၂၀၂၅ ၊ စက်တင်ဘာ ၁၉
ဂျူတီကုတ်အဖြူရောင်ကို ဒေါက်တာထူးတစ်ယောက် အသည်းအသန် ကောက်ဝတ်လိုက်ပြီး နားကြပ်ကို လည်ပင်းပတ်ကာ အသံလာရာ အခန်းဆီသို့ အသည်းအသန် ပြေးလွှားသွားလိုက်သည်။ စိတ်ကျန်းမာရေးဆေးရုံဆိုတော့လည်း အချိန်ပြည့် တာဝန်ရှိသည်။ လူနာတွေက ဘယ်အချိန် ထဖောက် မလဲဆိုတာ သေသေချာချာ မသိရချေ။ အသံလာရာဆီက ဆေးရုံအခေါ် အထူးခန်း SR အခန်းမှ အသံဖြစ်သည်။ SR အခန်းဆိုတာကတော့ စိတ်ကျန်းမာရေးတော်တော် အခြေအနေမကောင်းတဲ့ ငတိများကို ထားသည့်အခန်း ဖြစ်သည်။ အထူးခန်းဟု ခေါ်သော်လည်း အချုပ်ခန်းသာသာ ဖြစ်သည့်အတွက် စိတ်မကျန်းမာသူများ မနေလိုသော အခန်းဖြစ်သည်။ တော်တော် ပလတ်ကျွတ်နေကြသူများကိုသာ အထူးခန်း ပို့ထားရလေ့ရှိသည်။ ဒေါက်တာထူးတစ်ယောက် SR အခန်းရှေ့သို့အရောက် သံတိုင်ကြားကငတိက ဝူးရှူးဝါးတွေ ထအော်နေသည်။ သံတိုင်အပြင်က လူနာကျန်းမာရေးမှတ်တမ်းကို အရင်ဆုံး ဖတ်ရလေသည်။ လူနာက အသောက်အစားများပြီး နောက်ဆုံး ပလတ်ကျွတ်သွား ရသူဖြစ်သည်။
"ကဲ ကိုယ့်ဆရာ ဘာများလိုအပ်သလဲ စိတ်ငြိမ်ဆေးတစ်လုံးလောက် ကစ်လိုက်ရမလား"ဟု မေးလေရာ လူနာဖြစ်သူက ဒေါက်တာထူးကို မော့ကြည့်ပြီး "ရှူး တိုးတိုး ဒေါက်တာ၊ ကျွန်တော်တို့ အထွေထွေထိုး စစ်ကြီးစတော့မယ်။ အိမ်ဦးခန်းမှာ ဟိုအဘတွေကိုမထားချင်တော့ဘူး ဒေါက်တာ"ဟု စိတ်ကူးတည့်ရာ ရေရွတ်ပြောလေသည်။ စိတ်ကျန်းမာရေး ဆရာဝန်ဆိုတော့လည်း လူနာအပေါ် စိတ်ရှည်ရပြီး ဒေါက်တာထူးတစ် ယောက် အလိုက်သင့်လေး ပြောရလေသည်။ "အထွေထွေထိုးစစ် ကြီးစရင် ကျုပ်ကိုလည်းပြောဗျာ။ ကျုပ်ဆေး မှူးအဖြစ်လိုက်မယ်"ဟု စိတ်ပြေအောင် ပြောရလေသည်။ ထိုအခါ "ဟာ ဒေါက်တာက အရူးတွေကုတာလေ။ ကျွန်တော်တို့က စစ်တိုက်မှာ နောက်တန်းမှာနေခဲ့"ဟု အရူးပါးစကားဆိုလေသည်။ ပလတ်ကျွတ်လို့ SR အခန်း ရောက်တာတောင် ဆရာဝန်ကို နောက်တန်းမှာ တာဝန် ပေးလေသည်။ "အေးပေါ့ဗျာ အေးပေါ့။ ဒါနဲ့ အိမ်ဦးခန်းမှာ အဘတွေကို မထားချင်ဘူးဆိုတာက အဘဘိုးမင်းခေါင်တို့၊ အဘဘိုးဘိုးအောင်တို့ကို ပြောတာလား"ဟု မေးလိုက်ရာ "ဝေးလိုက်တာ ဒေါက်တာရယ် ဝေးလိုက်တာ။ ဒါကြောင့် ဒေါက်တာ့ကို နောက်တန်းမှာထားခဲ့တာ။ ထားလိုက်ပါတော့ စိတ်ငြိမ်ဆေးလေး တစ်လုံး လောက် ပေးခဲ့ဗျာ။ စိတ်ငြိမ်သွားရင် မဟာဗျူဟာတွေ ချရဦးမှာ။ လစ်တော့ ဒေါက်တာ"ဟုဆိုလေသည်။ သူရူးတာကလည်း တစ်မျိုးလေးဖြစ်သည်။
ဒီနေ့ တာဝန်ကျတာ ဒေါက်တာဆိုတော့လည်း ထုံးစံအတိုင်း ယဉ်ယဉ်လေး ရူးကြသူများထားရာ Hall ခန်းတွေဆီသို့ လည်ပတ်ကြည့်ရှုရလေတော့သည်။
အခန်းထောင့်ခုတင်တစ်လုံးပေါ်တွင် အပေါ်ပိုင်း နက်ကတိုင်၊ ကုတ်အင်္ကျီအနက်ဖြင့် စတိုင်ကြစွာ ထိုင်နေသော လူနာတစ်ယောက်ကို တွေ့ရသည်။ ခုတင်ခြေရင်းက လူနာမှတ်တမ်းကို ကြည့်ရာတွင် လူရာဝင်ချင်သည့် စိတ်အခြေခံမှစ၍ ပလတ်ကျွတ်သွားခြင်းဟု ရေးထားသည်။ လူနာက ဒေါက်တာ ထူးကို သေချာစွာ စိုက်ကြည့်ရာ "ဟာဟေ့လူ။ ခင်ဗျားအစည်းအဝေးခန်းထဲ ဘာလာလုပ်တာလဲ၊ ဒါက တော်ရုံလူတွေ လာလို့မရဘူး ဗျ။ ကျုပ်တို့လို သံအမတ်ကြီးတွေပဲ လာလို့ရတယ်။ လာလက်စနဲ့ ကျုပ်ကို ထောက်ခံကြောင်း လက်မှတ်လေး ထိုးပေးဦး"ဟု ဆိုလေသည်။ ဒေါက်တာထူးမြတ်လည်း လူနာကို အလိုက်သင့်ဖြစ်စေရန် "ဟုတ်ကဲ့ သံအမတ်ကြီး ခင်ဗျား၊ ခုအစည်းအဝေးက ဘာအစည်းအဝေးလဲဗျ" ဟုမေးရာ "ကုလသမဂ္ဂ အစည်းအဝေးလေဗျာ"ဟု ရုပ်တည်ကြီးဖြင့် ဆိုသည်။ ပါးစပ်ကလည်း ကရားရေ လွှတ် တတွတ်တွတ်ဖြင့် "အရေးယူပေးပါ အရေးယူပေးပါ"ဟု အော်ဟစ်နေသည်။ သူရူးတာလေးကလည်း တစ်မျိုးဖြစ်သည်။
ကုလသမဂ္ဂသံအမတ်ရူး၏ ဘေးချင်းကပ်လျက်တွင် ဒေါက်တာထူးကဲ့သို့ ဆရာဝန်ယူနီဖောင်းဖြင့် လူတစ်ယောက်ထိုင်နေသည်။ အဝေးဆီကိုငေးကြည့်ရင်း ဒေါက်တာထူးမြတ်ကို လှည့်ကြည့်ကာ "မင်္ဂလာပါ ဒေါက်တာ၊ ကျွန်တော်ကိုတော့ ဆရာကြီးလို့ခေါ်ဗျာ။ ခင်ဗျားထက် ကျုပ်ကစီနီယာကျတယ်"ဟု ပြောသည်။ ဒေါက်တာထူးကလည်း အလိုက်သင့်လေး "ဟုတ်ကဲ့ပါ ဆရာကြီး။ ခုဘာများ ဆောင်ရွက်နေ လဲခင်ဗျ"ဟု ရိုရို သေသေပြောလိုက်ရာ နှုတ်ခမ်းလေးကွေးအောင်ပြုံးပြီး ဆေးရုံဘေးက လယ်ကွင်းတွေကို လက်ညှိုးထိုးကာ "ဒီမှာဒေါက်တာ အဲဒီကွင်းတွေကို ကျင်းနက်နက်တူး ပြီးရင် အခန်းတွေဖွဲ့၊ အပေါ်ကနေ ဘိလပ်မြေကိုလောင်း လိုက်ရင် ဘာဖြစ်မယ်ထင်လဲ"ဟု မေးခွန်းထုတ်လေးသည်။ ဒေါက်တာထူးလည်း ရုတ်တရက်ကြောင်သွားပြီး ]]သင်္ချိုင်းကုန်းပေါ့ ဆရာကြီးရယ်"ဟုအဖြေပေးရာ ဒေါသထွက်သွားပြီး "ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ၊ မြေအောက် ဆေးရုံဖြစ်သွားတယ်ကွ၊ မြေအောက်ဆေးရုံ ဖြစ်သွားတယ်"ဟု ပြောလေသည်။ ဒေါက်တာထူးလည်း လူနာအ ခြေအနေကိုကြည့်ပြီး ခုတင်ခြေရင်းတွင် ချထားသော ခွက်တစ်လုံးထဲ ၅၀ တန်တစ်ရွက်ထည့်လိုက်ပြီး "မြေအောက်ဆေးရုံအတွက် အလှူငွေပါဆရာကြီး"ဟု ပြောကာ ကျန်လူနာတွေဘက် ခြေဦးလှည့်ရလေတော့သည်။ သူရူးတာကလည်း တစ်မျိုးလေးဖြစ်သည်။
"ဒေါ်လာသန်း ၈၀၀ ရှိရင် ဟိုမြို့ကိုတက်သိမ်းပြမယ်"ဟူသော အော်ဟစ်သံလာရာ ခုတင်ဆီသို့ အပြေးအလွှား ရောက်သွားလေသည်။ လူနာမှတ်တမ်းကြည့်ရာတွင် နိုင်ငံခြားငွေကြေး ဒေါ်လာတွေကို မက်သည့် ငွေမက်ရောဂါဖြင့် ပလတ်ကျွတ်သွားသူဖြစ်သည်။ ခုတင်ခြေရင်းတွင် မတ်တတ်ရပ်ရင်း "ဆရာသမား ဟိုဒေါ်လာ သန်း ၈၀၀ ရရင် ဘယ်မြို့ကို တက်သိမ်းမှာလဲဗျ၊ ပြောစမ်းပါဦး"ဟု လူနာအကြိုက် အလိုက်သင့်လေး ပြောလေရာ "လောလောဆယ် သန်း ၈၀၀ ရဖို့ အရေးကြီးတယ် ဒေါက်တာ။ ဒါရမှ ဆက်ပြောလို့ရမှာ ဟိုကောင်မ ခိုးထားတယ် ဒေါက်တာ။ ဒါသိသိကြီးနဲ့ ခံနေရတာ ကျွန်တော်ကို အဲဒီ ကောင်မဆီကနေ ဒေါ်လာသန်း ၈၀၀ တောင်းပေးပါ ဒေါက်တာ။ ရရင် မုန့်ဖိုးပေးမယ်" ဟု ပြောလေသည်။ "ကဲ...ဟုတ်ပါပြီ ခင်ဗျားပြောတဲ့ ဒေါ်လာသန်း ၈၀၀ က ဘယ်သူ့ဆီကတောင်းရမှာလဲ။ လောလောဆယ် ဆေးလေးသောက်လိုက်ပါဦး၊ စိတ် လေးငြိမ်သွားအောင်"ဟု ချော့မော့ကြည့်ရာ "ဒေါ်လာ သန်း ၈၀၀ ရရင် သောက်မယ်။ ဒေါက်တာ ဟိုကောင်မက ကလိမ်ကကျစ်ကျတာ ဒေါက်တာ။ ဟိုကောင်မဆီက သွားတောင်ပေး ရရင်သောက်မယ်"ဟုဆိုသူ အမျိုးသမီး စိတ်ကျန်းမာရေးဝေဒနာသည်များ အဆောင်ဘက်သို့ လက်ညှိုးတွင်တွင် ထိုးပြလေသည်။
လတ်တလောတော့ လူနာကျန်းမာရေးအတွက် စိတ်ချမ်းသာအောင် ထားရမှာပဲဟု နှလုံးသွင်းကာ ဒေါ်လာသန်း ၈၀၀ တောင်းဖို့ အမျိုးသမီးစိတ်ကျန်းမာ ရေးဝေဒနာရှင်များ အဆောင်သို့ ချီတက်ရပြန်သည်။ အခန်းထောင့်တွင် မိတ်ကပ်အဖွေးသားဖြင့် ဆောင့်ကြောင့်ထိုင်ပြီး သူနာပြုဆရာမများကို ဆဲဆို နေသောအမျိုးသမီး လူနာတစ်ယောက်ကို တွေ့ရလေသည်။ ဒေါက်တာထူးကို မြင်လေရာ ကိုယ်ရှိန် သတ်ပြီး "ဟိုကောင်လွှတ် လိုက်တာ မဟုတ်လား ဒေါက်တာ။ ကျွန်မဆီက ဒေါ်လာ သန်း ၈၀၀ တောင်း ခိုင်းလိုက်တာ မဟုတ်လား။ အောက်တန်းစားကောင် ပြောတာမယုံနဲ့ ဒေါက်တာ။ ကျွန်မ မခိုးထားဘူး"ဟု ပြောလေသည်။ အမျိုးသားအဆောင်နှင့် အမျိုးသမီးအဆောင် ကူးလူးဆက်ဆံခွင့်ပိတ် ထားသော်လည်း ထိုလူနာနှစ်ယောက်ကြား ဆက်ဆံ ရေးတစ်ခု ရှိလိမ့်မည်ဟုယူဆကာ တာဝန်ကျ သူနာပြုများကို ခေါ်မေး ရလေတော့သည်။
"ဒီလိုပါ ဒေါက်တာ ဒီလူနာအမျိုးသမီးက နည်းနည်းလေးပဲ လွတ်တာဆိုတော့ ပလတ်ကျွတ်နေတဲ့ လူနာတွေအပေါ် လူလည်ကျတယ်။ အပြင်ကနေ ကော်ဖီမစ်၊ ဆေးလိပ်၊ ကွမ်းယာ စတာတွေ ခိုးသွင်းပြီးတော့ သန်း ၈၀၀ တောင်းတဲ့လူနာနဲ့ပေါင်းပြီး ဆေးရုံမှာရောင်းတယ်။ အမြတ်လေးရရင် တစ်ယောက်တစ်ဝက်ဆိုပြီး ရောင်းကြရင်းနဲ့ ငွေရှစ်ရာ ပျောက်တာကနေစပြီး ဒေါ်လာသန်း ၈၀၀ ဆိုပြီး အမွေလုသလို လုနေတာပဲဆရာရယ်"ဟု ပြောလေသည်။ လူနာအမျိုးသမီးကတော့ အမျိုးသားအဆောင် ဘက်ကိုကြည့်ကာ တစ်တစ်ခွခွ ဆဲရေးတိုင်းထွာလေသည်။ ဟိုဘက်အဆောင်ကလည်း 'သူခိုးမ'ဟု ပြန်အော်သံသဲ့သဲ့ ကြားရသည်။ သူတို့ရူးကြ တာလေးတွေက တစ်မျိုးဖြစ်သည်။
ဒေါက်တာထူးတစ်ယောက်လည်း တစ်နေ့တာ တာဝန်တွေပြီးလို့ ကော်ရစ်တာအတိုင်း လမ်းလျှောက်၍ အဆောင်ပြန်ရန် ပြင်ရလေတော့သည်။ ပြင်ပလူနာဌာနရှေ့ ဖြတ်အလျှောက် လူနာရှင်အမျိုး သမီးနှစ်ယောက် ဒေါက်တာထူးကိုကြည့်၍ "ဒီဒေါက်တာ တော်တော်အလုပ်ကြိုးစားတာပဲနော်"ဟု တစ်ယောက်က ပြောလေရာ ကျန်တစ်ယောက်က "တိုးတိုးပြော၊ အဲဒါ ဆရာဝန်ရူး။ ယဉ်ယဉ်လေးမို့လို့ ဆေးရုံအုပ်ကြီးက လွှတ်ပေးထားတာ"ဟု ပြောသံကြားလိုက်ရသည်။ "ဟုတ်ပေသားပဲ ကျွန်တော် ဆေးသောက်ဖို့အချိန်ကျပြီ"ဟုဆိုကာ ဒေါက်တာ ထူးတစ်ယောက်ဆေးပေးခန်းကို ချီတက်ရလေတော့ သည်။
(ထူးမြတ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )