Single Mom တွေအတွက် ဖက်ရှင်၊ ဒီဇိုင်းနှင့် သက်မွေးပညာရပ်များကို အခမဲ့ သင်ကြားပေးသွားမယ် . . . ZZK Fashion Design school တည်ထောင်သူ ဒေါ်ဇွန်ဇွန်ကိုနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၅ ဖေဖော်ဝါရီ ၆

    "ဒီပညာကို သင်ယူချင်တယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေ ဖြစ်ဖြစ်၊ နောက်မှာ ကိစ္စတစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲနေပြီး တိုးတက်ရာ တိုးတက်ကြောင်း ဘယ်လိုလုပ်ရမလဲဆိုတဲ့ လမ်းစပျောက်နေတဲ့ အမျိုးသမီးလေးတွေလည်း ရှိမယ်။ အိမ်ထဲမှာနေရင်းနဲ့မှ ဝင်ငွေလေးတစ်ခု ရချင်တယ်။ အပြင်လည်းထွက်ပြီး ငွေမရှာနိုင်ဘူး။ ဒါပေမဲ့ ဝင်ငွေလေးတစ်ခု ရချင်တယ်။ ဖန်တီးချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်တာပါ။ သင်ကြားတဲ့အခါမှာလည်း ဖက်ရှင်နဲ့ပတ်သက်တဲ့ ပညာတွေအကုန် သင်ခွင့်ရမယ်။ နိုင်ငံတကာ ကမ္ဘာကျော်ဒီဇိုင်နာတွေဆီမှာ အစ်မကိုယ်တိုင် သင်ယူခဲ့တဲ့ ပညာတွေကို Free ပေးမှာပေါ့နော်။ နောက်တစ်ခုက သင်တန်းပြီးသွားတဲ့အခါမှာလည်း အလုပ်အကိုင် အခွင့်အလမ်း တွေကို ချိတ်ဆက်ပေးမယ်"ဟု ZZK ဖက်ရှင်ဒီဇိုင်နာ ဒေါ်ဇွန်ဇွန်ကို Single Mom အမျိုးသမီးများအတွက် ဖက်ရှင်၊ ဒီဇိုင်းအပြင် လက်မှုပညာရပ်များကိုလည်း သင်ကြားပေးရခြင်း အကြောင်းအရာများကို တွေ့ဆုံမေးမြန်း၍ ပြန်လည်ဖော်ပြလိုက်ပါသည်။

TREND    ။    ။ ZZK ဖက်ရှင် သင်တန်းကျောင်းအနေနဲ့ စတင်ဖွင့်လှစ်ဖြစ်ပုံကို အရင်ဆုံးပြော ပြပေးပါဦး။
DZZK    ။    ။
ဒီနေ့ကတော့ သင်တန်းကျောင်းနေရာကို နေရာသစ်မှာ ပြန်ပြီးတော့ အထိုင်ချတာပေါ့။ သင်တန်းကျောင်းကတော့ ဖွင့်လာတာ ၁၀ စုနှစ် တစ်စု ရှိပြီဆိုတော့ သင်တန်းသားတွေကတော့ အများကြီးရှိ နေပါပြီ။ တပည့်တွေလည်း မွေးဖြစ်တယ်။ နောက်ကို ဗစ်ကာလမှာ ခဏနားလိုက်ပြီးတော့ သင်တန်းပိုင်းကို နားဖြစ်လိုက်တယ်။ အွန်လိုင်းကနေလည်း မဖွင့်ဖြစ်ဘူး။ အခု ပြန်ဖွင့်ဖြစ်တာကတော့ ပရဟိတနဲ့ဆိုင်တဲ့ သင်တန်းလေးပေါ့။ အဲ့ဒါက အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့အသက်မွေးဝမ်းကျောင်း ပညာလေးတွေကို အစ်မကနေပြီးတော့ ဦးဆောင်ပြီး အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။

TREND    ။    ။ ပြန်လည်ဖွင့်လှစ်မယ့် အခမဲ့ သင်တန်းက Single Mom အမျိုးသမီးတွေကို အဓိကထား သင်ကြားဖြစ်တဲ့ပုံကိုလည်း ရှင်းပြပေးပါဦး။
DZZK    ။    ။
အဓိကတော့ ဖက်ရှင်၊ ဒီဇိုင်းပိုင်းကို သင်ကြားပေးမယ်။ ပြီးရင် အခြားလက်မှုပညာတွေကိုလည်း သင်ကြားပေးသွားမှာပါ။ အစမှာတော့ အစ်မကနေပြီး အရင်ဆုံး ဦးဆောင်လုပ်ပေးမယ်။ အသက်မွေးဝမ်းကျောင်းပညာကို သင်ဖို့လိုအပ်နေတယ်။ ဒါပေမဲ့ သူတို့မှာ ငွေရေးကြေးရေးကြောင့် သော်လည်းကောင်း၊ တခြားအကြောင်းအရာ တစ်ခုခုကြောင့်သော်လည်းကောင်း သင်ကြားချင်ပေမယ့်၊ သင်ကြားခွင့်မရှိတဲ့ အမျိုးသမီးတွေကို ရည်ရွယ်ပြီး ပညာဒါန၊ ပရဟိတပုံစံမျိုးလေး ပြန်လုပ်ဖြစ်တာပါ။ ဘယ်လိုအမျိုးသမီးတွေကို ရည်ရွယ်တာလဲဆိုရင် Singal Mom တွေကို ရည်ရွယ်တာပါ။ ကိုယ်ကိုယ်တိုင်ကလည်း ကလေးမိခင်ဆိုတော့ အမျိုးသမီးတွေကို ထောက်ပံ့မှုလေးဖြစ်စေချင်တာပါ။ ကလေး တွေနဲ့ဆိုတော့အပြင်မှာ အလုပ်ထွက်မလုပ်နိုင်ဘူး။ အိမ်ထဲမှာပဲ ငွေရှာလို့ရမယ်၊ လက်မှုပညာဆိုရင် အိမ်ထဲမှာပဲနေပြီး ကိုယ့်ရဲ့တစ်ပိုင်တစ်နိုင် အလုပ်လေးလုပ်ပြီးတော့ ငွေရှာနိုင်တယ်ပေါ့။ ဒီသင်တန်းကိုတော့ ၁၀၀ ရာခိုင်နှုန်း အခမဲ့သင်ကြားပေးမှာပါ။ အခုက လူတွေ့ခေါ်ယူနေပါပြီ။ မကြာခင် သင်ကြားပေးတော့မှာပါ။ ဒီကြော်ငြာလေးကိုတွေ့ပြီး အခြားအတန်းတွေရော မရှိဘူးလားလို့ မေးကြတာတွေရှိတယ်။ ပညာဒါနမဟုတ်ဘဲနဲ့ အခကြေးငွေနဲ့တက်လို့ရတဲ့ အတန်းတွေလည်း တက်ချင်ပါတယ် ပြောကြလို့ အခကြေးငွေနဲ့ဖွင့်တဲ့ သင်တန်းကြတော့ အစ်မကျောင်းမှာ သင်တန်းကြေးကို တစ်ဝက်ပဲပေးရမယ်။ ပြောမယ်ဆို သင်တန်းကြေးက လေးသိန်းပေးရရင် နှစ်သိန်းနဲ့ တက်နိုင်တဲ့ အစီအစဉ်မျိုးတွေပေါ့။ နောက်ထပ် ဆောင်ရွက်ဖို့က မသန်စွမ်းကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာရှိတဲ့ အမျိုးသမီးတွေကို ZZK ဖက်ရှင်သင်တန်းကျောင်းကနေမှ အခမဲ့လိုက်ပြီးတော့ သင်ကြားပေးမယ့် အစီအစဉ်တွေလည်း ရှိပါသေးတယ်။

TREND    ။    ။ သင်တန်းသား ဘယ်နှယောက်ကိုလက်ခံပြီး ဘယ်လိုမျိုး သင်ကြားပေးသွားမလဲ။
DZZK    ။    ။
သင်တန်းသားအနေနဲ့က ငါးယောက်ကနေ ၁၀ ယောက် စတင်ခေါ်ယူမယ်။ နောက် အစ်မရဲ့အစီအစဉ်ကို သဘာကျလို့ ကူညီချင်တာရှိရင် ဖြစ်ဖြစ်၊ ပူးပေါင်းချင်တယ်၊ အမျိုးသမီးလေးတွေကို ပံ့ပိုးပေးချင်တယ်ဆိုရင် အစ်မကို ဆက်သွယ်လို့ရပါတယ်။ ZZK ဖက်ရှင်ဒီဇိုင်းနဲ့ ပူးပေါင်းပြီးတော့မှ ပညာဒါနလိုမျိုး၊ ပရဟိတတွေ ပူးပေါင်းဆောင်ရွက်ချင်ရင်လည်း ဖိတ်ခေါ်ပါတယ်။ လက်မှုပညာရှင်ပဲ ဖြစ်ဖြစ်ပေါ့။ တစ်ယောက်တည်း သွားတာထက်စာရင် အများနဲ့သွားတာ ထိရောက်တာပေါ့နော်။ အခမဲ့သင်ကြားပေးမယ်ဆိုတဲ့ ပို့စ်တင်လိုက်တော့ တော် တော်လေးလည်း ပေါက်တယ်။ အားပေးမှုတွေလည်း တွေ့ရတယ်။ အများကြီးလာဆက် သွယ်ကြတယ်။ အစ်မတို့က သင်တန်းနဲ့ ပတ်သက်ပြီး စည်းကမ်းချက်လေးတွေရှိတယ်။ အဲ့ဒါကြောင့် တစ်ရက် လူတွေ့ခေါ်တယ်။ နောက်တစ်ရက်က အင်တာဗျူးတယ်။အဲဒီနှစ်ချက်ပြီးတော့မှ အတည်ပြုတယ်။ အဲဒီအထဲကမှ ပြန်ရွေးပြီးတော့ လက်ခံပါတယ်။ နောက် နယ်ကနေပြီး မေးတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကျတော့ ဒီအခွင့် အရေး ကို လက်လွှတ်လိုက်ရတယ်။ ဒါကြောင့် အွန်လိုင်းကနေ သင်ကြားပို့ချပေးမယ့် အစီအစဉ်ကိုလည်း ထပ် ပြီးတော့ စီစဉ်ထားတယ်။ နယ်မှာနေတဲ့ အမျိုးသမီးတွေနဲ့ ပြည်ပကနေ တက်ရောက်ချင်တဲ့သူတွေ အတွက်ပါ။ သူတို့လေးတွေကိုလည်း ရာနှုန်းပြည့် အခမဲ့ပညာ ဒါန Free သင်ယူခွင့်ရမယ်။ အဲ့ဒီလိုမျိုးလေးတွေ လုပ်သွားမယ်။

TREND    ။    ။ ကိုယ်တိုင်ကရော ဒီဇိုင်းပညာနဲ့ပတ်သက်ပြီး ဘယ်လောက်အထိ လေ့လာသင်ယူခဲ့ပြီး ဘယ်လို ဖြတ်သန်းခဲ့ရလဲ။
DZZK    ။    ။
အစ်မအနေနဲ့က ဒီပညာနဲ့အလုပ်ကို သုညကနေ စခဲ့တာပါ။ ကိုယ့်အသိုင်းအဝိုင်းမှာ ကြတော့လည်း ဒါကို လမ်းဖောက်ထားတဲ့သူ မရှိပါဘူး။ ကိုယ်တိုင်ပဲ ကိုယ့်လမ်းကိုယ် ဖောက်ခဲ့ရတာ။ အခု သင်ချင်နေတဲ့သူတွေကိုလည်း ကိုယ်ချင်းစာတဲ့အနေနဲ့ပေါ့။ သင်ကြားချင်ပေမယ့် ငွေကြေး မရှိဘူး။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ငွေကြေးက အဓိကလေ။ အစ်မတို့ဆိုရင်လည်း ဘာပဲလုပ်ချင်လုပ်ချင်၊ ငွေက အဓိကလာတာပဲလေ။ အဲဒီအတွက်ကြောင့် ငွေကြေးမရှိလို့ ကိုယ်လုပ်ချင်တာလေးတွေ မလုပ်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးပဲ။ အစ်မကိုယ်တိုင်လည်း အောက်ခြေကနေ တက်ခဲ့တာ။ အစ်မရဲ့ လက်ဦးဆရာတွေလည်း များပါတယ်။ တစ်ဆင့်ချင်းပေါ့။ ပြည်တွင်းက ဆရာ၊ ဆရာမတွေ အပြင်ကို နိုင်ငံတကာက ဆရာ၊ ဆရာမတွေနဲ့ သင်ကြားခဲ့တယ်။ ကိုယ်တိုင်ရင်း နှီးမြှုပ်နှံရတာကတော့ အချိန်တွေရော၊ ငွေတွေရော၊ စိတ်တွေရော ၁၀ စုနှစ် နှစ်စုနီးပါး ကြိုးစားခဲ့ရတယ်။ ဘဝကို တစ်ကိုယ်တည်း ရပ်တည်နေတဲ့ အမျိုးသမီးတွေကို ပိုပြီးတော့မှ ပံ့ပိုးပေးချင်တာ။ အားလုံး တွေ့ကြုံနေရတဲ့ အခြေအနေမှာ ဒါကိုပဲ စိတ်ဆင်းရဲတယ်ဆိုပြီး ထိုင်ပြီးတော့ ဘာလုပ်ရမှန်း မသိဘူး တွေဝေနေမယ့်အစား ကိုယ်လုပ်နိုင်တာလေးကို လုပ်ကြရအောင်ဆိုပြီးတော့ လုပ်တဲ့သဘောပါ။

TREND    ။    ။ အခုသင်တန်းက ပရဟိတဆိုပေမယ့် ကုန်ကျစရိတ်တွေ ရှိတယ်လေ။ ဒါတွေကိုရော ဘယ်လိုမျိုး ဆောင်ရွက်ဖို့ စီစဉ်ထားလဲ။
DZZK    ။    ။
ဟုတ်ပါတယ်။ ပရဟိတဆိုပေမယ့် ဒါကို ရပ်တည်ဖို့ကြတော့ အသုံးစရိတ်တွေ၊ Fan ငွေတွေလိုမယ်။ အခန်းငှားဖို့ စရိတ်တွေလိုပါမယ်။ အဲဒီအတွက်ကြောင့်မို့ ၁၀၀ ရာခိုင်နှုန်း ပညာဒါနက တစ်မျိုး၊ အခကြေးငွေ တစ်ဝက်ယူတဲ့ သင်တန်းကတစ်မျိုး နှစ်မျိုး ပြုလုပ်ထားတာပါ။ အဲဒီကရလာတဲ့ သင်တန်းကြေးနဲ့ ဒီဘက်မှာ အခမဲ့သင်ကြားပေးမယ်။ အဲဒီလိုလေးတော့ စီမံထားပါတယ်။

TREND    ။    ။ ဖက်ရှင်ပညာက အရမ်းကို ခေတ်စားလာပြီ။ လူကြီး၊ လူငယ်မရွေး အားလုံးက စိတ်ဝင်စားလာတယ်။ ဒီအပေါ်မှာ သင်တန်းဆရာမတစ်ယောက်အနေနဲ့ အမြင်လေးပြောကြားပေးပါဦး။
DZZK    ။    
။ အခုခေတ် ကလေးတွေက ကိုယ်တွေထက်စာရင် ပိုပြီး ကောင်းတယ်။ ဖက်ရှင်၊ ဒီဇိုင်းပိုင်းက အရမ်း ပေါ်ပြူလာဖြစ်လာတယ်။ လူတိုင်းက လှလှပပလေးကို စိတ်ဝင်စားလာတယ်။ အခု ခေတ်မှာ Trend ဖြစ်လာပြီး ဖက်ရှင်ဒီဇိုင်းပိုင်းကို လူတွေက ဖက်ရှင်ဆိုတာကို အထင်ကြီးလာတယ်။ ပိုစိတ်ဝင်စားလာကြတယ်။ ကလေးတွေက ပိုက်ဆံရှိရင် ဒီပညာကို ပြည်ပနိုင်ငံတွေမှာပါ တက်ရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံနိုင်ကြတယ်။ နောက် အွန်လိုင်းဖွင့်လိုက်တာနဲ့ ကိုယ်လေ့လာချင်တာကို လေ့လာလို့ရတယ်။ ကိုယ်တွေထက် အများကြီး အားသာချက်တွေရှိလာတယ်။ အစ်မတို့ စလုပ်တုန်းက ဒီဇိုင်နာဆိုတာ ဘာလဲဆိုတာ လူတွေသိပ်မသိကြဘူး။ 

TREND    ။    ။ ဖြည့်စွက်ပြောချင်တာလေးရှိရင် ပြောကြားပေးပါဦး။
DZZK    ။    ။
ဒီပညာကို သင်ယူချင်တယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေ ဖြစ်ဖြစ်၊ နောက်မှာ ကိစ္စတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲနေပြီး တိုးတက်ရာ တိုးတက်ကြောင်း ဘယ်လိုလုပ်ရမလဲဆိုတဲ့ လမ်းစပျောက်နေတဲ့ အမျိုးသမီးလေးတွေ လည်းရှိမယ်။ အိမ်ထဲမှာနေရင်းနဲ့မှ ဝင်ငွေလေးတစ်ခု ရချင်တယ်။ အပြင်လည်း ထွက်ပြီး ငွေမရှာနိုင်ဘူး ဒါပေမဲ့ ဝင်ငွေလေးတစ်ခုရချင်တယ်။ ဖန်တီးချင်တဲ့ အမျိုးသမီးတွေအတွက် ရည်ရွယ်တာပါ။ သင်ကြားတဲ့ အခါမှာလည်း ဖက်ရှင်နဲ့ ပတ်သက်တဲ့ ပညာတွေအကုန် သင်ခွင့်ရမယ်။ နိုင်ငံတကာ ကမ္ဘာကျော်ဒီဇိုင်နာတွေဆီမှာ အစ်မကိုယ်တိုင် သင်ယူခဲ့တဲ့ ပညာတွေကို Free ပေးမှာပေါ့နော်။ နောက်တစ်ခုက သင်တန်းပြီးသွားတဲ့အခါမှာလည်း အလုပ်အကိုင် အခွင့် အလမ်းတွေကို ချိတ်ဆက်ပေးမယ်။ အလုပ်ပါတစ်ခါ တည်းရသွားအောင် လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ထားတယ်။ သင်တန်းတက်ပြီးသွားရင် အလုပ်အကိုင်အခွင့် အလမ်းတွေပါ ရရှိအောင် ဆောင်ရွက်ပေးမှာပါ။ သင်တန်းတက်တဲ့သူ ဘယ်သူမဆို သူတို့တွေရဲ့ လက်ရာတွေကို အစ်မဆိုင်နေရာမှာ ကောင်တာတစ်ခု ဖွင့်ရောင်းပေးဖို့ စီစဉ်ထားပါတယ်။ သင်တန်းတက်ချင် သူတွေအနေနဲ့ တောင်ဒဂုံ၊ ဘုန်းကြီးကျောင်းကွေ့ မှတ်တိုင်ရှေ့၊ ZZK ဖက်ရှင်သင်တန်းကျောင်း၊ တောက်ဒဂုံ လှော်ကားလမ်းမကြီး မှာ ဖွင့်လှစ်ထားပါတယ်။ ၀၉ - ၇၉၄ ၉၂၀ ၈၉၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။      

(သက်မှူး)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 163

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43076

© 2022 - 2025 News. All Rights Reserved.