့ ပေါ်လာမှာလေ။ ဒါကြောင့် လူထုအကျိုးအတွက်ဆိုရင် ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ်။ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ အစိုးရ ဘယ်အစိုးရပဲဖြစ်ဖြစ် ဒါက ကိစ္စမရှိဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲကပဲ သက်ဆိုင်ရာ မြို့နယ်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ တက်လာမယ်။ အဲဒီ ကိုယ်စားလှယ်တွေကပဲ သူ့ရဲ့မြို့နယ်ဖွံ့ဖြိုးရေး၊ သူ့ရဲ့ မြို့နယ်လူထုတွေအတွက် တရားမျှတရေးနဲ့ ဒေသခံလူထုကို အကျိုးဖော်ဆောင်ပေးနိုင်မယ့် ကိစ္စတွေ၊ ဥပဒေပြုရေးတွေ၊ ဥပဒေပြင်ဆင်ရေးတွေ လုပ်နိုင်မှာလေ။ ဒါတွေက ပြည်သူလူထု အမှန်တကယ် လိုက်နာကျင့်သုံးနိုင်မယ့် ဥပဒေတွေကို ရေးဆွဲတာ၊ ပြင်ဆင်တာတွေ လုပ်နိုင်မှလည်း ပြည်သူအတွက် အကျိုးရှိမှာပါ။ အဲဒီတော့ အခုက တပ်မတော်က အာဏာထိန်းပြီးတော့ အစိုးရပေါ်လာတယ်။ ပြောရရင် တပ်မတော်အစိုးရ အုပ်ချုပ်နေတယ်။ အစိုးရကို ဆိုးခြင်း၊ ကောင်းခြင်း ဝေဖန်ထောက်ပြပေးမယ့်၊ အပြန်အလှန် ထိန်းကျောင်းပေးမယ့် လွှတ်တော်မရှိဘူး။ ဒါကြောင့် ဒီအချိန်မှာ အစိုးရကို ကောင်းတယ်၊ ဆိုးတယ် ဝေဖန်လို့လည်း မရဘူး၊ ပြောလို့လည်း မရဘူး။ အဲဒီလိုစနစ်နဲ့ပဲ ကိုယ့်ပြည်နယ်က ပြည်သူတွေကို သွားစေချင်တာလား။ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဖြစ်စေချင်ဘူး၊ မလုပ်ရဘူးဆိုတာက ကချင်ဒေသခံတွေကို ရွေးကောက်ပွဲက တက်လာတဲ့ ဒီမိုကရေစီအစိုးရ အုပ်ချုပ်တာကို မမြင်ချင်ဘူး။ တပ်မတော်အစိုးရကပဲ အုပ်ချုပ်တာပဲထပ်ပြီး မြင်စေချင်တဲ့ သဘောသက်ရောက်ပါတယ်။

TREND ။ ။ ဒီအချိန်မှာ KIA ဟာ အားကောင်းနေချိန်လည်းဖြစ်တော့ တိုက်ပွဲတွေ မရပ်ဘဲ ဆက်ပြီး ဖော်ဆောင်နေတယ်။ ဒီရဲ့အကျိုးဆက်က ဒေသခံပြည် သူလူထုကတော့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်လာတယ်။ ဒါတွေ ကျော်လွှားနိုင်ဖို့နဲ့ နယ်စပ်တည်ငြိမ်အေးချမ်းဖို့အတွက် ဘယ်လိုပုံစံ၊ ဘယ်နည်းလမ်းနဲ့ ကိုင်တွယ် ဖြေရှင်းသင့်လဲ။
UTPY ။ ။ အကောင်းဆုံးကတော့ စေ့စပ်ညှိနှိုင်းခြင်းလို့ပဲ မြင်ပါတယ်။ သူတို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ငြိမ်းချမ်းရေး လမ်းစဉ်သွားတာ အကောင်းဆုံးလို့ မြင်ပါတယ်။ ဒီလိုသာ တိုက်နေခိုက်နေတယ်ဆိုရင်တော့ ပြည်သူလူထုကတော့ ဒုက္ခရောက်ပြီးရင်း ရောက်မှာပဲ။ အခက်အခဲ အကျပ်အတည်းမျိုးစုံ တွေ့ကြုံခံစားနေကြမှာပဲ။ အပစ်အခတ်တွေ ရပ်စဲအောင် လုပ်ကြမယ်၊ သေနတ်သံတွေ ရပ်စဲ သွားမှပဲ လူထုတွေ ဒုက္ခတွေ ကျော်လွှားနိုင်လာမယ်။ လွတ်လွတ်လပ်လပ် လုပ်ကိုင်ရှာဖွေစားသောက်နိုင်ကြမှာ ဖြစ်တယ်။ အဲဒီအခါကျမှပဲ စားဝတ်နေရေးတွေလည်း ပြေလည်သွားမှာ။ အခု အခြေအနေကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေက စစ်ရှောင်တွေလည်း ဒုက္ခရောက်၊ စစ်ရှောင်နေကြရတဲ့သူတွေရဲ့ နေအိမ်တွေ၊ ယာတွေ၊ လုပ်ငန်းတွေကလည်း ဒီအတိုင်းပစ်ထားရ၊ စိုက်ထားတဲ့ စပါးခင်းတွေလည်း မရိတ်ရဆိုတော့ အမျိုးမျိုးအဖုံဖုံကို ကြုံနေကြရတာ။ အဲဒီတော့ ဒီလိုအခြေအနေမှာ တပ်မတော်အနေနဲ့က KIA ကို အပြတ်တိုက်ရမှာပဲ။ တကယ်လို့ အပြတ်မတိုက်ဘူးဆိုရင်တော့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ပဲ သွားရမှာ။ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရမှာလို့ပဲ မြင်ပါတယ်။ အဲဒါမှ အဲဒီနည်းလမ်းနဲ့ပဲ ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်။
TREND ။ ။ KIA က အစိုးရရဲ့ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး ကမ်းလှမ်းချက်ကို လက်ခံပုံမရဘူး။ KIA နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး အဖြေရှာရေးက ဖြစ်နိုင်ပါ့မလား။
UTPY ။ ။ မလာချင်တဲ့သူကိုတော့ အတင်းခေါ်လို့တော့ မရပါဘူး။ မလာချင်ဘူးဆိုတဲ့နေရာမှာလည်း မလာချင်တဲ့ အကြောင်းရင်းတွေ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့အတွင်းထဲမှာတော့ ရှိမှာပါ။ အဓိက ပြောကြားလိုတာက တွေ့ဆုံဆွေးနွေးရေးဆိုတာကတော့ ဒါက တစ်နိုင်ငံလုံးအတိုင်းအတာ မဟုတ်သေးဘဲနဲ့ ပြည်နယ်ဆိုပြည်နယ် တစ်ခုချင်းစီအတွက် သီးသန့်ဆွေးနွေးမှရမှာ။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့က ဒီအချိန်မှာ မလွယ်သေးဘူးလို့ မြင်တယ်။ ပြီးတော့ KIA အနေနဲ့ကလည်း ရှင်းရှင်းပြောရရင် သူတို့ပြည်နယ် သူတို့အုပ်ချုပ်ဖို့၊ သူတို့ပြည်နယ် သူတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိဖို့အတွက် ကြိုးစားနေတာလို့ မြင်တယ်။ သူတို့မှာ ဒီလို ရည်ရွယ်ချက် ရှိနေတယ်။ ဆိုတော့ အဲဒီရည်ရွယ်ချက်က ဒီဘက်က ဘယ်လောက် အတိုင်းအတာအထိ ဆွေးနွေးပေးနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ သူတို့လိုချင်တဲ့ဟာကို ဒီဘက်အစိုးရကပေးနိုင်ရင် ညှိနှိုင်းပေးတာမျိုးပေါ့။ အဲဒီလို ပြည်နယ်တစ်ခုချင်းစီအတွက် သီးသန့်ဆွေးနွေးမယ်ဆိုရင်တော့ ဖြစ်နိုင်မယ်လို့ မြင်ပါတယ်။
TREND ။ ။ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရှိလာစေဖို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အရေး ဘာတွေလုပ်သင့်လဲ ဖြည့်စွက်ပြောကြားပါဦး။
UTPY ။ ။ ကချင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးဖို့အတွက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းမှရမှာ။ ဒီလက်နက်ကိုင်တွေ ရှိနေသရွေ့ကတော့ တပ်မတော်ကလည်း ဒီလက်နက်ကိုင်တွေကို အကြောင်းပြုပြီးမှ သူတို့လည်း နေရာတိုင်းမှာ လုံခြုံရေးယူလာမှာပဲလေ။ လက်နက်ကိုင်ဆိုတာက တိုင်းရင်းသားလက် နက်ကိုင်တွေကို ပြောတာ။ အစိုးရတပ်မတော်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံတော်ကို ကာကွယ်ရေးအတွက် ရှိရမှာပဲဖြစ်တယ်။ တစ်ခုတည်းသော တပ်မတော်ဖြစ်ဖို့ လိုပါတယ်။ လက်နက်ကိုင်အဖွဲ့ တစ်ခုတည်းရှိဖို့ဆိုရင် အဲဒီလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ စေ့စပ်ညှိနှိုင်းမယ်။ ပြီးရင် အဲဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ စားပွဲဝိုင်းပေါ်မှာ ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းရင် တိုင်းပြည်ငြိမ်းချမ်းမယ်ဆိုတာမျိုးဖြစ်အောင် ဒါက အစိုးရက လုပ်မှရမယ်လို့ မြင်ပါတယ်။ ဖိတ်ခေါ်ပြီးညှိနှိုင်းရမယ်လို့ မြင်တယ်။ ဒါပေမဲ့ အပြန်အလှန်ယုံကြည်မှုတွေလာအောင် အရင်လုပ်ပြီးမှ ဖိတ်ခေါ်သင့်တယ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိအောင် အရင်ဆုံး တည်ဆောက်ကြရမယ်လို့ မြင်ပါတယ်။ အဲဒီလို ယုံကြည်မှုရှိသွားပြီဆိုရင် ဘာတွေပဲ ညှိညှိ၊ ဘယ်အချက်တွေပဲ ညှိညှိ လွယ်သွားပြီလေ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၄၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )