ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားအားပြိုင်မှု၊ နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အရွေ့ဆီသို့ သက်ရောက်မှု

၂၀၂၅ ၊ စက်တင်ဘာ ၅

    တီယန်ကျင်းမြို့မှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူး ပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး SCO SUMMIT 2025 မှာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေ အသီးသီး တက်ရောက်ပြီးတဲ့နောက်မှာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က အင်အားပြိုင်ဆိုင်မှု အပြောင်းအလဲနဲ့ ချိန်ခွင်လျှာ အပြောင်းအလဲက သိသိသာသာ စတင်ပြီလားလို့ ပြောလို့ရမယ် ထင်ပါတယ်။ 
    ယူကရိန်းစစ်ပွဲမှာ ဒေါ်နယ်ထရမ့်ကိုယ်တိုင် ကြားဝင်စေ့စပ်ပေးနေခဲ့တာတောင် စစ်ပွဲရပ်ဖို့ အရိပ်အယောင် မပြသေးတဲ့ ရုရှားသမ္မတ ပူတင်၊ ဆန်ရှင်သတ် မှတ်ထားတဲ့ ရုရှားနိုင်ငံက ရေနံတွေကို ဝယ်ယူလို့ အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ခံထားရတဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တီနီယိုဂူတာရက်စ် အပါအဝင် ၂၀၀၁ ခုနှစ် စတင်တည်ထောင်ခဲ့စဉ် အချိန်ကတည်းက ပါဝင်ခဲ့ကြတဲ့ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စ တန်တို့လည်း ဒီအစည်းအဝေးမှာ စုံစုံညီညီ တက်ရောက်ခဲ့ကြတာ တွေ့ခဲ့ရတာကတော့ အတော်လေး ထူးဆန်းတယ်လို့ ဆိုရမှာပါ။ အကြောင်းတိုက်ဆိုင်တာကတော့ သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံနေတဲ့ အနောက်နိုင်ငံနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ ပေကျင်းရဲ့ အရေးပါမှုအခန်းကဏ္ဍကို မီးမောင်းထိုးပြနေသလို ဖြစ်နေခဲ့တာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
    အဖွဲ့ဝင် ၁၀ နိုင်ငံအထိ တိုးချဲ့ထားတဲ့ SCO ထဲမှာ အိမ်ရှင်တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ကာဇက်စ္စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အီရန်နဲ့ ဘီလာရုစ်တို့ ပါဝင်နေသလို လေ့လာသူတွေအဖြစ်နဲ့ အာဖဂန်နစ္စတန်၊ မွန်ဂိုလီးယား၊ ဆွေးနွေးဘက်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယားနဲ့ မြန်မာတို့လည်း ရှိနေခဲ့ကြတာပါ။ 
    ဒါ့အပြင် ပေကျင်းမှာ ကျင်းပတဲ့ ဒုတိယကမ္ဘာ စစ်အောင်ပွဲ နှစ် (၈၀) ပြည့် အခမ်းအနားကလည်း ခုအခမ်းအနားကို လာတက်တဲ့ နိုင်ငံအများစုနဲ့ပတ်သက်တဲ့ နောက်ခံသမိုင်းကြောင်းကလည်း ကိုယ်စီရှိနေကြပြန်သေးတာပါ။ ဒီအခမ်းအနားမှာဆိုရင်လည်း ဒုတိယကမ္ဘာစစ်မှာ စစ်နိုင်ခဲ့တဲ့ ရုရှားအပြင် အစ္စရေးနဲ့ ပူပူနွေးနွေး စစ်ဖြစ်ထားတဲ့ အီရန်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့လည်း တက်ရောက်ကြတာဖြစ်လို့ ခေတ်ပြိုင်နိုင်ငံရေးမှာ အနောက်နိုင်ငံ ဦးဆောင်တဲ့ နိုင်ငံရေးအခင်းအကျင်းအပြင် တခြားရွေးချယ်စရာတွေ ပေးနိုင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ကွန်ရက်တွေ အဖြစ်နဲ့ ရှေ့တစ်လှမ်းတိုးလာနိုင်တာ တွေ့နေရတာပါ။ ရုရှားဟာ တရုတ်နိုင်ငံအတွက် မဟာမိတ်ဖြစ်သလို တရုတ်ရဲ့ မဟာမိတ်ကလည်း မြောက်ကိုရီးယားဆိုတဲ့အခင်းအကျင်းက ကမ္ဘာ့ဗဟုအသွင် ပြောင်းလဲရေးမှာ အခရာကျနေဦးမယ့် ပူးပေါင်းမှုတွေအဖြစ် ရှုမြင်နေခဲ့ကြရတာပါ။  
    ဒါကလည်း နိုင်ငံတိုင်းမှာ ဒီအခမ်းအနားကို တက်ရောက်ဖို့ ကိုယ်စီအကြောင်းပြချက်တွေလည်း အခိုင်အမာရှိကြပါတယ်။ ရုရှားနိုင်ငံကို ကြည့်မယ်ဆိုရင်လည်း ယူကရိန်းစစ်ကြောင့် သံတမန်ရေးရာမှာ အထီးကျန်မှု ဖြစ်မနေဘူးဆိုတာကို ပြသဖို့အခွင့်အရေး ဖြစ်သလို အိန္ဒိယအစိုးရဆိုရင်လည်း ဒီအစည်းအဝေးကနေ နယ်စပ်ပြဿနာတွေကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်သလို တရုတ်-အိန္ဒိယဆက်ဆံရေးကိုလည်း အကောင်းမွန်ဆုံးဖြစ်အောင် တည်ဆောက်နိုင်မယ့် အခွင့်အရေးမျိုး ရရှိသွားတာပါ။ ဒါကြောင့်လည်း ဒေါ်နယ်ထရမ့်ကို လျစ်လျူရှုပြီး ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ SCO ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တာက သာမန်နိုင်ငံရေး အကြောင်းအရာမျိုးတော့ ဟုတ်မနေပါဘူး။ အာဆီယံထဲကလည်း ပြည်တွင်းပြဿနာကိုယ်စီရှိနေတဲ့ ထိုင်းနဲ့ အင်ဒိုတို့ကလွဲရင် မလေး၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့လည်း တက်တာတွေ့ရတာကတော့ ပိုလို့တောင် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ ဒါက အာဆီယံဒေသတွင်းမှာတောင် အဖြူ၊ အမည်း သဲကွဲအောင် ပြလိုက်သလိုပါပဲ။ 
    ကမ္ဘာ့နိုင်ငံရေးအသွင်ပြောင်းမှုမှာ ကျွဲကူးရေပါ ဖြစ်နိုင်တာကတော့ တောင်အာရှ၊ အရှေ့တောင် အာရှနဲ့ အရှေ့အာရှသုံးခုလုံးစုဆုံရာ ပထဝီအနေအထား Choke Point မှာ ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးက အရေးပါမှု အခန်းကဏ္ဍမှာ ထိပ်ဆုံးရောက်လာနိုင်တယ်လို့ တွက်ချက်ရမှာပါ။ ဝန်ကြီးချုပ်ဖြစ်သူ နာရန်ဒရာမိုဒီ ချမှတ်ခဲ့တဲ့ 'အရှေ့လမ်းမူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမှု မူဝါဒ'နှစ်ခုလုံးနဲ့ အကျုံးဝင်နေတဲ့ အပြင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ကျော် ကုန်ကျမယ့် ကုလားတန်စီမံကိန်း၊ တရုတ်နိုင်ငံရဲ့ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ BRI စီမံကိန်းတွေက မြန်မာရဲ့ အချက်အချာကျမှုကို မီးမောင်းထိုးပြနေတာ ဖြစ်ပါ တယ်။ 
    ဒီခရီးစဉ်မှာ နိုင်ငံတော်ယာယီသမ္မတဟာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခွင့်ရခဲ့သလို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ပါ တွေ့ဆုံခွင့်ရခဲ့တာကတော့ အတော်လေးကောင်းတဲ့ ခရီးစဉ်တစ်ခု လို့သာ ညွှန်းဆိုရမှာပါ။ ဒီတွေ့ဆုံမှုမှာ သမ္မတရှီကျင့်ဖျင်ဘက်က မြန်မာနဲ့ပတ်သက်တဲ့ ပြောဆိုချက်တွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပထမဆုံးအချက်က မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်နဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထောက်ခံကြောင်း ဆိုခဲ့သလို ဒုတိယအချက်ကတော့ မြေငလျင်အပြီး ပြန်လည်တည်ဆောက်ရေးနဲ့ လူမှုဘ၀မြှင့်တင်ရေး၊ စည်းလုံးညီညွတ်ပြီး တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးနဲ့ တတိယအချက်ကတော့ နှစ်နိုင်ငံကုန်သွယ်မှုကို မြှင့်တင်ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူတကွ ထိန်းသိမ်းရမှာ ဖြစ်သလို ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်နဲ့အတူ နိုင်ငံတကာစနစ်ကို ပူးပေါင်းကာကွယ်သွားကြဖို့ လိုအပ်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတွေက တရားဝင်ထုတ်ပြန်ခဲ့တဲ့ အဓိကပြောဆိုချက်တွေ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တရုတ်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ခိုင်ခိုင်မာမာရှိနေတယ်လို့ လူလုံးထွက် ပြသလို မြင်သာထင်သာ ရှိစေပါတယ်။ 
    ယာယီသမ္မတကလည်း တရုတ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ မြန်မာအတွက် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းဖြစ်တယ်ဆိုတဲ့ အာမခံချက်ရယ်၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း၊ တရုတ်နိုင်ငံရဲ့ Belt and Road  စီမံကိန်းကို ပူပေါင်းဆောင်ရွက်လိုကြောင်း၊ SCO ဖွံ့ဖြိုးတိုးတက်ရေးမှာ အဖွဲ့ဝင်အဖြစ် တိုးမြှင့်ရလိုကြောင်းနဲ့ သဘာဝသယံဇာတတွေကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးဆိုတဲ့အချက်တွေ ပြောကြားခဲ့တာ တွေ့ရတယ်။ ဒီထဲမှာ ထူးထူးခြား ခြားဖြစ်နေတာကတော့ သဘာ၀ သယံဇာတဆိုတဲ့ အချက်ပဲ။ ဒီအချက်က လတ်တလော သတင်းတွေမှာ ပြည်သူတွေ စိတ်ဝင်စားမှုများ နေတဲ့ မြေရှားကိစ္စကို ရည်ရွယ်ဟန်ရှိတာ တွေ့ရတယ်။ 
    တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ချိန်မှာ ပိုပြီးစိတ်ဝင်စားစရာဖြစ်ခဲ့တာက ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနဲ့ ချိတ်ဆက်မယ့် မန္တလေး-မူဆယ် မီးရထားလမ်းကြောင်းကို ဦးစားပေး ပြောကြားခဲ့တဲ့ အကြောင်းအရာပဲ ဖြစ်လိမ့်မယ်။ ဒီလမ်းကြောင်းက တရုတ်နိုင်ငံရဲ့ ကုန်တွင်းပိုင်းမှာ ရှိတဲ့ ပင်လယ်ထွက်ပေါက်မရှိတဲ့ ပြည်နယ်တွေကို အဓိကဆွဲဆောင်တဲ့ မဟာဗျူဟာမြောက် လမ်းမကြီး ဖြစ်နေသလို ဒီလမ်းမကြီးသာ ဖြစ်လာခဲ့ရင် မြန်မာနိုင်ငံအတွက်လည်း အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုး တက်ရေး၊ လျှပ်စစ်နဲ့ စက်မှုလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။
    သြဂုတ် ၃၁ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းအရာက မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေကြားမှာ အတော်လေးကို လူပြောများခဲ့ပြန်တယ်။ အဓိက နာရန်ဒရာမိုဒီရဲ့ လူမှုကွန်ရက်ထုတ်ပြန်ချက်မှာ နိုင်ငံတော် ယာယီသမ္မတနဲ့တွေ့ဆုံပြီး ကုန်သွယ်ရေး၊ စွမ်းအင်၊ မြေရှား သတ္တုတူးဖော်ရေးနဲ့ လုံခြုံရေးကဏ္ဍတွေကို နှစ်ဦးသဘော တူခဲ့တယ်ဆိုပြီး ရေးသား ခဲ့တာပါ။ ထုတ်ပြန်ချက်အရ လူပြောများခဲ့တာကတော့ ထုံးစံအတိုင်း မြေရှားကိစ္စပါပဲ။ ကမ္ဘာ့လူသုံးကုန် ပစ္စည်းတွေဖြစ်တဲ့ စမတ်ဖုန်း၊ လျှပ်စစ်ကား၊ လေအားတာဘိုင်နဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေအတွက် မရှိမဖြစ်အရေးပါတဲ့ မြေရှားဟာ လက်ရှိခေတ်ကာလ အခြေအနေအရ ကမ္ဘာ့နိုင်ငံတိုင်းက အလိုရှိတဲ့ သည်းခြေကြိုက်ပစ္စည်း ဖြစ်နေတာပါ။ မြေရှားနဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း) 'ဝ'ထိန်းချုပ်ရာဒေသနဲ့ MNDAA ထိန်းချုပ်ဒေသတွေမှာ အများဆုံး ထွက်ရှိနေတာဖြစ်သလို ဒီဒေသတွေက လက်နက်ကိုင်တွေကိုလည်း တရုတ်ကသာ သြဇာသက် ရောက်မှု အများဆုံးဖြစ်နေချိန်မှာ အိန္ဒိယဝန်ကြီးချုပ်နဲ့ သဘောတူညီမှုရခဲ့တဲ့ မြေရှားကိစ္စဟာ ပိုပြီးစိတ်ဝင်စားစရာ ဖြစ်ခဲ့ဟန်ရှိပါတယ်။
    ကမ္ဘာအရပ်ရပ်က မြေရှားဈေးကွက်ရဲ့ ရာခိုင်နှုန်း ၉၀ လောက်ကို ချုပ်ကိုင်ထားတဲ့ တရုတ်ရဲ့ စုစုပေါင်းထုတ်လုပ်မှုထဲက ၄၉ ရာခိုင်နှုန်းလောက်က မြန်မာနိုင်ငံက ရရှိနေတဲ့ အခြေအနေမှာ ဒီမြေရှားကိစ္စ ဟာ အစိုးရ G to G ခြင်းဆောင်ရွက်ဖို့ လိုလာပြီဆိုတာလည်း သတိချပ်စရာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ ခဲယမ်းစက်ရုံရှိတဲ့ 'ဝ'နဲ့ KIA အနေနဲ့လည်း မြေရှားကို အသုံးချပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေတဲ့ အနေအထားလို့ သုံးသပ်ရမှာပါ။ လောလောလတ်လတ် တရုတ်ဖိအားကြောင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့၊ ကိုးကန့်နဲ့ SSPP တို့ကို လက်နက်ခဲယမ်းနဲ့ ငွေရေးကြေးရေး မထောက်ပံ့ဘူးလို့ 'ဝ'ဘက်က ကြေညာထားပေမယ့် ကချင်ပြည်နယ်မှာရှိတဲ့ KIA ကိုတော့ တရုတ်ဘက်က သိသိသာသာ ဖိအားပေးတာမျိုး မတွေ့ရသေးပါဘူး။ 
    မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် နိုင်ငံရေးပါတီ ၆၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကလည်း ကိုးခု ရှိတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၂၉ ရက်မှာ ကြေညာထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့ သတ်မှတ်ထားတဲ့ စက်တင်ဘာ ၇ ရက်အတွင်း မြို့နယ် ၁၀၀ ကျော်မှာ ပါတီရုံးခန်း ဖွင့်လှစ်နိုင်အောင် ကြိုးစားရမှာဖြစ်သလို ပါတီဝင် အင်အားကလည်း ငါးသောင်းပြည့်မီနေရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေအနေနဲ့လည်း မြို့နယ်ငါးခုမှာ ပါတီရုံးခန်း ဖွင့်လှစ်ရမှာ ဖြစ်သလို လူဦးရေအင်အားကလည်း တစ်ထောင်တိတိ တင်ပြ ရမှာပါ။
    ရွေးကောက်ပွဲနဲ့အပြိုင် ထူးခြားတဲ့ အကြောင်းအရာတစ်ခုကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU)ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၈ ရက်မှာ ကြေညာခဲ့တာပါ။ ၁၉၇၆ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရခေတ်မှာ ပထမအကြိမ် အကြမ်းဖက်အုပ်စုအဖြစ်နဲ့ ကြေညာခံထားရတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)အနေနဲ့ နှစ်ပေါင်း ၄၉ နှစ်အကြာမှာ ဒုတိယအကြိမ်ပြန်ပြီး ကြေညာခံထားရတာ ဖြစ်ပါတယ်။ 
    စစ်ရေးဘက်မှာတော့ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှာ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) နဲ့ တပ်မတော်တို့ ကူမင်းမှာတွေ့ဆုံပြီး အပစ်ရပ်ဖို့ ဆွေးနွေးကြပေမယ့် သဘောတူညီမှုမရခဲ့ဘူးလို့ ဆိုပါတယ်။ တပ်မတော်သဘောထားကတော့ ဒီနေရာမှာ ရှင်းရှင်းလင်းလင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအတိုင်းပဲ ရပ်တည်ဆွေးနွေးနေတာ တွေ့မြင်ကြရမှာပါ။ ဒီကာလတွေမှာလည်း TNLA အဖွဲ့နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို ပြည်ထောင်စု လမ်းမကြီးပေါ်က မန္တလေး-လားရှိုး-မူဆယ် လမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ် ဆောင်နေသလို ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်မှာလည်း နောင်ပိန်၊ ပင်ပေါ၊ နောင်ပစ်လမ်းခွဲ၊ ဂုတ်တွင်းနဲ့ ဂုတ်ထိပ်တံတားတွေကို တပ်မတော်က အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။
    မတ္တရာခြမ်းဘက်မှာလည်း ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်မှာ MDY-PDF အမည်ခံ အကြမ်းဖက်သမားတွေ အခိုင်အမာ စုဖွဲ့ထိန်းချုပ်ထားတဲ့ ဖယောင်းတောင် သတ္တုတွင်းဒေသနဲ့  သြဂုတ် ၂၈ ရက်မှာ Alpha ဘိလပ် မြေစက်ရုံတွေကို တပ်မတော်က အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ကူမင်းဆွေးနွေး ပွဲ မအောင်မြင်ဘူး ဆိုပေမယ့်လည်း မြေပြင်စစ်ရေးမှာတော့ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်နဲ့အတူ FPNCC အကွဲအပြဲကြားမှာ တအာင်းလက်နက်ကိုင်တွေအပြင် MDY-PDF တွေအနေနဲ့ အင်အားချည့်နဲ့မှု ရှိလာတာကတော့ အမှန်တရား ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ နောင်ချိုမြို့အပြင် မိုးကုတ်အတွက် ဗျူဟာမြောက် အရေးပါတဲ့ သပိတ်ကျင်း၊ နောင်ချို-အုမ္မသီး-ဟိုခို-မိုးကုတ် လမ်းပိုင်းနဲ့ ပြင်ဦးလွင်-ကျောက်မဲလေး-သံဘို-ဟိုခိုလမ်းတွေကို တပ်မတော်ဘက်က ထိန်းချုပ်နိုင်ခဲ့တာက မိုးကုတ်နဲ့ ကျောက်မဲကိုလည်း အနှေးနဲ့အမြန် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလို အခင်းအကျင်းမှာ အပြီးတိုင်လက်နက် စွန့်ခြင်းဆိုတဲ့ နည်းလမ်းကို ရွေးချယ်မလား၊ ဒါမှမဟုတ် ထိပ်တိုက် ရင်ဆိုင်တဲ့ လမ်းကိုပဲ အဆုံးထိရွေးချယ်ဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ 
    စစ်အေးခေတ် နောက်ပိုင်း စီးပွားရေးနဲ့ မိမိနိုင်ငံ အကျိုးစီးပွားကို ဦးတည် ဆောင်ရွက်လာကြတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ အင်အားနည်းတဲ့နိုင်ငံ ငယ်တွေအနေနဲ့ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် နိုင်ငံရေးလမ်းကြောင်းကို ဦးစားပေးရွေးချယ်တတ် ကြတာက ဖြစ်ရိုး ဖြစ်စဉ် ဓမ္မတာလို့ ဆိုရမှာ ပါ။ ဒါကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီးပွားအားပြိုင်မှုက သိသိသာသာ ရိုက်ခတ်မှုရှိလာ တာကြောင့် ဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်တို့လို နိုင်ငံတွေမှာလည်း အချုပ်အခြာနဲ့ ကိုယ်ပိုင်အကျိုးစီးပွားအရ တရုတ်ကို သိသိသာသာ ဆန့်ကျင်ပြီး အနောက်ဘက်ယိမ်းတဲ့ အပေါ်မှာလည်း ပြောစရာရှိမယ်မထင်ပါဘူး။ အပြန်အလှန် အကျိုးစီးပွားအရ နှစ်ရှည်လများ ဒီမိုကရေစီ မိတ်ဘက်မဟာ မိတ်ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကိုတောင် လျစ်လျူရှုပြီး SCO အခမ်းအနားကို တက်လာခဲ့တဲ့ မိုဒီရဲ့ဆုံးဖြတ်ချက်တွေကလည်း သင်ခန်းစာ ယူချင်စရာ ဖြစ်ပါတယ်။ ဒါတွေအားလုံးက ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ ပွတ်တိုက်မှုတွေလို့ ဆိုလို့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလို အခင်းအကျင်း အပြောင်းအလဲမှာ အလိုက်သင့်စီးမျောပြီး ကိုယ်တွယ်နိုင်ရင် ရွေးကောက်ပွဲ အလွန်ကာလ မြန်မာ့စီးပွားရေးမှာ အတော်လေးပြောင်းလဲတိုးတက်နိုင် တဲ့ပုံစံမျိုးလည်း မြင်တွေ့ခွင့် ရှိနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးရဲ့လားရာ အချုပ်ကတော့ လက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းရေးသာ ဖြစ်လို့ ဒီကာလမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ အားပေးထောက်ခံ ရပ်တည်မှုနဲ့အတူ စစ်ရေးနဲ့နိုင်ငံရေးမှာ ဂုဏ်ထူးထွက်အောင် ဆောင်ကြဉ်းနိုင်ရင်တော့ ကောင်းမွန်တဲ့ နိုင်ငံရေးအရွေ့တစ်ခု ဖြစ်ပေါ်လာဖို့ အချိန်မနှေးတော့ ပါဘူးလို့သာ သုံးသပ်ရမှာ ဖြစ်ပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

51029

© 2022 - 2025 News. All Rights Reserved.