၂၀၂၅ ၊ စက်တင်ဘာ ၆
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ လက်ဦးကျမ်းစာ 'ဓမ္မောဝါဒကထာ' မှာ'သာသနာပြုခြင်းဆိုင်ရာ မူဝါဒကြေညာချက်စာတမ်း}ပင် ဖြစ်ပါတယ်။ ဒီကျမ်းစာပါ ဖွင့်ဆိုဖော်ပြချက်များကို နှစ်သက်လက်ခံ လိုက်နာကျင့်ကြံနိုင်လျှင် ဆရာတော်ကြီးရဲ့ အတွင်းစည်း သာသနာပြုလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရမည်။ သဒ္ဓါကောင်းသော်လည်း ပညာမဆောင်းနိုင်လျှင် သာသနာပြုလမ်းကြောင်းရဲ့ ဟိုမှာဘက်ကနေ ဝေနေယျအဖြစ် လိုက်ပါခွင့်ရမည်လို့ နားလည်ရပါတယ်။ အများနားလည် လက်ခံထား တဲ့ သာသနာ့အဓိပ္ပာယ်နဲ့ ဆရာတော်ကြီးဖွင့်ဆိုတဲ့ သာသနာတော်ကြီးရဲ့ အနှစ်သာရတို့မှာ အကွာအဝေး ရှိကောင်း ရှိနေနိုင်ပါတယ်။ ဆရာတော်ကြီးရဲ့ ဖွင့်ဆိုချက်အပေါ်မှာ ရုတ်တရက် လက်ခံနိုင်ဖွယ် ရှိကောင်းမှ ရှိပါလိမ့်မယ်။
ဓမ္မောဝါဒကထာဟာ လက်ဦးကျမ်းစာ ဖြစ်သည့်အလျောက် ဒီကျမ်းစာအုပ်ရဲ့ ရည်ရွယ်ချက် အနှစ်သာရများကို 'ဘုရားရှင် မြင်တွေ့လိုသော သာသနာ'ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကောက်နုတ်ဖော်ပြထားတယ်။ ချက်ချင်းလက်ငင်း ဖတ်မိစေရန် ကျောဖုံးမှာ ထင်ထင်ရှားရှား ဖော်ညွှန်းထားပါတယ်။
- သာသနာဟူသည် ဘုံဗိမာန်ကြီးတို့ ထီးထီးမားမား ပေါ်ပေါက်လာခြင်းမျိုးမဟုတ်၊ ရဟန်းရှင်လူ မှီခိုလိုသူတို့ ကြက်ပျံမကျ စည်ကား ပေါများလာခြင်းမျိုးလည်း မဟုတ်ချေ။ ထိုဗိမာန်၊ လူ၊ ရှင်ပရိသတ် အခြံ အရံတို့သည် သာသနာပြုရန်၏ ပြင်ဆင်မှုမျှသာ ဖြစ်ဘိ၏။ စစ်တိုက်ရန် ပြင်ဆင်နေသူ တပ်မမှူး၏ ရိက္ခာ၊ လက်နက်၊ လူသူထွက်၍ ဖြည့်စွက်စုဆောင်းသည့် အခြေခံ ပဏာမသဖွယ်မျှသာ ရှိချေသေး၏။
- ထို ဗိမာန်၊ လူ၊ ရှင်ပရိသတ် စည်ကားမှုတို့သည် ပေါက်သစ်စကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်းမျိုးတို့ကဲ့သို့ အနှစ်မပါ အကာသက်သက်မျှသာ ရှိချေသေး၏။ သို့ကြောင့် သာသနာတော် သန့်ပြန့်စင်ကြယ်ရန်ကိုသော်လည်းကောင်း၊ တည်တံ့ခိုင်မြဲရန်ကိုသော်လည်းကောင်း၊ ပြန့်ပွားရန်ကိုသော်လည်းကောင်း မည်သည့်အမျိုးအစားကိုမျှ တာဝန်ယူနိုင်လိမ့်မည်မဟုတ်ချေ။ စင်စစ်အတွင်း သိက္ခာမဲ့သော စည်ကားမှုမှန်သမျှ ရှုပ်ထွေးမှု ဗွက်နွံတွင်းသို့သာ နောက်ဆုံး ဦးခေါင်းဆိုက်ရသည်သာ ဖြစ်ချေတော့၏။ ပညာကင်းသော သဒ္ဓါအဖျင်းသို့သာ သက်စေ၏။ စင်စစ်၊ ဘုရားရှင်ညွှန်ကြားတော်မူသော သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဟူသည့် အတွင်းသာ သနာတော်တည်ခြင်းသည်သာ။
- သီလသိက္ခာ ။ ။ မကောင်းမှုမှန်သမျှ ဘာတစ်ခုမျှ မပြုကျင့်ခြင်းဖြင့် သာသနာ့သန့်ရှင်းရေးကို တာဝန်ခံနိုင်ချေ၏။
- သမာဓိသိက္ခာ ။ ။ ကောင်းမှုမှန်သမျှ ဥဿုံပြည့်၀စေခြင်းဖြင့် သာသနာတော်တည်တံ့ရေးကို တာ ဝန်ခံနိုင်ချေ၏။
- ပညာသိက္ခာ ။ ။ မိမိစိတ်ဓာတ် ဖြူစင်မြင့်မြတ်ခြင်းဖြင့် သာသနာတော် ပြန့်ပွားရေးကို တာဝန် ခံနိုင်ချေ၏။
ဤသည်သာ မုချသာသနာ မည်ထိုက်စွာ၏။ ထိုမုချသာသနာကို ပိုင်နိုင်စွာ ဆုပ်ကိုင်ထားနိုင်သူ၏ စည်းရုံးလှုံ့ဆော် ဟောဖော်ပြသ ဆိုဆုံးမစကားရပ်တို့သည်ကား မိမိကိုယ်ကိုယ် ဦးစွာချစ်ပြီးမှသာ သူတစ်ပါးတို့သို့ မျှတစွာချစ်လျက် ညွှန်လင့်ရာစကား ဖြစ်ခြင်းကြောင့် သန့်ရှင်းခြင်းကို လည်းကောင်း၊ တည်တံ့ ခြင်းကိုလည်းကောင်း၊ ပြန့်ပွားခြင်းကိုလည်းကောင်း တာဝန်ယူနိုင်၏။ သာသနာပြုတို့၏ စိတ်နေသဘော ထားကိုလည်း အကောင်းကြား၊ အဆိုးကြားထဲမှပင် ခံ့ညားထည်ဝါစွာ ဖော်ထုတ်ပြသနိုင်ချေ၏။ ထိုသား တော်မျိုးကိုသာ ငါဘုရား၏ ရွှေရင်တော်အနှစ် ရင်သွေးစစ်ဟူ၍ ချီးကျူး တော်မူချေ၏။ ထိုသာသနာမျိုး ကိုသာလျှင် ငါလျှင်စိုက်ထား မျိုးစေ့ပွားဟူ၍ ချီးကျူးတော်မူမည်ဖြစ်ချေ၏။'
အထက်ပါ သာသနာပြုလမ်းညွှန် ကြေညာချက်စာတမ်းကို ရေးစဉ်အခါက 'မဟာဗောဓိမြိုင်ဆရာ တော်}လို့ အမည်မတွင်သေးပါ။ 'တောနေရဟန်းအဖြစ် ဝနဝါသီ၊ မူရင်းဘွဲ့(ဦး)ဉေယျ၊ ဓမ္မသာမိထေရ် - တရား ပိုင်ရှင်ရဟန်း'အဖြစ်သာ ရှိနေပါသေးတယ်။ တစ်လောကလုံး တစ်နိုင်ငံလုံး၊ အုန်းအုန်းကျွက်ကျွက် တစ်ခဲနက်ဖူး မြော်ပူဇော်ခြင်း မခံရမီ သာစည်ရွှေကျောင်းကုန်းတောင်မှာ တောထွက်စ ပထမနေ့ရက်များကပင် သာသနာပြု လမ်းညွှန်ကျမ်း ]ဓမ္မောဝါဒကထာ}ကို ရေးခဲ့ခြင်း ဖြစ်ပါတယ်။
ဓမ္မောဝါဒကထာကျမ်းရဲ့ နိဒါန်းမှာပင် ဆရာတော်ဘုရား လက်စွမ်းပြထားတာက 'ရှစ်မှလွန်သော ကိုး'တဲ့။ ရပ်ပြစ်ရှစ်ပါးအလွန် သာသနာပွင့်ထွန်းသော ခေတ်ကို 'ရှစ်မှလွန်သောကိုး'လို့ လှလှပပ ရည်ညွှန်းထားပါတယ်။
'ဗုဒ္ဓုပ္ပါဒ နဝမခေတ်ဟူသည် အဋ္ဌလက္ခဏာ ခေတ်ဖြစ်သော ရပ်ပြစ်ရှစ်ပါးမှ လွန်မြောက်သော ခေတ်ကိုဆိုချေသည်။ အဋ္ဌလက္ခဏာခေါ်တဲ့ ရပ်ပြစ်ရှစ်ပါးကို ဖြတ်သန်းနေရသူတွေဟာ ]မမြင်စမ်းစမ်း ဆင်ကန်းတော တိုးဘဝမျိုးဖြင့် ထင်ရာမြင်ရာအတိုင်းသာ ဒုန်းစိုင်းလျက်က ဆိုးသွမ်းနေကြရရှာသော အက္ခဏခေါ် လူ့အခွင့်အရေးကြီး လက်လွှတ်ဆုံးရှုံးနေရသည့် အခါသမယမျိုး'လို့ ရည်ညွှန်းထားပါတယ်။ ဆရာတော်ဘုရားညွှန်ပြတဲ့ လူ့အခွင့်အရေးဆိုတာ နိုင်ငံရေးသမားတွေရဲ့ အသုံးချအမြတ်ထုတ်ရာ လူ့အခွင့်အရေး မဟုတ်ပါ။ ဘုရားပွင့်ချိန်၊ သာသနာပွင့်ချိန် လူဖြစ်ခွင့်ရပြီး ဘုရားဟော သစ္စာလေးပါးကို သိမြင်အောင် အားထုတ်နိုင်တဲ့ အခွင့်အရေးသာလျှင် လူ့အခွင့်အရေးစစ်စစ် ဖြစ်တယ်လို့ ဆိုလိုပါ တယ်။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံသားတို့ဟာ ရပ်ပြစ်ရှစ်ပါးရဲ့ တစ်ဝက် တိတိကို နေရာယူထားကြလိုက်ကြပေပြီ။ သူတို့ဘဝတွေဟာ အလွန့်အလွန် ဆင်းရဲလွန်းလို့ သစ္စာလေးပါးဆိုတာ ဘာမှန်းမသိလောက်အောင် အပယ်ခံဘဝတွေ ဖြစ်နေတာပါ။ အသညသတ်ဗြဟ္မာ့ဘုံ ရောက်နေ ပြန်ရင်လည်း ဘုရား၊ ရဟန္တာ၊ အရိယာ သူတော်ကောင်းတို့ရဲ့ တရားကို မှတ်သားနိုင်တဲ့ဉာ မရှိလို့ အထက်ဘုံ ရောက်ပေမယ့်လည်း မျောက်အုန်းသီးရ ဘဝမျိုးဖြစ်တယ်လို့ဆိုပါတယ်။ အရူပဗြဟ္မာ့ဘုံ ရောက်နေပြန်ရင်လည်း တရားစကား နာကြားနိုင်တဲ့ နားမရှိခြင်းကြောင့် ထီပေါက်သော်လည်း ထီလက်မှတ် ပျောက်နေသူလိုပဲလို့ ဆိုပါတယ်။ လူ့ဘဝကိုတော့ ရောက်လာပါရဲ့၊ ဘာသာခြားဖြစ်နေရင် သစ္စာ လေးပါး မြတ်တရားနဲ့ လွဲချော်တော့မှာဖြစ်ပါတယ်။ တစ်ဖန်ဗုဒ္ဓဘာသာဝင်တော့ ဖြစ်လာပါရဲ့၊ ဘုရား တရားတော်ကို ဉာဏ်ဝင်စားနိုင်တဲ့ ပညာအကြောင်းခံ ချို့တဲ့နေရင်လည်း သစ္စာလေးပါးနဲ့ လွဲချော်နေဦးမှာ ဖြစ်ပါတယ်။ ပညာအကြောင်းခံတော့ ရှိပါရဲ့။ ဘုရားပွင့်ချိန် မဟုတ်ရင် အရိယာသူတော်ကောင်းတွေ မရှိရင် သစ္စာလေးပါးနဲ့ ကမ္ဘာခြားနေဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ရပ်ပြစ်ရှစ်ပါးကို လွန်မြောက်ပြီး ဗုဒ္ဓုပ္ပါဒနဝမခေတ်မှာ သုံးဆယ့်တစ်ဘုံ ဘုံရှုပ်အတွင်း ၌ စုံးစုံးမြုပ်ဘဝမှ လူးလဲထလျက်က နိယျာနိကခေါ်ဘ၀ လွတ်မြောက်ရေးစခန်းသို့ ပါရမီခြေလှမ်းများကို အားကုန်သုံး၍ ရုန်းထွက်ကြပါလို့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားက လမ်းညွှန်မိန့်ကြားထားပါတယ်။ သာသနာတော်ကြီး မတိမ်ကော မပပျောက်အောင် ပစ္စယာနုဂ္ဂဟလို့ခေါ်တဲ့ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး ပစ္စည်းလေးပါး ထောက်ပံ့ခြင်းဆိုတဲ့ လမ်းတစ်သွယ်၊ ထောက်ပံ့ပစ္စည်းများကို ခံယူသုံးဆောင်လျက် သိက္ခာသုံးဆင့်တို့ဖြင့် အလွတ်အကျွတ် ကျင့်ဆောင်ပြီးသော် ဝေနေယျတို့အား ဓမ္မာနုဂ္ဂဟဖြင့် ပြန်လှန်ကျေးဇူးပြုခြင်းက လမ်းတစ်သွယ်၊ အဲဒီလမ်းနှစ်သွယ်ဟာ 'ကြာသည်ရေကိုမှီ၍ မြင့်လာရသကဲ့သို့ ရေသည်လည်းကြာ၏ အရိပ်ကို မှီလျက်က မခန်းခြောက်စေသောနည်းဖြင့် တွဲချိတ်မိစေရမယ်လို့ ဆိုပါတယ်။
'ဆရာသည် ဒကာ၏ ပစ္စည်းအထောက်အပံ့ များကိုခံယူ၍ ခရီးပန်းတိုင်၏ ခေါင်အထိ ကြိုးစားအောင်နိုင်ပြီး မိမိနောက်ပါ ဒါယကာများကိုလည်း ယုတ်စွအဆုံး အောက်တန်းစားလေးဘုံ (အပါယ်လေး ဘုံ) တို့မှ လုံး၀ကျွတ်လွတ်စေသော အဆင့်အထိ နေရာချထားပေးခဲ့ရန် ပင်တည်း။}
သာသနာ့ဝန်ထမ်း လမ်းညွှန်ခေါ်ဓမ္မောဝါဒ ကထာကျမ်းရဲ့ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။
သာသနာဆိုတာ မကောင်းတာမှန်သမျှ တားမြစ်ပြီး ကောင်းတာမှန်သမျှ လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်ထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမများကို 'သာသနာ'လို့ ခေါ်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေက ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ရှိလေရာ အလွန်ပင် ကျယ်ဝန်းနက်ရှိုင်းလှပါတယ်။ အနှစ်ချုပ်အား ဖြင့်တော့-
၁။ သီလသာသနာ ...ကျင့်စဉ်မှန်ကန်စေရန် ဆုံးမ ထားသောစကား။
၂။ သမာဓိသာသနာ ...ကျင့်စဉ်၌ စိတ်တည်စေရန် ဆုံးမထားသော စကား။
၃။ ပညာသာသနာ ...ကျင့်စဉ်၌ ကောင်းကောင်းကွဲ ကွဲပြားပြား ဂဃနဏ သိနားစေရန် ဆုံးမထား သောစကား သီလသမာဓိပညာဆိုတဲ့ သိက္ခာသုံးရပ်အကျင့်မြတ်ကိုပဲ 'သာသနာ'လို့ခေါ်ကြောင်း ရှင်းပြ ထားပါတယ်။ (စာ-၆)
သာသနာပြုလုပ်ငန်းဆိုတာက ...
'ထိုသိက္ခာသုံးပါးကျင့်စဉ်တရားများကို ကိုယ်တိုင်လည်း ကြံ၊ ကျင့်၊ သိဟူသော အဆင့်သုံးဆင့် အတိုင်းလျှင် (က) ဦးစွာ(စာပေ) ပရိယတ်ဖြင့် ကျက်အံကြံသိခြင်း၊ သို့မဟုတ် နာခံမှတ်သားခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ (ခ) ထို့နောက် ပဋိပတ်(ကျင့်စဉ်)အားဖြင့် လက်တွေ့ကျကျ ကိုယ်တွင်းမှ ရှာဖွေခြင်း၊ (ဂ) ပဋိဝေဓအားဖြင့် စာတွေ့လက်တွေ့ ပေါင်းစပ်မိသောအားဖြင့် ကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်ဖြင့်သစ္စာသို့ ဆိုက်စေခြင်းတည်း။ သို့မဟုတ် ...
နည်းမှန်လမ်းမှန်ကို ဆရာ့ထံမှ နာခံမှတ်သားခြင်း၊ ထိုမှတ်သားပြီးအတိုင်း၊ ကိုယ်တိုင်ကျင့်ကြည့်ခြင်း ကိုယ်တိုင်ကျင့်သည့်အတိုင်း ကိုယ်တိုင်သိ၍ ကိုယ်ပိုင်ရှိ ခြင်းတည်း။ ထိုသို့ သဘာဝအသိ ကိုယ်တိုင် လမ်းသိပြီးသောအခါ မိမိမှာရှိသကဲ့သို့ တစ်ပါးသူတို့၌လည်း ရှိကြပါစေရန်၊ ဤဖြူစင်သော အရင်းခံ စေတနာများဖြင့် ဘုရားရှင်၏ သာသနာတော်ကြီးလည်း နေရောင်လရောင်ကဲ့သို့ တောက်ပစေ၊ ဘုရား သားတော် သမီးတော် ဝေနေယျအဖော်တို့လည်း နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းပေါ်သို့ တက်နိုင်စေဟူ သော ပြုစုပျိုးထောင်မှုတည်း။' (စာ-၇)
'သာသနာပြုတို့ ထားရှိရမည့် စိတ်နေစိတ်ထား'ကတော့ ဘုရားအဆုံးအမတွေ မိမိရဲ့ ကိုယ်စိတ် သန္တာန်မှာ တည်နေဖို့ပါပဲ။ တစ်နည်းအားဖြင့် တရားနဲ့ အညီအနေတတ်ခြင်းပဲ ဖြစ်ပါတယ်။ လောကသား အများစုက ကာမဂုဏ်အာရုံမှာ ပျော်မွေ့နေချိန်မှာ မိမိက ကာမစည်းစိမ်ကို ရဲရဲဝံ့ဝံ့ ပယ်လှန်ပြီး ဓမ္မရသကို ခံစားရာမှာ စံပြဖြစ်စေရမယ်။ လောကသားအများစုက ကြိုက်စိတ်၊ မကြိုက်စိတ်၊ မသိစိတ်ဆိုတဲ့ အမှားသုံးမျိုးနဲ့ မိုးမမြင်လေမမြင် ရှင်သန်နေကြတယ်။ အကြိုက်မိရင် အကောင်းထင်ပြီး အမြင်မှားကြီးကို လက်ခံသုံးဆောင် နေကြတယ်။ အကြိုက်မတွေ့သေးရင် အဆိုးထင်အမြင်မှားနေကြတယ်။ အမှားအမှန် ခွဲခြားသိနိုင်တဲ့ဉာဏ်မရှိဘဲ အမြဲတမ်းဆိုသလို အမှားတွေနဲ့ နေသားကျနေတတ်ကြတယ်။
'လောကသားများသည် ကိလေသာကိုအဖော် ပြုလျက်က တဏှာ့ကျေးကျွန်ဘဝဖြင့်ပင် ကာမစည်းစိမ်ခေါ် အာရုံ၏ အရသာနောက်တကောက်ကောက် လိုက်လံခံစားနေကြရာ ဘုရားရှင်သည် ၎င်းတို့ကို ဆုံးမရာ၌ လောကသားများက နှစ်ယောက်ပေါင်းမှ ဖက်စပ်ကောင်း၊ ကောင်းခွင့်ရသော ကာမ ချမ်းသာဖြင့် မေ့မေ့ပျောက်ပျောက် ခံစားနေကြချိန်တွင် ဘုရားရှင်ကား တစ်ပါးတည်းဖြင့် မရောကောင်း၊ ကောင်းခွင့်သာသော ဈာန်ချမ်းသာကို မမေ့မလျော့ ခံစားကာနေပြတော်မူခဲ့ပါ၏။ ဘုရားရှင်ကား တစ်ပါးတည်းဖြင့် အများကောင်းခွင့်သာစေသော ဈာန်ချမ်းသာကို ခံစားပြတော်မူခဲ့ပါ၏။'
'ဘုရားများက တစ်ပါးနှင့်တစ်ပါး ခိုက်ရန်ဖြစ်ပွားလျက် အနိုင်ထက်စီး၊ နိုင်ခွင့်ရရန် ကြိုးစားနေ ကြချိန်တွင် ဘုရားရှင်ကား ခိုက်ရန်မပွား မေတ္တာထားလျက်ကသာ ဘုရင်တကာတို့၏ ဘုရင်အဖြစ် အနိုင်ရနည်းအစစ် လှစ်ပြတော်မူခဲ့ပါ၏။' (စာ-၁၀)
လောကသားတို့ရဲ့ အကြည့်မှား၊ အမြင်မှား၊ အသိမှားတို့ရဲ့ပြောင်းပြန် အကြည့်မှန်၊ အမြင်မှန်၊ အသိမှန်တို့ကို ကိုယ်တိုင်လည်း ကျင့်ဆောင်၊ အများနားလည် လက်ခံ ကျင့်သုံးလာအောင် ညွှန်ပြနိုင်မှသာ သာသနာပြု ရာရောက်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဘုရားဟောကြား တော်မူခဲ့တဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်ကို အနှစ်ချုပ်လိုက်တော့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးရတယ်လို့ အထက်မှာ ဆိုခဲ့ပြီး ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာမှာ ဆင်းရဲဒုက္ခအပေါင်းမှ လုံးဝလွတ် မြောက်ခြင်းဆိုတဲ့ နိဗ္ဗာန်သို့ အရောက်ပို့မယ့် ...'မဂ္ဂင် ရှစ်ပါး'ပါဝင်နေပါတယ်။
မဂ္ဂင်ရှစ်ပါးဆိုတာ (၁) သမ္မာဒိဋ္ဌိ - မှန်သော အယူအမြင်၊ (၂) သမ္မာသင်္ကပ္ပ - မှန်သောအကြံ၊ (၃) သမ္မာဝါစာ - မှန်သောစကား၊ (၄) သမ္မာကမ္မန္တ - မှန် သောအမှုအလုပ်၊ (၅) သမ္မာအာဇီ၀ - မှန်သောအသက် မွေးဝမ်းကျောင်း၊ (၆) သမ္မာဝါယာမ - မှန်သော အား ထုတ်မှု၊ (၇) သမ္မာသတိ - မှန်သော အောက်မေ့မှု နှလုံး သွင်းမှု၊ (၈) သမ္မာသမာဓိ - မှန်သော တည်ကြည်မှု စူး စိုက်မှုတို့ ဖြစ်ပါတယ်။
သီလ၊ သိက္ခာမှာ 'သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝဆိုတဲ့ မဂ္ဂင်သုံးပါး ပါဝင်နေပါတယ်။ ကိုယ်၊ နှုတ်၊ နှလုံး ကံသုံးပါးလုံးတို့ကို လုံခြုံစွာ စောင့်စည်းပေး ရမှာဖြစ်ပါတယ်။ ကာယကံဆိုတဲ့ ကိုယ် လက်သောင်းကျန်းမှုကို နှိမ်နင်းနိုင်ဖို့ ကာယဒုစရိုက်သုံးပါးကို သတိထားရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
(၁) ပါဏာတိပါတ - သူ့အသက်သတ်မှု၊ (၂) အဒိန္နာဒါန - သူ့ဥစ္စာခိုးမှု၊ (၃) ကာမေသုမိစ္ဆာစာရ - သူ့လင်သူ့မယားကို ပြစ်မှားစော်ကားမှု၊ ကာမဂုဏ်တို့၌ ယုတ်ယုတ်မာမာ ကျင့်မှုတို့ဖြစ်ပြီး ဝစီဒုစရိုက် လေးပါးကတော့ ...(၁) မုသာဝါဒ - လိမ်ညာပြောဆိုမှု၊ (၂) ပိ သုကာဝါစာ - ချောပစ်ကုန်းတိုက်မှု၊ (၃) ဖရုဿဝါစာ- ကြမ်းကြမ်းတမ်းတမ်း အယုတ်တမာ ဆဲဆိုမှု၊ (၄) သမ္ဖပ္ပလာပ - ပြိန်ဖျင်းသောစကားတွေဖြစ်ပြီး ဒီလေးပါးကိုလည်း ရှောင်ကြဉ်ခြင်းဖြင့် သမ္မာဝါစာနဲ့ထိုက်တန်အောင် ပြောဆိုရမှာ ဖြစ်ပါတယ်။ သမ္မာကမ္မန္တဖြစ်အောင်ကာယ ဒုစရိုက်သုံးပါးကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ သမ္မာအာဇီဝဖြစ်အောင် သားငါး၊ အရက်၊ မူးယစ်ဆေးဝါး၊ လူ၊ အဆိပ်နှင့် လက်နက်ရောင်းဝယ်ခြင်းတို့ကို ရှောင် ကြဉ်ရမှာ ဖြစ်ပါတယ်။
"သမာဓိသက္ခာမှာ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ မဂ္ဂင်သုံးပါး ပါဝင်ပါတယ်။ (စိတ် တစ်လုံး မရုန်းသာ၊ မလွန့်သာအောင် ထိုသုံးပါးတပေါင်းတည်း ကျမှသာ လိုရာသို့ ရစေနိုင်သောကြောင့် ယှဉ်ဖော်ယှဉ်ဖက် ထိုမဂ္ဂင်သုံးပါးကိုလည်း အုပ်စုတစ်ခု ဖွဲ့ထားရသည်)လို့ ဆိုပါတယ်။
'ပညာ့သိက္ခာ'မှာတော့ 'သမ္မာဒိဋ္ဌိနှင့်သမ္မာ သင်္ကပ္ပ' မဂ္ဂင်နှစ်ပါ ပါဝင်နေပါတယ်။ တရားကျင့်တဲ့အခါ ရှုကွက်အတွင်းက သဘောအမှန်ကို ကွဲကွဲပြားပြား သိစေဖို့ ပညာ့မဂ္ဂင် အထူးလိုအပ်ပါတယ်။ (အမှန် မြင်ရာအသိကပ်၊ အသိကပ်ရာ အမှန်မြင် သို့မှသာ သိသလောက် တိုး၊ တိုးသလောက်သိဖြင့် အရှိ၏ လမ်းဆုံးသို့ ဆိုက်နိုင်သောကြောင့် ထိုမဂ္ဂင်နှစ်ပါး အုပ်စုတစ်ခုအဖြစ် ထားရသည်)လို့ ရှင်းပြထားပါ တယ်။ (စာ-၁၂)
'ရိုးရိုးသီလမှ ကိုယ်ပိုင်သီလဖြစ်စေချင်သော် သီလမဂ္ဂင်သုံးပါး စုပေါင်းလျက်က ကျင့်၊ မစင်ကြယ်စိတ်မှ စင်ကြယ်စိတ်ဖြစ်စေချင်သော် သမာဓိမဂ္ဂင်သုံးပါး စုပေါင်းလျက်က ကျင့်၊ သူပြော လူပြောသိမှ ကိုယ်ပိုင်သိ သိလိုချင်သော် ပညာမဂ္ဂင်နှစ်ပါး စုံတွဲလျက်က ကျင့်ရမည်'လို့ ကျေးဇူးတော်ရှင်မဟာ ဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဓမ္မောဝါဒကထာ လက်ဦးကျမ်းစာမှာ အလင်းပြညွှန်ကြားထားပါတယ်။ (မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )