ထုံးကိုင်နေတဲ့ တော်လှန်ရေး

၂၀၂၅ ၊ အောက်တိုဘာ ၃၁

    ထူးမြတ်တို့ငယ်ငယ်ကစာထဲတွင် ရခိုင်ဘုရင် မင်းထီးအကြောင်းကို သင်ခဲ့ရသည်။ စာထဲတွင်တော့ ထိုပုဂ္ဂိုလ်က တရားဖြောင့်မတ်သော မင်းတစ်ပါးဖြစ်သည် ဟုရေးထားလေ၏။ ငယ်ငယ်က သင်ခဲ့ ရသောအကြောင်း အရာကတော့ ထိုမင်းကြီး၏ စည်းကမ်းကြီးသော အကြောင်းအရာပင် ဖြစ်ပင်ဖြစ်သည်။ စာထဲတွင်ပါသော အကြောင်းအရာကို ပြန်ပြောရရင် နန်းတော်အတွင်း ကွမ်းစားသော နန်းတွင်းသား အချို့သည် နန်းတော်တိုင်များကို အမှတ်မဲ့ထုံးသုတ်မိလေ့ရှိသဖြင့် နောင်အခါ ထုံးသုတ်သူ တွေ့ရှိပါက လက်ချောင်းကို ဖြတ်မည်ဟု ဘုရင်မင်းထီးက မိန့်တော်မူသည်။ ထိုခေတ်က ကွမ်းယာဆိုတာက ကွမ်းအစ်နဲ့တည်ပြီး စားတာကြောင့် လက်ညှိုးဖြင့် ထုံးတို့ပြီး ပိုသည့်ထုံးများကို တွေ့ရာနေရာ သုတ်ပုံရလေသည်။ ဒီလိုနဲ့တစ်နေ့တွင် ဘုရင်ကိုယ်တိုင် နန်းတော်တိုင်တွင် အမှတ်မဲ့ ထုံးသုတ်မိသည်ကို အမတ်တစ်ဦးက နေ့ရက်၊ အချိန်၊ နာရီနှင့်တကွ မှတ်သားထားလေသည်။ ခုလို ချောင်းမြောင်းနေသော အနီးကပ် လုပ်ကြံသူကို သတိထားသင့်သည်ဟု မှတ်ယူမိလေသည်။ ထားပါတော့လေ။ ဒီလိုနှင့် ညီလာ ခံအချိန်၌ ထုံးပေနေသောတိုင်ကို မင်းကြီးမြင်သဖြင့် မေးမြန်းရာ စာရေးမှတ်ထား သောအမတ်က အကြောင်းစုံကိုတင်လျှောက်ကာ အချွန်ဖြင့် မလေတော့သည်။ ရှင်ဘုရင်ဆိုတော့လည်း သူထုတ်ထားတဲ့စည်းကမ်းကို သူကိုယ်တိုင် ချိုးဖောက်တာဆို တော့ ရှက်ရမ်းရမ်းပြီး လက်ညှိုးကိုသန်လျက်ဖြင့် တိခနဲ ဖြတ်လိုက်သည်။
    မူလတန်းအရွယ် စာထဲမှာ သင်ရတာဆိုတော့ ဒီဘုရင်ကြီးက တကယ်လုပ်တာဟဆိုပြီး အထင် ကြီးမိသည်။ အသက်အရွယ်လေး ရလာတော့ ထုံးသုတ်ပြီး နန်းတော်တိုင်ပေတာများ နန်းတော်စည်ပင် သာယာရေး အဖွဲ့တွေကို သန့်ရှင်းရေးလုပ်ခိုင်းတာမျိုး၊ ကွမ်းစားတတ်တဲ့ နန်းတော်ထဲက ငတိတွေကို လက်ကိုင်ပဝါလေးဆောင်ထားပြီး ကိုယ့်လက်ညှိုး ကိုယ်သုတ်လိုက်တာမျိုး ခိုင်းလိုက်လျှင်လည်း ပြီးနေတာကို နန်းတော်တိုင် ထုံးသုတ်ရင် လက်ညှိုးဖြတ်မယ်လို့ အာချောင်မိတာကြောင့် ရှက်ရမ်းရမ်းပြီး လက်ညှိုးကောက်ဖြတ်လိုက်ရတာပဲ အဖတ်တင်လေသည်။ တွေးတတ်ခေါ်တတ်လာတော့လည်း ဒီဘု ရင် အူကြောင်ကြောင်ဟဟု တွေးမိတာကို ပြောလို ရင်းဖြစ်သည်။
    ဘာရယ်မဟုတ်ပါဘူး။ ခုတလော ထုံးကိစ္စက ရေပန်းစားနေတာကြောင့် တွေးမိတွေးရာ ရေးခြင်းဖြစ်သည်။ နွေဦးကာလကတော့ ရောယောင်ပြီးတော်လှန်ရေးနဲ့ရောချကာ ရှမ်းမြောက်တစ်ခွင်သို့ ကိုရွှေပလောင်တို့ ခရီးဆန့်ခဲ့ကြသည်။ တချို့ကလည်း သပြေခက်တွေနဲ့ သွားကြီးဖြီးအောင် ကြိုဆိုခဲ့ကြသေးသည်။ ရှမ်းမြောက်က နောင်ချိုမြို့လေးဆီအထိ ခြေဆန့်ခဲ့ကြတော့ ပဒက်လူငယ်လေးတွေကလည်း တော်လှန်ရေးကြီးအောင်တော့ မယောင်ပြောခဲ့ကြသည်။ တော်လှန်ရေးခေါင်းဆောင် ကြီးတွေကလည်း မန္တလေးကို တော်လှန်တပ်တွေ သိမ်းတော့မှာဆိုပြီး အလှူခံဖလားတွေ တဝင်းဝင်းနဲ့ အလှူခံထွက်ခဲ့ကြသေးသည်။ ဒီလိုနဲ့မကြာလိုက်ပေတပ်မတော်က ဆော်ပလော်လိုက်တီးလေရာ ကိုရွှေပလောင်တို့ ခြေဆန့်ခဲ့သော နောင်ချို၊ ကျောက်မဲ၊ သီပေါတို့ကို  ပြန်လည်သိမ်းပိုက်လိုက်ပြီး မီးကုန်ယမ်းကုန် လိုက်သမလေရာ  မန္တလေးမြို့သိမ်းတိုက်ပွဲကြီးကလည်း 'အိပ်မက်လေးပါပဲ စိတ်ကူးလေးပါပဲ' ဖြစ်ကုန်ကြသည်။ တပ်မတော်ကလည်း ကိုရွှေပလောင်တွေကို မူလနေရပ် လက်ဖက်ခင်းတွေဆီ မောင်း ထုတ်တာကြောင့် ဆော်ပလော်တီးသည့် သတင်းများကလည်း နေ့စဉ်ကြားနေရသည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေပြောသလို တပ်က အင်အားမရှိတော့ဘူးဆိုသော်လည်း ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိသော တပ်မတော်သားတွေ အလုံးအရင်းဖြင့် လိုက်ဆော်ပလော်တီး ပြန်သည်။ ဒါတင်မကသေး နိုင်ငံတကာကို လေယာဉ်ဆီတွေမရောင်းဖို့ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေ တားနေတဲ့ကြားက EV တိုက် လေယာဉ်တွေများ ရောက်နေသလား ထင်ရလောက်အောင် ဝေဟင်ကလည်း ဆော်ပလော်လိုက်တီးနေလေသည်။
    ဒီလိုနှင့် ကိုရွှေပလောင်တို့ ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် ရထားသံလမ်းတွေ မိုင်းထောင် ဖောက်ခွဲလိုက်၊ လမ်းတံတားတွေ မိုင်းခွဲလိုက်ဖြင့် တရွေ့ရွေ့ ဆုတ်ခွာကုန်ကြသည်။ ပြေးရင်းလွှားရင် တပ်မတော်က လေယာဉ်တွေကလည်း သရုပ်ပြပျံသန်းပြီး သီချင်းဖွင့်ကာ ဆော်ပလော်တီးတာကြောင့် ကိုရွှေပလောင်တို့ နည်းနည်းပါးပါး အထိနာလာပြီး ထုံးအိုးကြီး ကိုင်ကာ ရှမ်းမြောက်တစ်ခွင်ကို ထုံးတို့ဖို့ ကြံလေတော့သည်။ ကိုရွှေပလောင်ခေါင်းဆောင် တားထုံးကျော်တစ်ယောက် ဒေါသူပုန်တွေထပြီး လေယာဉ်ပျံတွေလာဖို့ ဆော်သြတဲ့သူတွေ၊ အားပေးအားမြှောက် ပြုသူတွေကို ထုံးတို့ပြီး မှတ်ထား တယ်ဟု ကြုံးဝါးလိုက်လေတော့သည်။
    ဒီလိုဆိုတော့ ရှမ်းမြောက်တစ်ခွင်က ပြည်သူတွေများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငါတို့များ ထုံးတို့သွားသေးသလား ဆိုပြီး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ တပ်မတော်လေက လေယာဉ်မှူးတွေလည်း ချက်ချင်းကွင်းဆင်းပြီး လေယာဉ်တွေမှာများ ထုံးတို့သွားသေးလားဆိုပြီး လှည့်ပတ် စစ်ဆေးနေကြကြောင်း သတင်းထွက်လာသည်။ တပ်မတော်ကို ထောက်ခံကြသော ပြည်သူတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ထုံးတို့ခံရသေးလား တီးတိုးမေးမြန်းနေကြ သေးသည်။ စစ်တိုက်နေပါတယ်ဆို ထုံးဘုရင် ကိုရွှေပလောင် ခေါင်းဆောင်တစ်ယောက် ထုံးအိုးကြီးကိုင်ကိုင်ပြီး ပြေးနေရတာကြောင့် စိတ်ပူမိသေးသည်။ သမိုင်းထဲက ထုံးရာဇဝင်လို ကိုယ်တိုင်ထုံးတို့မိကာ အဖြတ်ခံရသူလို ဖြစ်မှာလည်း စိုးရိမ်မိသေးသည်။ ဤသည်ကာ ခေတ်သစ်ထုံးကိုင်နေသော ကိုရွှေပလောင်ကြီး၏ ခေတ်သစ်ထုံးရာဇဝင်ပင်ဖြစ်သည်။
    ဟိုး  မြန်မာပြည်မြောက်ဖျားက ကိုရွှေကချင် ကြီးတို့ကလည်း တော်လှန်ရေးကြီးကို အားပေး အားမြှောက်ပြုပြန်လေသည်။ အသက်သာကြီးသွားတာ တော်လှန်စိတ်တွေက မလျော့သော ကချင်ကြီးကို ဘန်လကတော့ အဆုံးထိတိုက်ပွဲဝင်သွားဖို့ အားပေးအားမြှောက် ပြုပြန်လေသည်။ ကချင်ခေါင်းဆောင် ကြီးတွေကလည်း တော်လှန်ရေးကြီးပြီးသွားမှာ အတော်စိုးရိမ်ပုံရသည်။ ငြိမ်းချမ်းရေးအတွက်လည်း စေ့စပ်ဆွေးနွေးရမည်ဆိုသလို တစ်ဖက်လည်း တော်လှန်ရမည်ဟုဆိုတာကြောင့် အသက်ကြီးလို့များ ကယောင်ကတမ်းများ ပြောနေသလားဟု ထင်ရပြန်လေသည်။ ဒါတင်မကသေး ရွေးကောက်ပွဲကိုတောင် လှမ်းစိုးရိမ်လိုက်သေးသည်။ ရွေးကောက်ပွဲကြောင့် စစ်သံသရာကြီး ရှည်မည်ကို စိုးရိမ်လိုက်သေး သည်။
    ကချင်ခေါင်းဆောင်ကြီးရဲ့ သတင်းဖတ်မိသော မောင်ထူးမြတ်လေးတစ်ယောက် 'ဟင်'ဆိုပြီး အံ့အားသင့်မိသေးသည်။ အရင်ကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနေတတ်သော ကချင်ခေါင်းဆောင်ကြီးတွေ စစ် သံသရာရှည်မှာတော့ စိုးရိမ်တတ်သေးသဖြင့် ဝမ်းတောင် သာမိသေးသည်။
    လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်လုပ်စားလာကြသူများအကြား ကချင်ခေါင်းဆောင် ကြီးတွေလို အတွေးအခေါ် အမြော်အမြင် ကြီးတွေသူတွေ ရှိပါသေးလားဆိုပြီး ကချင်ပြည်နယ်အရေး စိတ်အေးမိသေးသည်။ အသက်အရွယ်ကြီးရင့်သည်အထိ တော်လှန်ရေး စိတ်မကုန် သေးဘဲ ဆက်တော် လှန်ခိုင်းနေသော ခေါင်းဆောင်ကြီး၏ တော်လှန်စိတ်ကြီးကို ချီးကျူးမိသေးသည်။ တော်လှန်ရင်း မာလကီးယားသွားကြသော လူငယ်များကိုတော့ အမျှအမျှ ယူတော်မူကြပါကုန်ဟုသာ အမျှဝေမိတော့သည်။
    မြန်မာ့တော်လှန်ရေးသမိုင်းကြီးကတော့ အီလည်လည်ကြီးဖြစ်နေတော့သည်။ တိုင်းရင်းသားအရေးဆိုပြီး တော်လှန်လိုက်၊ ဖက်ဒရယ်အရေးဆိုပြီး တော်လှန် လိုက်ကြတာ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေသာ အသက်ကြီးကုန်ကြသည်။ အစိုးရက ဒီမိုကရေစီပေးမယ် ဆိုတော့လည်းမဟုတ်၊ ဖက်ဒရယ်ဆိုလည်း မဟုတ်ဘာကို တော်လှန်နေကြမှန်း မသိဖြစ်ရသည်။ ခုလည်း ရွေးကောက်ပွဲဆိုတော့လည်း ကန့်ကွက်ကြပြန်တော့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ လိုချင်တာက ဘာများလည်းဟု စဉ်းစား မရပေ။ ဒီကြားထဲ အစိုးရကလည်း ငြိမ်းချမ်းရေးစကား ဆိုပြန်တော့လည်း ငြိမ်းချမ်းရေး လည်း မလိုချင် ကြတာကြောင့် မြန်မာပြည်မှာနေထိုင်ရသော ပြည်သူများ သိချင်နေတာက တော်လှန်ရေးတည်းဟူသော အရာကို ကိုင်စွဲထားသော ခေါင်းဆောင်ကြီးတွေ ဘာကိုများ တော်လှန်နေကြသလဲဟူသော အရာပင်ဖြစ် လေတော့သည်။ ( ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

56060

© 2022 - 2025 News. All Rights Reserved.