၂၀၂၅ ၊ အောက်တိုဘာ ၃
'သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖက်မွေ့' လို့ ဆိုရမလား၊ 'ဘုန်းကြီးရူးနဲ့ လှေလူး'လို့ ဆိုရမလားမသိ။ ဘယ်လိုပဲဆိုဆို အတိုင် အဖောက်ညီတဲ့ အင်တာဗျူးတစ်ခုနားထောင်ပြီး ပြောသင့်တာ၊ မေးသင့်တာ၊ အသိပေးသင့်တာတွေကိုတော့ ပြောရမှာ၊ မေးရမှာ၊ အသိပေးရမှာပဲ ဖြစ်ပါတယ်။ သူ့အမြင် ကိုယ့်အမြင်၊ သူ့ရပ်တည်ချက် ကိုယ့်ရပ်တည်ချက်ဆိုတာ ရှိကြမှာ မှန်ပါတယ်။ ဘက်အနေနဲ့ကြည့်ရင် မှန်ကောင်း မှန်နိုင်မှာဖြစ်ပေမယ့် အများပါလာရင်တော့ အများအကျိုးကိုသာ ရှေးရှုရမှာ ဖြစ်ပါတယ်။ သူ့ဘက်၊ ကိုယ့်ဘက်တောင် အပြန်အလှန်နားလည်မှု၊ လိုက်လျောမှုရှိမှသာ ပြေလည်တတ်တဲ့ သဘာဝရှိတဲ့အတွက်အများနဲ့ ပတ်သက်လာရင် ကိုယ့်အတ္တကို ရှေ့တန်းတင်လို့ မသင့်ပါဘူး။ မိမိရဲ့ လုပ်ရပ်က အများအတွက် ဆိုးကျိုးဖြစ်စေမယ်ဆိုရင်လုပ်ကို မလုပ်သင့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ သူများမကောင်း ကြောင်း၊ ကိုယ့်ကောင်းကြောင်း အများကြီးပြောထားတာ တွေ့ရတဲ့အပေါ် ရခိုင်ပြည်သူတွေ သတိထား သင့်တဲ့ အရေးကြီးတာလေးတွေသာ အသိပေးသွားမှာ ဖြစ်ပါ တယ်။
အင်တာဗျူးက ဧရာဝတီအောင်ဇော်နဲ့ AA ထွန်းမြတ်နိုင်တို့ရဲ့ အင်တာဗျူးပါ။ ဒီအင်တာဗျူးမှာ ထူးခြားချက်တွေအများကြီး တွေ့ရတယ်။ အပြန်အလှန် ညှိနှိုင်းထားတဲ့သဘာဝ၊ အင်တာဗျူးထုတ်လွှင့် တင်ဆက်မှုပုံသဏ္ဌာန်တွေကို ကြည့်ရင် ဒီသတင်းဌာနအနေနဲ့ ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းအပေါ်မှာ ဘယ်လောက်ထိ Bias ပါနေသလဲဆိုတာ သိသာထင်ရှားလှတယ်။ ပြည်သူတွေ သိသင့်တဲ့ သတင်းအင်တာဗျူးနဲ့ မတူဘဲ ပုဂ္ဂိုလ်ရေးသိဒ္ဓိတင် ကြော်ငြာပေးနေတဲ့ပုံစံ ပေါက်နေတာကို ကြည့် ခြင်းအားဖြင့် ဘယ်လို အကြံအဖန်နဲ့ အတိုင်အဖောက်ညီညီ ဖန်တီးထားတယ်ဆိုတာ သတင်းသမားတိုင်း နားလည်ကြတယ်။ ထွန်းမြတ်နိုင် နာမည်ပျက်နေတဲ့ ကိစ္စကိုချေဖျက်ပေးပြီး ပြည်ထောင်စုရဲ့ သူရဲကောင်းသဖွယ်အမွှမ်းတင် ထားတာကို ကြည့်ခြင်းအားဖြင့် အောင်ဇော့်အနေနဲ့ အတော်လေး မြိုးမြိုးမြက်မြက်ရမယ့် သဘောမှာရှိ တယ်။ ဒီလုပ်ရပ်ဟာ သတင်းသမားကျင့်ဝတ်ကို ချိုးဖောက်ရာ မရောက်ပေမယ့် သတင်းပညာရပ် အပေါ်မှာ ခုတုံးလုပ်တဲ့ ကလိန်ကကျစ်လုပ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို ဝါဒမှိုင်းတိုက် ပေးပြီး တပ်မတော်အပေါ် ရိသဲ့သဲ့ အပြောတွေနဲ့ တပ်မတော်အကြီးအကဲကို ထိကပါး ရိကပါး ပြောတာ တွေက ပါစင်နယ်အရ ခွင့်လွှတ်ချင်ရင်တောင် အဖွဲ့အစည်းနဲ့ တပ်မတော်အကြီး အကဲရာထူးအတွက် ခွင့်မလွှတ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
ထွန်းမြတ်နိုင် ရခိုင်ပြည်နယ်ကို ပြန်ရောက်တာကို ဇာတ်လမ်းတွေထဲက ဇာတ်လိုက်မင်းသားလို၊ ရခိုင်ပြည်နယ်ကြီးကို အရမ်းချစ်တဲ့ သူရဲ ကောင်းကြီးလို ပုံကြီးချဲ့ပြီး ပြောနေတာကို ကြည့်ရုံနဲ့တင် သာမန်အင်တာဗျူး မဟုတ်တာ သိသာလှတယ်။ ဟုတ်ပါပြီ။ ရခိုင်တော်လှန်ရေးသမားက ရခိုင်ပြည်နယ် ထဲမှာမနေဘဲ ဘယ်မှာ နေသင့်တာလဲ။ စကတည်းကကို ရခိုင်ပြည်နယ် ထဲမှာ နေသင့်တာ မဟုတ်ဘူး လား။ ရှေ့မှာ ဗမာ PDF တွေ၊ ရခိုင်လူငယ်လေးတွေ အများကြီးသေပြီး နယ်မြေလေး အတန်အသင့် သိမ်းထားနိုင်တဲ့ အချိန်ရောက်မှ ပြန်လာတာကို ခေါင်းဆောင်ကောင်းလို့ ခေါ်နိုင်ကြရဲ့လား။ တိုက်ပွဲကာ လတစ်လျှောက် ကျည်လွတ်မြေမှကချင်မနဲ့ သာယာနေရာက မသွားမဖြစ်လို့ လာရတာကို ကြီးကြီး ကျယ်ကျယ်ပြောနေတာဆိုရင် ဘာပြောမလဲ။ ထားပါတော့။ မေးလိုတာက ရခိုင်ပြည်နယ်ထဲ ပြန်လာပြီး အာရက္ခနယ်မြေနဲ့ ရက္ခိတတပ်မတော်ဆိုပြီး သုံးနေတဲ့အတွက် ဘယ်မှာ ဌာနချုပ်ရုံး ဆိုက်ထားသလဲ၊ ထွန်းမြတ်နိုင် ဘယ်မှာ နန်းစံသလဲဆိုတာ ကြေညာရဲလားလို့မေးပေးပါလား။ သွားရောက်ဖူးမြော်ချင်တဲ့ ရခိုင်ပြည်သူတွေအတွက် အဆင်ပြေသွားအောင်လို့ပါ။ နောက်တစ်ခုက အမြဲနေမှာလား။ ဘယ်လောက် ကြာကြာနေမှာလဲဆိုတာပါပဲ။ လေးစားချင်တာကတော့ တပ်မတော်က ပြန်လည်ထိုးစစ်ဆင်တဲ့အခါ ထွက်မပြေးပါဘူးဆိုတဲ့ ကတိစကားနဲ့ ကတိတည်အောင် ထိန်းတာလေးပါ။ ကတိပေးရဲလားလို့လည်း မေးပေးပါဦး သတင်းစာဆရာ ကြီးရေ။ အခုတောင် ရှိသေးရဲလားမသိ။
ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ထန်းရှောက်ခံရွာက ဘင်္ဂါလီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရတဲ့ကိစ္စ အမေးအဖြေကို ကြည့်ရင် AA နဲ့ ထွန်းမြတ်နိုင်တို့ကို တရားစွဲထားတဲ့ကိစ္စကို ရှင်းပေးနေတာ သတိထားမိတယ်။ အထူးသဖြင့် ပိတ်ထားတဲ့ ဘူးသီးတောင်က ဗလီကြီးကို ပြန် လည်အသုံးပြုခွင့် ပေးခဲ့တာက ဘာသဘောလဲ။ ထွန်းမြတ်နိုင်ကတော့ နိုင်ငံသားအခွင့်အရေး အရ ဖွင့်ပေးတာလို့ ဆိုတယ်။ အဲဒီလိုဖွင့်ပေးဖို့ သူ့မှာ အခွင့်အာဏာရှိလား။ သူက ရခိုင်အမျိုးသားခေါင်းဆောင်လား။ လက်နက်ကိုင် နယ်မြေသိမ်းရုံနဲ့ ဒီလို လူမျိုးရေး၊ ဘာသာရေး အထိမခံတဲ့ နယ်မြေမှာ သူ့သဘောတစ်ခုတည်းနဲ့ လုပ်သင့်ပါရဲ့လား၊ ဆုံးဖြတ်သင့်ပါသလား။ ဖြစ်သင့်တာက ရခိုင်လူမျိုး အကြီးအကဲတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားကို မယူသင့်ဘူးလား။ အနိမ့်ဆုံး ဘူးသီးတောင်၊ မောင်တောဒေသက တိုင်းရင်းသား တွေရဲ့ သဘောထားကို မတီးခေါက်သင့်ဘူးလား။ ဒီဗလီကို အခြေခံပြီး ဘာသာရေးအဓိကရုဏ်းနဲ့ အကြမ်းဖက် ဇာတ်လမ်းတွေဖြစ်ခဲ့တာကို မဖြစ်အောင်ထိန်းဖို့ ဆွေးနွေးပြောကြားရုံနဲ့ ရမယ်ထင်လို့လား။ ဗလီကို ပြန်လည်အသုံးချခွင့်ပေးတဲ့ အဖြေက ရှင်းရှင်းလေးပါ။ ထန်းရှောက်ခံကိစ္စနဲ့ပတ်သက်ပြီး အကြော လျှော့တဲ့သဘောလို့ မြင်တယ်။ သူက လူ့အခွင့်အရေးနဲ့ လူမျိုးရေး၊ ဘာသာရေးကို နားလည်တဲ့ သဘောထား ပျော့ပျောင်းသူဆိုတာကို ပြချင်ပုံရတယ်။ AA ထိန်းပြီးတဲ့ နောက်ပိုင်းမှာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်း မဖြစ်တော့ဘူးလို့ဆိုတယ်။ စောင့်ကြည့်ပါဦး။ လောလောဆယ်လက်ထဲမှာ လက်နက်နဲ့ အင်အားလေး ကောင်းနေသေးလို့ပါလို့ပဲ သတိပေးချင်တယ်။
ဘင်္ဂါလီ စစ်သွေးကြွကိစ္စတွေနဲ့ ပတ်သက်ပြီး ARSA နဲ့ RSO တို့ကို မြှောက်ပေးတာ၊ လက်နက်တပ် ဆင်ပေးတာ မြန်မာ့တပ်မတော်နဲ့ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကဆိုပြီး ပေါ်ပေါ်တင်တင် စွပ်စွဲသွားတာ၊ ပြောသွားတာ တွေ့ရတယ်။ မေးတဲ့သူရော၊ ပြောတဲ့သူပါ အတိုင်အဖောက် ညီတယ်။ ဒါဟာ ဘာကို ဆိုလိုတာလဲ။ ရှင်းရှင်းလေး။ ရခိုင်လူမျိုးတွေကို တပ်မတော်နဲ့ရန်တိုက်ပေးတာ သက်သက်ပဲ ဖြစ်ပါတယ်။ ရက္ခိတလမ်းစဉ်ဆိုပြီး ဗမာမုန်းတီးရေးဝါဒ သွတ်သွင်းပေးခဲ့တဲ့အတွက် ကျောက်တော်မှာ မြစ်အတွင်းက ပြန်တက်လာတဲ့ တပ်မတော်သားတွေနဲ့ တပ်မတော်သားမိသားစုတွေကို ရခိုင်တွေက အစုလိုက် အပြုံ လိုက်သတ်ခဲ့တာ သတိထားမိကြဦးမယ် ထင်ပါတယ်။ အခုလည်း ဒီသဘောပါပဲ။ တပ်မတော်က တစ်သက်လုံး ရခိုင်ပြည်နယ်အေးချမ်းစေဖို့ ဒီ RSO တွေ၊ ARSA တွေကို တိုက်လာခဲ့တာ၊ လူမျိုးရေး အဓိကရုဏ်းမှာ ရခိုင်တွေကို စောင့်ရှောက်ပေးခဲ့တဲ့ သမိုင်း မှတ်တမ်းတွေ အပြည့်ရှိတာ အောင်ဇော်တို့၊ ထွန်းမြတ် နိုင်တို့ မမွေးခင်ကတည်းက ဒီစစ်သွေးကြွတွေနဲ့ လူဝါးမျိုမယ့်အန္တရာယ်ကို တပ်မတော်က ကာကွယ်ခဲ့တာတွေကို ဒီငတိတွေ မသိရှိမယ် မထင်ဘူး။ သိသိချည်းနဲ့ လုပ်တာက လူမျိုးရေးမှိုင်းတိုက်ပြီး တပ်မတော်မုန်းတီးရေး သက်သက်လုပ်နေတာလို့ပြောရမယ်။ ရခိုင်ထဲမှာ စာမတတ်သူတွေ၊ စာမဖတ်၊ သမိုင်းမသိတဲ့ လူငယ်တွေကို အသိမှား အမြင်မှားဖြစ်အောင် အောက်တန်းကျကျ အမုန်းတရား ရိုက်သွင်း နေတာပဲ ဖြစ်ပါတယ်။ ဒီလိုအမုန်းတရား ရိုက် သွင်းနေတာဟာ ထွန်းမြတ်နိုင်ရဲ့ ရက္ခိတလမ်းစဉ် တော်လှန်ရေးအတွက် ကောင်းချင်ကောင်းနိုင်ပေမယ့် ပြည်ထောင်စုအကျိုး၊ ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေရဲ့ အကျိုးကတော့ ဆိုးကျိုးတွေသာ ဖြစ်လာပါလိမ့်မယ်လို့ မြင်တယ်။
ရခိုင်ပြည်နယ်အရေးကို ဆောင်ရွက်မယ်ဆိုရင် ပြည်ထောင်စု၊ ရခိုင်လူမျိုး၊ ကျန်တိုင်းရင်းသားများ၊ နိုင်ငံသားတစ်ဦးချင်း အခွင့်အရေးနဲ့ သဘောထားများကို ချိန်ဆရမှာ ဖြစ်ပါတယ်။ ငါ့အမြင် ငါ့ယူဆချက်တစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရပါဘူး။ ရက္ခိတလမ်းစဉ်နဲ့ပတ်သက်ပြီး ထွန်းမြတ်နိုင် ပြောတာ သတိထားမိတယ်။ အောင်ဇော်က ဘာထောင်မေးသလဲဆိုတော့ 'မြန်မာ နိုင်ငံတစ်ခုလုံးကို ဗိုလ်ချုပ်ထွန်း မြတ်နိုင် ဦးဆောင်ဖို့ ကမ်းလှမ်းရင် ဘယ်လိုလုပ်ဆောင်မလဲ'တဲ့ မထော်မနန်း အတော်ဖားတဲ့သူလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမြင်မှာ စိုးလို့လား မသိဘူး။ သူ့အပြင် တခြားသတင်း ကွန်မြူနတီတစ်ခုလုံးက သိလိုနေကြတဲ့အတွက် သူက မေးပေးရတာဆိုပဲ။ အတော်လာတဲ့သူ။ သူတို့ဆန္ဒဟုတ်၊ မဟုတ် သတင်း ကွန်မြူနတီတစ်ခုလုံး လိုက်မေးရမယ့်အပေါက်။ ထားပါတော့။ ထွန်းမြတ်နိုင်ကလည်း လူလည်ပါ၊ တည့်မဖြေပါဘူး။ ဒါပေမဲ့ သူ့အဖြေမှာပါတဲ့ အာရက္ခဒေသ လွတ်မြောက်ရေးနဲ့ သမိုင်းပေးတာဝန်၊ ရခိုင်လူမျိုးတွေရဲ့ ရာစုနှစ်နဲ့ချီပြီးမှ ခံစားခဲ့ရတဲ့ ဆုံးရှုံးမှု၊ နစ်နာမှု၊ အရှက် ကွဲမှု၊ ဂုဏ်သိက္ခာကင်းမဲ့မှု တွေကို ပြန်လည်ခိုင်မာအောင်လုပ်ဖို့ သူ့မှာတာဝန်ရှိတယ်လို့ ဆိုထားတာ တွေ့ရတယ်။
ထွန်းမြတ်နိုင်ရဲ့ ပြောစကားက တကယ်ပဲ မှန်ရဲ့လား။ လက်ရှိ ခေတ်စနစ်နဲ့ ကိုက်ညီရဲ့လားဆိုတာ ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ ရခိုင်နဲ့ ရခိုင်ဒေသက ကျန်တိုင်းရင်းသားလူမျိုးတွေရဲ့ သဘောသဘာဝကို သမိုင်းနဲ့ မျက်မှောက်ခေတ်ကို ယှဉ်ထိုးစဉ်းစားရပါလိမ့်မယ်။ သမိုင်းအရကြည့်ရင် ရခိုင် ပြည်နယ်မှာ ရခိုင်က လူမျိုးကြီးပါ။ ကျန်တိုင်းရင်းသားတွေက လူမျိုးငယ်ပါ။ ရခိုင်ဘုရင်ကို ခစားရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ အလားတူ ရှမ်းပြည်နယ်ကိုကြည့်ရင် ရှမ်းတွေက လူမျိုးကြီး ဖြစ်ကြီး ကျန် တိုင်းရင်းသားတွေက လူမျိုးငယ်ပါ။ ရှမ်းစော်ဘွားတွေကို ခစားရပြီး ဟော်နန်းအတွင်းကို ဝင်ခွင့်မရတဲ့အထိ ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ဗမာက လူမျိုးကြီးဖြစ်ပြီး ဒေသမှာရှိတဲ့ လူမျိုးကြီးတွေက လူမျိုးငယ်သဏ္ဌာန် သဘောရှိပါတယ်။ ဒါဟာ သက်ဦးဆံပိုင်ခေတ်ရဲ့ ဖြစ်လေ့ဖြစ်ထရှိ တဲ့ထုံးစံပါ။ ထွန်းမြတ်နိုင်က တိုးရစ်ဂိုက် လုပ်ဖူးတော့ ဒီသမိုင်းကြောင်းတွေဖတ်ဖူးပြီး အတော်ခံစားနေပုံ ရခဲ့မယ်ထင်တယ်။ ဗမာဘုရင်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဇာတ်လမ်းတွေကိုဖတ်၊ အတိတ်ကို ပြန်မြင် ပြီး ကြိတ်မနိုင်ခဲမရ ဖြစ်နေပုံရတယ်။ ဘာလို့လဲဆိုတော့ ရာစုနှစ်နဲ့ချီပြီး ဆိုတဲ့ စကားက လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ဂဏန်းအထိ အကျုံးဝင်တယ်ဆိုတော့ သမိုင်းအပေါ်မှာ နာကြည်းချက် ရှိပုံရတယ်။ ဒီသမိုင်း အရကြည့်ရင် ဗမာဘုရင်တွေ အနိုင်နဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရက်စက်ခဲ့တာတွေရှိခဲ့တာ ငြင်းစရာ မလိုတဲ့ကိစ္စပါ။ ဒါက သူ့ခေတ်သူ့အခါအရ ဖြစ်ခဲ့တဲ့အတွက် နာကြည်းစရာကိစ္စလို့ မဆိုသင့်ဘူး ထင် တယ်။
ကိုလိုနီခေတ်မှာ အတူတကွ တိုင်းတစ်ပါးရဲ့ ကျွန်ဖြစ်ခဲ့ရတာမှာ အခွင့်အရေးမရဘဲ ဖိနှိပ်ခံခဲ့ရတာက ရခိုင်နဲ့ဗမာ အတူတူလို့ ဆိုနိုင်ပါတယ်။ အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့အခါ တောင်တန်းပြည်မ ဥပဒေ ထုတ်ပြန် အုပ်ချုပ်ခဲ့ရာမှာ ရခိုင်ပြည်နယ်ကို ဗမာပြည်မထဲမှာ အတူထည့်ထားခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ လွတ်လပ်ရေးပေးတဲ့အခါမှာလည်း ရခိုင်ကို ဗမာပြည်မထဲမှာ ထည့်ခဲ့တဲ့အတွက် ပင်လုံညီလာခံမှာ ရခိုင်တွေ မပါပါဘူး။ လွတ်လပ်ရေးရတော့ ရခိုင်အနေနဲ့ သီးခြားပြည်နယ်မရဘဲ ဗမာကဲ့သို့ နိုင်ငံသား အခွင့်အရေး အတူတူရခဲ့တာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် သက်ဦးဆံပိုင်ခေတ်မှာ ရခိုင်ဟာ မြန်မာပြည်တွင်းက လက်အောက်ခံနိုင်ငံငယ် အသွင်ဆောင်ခဲ့ပေမယ့် အနောက်အန္တရာယ်ကို ဗမာမင်းတွေက ရခိုင်နဲ့အတူ ကာကွယ်ပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်ထိ ကြီးမားတဲ့ ဆုံးရှုံးမှု၊ နစ်နာမှု၊ အရှက်ကွဲမှု၊ ဂုဏ်သိ က္ခာ ကင်းမဲ့မှုတွေ ဖြစ်ခဲ့ပါသလဲ။
ကိုလိုနီခေတ်မှာ ကျွန်သာသာ ဖိနှိပ်ခံထား ရတဲ့အတွက် မြန်မာတစ်မျိုးသားလုံး အခွင့်အရေးရတဲ့ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ အခွင့်အရေးမရတဲ့ တိုင်းရင်းသားပဲဖြစ်ဖြစ် အားလုံးနစ်နာမှု၊ ဆုံးရှုံးမှု၊ အရှက်ကွဲ မှု၊ ဂုဏ်သိက္ခာ ကင်းမဲ့မှုတွေကို ခံခဲ့ကြရတာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးချိန်မှာ ရခိုင်ပြည်နယ် မရခဲ့တဲ့အတွက် နစ်နာတယ်လို့ ဆိုချင်ရင် ဆိုနိုင်ပေမယ့် နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး တွေမှာ အားလုံးတန်းတူလို့ ဆိုနိုင်ပါတယ်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက်မှာ ဥပဒေအရ ကျွန်စနစ်ဖျက်သိမ်းခဲ့ပြီး အားလုံးတန်းတူ သတ်မှတ်ခဲ့ကြ တဲ့အတွက် လူမျိုးကြီး လူမျိုးငယ်၊ ဘုရင်မျိုးရိုး၊ စော်ဘွားမျိုးရိုး၊ မင်းမျိုးမင်းနွယ်၊ ကျွန်မျိုးရိုးဆိုတာတွေ ပျောက်ပြီး ပြည်ထောင် စုအတွင်းမှာ ပြည်ထောင်စုသားအားလုံး တန်းတူပါ။
ဒါ့အပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတဲ့ လူမျိုးနဲ့ဒေသတွေကို ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမိုင်းကြောင်းအရ လူမျိုးစုကို အခြေခံပြီး ပြည်နယ်တွေ သတ်မှတ်ခဲ့တာ တွေ့ရ မှာဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းမှာ ရခိုင်ပြည်နယ်အဖြစ် ပေါ်ပေါက်လာတာ ဂုဏ်ယူစရာ မဟုတ်ဘူးလား။ စနစ်အရ ဗဟိုချုပ်ကိုင်မှုကြီးတာကို မတရားသိမ်းပိုက်ထားတယ်လို့ မြင်ရင်တော့ မပြောတတ်ဘူး။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အခြေခံအခွင့်အရေး အားလုံးတန်းတူပါ။ ရခိုင်လည်း သမ္မတလုပ်လို့ရပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း လုပ်လို့ရပါတယ်။ သူ့သတ်မှတ်ထားတဲ့ အရည်အချင်းတော့ ပြည့်ရ မှာဖြစ်ပါတယ်။ ဖြတ်လမ်းနည်းနဲ့ တော်လှန်ရေးခေါင်း စဉ်တတ်ပြီး နေ့ချင်းညချင်း အာဏာရာထူး ရယူထားသလိုမျိုးတော့ လုပ်လို့မရပါဘူး။ ဖက်ဒရယ် သဘောအရ လူမျိုးအလိုက်၊ ပြည်နယ်အလိုက် အခွင့် အရေး ကြည့်မယ်ဆိုရင် ဗဟိုချုပ်ကိုင်မှု ကြီးထွားပြီး ပြည်နယ်တွေ အခွင့်အရေးနည်းတာ မှန်ပါတယ်။ သို့သော် လူတစ်ဦးချင်း အခွင့်အရေးနဲ့ကြည့်ရင် ရခိုင်လည်း ဗဟိုချုပ်ကိုင်မှု အာဏာ ရယူနိုင်ခွင့် ရှိပါတယ်။ ဘာတွေများ ဆုံးရှုံးနေလို့လဲ။
ဗဟိုချုပ်ကိုင်မှုလျှော့ချဖို့ ဝိုင်းဝန်း ကြိုးပမ်းကြရမှာကို လွတ်လပ်ရေးအထိဆိုတဲ့ စကားကတော့ ကိုယ့်အတ္တနဲ့သာ ဆိုင်ပါလိမ့်မယ်။ ထွန်းမြတ်နိုင် လုပ်နေတဲ့ ဒီလိုပုံစံနဲ့ သွားနေသမျှ ကာလပတ်လုံး ရခိုင်ပြည်နယ် အေးချမ်းသာယာမှု ကင်းနေပါလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက် စရာမရှိသလို ပိုမို ဆုံးရှုံးနစ်နာ ပါလိမ့်မယ်။ သီးခြားလွတ်လပ်တဲ့ ရက္ခိတနိုင်ငံ ထူထောင်ဖို့ဆိုတာ အဝေးကြီးပါ။ တရုတ်တိုင်ပေ (ထိုင်ဝမ်) လို အခြေအနေမျိုး ဖြစ်လာနိုင်စရာမရှိပါ။ အရှေ့တီမောလို၊ ဘင်္ဂလားဒေ့ရှ်လိုမျိုးလည်း ဖြစ်လာစရာ မရှိပါ။ သမိုင်းကြောင်းအရပဲ ကြည့်ကြည့်၊ လွတ်လပ်ရေးကာလ အခြေအနေကိုပဲ ကြည့်ကြည့်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ -၁၀ အရ ]နိုင်ငံတော်တွင် ပါဝင်သည့် တိုင်းဒေသကြီး များ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရစီရင်စုများ စသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ}ကိုပဲကြည့်ကြည့် သီးခြား ရက္ခိတနိုင်ငံဆိုတာ ဖြစ်လာစရာမရှိပါ။ နိုင်ငံအဆင့်မပြောနဲ့ ကွန်ဖက်ဒရေးရှင်းတောင် မဖြစ်နိုင်ပါ။ ဖြစ်လာနိုင်စရာ ရှိတာက ဖက်ဒရယ်စနစ်ပါ။ ဒါကလည်း လက်နက်ကိုင်နယ်မြေ သိမ်းထားရုံ၊ အခုလုပ်နေ တဲ့ အုပ်ချုပ်ရေးတရားစီရင်ရေး ဆိုတာတွေလုပ်နေရုံနဲ့ ဖြစ်လာစရာမရှိပါ။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုမှုအရသာ ဖြစ်လာနိုင်စရာရှိတဲ့အတွက် ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေ ပိုမိုဒုက္ခမရောက်ရလေအောင် သတိထားကြပါလိုသာ အကြံပေးပါရစေ။
ထွန်းမြတ်နိုင်ပြောခဲ့တဲ့ ရာစုနှစ်ချီ ခံစားခဲ့ရ တယ်ဆိုတဲ့စကားအရ ပြောရရင် သူဟာ ဘယ်လိုလူလဲဆိုတာ သုံးသပ်ဖို့ နှစ်ချက်ပဲ ရှိပါတယ်။ တစ်ချက်က သူဟာ လူမျိုးရေး အစွန်းရောက် ဗမာမုန်းတီးရေး သမား ဖြစ်ချင်ဖြစ် မဟုတ်ရင် လူမျိုးရေးမှိုင်းတိုက်ပြီး အာဏာ တည်ဆောက်လိုသူသာ ဖြစ်ပါလိမ့်မယ်။ သူထွန်းမြတ်နိုင် မဖြစ်ခင်က သွားလာလှုပ်ရှားမှု၊ ပေါင်းသင်းဆက်ဆံမှုတွေကိုကြည့်ရင် သူ့ရဲ့သဘာဝကို တွေ့ရမှာ ဖြစ်ပါတယ်။ သူဆက်ဆံခဲ့တဲ့ သူတွေက War lord တွေချည်းပဲ ဖြစ်ပါတယ်။ ဒီသဘာဝကို သူကြိုက်ပုံရတယ်။ ထွန်းမြတ်နိုင်အနေနဲ့ KIA ရဲ့ အကူ အညီနဲ့ AA မဖွဲ့ခင် ကိုးကန့် MNDAA အဖွဲ့က ဖုန်ကြား ရှင်ရဲ့တူ ဖုံတာရွှင်ရဲ့ညီဝမ်းကွဲ၊ ၁၀၂၇ စစ်ဆင်ရေးကွပ်ကဲခဲ့သူ ဖုံဝမ်အန်း(ခ)မောင်မောင်လွင်ဆီမှာ နေခဲ့ဖူးတယ်။ အဲဒီအချိန်မှာ MNDAA က မူးယစ်စိတ်ကြွဆေးတွေအများဆုံး ထုတ်လုပ်ရောင်းချနေချိန် ဖြစ်ပါတယ်။ ထွန်းမြတ်နိုင်က ဖုံဝမ်အန်းရဲ့ မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးရာမှာ Logistic လုပ်ပေးခဲ့တဲ့ သူပါ။ ဒါကိုလည်း ပြည်ပသတင်းဌာနတွေက သိကြပါတယ်။ အခုအင်တာဗျူးမှာ မူးယစ်ဆေးဝါးနဲ့ပတ် သက်ပြီး သူမလုပ်ကြောင်းနဲ့ တပ်မတော်အကြီးအကဲတွေကပဲ လုပ်သယောင်ယောင် ပြောသွားခဲ့တာ တွေ့ရပါလိမ့် မယ်။ ဖမ်းဆီးရမိတာတွေ AA နဲ့ ပတ်သက်နေတာတွေကို မဟုတ်ကြောင်း၊ နိုင်ငံတော်ကပဲ သူ့ကို ပြည်ပနိုင်ငံတွေက မဆက်ဆံရဲအောင် လုပ်တာလို့လည်း ဆိုထားတာတွေ့ရတယ်။ များသောအားဖြင့် ထုတ်လုပ်သူက သက်သက်၊ Logistic က သက်သက် လုပ်ကြတာသဘာဝပါ။ AA နဲ့ ထွန်းမြတ်နိုင်အနေနဲ့ ထုတ်လုပ်ရာဒေသခံမဟုတ်တာနဲ့ ထုတ်လုပ်ရေး မလုပ်တဲ့အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်သူအဖြစ် သတ်မှတ်လို့မရပေမယ့် ပတ်သက်မှုတွေအများကြီးရှိကြောင်း UNDOC Report တွေ၊ Crisis Group ရဲ့သုံး သပ်ချက်တွေ၊ သတင်းဌာနတွေရဲ့ သုံးသပ်ချက်တွေမှာ တွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်က သတင်းထုတ် ပြန်ချက်တွေကို ကြည့်ရင်လည်း ပတ်သက်မှု ရှိနေတယ်ဆိုတာ သေချာသလောက် ရှိနိုင်တယ်လို့ ဆိုနိုင်ပါ တယ်။ Logistic သမားကတော့ ရှင်းတယ်။ သူက ခိုင်းနိုင်တဲ့လက်ရုံးတွေ ရှိပေမယ့် သူကိုယ်တိုင် မမိတော့ လက်ခမောင်းခပ်ပြီး ငြင်းနိုင်တဲ့ သဘောပဲ။ ဒီလိုလူမျိုးကို ရခိုင်ခေါင်းဆောင်လို့ ပြောတာ အံ့သြစရာပါ။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )