တာလီဘန်တွေဆီကနေ ထရမ့် ပြန်လိုချင်နေတဲ့ လေတပ်စခန်း

၂၀၂၅ ၊ စက်တင်ဘာ ၂၆
    အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ဘာဂရမ်လေတပ်စခန်းကို ပြန်လိုချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။ အာဖဂန်ဆိုတာဟာ အမေရိကန်ရဲ့ ခါးသီးရန်ဘက်ဟောင်း တာလီဘန်တွေ အုပ်ချုပ်နေတဲ့နိုင်ငံပါ။ ပြီးတော့ ဘာဂရမ်ကလည်း တာလီဘန်တွေရဲ့ ထိန်း ချုပ်မှုအောက်မှာ လုံးလုံးလျားလျားရှိနေတဲ့အတွက် ထရမ့်ရဲ့စကားက ရုတ်တရက်အားဖြင့်တော့ လက်တွေ့မကျသလိုလို၊ ရယ်စရာလိုလို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တာကို ဇွတ်လုပ်တတ်တဲ့ ထရမ့်ရဲ့ ဉာဉ်နဲ့ တခြားသော နောက်ခံအခြေအနေ တွေကိုတွက်ချက်ပြီး ဒီကိစ္စက လုံး၀အထမမြောက်နိုင်ဘူးလို့ ပယ်ချလို့တော့ မရပါဘူး။
    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗြိတိန်နိုင်ငံကို တရားဝင်အလည်အပတ် သွားရောက်ခဲ့ချိန် အတောအတွင်း သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က "ဘာဂရမ်မှာ အမေရိကန်တပ်တွေ ပြန်လည်အခြေစိုက်ချင်တယ်"လို့ ပြောကြားခဲ့တာပါ။ အတိအကျ မဟုတ်ပေမယ့် သူက အဲဒီကိစ္စအတွက် တာလီဘန်နဲ့ ညှိနှိုင်းမှုတွေ ရှိလာနိုင်ပြီး အခြေအနေကို စောင့်ကြည့်ရမယ်ဆိုတာမျိုး မှတ်ချက်ပေးသွားခဲ့ပါတယ်။ 'ကျုပ်တို့ ဘာဂရမ်ကို ပြန်လိုချင်တယ်'လို့ ထရမ့်က ပြောပါတယ်။
    ဘာဂရမ်ဟာ နှစ် ၂၀ လောက်ကြာမြင့်ခဲ့တဲ့ အာဖဂန် စစ်ပွဲကာလအတွင်း တာလီဘန်တွေနဲ့ အယ်လ်ကိုင်ဒါတွေကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်အတွက် အရေးအပါဆုံး အခြေစိုက် စခန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်တော့ ထရမ့်မတိုင်ခင် အမေရိကန်သမ္မတဖြစ်ခဲ့တဲ့ ဂျိုးဘိုင်ဒန်ရဲ့ လက်ထက်၊ ၂၀၂၁ နှစ်ကုန်ပိုင်းမှာတော့ အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်အားလုံးကို ရုပ်သိမ်းစေပြီး အာဖဂန် စစ်ပွဲကို အဆုံးသတ်စေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အမေရိကန်ရဲ့ ရုပ်သေးအစိုးရ ပြုတ်ကျသွားပြီး တာလီဘန်တွေက အာဖဂန်ကို ပြန်လည်အုပ်စိုးသွားပါတော့တယ်။ ဘာဂရမ်ဟာလည်း တာလီဘန် ထိန်း ချုပ်မှုအောက်ကို အလုံးစုံကျရောက်သွားခဲ့ပါတယ်။ 
    အခုတော့ ထရမ့်က ဘာဂရမ်ကို အမေရိကန် စစ်တပ်အတွက် ပြန်လိုချင်နေပါပြီ။ ဒါဟာ အာဖဂန်မှာ အမေရိကန်ရဲ့ စစ်ရေးအခြေစိုက်မှုတွေ ပြန်လည် ဖြန့်ကြက်ထားလိုတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။
    ထရမ့်က အာဖဂန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းခဲ့တာကို မကန့်ကွက်ပေမယ့် ဘိုင်ဒန်ရဲ့ လုပ်နည်းကိုင်နည်းတွေကိုတော့ ပယ်ပယ် နယ်နယ် ဝေဖန်ခဲ့သပါ။ တကယ့်ကို ဗြုတ်စဗျင်းတောင်းနဲ့ ကပေါက်တိ ကပေါက်ချာ တပ်ဖြုတ်သိမ်းမှုမျိုးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ဘာဂရမ် လေတပ်စခန်းနဲ့ပတ်သက်ပြီး ဘာမှရေရေရာရာ မစီမံဘဲ တာလီဘန်တွေဆီ အလွယ်တကူ လက်လွှတ်ပေးခဲ့တာကို ထရမ့်က လုံး၀မကျေနပ်ခဲ့ပါဘူး။ 'ကျုပ်တို့က ဘာတစ်ခုမှ ပြန်မရဘဲ ဘာဂရမ်ကို လက် လွှတ်ပေးခဲ့ရတာဗျ'လို့ သူက မကျေမချမ်း ပြောခဲ့ဖူးပါတယ်။
    ဘာဂရမ် လေတပ်စခန်းဟာ အာဖဂန်ရဲ့ မြို့တော် ကဘူးလ်ကနေ တစ်နာရီလောက် ကားမောင်းသွားရတဲ့ နေရာမှာရှိပါတယ်။ ၂၀၁၂ တုန်းက စစ်ဆင်ရေးအရှိန်အဟုန် အမြင့်ဆုံးကာလတွေမှာ စခန်းရဲ့ အခြေစိုက်စစ်အင်အားဟာ တစ်သိန်းကျော်ထိ များပြားခဲ့ဖူးပါတယ်။ 
    ဘာဂရမ်ကို ဘာကြောင့် ပြန်လိုချင်သလဲဆိုတာကို ဗြိတိန်ခရီးစဉ်မှာ ထရမ့်က အသေးစိတ် မပြောပေမယ့် အဲဒီစခန်းဟာ တရုတ်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်ကို ထိန်းချုပ်ရာမှာ အရမ်းအရေးပါတယ်လို့တော့ အရင်က မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဘာဂရမ်ဟာ တရုတ်က နျူကလီးယားလက် နက်တွေ ထုတ်လုပ်တဲ့နေရာနဲ့ တစ်နာရီစာလောက် ခရီးအကွာအဝေးမှာတင် ရှိနေတယ် ဆိုတာကိုလည်း ဗြိတိန်မှာ ထရမ့်က ထပ်လောင်း ပြောခဲ့ပြန်ပါတယ်။ တရုတ်ဟာ အမေရိကန်မှာ ထရမ့် တစ်ကျော့ပြန် အာဏာရလာချိန်ကတည်းက ရန်လိုတဲ့ ကုန်သွယ်ရေးမူဝါဒတွေနဲ့ ဖိအားပေးမှုကို ကြုံနေရတဲ့ စူပါပါဝါ ပြိုင်ဘက်နိုင်ငံပါ။ သူ့ရဲ့နိုင်ငံခြားရေး မူဝါဒတွေမှာ တရုတ်အပေါ် ရန်လိုမှုတွေ ပြည့်နှက်နေတယ်ဆို တာကို ဖုံးကွယ်ဖို့ ထရမ့်ကလည်း ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးပါဘူး။
    ဘာဂရမ်ကို ပြန်လိုချင်တယ်ဆိုတဲ့ ထရမ့်ရဲ့ စကားနဲ့ပတ်သက်ပြီး တရုတ်အစိုးရက တိုက်ရိုက်မှတ်ချက်ပေးတာမျိုး မရှိပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းကတော့ တရုတ်ဟာ အာဖဂန်ရဲ့ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ နယ်နိမိတ်တွေကို လေးစားမှာ ဖြစ်တယ် လို့ ပြောကြားသွားခဲ့ပါတယ်။ အာဖဂန်ရဲ့ အနာဂတ်ကို အာဖဂန်ပြည်သူတွေကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ကြောင်း၊ အာဖဂန်ကို အကြောင်းပြုပြီး တင်းမာမှုတွေ၊ ပဋိပက္ခတွေ ဖန်တီးချင်တာမျိုး ချဉ်းကပ်မှုတိုင်းက လူကြိုက်များတဲ့ရွေးချယ်မှု ဖြစ်လာမှာမဟုတ်ကြောင်း လင်က ဆိုပါတယ်။
    တရုတ်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုမှာ တခြားစစ်ရေးစူပါပါဝါတွေဖြစ်တဲ့ အမေရိကန်၊ ရုရှားတို့ထက်အများကြီး နောက်ကျကျန်နေဆဲပါ။ ဒါပေမဲ့ အဲဒီလက်နက်တွေ ဖြည့်တင်းတည်ဆောက်မှု နှုန်းမှာတော့ လက်ရှိ ကမ္ဘာပေါ်မှာ အမြန်ဆုံးအဖြစ်ရပ် တည်နေပါတယ်။ နှစ်အနည်းငယ် အတွင်းမှာတင် တရုတ်ဟာ နျူကလီးယား ထိပ်ဖူးပေါင်း ၆၀၀ ကျော်ထိ ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ နိုင်ငံတကာ စစ်ရေးသု တေသီတွေက သုံးသပ်ကြပါတယ်။ ဒီတော့ ဘာဂရမ်ကိုသာ အမေရိကန်က ပြန်လည် ထိန်းချုပ်နိုင်မယ်ဆိုရင် တရုတ်ပိုင်နက်နဲ့ ပိုနီးတဲ့နေရာကနေ တရုတ်ရဲ့ နျူကလီးယား ခြေလှမ်းတွေကို ထောက်လှမ်းနိုင်စွမ်း ပိုအားကောင်းလာမယ် ဆိုတာကတော့ သံသယရှိဖို့ မလိုပါဘူး။ ပြီးတော့ ကောင်းကျိုးက အဲဒီတစ်ခုတည်းလည်း မကနိုင်ပါဘူး။
    ဘာဂရမ်ဟာ လေယာဉ်ပြေးလမ်းအရှည်၊ အကျယ်အဝန်းတွေအရ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းဆုံး လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။ ဘယ်လို စစ်ဆင်ရေးအတွက်၊ ဘယ်လိုလေယာဉ်မျိုးမဆို အဲဒီလေတပ်စခန်းမှာ ဆင်းသက်လို့ရတယ်လို့လည်း ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ အာဖဂန်တစ်နိုင်ငံလုံးမှာ စစ်ဆင်ရေး လှုပ်ရှားမှုတွေ ဖြန့်ကြက် ထားတာမျိုး မဟုတ်ဘဲ အဲဒီစခန်းကိုပဲ ထိန်းချုပ်ထားနိုင်မယ် ဆိုရင်တောင် အမေရိကန်ဟာ ဒေသတွင်းမှာ အရမ်းအားကောင်းတဲ့ မဟာဗျူဟာရေးရာ အသာစီး အခြေအနေတွေကို ဖန်တီးနိုင်မှာပါ။
    ဒါပေမဲ့ တာလီဘန်တွေဘက်ကတော့ ဘာဂ ရမ်မှာ အမေရိကန်တပ်တွေ ဖြန့်ကြက်ခွင့်ပေးရေးအတွက် ဆွေးနွေးတာတွေ ရှိလာမှာ မဟုတ်ဘူးလို့ ပြော ထားပါတယ်။ တာလီဘန်အစိုးရရဲ့ အာဖဂန်နိုင်ငံခြား ရေးဝန်ကြီး ဇာခါဂျာလာလီက အာဖဂန်နဲ့ အမေရိကန်တို့ဟာ ကဏ္ဍတွေ အများကြီးအတွက် အပြန်အလှန်ထိတွေ့ ချိတ်ဆက်ဆွေးနွေးမှုတွေ ရှိသင့်ကြောင်း၊ စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆက်သွယ်မှုတွေကို လေးစားမှု၊ နှစ်ဖက်အကျိုး ဖြစ်ထွန်းမှုတွေအပေါ် အခြေခံပြီး တည်ဆောက်ဖို့ လိုလားကြောင်း၊ ဒါပေမဲ့ ပြည်ပနိုင်ငံတစ်ခုရဲ့ စစ်ရေးဖြန့်ကြက်မှုကို လက်ခံတာမျိုးတော့ တာလီဘန်တွေရဲ့ သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ကြောင်း မှတ်ချက်ပေးသွားပါတယ်။
    တချို့နိုင်ငံရေး သုတေသီတွေကတော့ တာလီဘန်တွေဟာ ပြည်တွင်းမှာ စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေ၊ နိုင်ငံတကာ အသိအမှတ်ပြုလက်ခံမှုရရှိ ဖို့ ရုန်းကန်နေရတာတွေ၊ ပြိုင်ဘက် လက်နက်ကိုင်အင် အားစုတွေရဲ့ ဖိအားပေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာကြောင့် အမေရိကန်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အာသီသပြင်းပြနေလိမ့်မယ်လို့ ထောက်ပြကြပါတယ်။ ထရမ့်ကလည်း ကိုယ်ပိုင် အယူအဆသဘောထားတွေ အထမြောက်ဖို့ဆိုရင် စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေကို သိပ်ပြီး ခေါင်းထဲထည့်လေ့ မရှိတာကြောင့် တာလီဘန်တွေနဲ့ နောက်ကွယ်မှာ အပေးအယူ ကိစ္စတွေလည်း ရှိလာနိုင်တယ်လို့ သူတို့က ပြောပါတယ်။
    ဖေဖော်ဝါရီလ ကတည်းက အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားခဲ့ရတဲ့ အမေရိကန်သက်ကြီးရွယ်အို စုံတွဲတစ်တွဲကို ပြီးခဲ့တဲ့သီတင်းပတ်မှာ တာလီဘန်တွေက ပြန်လွှတ် ပေးခဲ့တာကို ကြည့်ရင် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့ အယူအဆက အများကြီး နီးစပ်ပါတယ်။ ဒါပေမဲ့ ဘာဂရမ်ကို အမေရိကန်ဆီ ပြန်ပေးဖို့ဆိုတဲ့ ကိစ္စမျိုးမှာတော့ တရုတ်လို နိုင်ငံမျိုးကပါ တာလီဘန်တွေကို ကြားဝင်ဖိအားပေး ဟန့်တားတာတွေ ရှိနိုင်ကြောင်း Foundation for Defense of Democracies’ Long War ဂျာနယ်ရဲ့ အယ်ဒီတာ ဘီလ်ရော့ဂီယိုက ထောက်ပြခဲ့ပါတယ်။
    တာလီဘန်တွေက ထရမ့်ရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ စဉ်းစားရင်တောင် အဲဒီကိစ္စ အထ မမြောက်အောင် တရုတ်က ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးမှာ အသေအချာပဲလို့ သူက ပြောပါတယ်။ တစ်ဖက်မှာလည်း ထရမ့်ရဲ့အစိုးရဟာ ဘာဂရမ်ကို ပြန်ရရင် ပြီးရောဆိုပြီး တာလီဘန်တွေ တောင်းဆိုသမျှ လိုက်လျောတာမျိုး မဖြစ်အောင်လည်း သတိကြီးကြီးနဲ့ ချိန်ဆဖို့ လိုအပ်နေပြန်ပါတယ်။ ကမ္ဘာ့အလယ်မှာ အသိ အမှတ်ပြုခံ အစိုးရတစ်ရပ် ဖြစ်လာစေဖို့ အင်တိုက်အားတိုက် ကြိုးစားနေတဲ့ တာလီဘန်တွေကတော့ ထရမ့်ရဲ့ ဆန္ဒအပေါ် အခြေပြုပြီး နိုင်ငံရေးအရ ဘယ်လောက်အမြတ် ထုတ်နိုင်မ လဲဆိုတာကို ကျိန်းသေပေါက် စဉ်းစားပါလိမ့်မယ်။ 
    အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကတော့ ဘာဂရမ်ကို ပြန်ရယူဖို့ တာလီဘန်တွေနဲ့ ဆွေးနွေးနေတယ်ဆိုတာမျိုး လုံး၀ပြောမထားပါဘူး။ ဒါပေမဲ့ ထရမ့်ရဲ့ ခပ်တိုတို စကားတစ်ခွန်းနဲ့တင် ဒီကိစ္စအတွက် အမေရိကန်ဟာ ဖြစ်နိုင်ခြေရှိသမျှ စတင်အားထုတ်နှင့်ပြီးနေပြီ ဆိုတာကိုတော့ အလွယ်တကူ ကောက်ချက်ချလို့ရနိုင်မှာ ဖြစ်ပါတယ်။ 
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 23

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53006

© 2022 - 2025 News. All Rights Reserved.