၂၀၂၅ ၊ စက်တင်ဘာ ၁၉
ကမ္ဘာ့နိုင်ငံရေးစနစ် ပြောင်းလဲဖို့အတွက် စူပါပါဝါရှိတဲ့ နိုင်ငံတွေအနေနဲ့ အရွေ့တစ်ခုဖြစ်ပေါ်ဖို့ တွန်းအားပေးနေတာကို ဒီကာလတွေမှာ ထင်ထင်ရှားရှားကို တွေ့မြင်နေရတယ်။ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးအပြီးမှာတော့ ဒီအခင်း အကျင်းက ပိုပြီးသိသာစေခဲ့တယ်။ ကုန်သွယ်မှု အခွန်ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်ကို မကျေနပ်ကြတဲ့ နိုင်ငံအများစုက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို စိတ်ဝင်စားလာကြတာက ဒီနိုင်ငံတွေရဲ့အလွန်တော့ မဟုတ်ဘူး။ သေချာတာကတော့ စစ် အေးခေတ်အလွန် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အမေရိကန်ဦးဆောင်တဲ့ ဧကမဏ္ဍိုင် (Unipolar World Order) ဆိုတဲ့ စနစ်တစ်ခုကို သိသိသာသာ လျှော့ချဖို့ နိုင်ငံအ များအပြားက ကြိုးစားနေခဲ့ကြတာလည်း ကြာပြီဆိုတော့… ခုလို SCO ထိပ်သီးအစည်းအဝေးကနေ ဝင်ရိုးစုံ ကမ္ဘာ့အခြေအနေ (Multi - Polar World Order)ဆိုတဲ့ နိုင်ငံရေးစနစ်တစ်ခုဆီကို ဦးတည်ပြီး နိုင်ငံအများအပြား ပေါင်းစည်းသွားခဲ့ကြတာက တကယ် တမ်း အံ့သြစရာတော့ ရှိမနေခဲ့ဘူး။
တကယ်တမ်း ဒီပြဿနာတွေအားလုံးရဲ့ ဇာစ်မြစ်က ယူကရိန်း-ရုရှားစစ်ပွဲကနေပဲ အခြေခံတယ်လို့ ယူဆလို့ရတယ်။ အရင်အမေရိကန်အစိုးရလက်ထက်မှာ ယူကရိန်းကို တည်ကြက်လုပ်ပြီး နေတိုးအုပ်စုနဲ့ ရုရှားကို စစ်မြူကစားခဲ့ကြတာတွေကြောင့် တစ်ဖက်မှာ အမေရိကန်အတွက် စီးပွားရေးအရ လက်နက်ခဲယမ်းတွေ ရောင်းရတယ်ဆိုပေမယ့် ရန်ဘက်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ ပိုပြီးနီးကပ်သွားခဲ့တာကိုတော့ ငြင်းလို့ရနိုင်မယ်မထင်ဘူး။ ယူကရိန်းစစ်ကြောင့်ပဲ ရုရှားဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ မဟာမိတ်အဆင့်အထိ ဆက်ဆံရေးကောင်းတွေ တည် ဆောက်သွားနိုင်ခဲ့သလို ခုဆိုရင် ကုန်သွယ်ရေး အခွန်ကိစ္စကို မကျေနပ်တဲ့ နာရန်ဒရာမိုဒီတောင် အမေရိကန်ကို တင်းတင်းမာမာနဲ့ တုံ့ပြန်နေတာ တွေ့ မြင်နေရတယ်။ ဆိုတော့ အရင်က အမေရိကန်နဲ့ နေတိုးအင်အားစုက တစ်ဖက်၊ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားဆိုတဲ့ အခင်းအ ကျင်းကနေ အိန္ဒိယကိုပါ တစ်ဖက်အဖွဲ့အစည်းထဲ တွန်းပို့သလို ဖြစ်သွားစေခဲ့တာကတော့ အမေရိကန်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ် ဘူးလို့ ဆိုရမှာပါ။ ဒီကြားထဲ နေတိုးနိုင်ငံ တွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတွေကို ရုရှားဘက်က ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတယ်ဆိုတဲ့ ပြဿနာတွေကလည်း မသေးပြန်ဘူး။ ယူကရိန်းစစ်မှာ နယ်မြေတော် တော်များများ သိမ်းပိုက်ရရှိထားတဲ့ ရုရှားအတွက် အသာစီးရနေပြီလို့ ယေဘုယျဆိုနိုင်ပေမယ့် ယူကရိန်းက တိုက်ခိုက်လာတဲ့ တန်ပြန်တိုက် စစ်တွေကိုလည်း ထိရောက်အောင် မကာကွယ်နိုင်သေးတာက အဓိကပြဿနာ ဖြစ်နေတာ တွေ့ရတယ်။ မကြာသေးခင်ကပဲ ယူကရိန်းရဲ့ တိုက်ခိုက်မှုကြောင့် ရေနံချက်စက်ရုံ ၄၂ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့ ရတဲ့ ကိစ္စတွေက ရုရှားကို အထိနာစေခဲ့တယ်။ ဒါကြောင့်လည်း ယူကရိန်းကို အဓိက အထောက်အပံ့ပြု နေတယ်လို့ ယူဆရတဲ့ ပိုလန်ကို သတိပေးမှုလုပ်တာလားဆိုတဲ့ ယူဆချက်တွေလည်း ရှိနေတယ်။ ပိုလန်ကလည်း နေတိုး Article 4 ကိုကိုင်ပြီး ရုရှားကို အရေးယူနိုင်ဖို့ လုပ်နေတာတွေက တတိယ ကမ္ဘာစစ်ကို ဦးတည်စေပြီလားဆိုတဲ့ ပူပင်မှုတွေကိုလည်း တိုးစေတယ်။ ဒီလိုအခြေအနေကြားထဲမှာ ကာ တာကို အစ္စရေးက တိုက်ခိုက်ခဲ့တာတွေ၊ နီပေါနဲ့ အင်ဒိုနီးရှားမှာ လူထုအုံကြွမှုတွေ ဖြစ်နေသလို ပြင်သစ်မှာလည်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်နေတာတွေက ကမ္ဘာကြီးအတွက် ကောင်းတဲ့လက္ခဏာတွေတော့ မဟုတ်နေဘူး။
ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး ရာသီဥတုက အပြောင်းအလဲတစ်ခုဖြစ်ဖို့ အစပျိုးနေပြီလို့ သုံးသပ်မိတယ်။ ဒါက မကြာသေးခင်က တီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ SCO အစည်းအဝေးကတစ်ဆင့် မြန်မာရဲ့ Geopolitical အရ အရေးပါမှုကို အိန္ဒိယနဲ့ တရုတ်က အလေးထားနေပြီဆိုတဲ့အချက်ကို ထင်ထင်ရှားရှား တွေ့မိခဲ့လို့ပဲ။ ထရမ့်ရဲ့ အခွန်စစ်ပွဲကနေ အင်အားကြီးနိုင်ငံ တချို့ ပေါင်းစည်းရေး ဖြစ်ခဲ့သလို မြန်မာကလည်း SCO အစည်းအဝေးမှာ အကျိုးအမြတ် အများကြီးရခဲ့တယ်လို့ ပြောလို့ရတယ်။ သမ္မတရှီကျင့် ဖျင်နဲ့ တွေ့ဆုံပြီး သယံဇာတကိစ္စတွေ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့သလို နောင်မှာ SCO အဖွဲ့ဝင်အတွက် အာမခံချက်တွေနဲ့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံတဲ့ ကတိကဝတ်တွေ ရခဲ့လိုက်တယ်။ အဓိက စိတ်ဝင်စားစရာက တရုတ်-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ကချင်ပြည်နယ်ထဲက ဟူးကောင်းတောင်ကြားရဲ့ အရေးပါမှု အခြေအနေပဲ။ တရုတ်နိုင်ငံကနေ ကန်ပိုက်တီးနဲ့ မြစ်ကြီးနားကို ဖြတ်ပြီး လီဒိုလမ်းမကြီးကို ဖြတ်ကျော်မယ့် လမ်းကြောင်းသစ်ကြီးက စီးပွားရေးနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် ဘယ်လောက်တောင် အရေးပါလိုက်မလဲဆိုတာ တွေးကြည့် ရုံနဲ့တင် စိတ်ဝင်စားစရာကြီး ဖြစ်နေတယ်။
တကယ်တော့ ပထဝီနိုင်ငံရေးအရကြည့်ရင် တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်က များများစားစား မရှိဘူး။ အရှေ့ဘက်မှာ ထိုင်ဝမ်၊ တောင်ကိုရီးယားနဲ့ ဂျပန်၊ ပြီးတော့ ဒေသတွင်း နိုင်ငံတွေဖြစ်ပြီး ပိုင်နက်နယ်မြေ အငြင်းပွားနေကြတဲ့ ဖိလစ်ပိုင်-ထိုင်ဝမ်အရေးမှာ အချိန်မရွေးပိတ်သွားနိုင်တဲ့ မလက္ကာရေလက်ကြား၊ ဒီအနေအထားမှာ မြန်မာဟာ တရုတ်အတွက် လုံး၀မှီခိုအားထားစရာကောင်းတဲ့ အခြေအနေဖြစ်တာ တွေ့ရလိမ့်မယ်။ ဒါကြောင့်လည်း SCO အစည်းအဝေးမှာ ယာယီသမ္မတ အရိပ်အမြွက်ပြောခဲ့တဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်း ချိတ်ဆက်နိုင်မှုက တရုတ်အတွက် ငြင်းစရာကိုမရှိဘူးလို့ ဆိုနိုင်တယ်။ နောက်ထပ် ပါကစ္စတန်မှာ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဂွါဒါဆိပ်ကမ်းရှိတယ်ဆိုပေမယ့် မြန်မာထက်စာရင် ကမ္ဘာ့နိုင်ငံရေး ရိုက်ခတ်မှု ပိုများတယ်။ ပြီးတော့ အကွာအဝေးကလည်း စကားပြော တယ်။ ရှန်ဟိုင်းကနေ ဂွါဒါဆိပ်ကမ်းကိုသွားမယ့် အကွာအဝေးနဲ့ ရွှေလီကနေ ကျောက်ဖြူကို ရောက်မယ့် အကွာအဝေးကို နှိုင်းယှဉ်လိုက်ရင် ဘယ် လမ်းကြောင်းကို တရုတ်အနေနဲ့ ပိုသဘောကျနိုင်မလဲ ဆိုတာက အဓိကအဖြေ ဖြစ်လာလိမ့်မယ်။ ဒါ့ကြောင့် လည်း မဲခေါင်-လန်ချန်း အစည်းအဝေးက တရုတ်တားခဲ့တဲ့ စည်းသုံးစည်းထဲမှာ ပြည်ပစွက်ဖက်မှုဆိုတဲ့ကိစ္စကို ကမ္ဘာသိ ကြေညာထားခဲ့တာ ဖြစ်လိမ့်မယ်လို့ ယူဆမိတယ်။ ဆိုရရင် မြန်မာ့နိုင်ငံရေးမှာ တရုတ်က အိမ်နီးချင်းလည်းဖြစ်သလို နှစ်နိုင်ငံလုံးအတွက်လည်း Win-Win ဖြစ်နိုင်တဲ့ အခင်းအကျင်းတွေကိုလည်း တိုက်ရိုက်ပုံဖော်နိုင်လိမ့်မယ်လို့ ယူဆချင်စရာပဲ။
ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့ UEC ရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကပဲ ကျင်းပသွားခဲ့တယ်။ တရားဝင် ထုတ်ပြန်ချက်တွေအရ ရွေးကောက်ပွဲဟာ အပိုင်းသုံးပိုင်းနဲ့ ကျင်းပဖို့ရှိပြီး လွှတ်တော်မခေါ်ယူခင် ဇန်နဝါရီလထဲမှာပဲ အပြီးလုပ်သွားမယ်ဆိုတာမျိုး ပြောခဲ့သလို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေကိုလည်း ၂၀ ဝန်းကျင်လောက် ဖိတ်သွား မယ်ဆိုပြီး ထုတ်ပြောခဲ့တယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပူပူနွေးနွေး ပါတီဖျက်သိမ်းခံထားရတဲ့ NDF ပါတီ အကြောင်းလည်း ထည့်သွင်းရှင်းလင်းသွားတာ မြင်ခဲ့လိုက်ရတယ်။ အဓိကကတော့ လက်ရှိ UEC ဆီမှာ လဝကကလုပ်နေတဲ့ စမတ်ကတ်တွေရဲ့ အားသာချက်ရှိနေပြီလို့ပဲ ဆိုရမှာပါ။ ဒီလိုစနစ်တွေကနေပဲ မှတ်ပုံ တင်အချက်အလက်တွေကို စစ်ချလိုက်တဲ့အခါမှာ လူတစ်ဦးတစ်ယောက်တည်းက ပါတီနှစ်ခု၊ သုံးခုကို ဝင်ထားတာ၊ နာမည်နဲ့ မှတ်ပုံတင်လွဲနေတာ၊ ထပ်နေတာဆိုတဲ့ကိစ္စတွေ ပေါ်ပေါက်လာခဲ့ပုံပဲ။ နောက်ပြီး UEC ရဲ့ ရှင်းတမ်းအရဆိုရင် ပါတီဝင်အင်အား စာရင်းတွေကို အချိန်နောက်ကျမှ ပေးပို့တဲ့ NDF ပါတီအနေနဲ့ အရန်ပြင်ဆင်ထားတဲ့ Plan B ရှိမနေတာလည်း တွေ့ရတယ်။ ဆိုလိုတာက ပါတီဝင်အင်အား ရှစ်သောင်းကျော် ဆိုပေမယ့် UEC ရဲ့ စစ်ဆေးချက်အရ ငါးသောင်းအင်အားတောင် မရှိနေချိန်မှာ အချိန်မီ အစားသွင်းနိုင်ဖို့ လုပ်မထားတာ တွေ့ရတယ်။ ဒီနေရာမှာတော့ UEC ရဲ့ လုပ်ဆောင်ချက်ကို ပြတ်ပြတ်သားသား ထောက်ခံရမှာပါပဲ။ ဒါကို ပါတီစုံဖြစ်ဖို့ အစိုးရအနေနဲ့ တင်းကျပ်တယ်လို့ ဝေဖန်ရင်လည်း ဝေဖန်ကြပါစေပေါ့။ အဓိကကတော့ စည်ကမ်းနဲ့အညီ မဆောင်ရွက်တဲ့ ပါတီတွေရဲ့မျက်နှာကို ကြည့်ဖို့မလိုသလို ဥပဒေ အတိုင်း ဆောင်ရွက်မယ့် UEC ရဲ့ လုပ်ရပ်ကိုပဲ ထောက်ခံရမှာ ဖြစ်ပါတယ်။
UEC ရဲ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်မှာတော့ မဲဆန္ဒနယ် ၁၂၁ နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ထုတ်ပြန်လာခဲ့တယ်။ ရွေး ကောက်ပွဲ မလုပ်နိုင်တဲ့ မဲဆန္ဒနယ် ၁၂၁ နေရာမှာ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က ၅၆ နေရာ၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ်ကိုးနေရာနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နေရာတွေကတော့ လာမယ့်ရွေးကောက်ပွဲမှာ မပါဝင်နိုင်တော့ဘူးလို့ဘဲ အကြမ်းဖျင်း သတ်မှတ်ရတော့မှာ ဖြစ်တယ်။ ဆိုတော့ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ ရှမ်းပြည်နယ်ထဲက ၁၇ မြို့နယ်၊ ရခိုင် ၁၀ မြို့နယ်၊ စစ်ကိုင်း ၁၀ မြို့နယ်၊ မကွေး ငါးမြို့နယ်၊ ကချင်လေးမြို့နယ်၊ ချင်းလေး မြို့နယ်၊ ကယားလေးမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး သုံးမြို့နယ် စုစုပေါင်း ၅၆ မြို့ နယ် ပါဝင်သွားတာ တွေ့ရတယ်။
လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်းတင်သွင်းတာ၊ စိစစ်တာနဲ့ ရုပ်သိမ်းခြင်းတွေအတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်က သတ်မှတ် ထားတဲ့ ကြေညာချက်တွေကို UEC ဘက်က ပြင်ဆင်သတ်မှတ် ပေးခဲ့တာလည်း တွေ့ရတယ်။ ဒီပြင်ဆင်ချက်တွေအရ ပါတီတွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စင်တင်ဘာ ၈ ရက်ကနေ စက်တင် ဘာ ၂၂ ရက်အထိ တင်သွင်းနိုင်ခွင့် ရသွားတော့မှာလည်း ဖြစ်တယ်။ နောက်ထပ် ထူးခြားတဲ့ကိစ္စကတော့ စစ်တွေ ခရိုင်တရားရုံးကနေ ရာဇဝတ်ကြီးအမှုအမှတ်၊ ၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ပုဒ်မခွဲ(ခ)နဲ့ ရာဇဝတ်ကြီးအမှုအမှတ်၊ ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ ပုဒ်မခွဲ(၁)တို့အရ ပြစ်မှုထင်ရှားစီရင်ခဲ့လို့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(ဃ)နဲ့ ငြိစွန်းနေတဲ့ ဒေါက်တာအေးမောင်ကို ဖွဲစည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ)မှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာကို ကျင့်သုံးပြီး နိုင်ငံတော်ယာယီသမ္မတက ပြစ် ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့လိုက်တာပါပဲ။ ယာယီသမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့တဲ့ ဒေါက်တာအေးမောင်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၈ ပုဒ်မခွဲ(က)အရ အရေးယူထားတာကိုလည်း ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာ တွေ့ရတယ်။ ဒီအချက်တွေကိုကြည့်ရင် ပါတီစုံဖြစ်ဖို့ အစိုးရအနေနဲ့ တားဆီးနေတယ် ဆိုတဲ့ ပြောကြားချက်တွေက အပြည့်အ၀ မမှန်ကန်ဘူးဆိုတာ တွေ့ရလိမ့်မယ်။ ဥပဒေအရ ပြဋ္ဌာန်းပြီးသားဖြစ်တဲ့ ပါတီဝင် အင်အားစာရင်းတွေကိုလည်း နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုချက်နဲ့အတူ ပြင်ဆင်လျှော့ ပေါ့ပေးခဲ့သလို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာနဲ့ ပတ်သက်ပြီးရင်လည်း ရက်တိုးမြှင့် ပေးခဲ့တာတွေ တွေ့ရလိမ့်မယ်။
အချုပ်ဆိုရရင်တော့ ကမ္ဘာ့နိုင်ငံရေးစနစ် အပြောင်းအလဲကာလမှာ မြန်မာ့နိုင်ငံရေး ပါရာဒိုင်းအ ပြောင်းအရွှေ့တစ်ခုကလည်း ဖြစ်ပေါ်ဖို့ တာစူနေပြီလို့ ဆိုရမှာပါ။ စစ်ရေးဘက်မှာ မြဝတီ-အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့ တပ်မတော်အနေနဲ့ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်မှာပဲ KIA ၊ AA နဲ့ PDF ပူးပေါင်း အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာက မြန်မာ့နိုင်ငံရေးအတွက် ဝမ်းသာစရာအခြေအ နေပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်ကနေ စင်တင်ဘာ ၁၁ ရက်အထိ တိုက်ပွဲ ကြီးပေါင်း ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၉၀ နဲ့ ရန်သူ့အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်အထိ သိမ်းပိုက်ရရှိခဲ့တာက တပ်မတော်ရဲ့ ဇွဲ၊ သတ္တိတွေကို အထင်းသား မြင်တွေ့ခွင့်ရစေပါတယ်။ ထိုင်းနဲ့ မြန်မာတို့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ပွင့်သွားပြီးတဲ့ နောက်မှာ နောက်ထပ်အရေးကြီးတာက မန္တလေး-မူဆယ် လမ်းမကြီးကလည်း အစိုးရထိန်းချုပ်မှုအောက်ကို ရောက်ဖို့ ဘယ်လောက်လိုဦးမလဲဆို တဲ့ မေးခွန်းတွေပါ။ စစ်ရေးနဲ့ ဆက်တိုက်ဖိအားပေး လုပ်ဆောင်နေသလို သံတမန်ရေးရာအရလည်း နှစ်နိုင်ငံခေါင်းဆောင်တွေ မျက်နှာချင်းဆိုင် ထိတွေ့ခွင့်ရခဲ့ပြီးတဲ့နောက်မှာ အပြောင်း အလဲတွေဖြစ်ပေါ်ဖို့ မျှော်လင့်ချင်စရာ အကောင်းဆုံးအခြေအနေတွေချည်းပါပဲ။ ဒီလိုအခြေအနေတွေကြားထဲမှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ BGF နဲ့ DKBA ကလည်း အစိုးရရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်မှာ ဝန်းရံ ကူညီပေးမယ်ဆိုတဲ့အသံတွေ အချိန်ကိုက် ကြားလာရတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုငြိမ်းချမ်းရေးအသံတွေက မကြာခင်ကျင်းပဖို့ရှိတဲ့ NCA (၁၀)နှစ်ပြည့် အခမ်းအနားကိုလည်း ရိုက်ခတ်မှုရှိလာစေဦးမယ့် အကြောင်းအရာတွေပဲ ဖြစ်တယ်။ ဆိုတော့ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲလို့ အကြမ်းဖက်အုပ်စုတွေအနေနဲ့ ဘယ်လိုပဲ ကင်ပွန်းတပ်နေပါစေ ပြည်သူတွေအတွက် ဒီမိုကရေစီကျင့်စဉ်အရ မလွဲမသွေ လိုအပ်တဲ့ အခြေခံကျင့်ဝတ်ပဲ ဖြစ်တာမို့လို့ ကမ္ဘာ့နိုင်ငံရေးစနစ်အပြောင်းအလဲကြားက မြန်မာ့နိုင်ငံရေး ပါရာဒိုင်း အရွေ့တစ်ခုမှာ သိက္ခာရှိသော ရွေးကောက်ပွဲကို နိုင်ငံရေး ပါတီတွေအနေနဲ့ ဥပဒေစည်းမျဉ်းနဲ့အညီ လိုက်ပါစီးမျောနိုင်ဖို့သာ ကြိုးစားကြပါလို့ပဲ တိုက်တွန်းရေးသား လိုက်ရပါတယ်။
( နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )