မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးရဲ့ ဒုစရိုက်အမိုက်မှောင်နှင့် ဓမ္မအလင်းရောင်

၂၀၂၅ ၊ အောက်တိုဘာ ၅

    သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သိက္ခာသုံးပါးကို အနှစ်ချုပ်လိုက်တော့ သိခြင်းဆိုတဲ့ 'ဝိဇ္ဇာ'ကို ရတယ်။ တစ်သံသရာလုံး အဝိဇ္ဇာပိတ်ဖုံးခဲ့ရာက သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်များရဲ့ ကျေးဇူးကြောင့် ဝိဇ္ဇာဆိုတဲ့ သိမှုကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ခဲ့ပေပြီ။ ကျေးဇူးတော်ရှင်မဟာ ဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ၁၉၉၈ ဒီဇင်ဘာလထုတ် 'ဓမ္မောဝါဒကထာ(မူသစ်)' ကျမ်းစာအုပ်မှာ ဒီလို ရေးသားခဲ့ပါတယ်။
    'သဘာဝဓမ္မတို့၏ အရှိကို အရှိအတိုင်းပင် သိရန်ဟူသော ဝိဇ္ဇာဉာဏ် ရင့်သန်ပါစေရန်လည်းကောင်း၊ သဘာဝအရှိ၏ သဘောသွားကိုမိသဖြင့် အစ၏ အဆုံးကို သိရန်ဟူသော အရဟတ္တဖိုလ်ခေါ် ဝိဇ္ဇာဝိမုတ္တိဉာဏ် အမြင်သန်စေရန်လည်းကောင်း သာသနာ့ဝန်ထမ်း(ရဟန်းသံဃာ) များသည် ယင်းသိရန်သို့သာ ဦးတည်လျက်ရှိသော သာသနာ၏ သိက္ခာသုံးဆင့်တို့ကို တစ်ခုတည်းသော စိတ်ဖြင့် ဖြည့်ကျင့် ကြကုန်ရာ၏။ ထိုသိက္ခာသုံးဆင့် အကျင့်လမ်းပေါ်သို့ တက်ကြရာတွင် တက်နည်း အမျိုးမျိုးရှိနေသည့် အထဲမှ အလွယ်ကူဆုံးနှင့် အကျဉ်းဆုံးနည်းသည်ကား ...
    သဗ္ဗပါ ပဿ အကာရဏံ
    ကုသလဿုပ သမ္ပဒါ
    သစိတ္တ ပရိယော ဒါပနံ
    ဧတံဗုဒ္ဓန သာသနံ။

    မကောင်းတာ ဘာမှမလုပ်နဲ့၊ ကောင်းတာ အကုန်လုပ်၊ စိတ်ကိုဖြူစင်အောင်ကျင့်ဆိုတဲ့ အဓိပ္ပာယ် ကို ဖော်ဆောင်ပါတယ်။ သဗ္ဗပါပဿအရ မကောင်းမှု ဒုစရိုက်ဆိုတာ အကျင့်ဆိုး၊ အကျင့်ပျက်၊ အကျင့်မှားတွေပဲ ဖြစ်ပါတယ်။ ကာယကံအားဖြင့် ပြုကျင့်တဲ့ ဒုစရိုက်သုံး မျိုးရှိပါတယ်။
    ၁။ သူ့အသက်သတ်ခြင်း၊
    ၂။ ပိုင်ရှင် ခွင့်မပြုဘဲ သူ့ဥစ္စာ၊ သူ့စ္စည်းကို ယူငင်ခြင်း၊ ခိုးခြင်း၊
    ၃။ ကာမပိုင်ရှိသော သူ့လင်၊ သူ့မယားတို့အပေါ် ငြိစွန်းပြစ်မှားခြင်းတို့ ဖြစ်ပါတယ်။

    ဝစီကံ(နှုတ်ဖြင့်)ကျူးလွန်တဲ့ မကောင်းမှုဒုစ ရိုက်တွေကတော့ ...
    ၁။ မမှန်စကားမုသားဆိုခြင်း၊
    ၂။ တစ်ဦးနှင့်တစ်ဦး အထ
င်လွဲအောင် ကုန်း ချောစကားဆိုခြင်း၊
    ၃။ ဆဲရေးတိုင်းထွာခြင်း၊
    ၄။ တရားစကားတို့နှင့် ဆန့်ကျင်၍ သေးနုပ်သိမ်ဖျင်းသော အချည်းနှီးစကားများ ပြောဆိုခြင်း၊ ရယ် ရပြီးရော ပေါတောတောစကားများ ပြောဆိုခြင်းတို့ဟာလည်း အကျင့်ပျက်ဒုစရိုက်မှုတွေပဲ ဖြစ်ပါ တယ်။
    မနောကံ(စိတ်ဖြင့်)ကျူးလွန်နေတဲ့ ဒုစရိုက်ကလည်း သုံးမျိုးရှိပါတယ်။
    ၁။ တစ်ဖက်ရှိ ဝတ္ထုအာရုံတို့အပေါ်၌ ဆာလောင်ပြင်းပြစွာ ပြစ်မှားနေခြင်း၊
    ၂။ ၎င်းင်းဝတ္ထုအာရုံတို့ကို ဆိုင်ရာကိုယ်နှုတ်များက လွန်ကျူး၍ မပေးမချင်း အလိုမကျ အားမရ စိတ်ဖြင့် ပူဆာနေတတ်သော အကြံဆိုး၊
    ၃။ ကိုယ်ကြိုက်က အကောင်းထင်၊ ကိုယ်မကြိုက် အဆိုးမြင်ကာလ မှောက်မှောက်မှားမှား ပြစ်မှား နေတဲ့ အကြံဆိုးတို့ ဖြစ်ပါတယ်။

    အထက်ပါ ဒုစရိုက်ဆယ်ပါး(ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါး)တို့ဟာ လောကအတွက်လည်း အကျိုးမရှိ၊ လောကုတ္တရာအတွက်လည်း အကျိုးမပြုတဲ့အပြင် မိမိရော သူတစ်ပါးပါ ပစ္စုပ္ပန်မှာရော၊ သံသရာမှာပါ အတုံ့အလှည့်ရန်ကြွေး၊ မုန်းကြွေး၊ကို ပေးဆပ်ရတော့မှာ ဖြစ်ပါတယ်။ ဒုစရိုက်ဆယ်မျိုးကို 'အကုသလ ကမ္မပထ'လို့လည်း ခေါ်ပါတယ်။ အဓိပ္ပာယ်က အကုသိုလ်ကံ အကြံအောင် အထမြောက်သွားခြင်း ပဲဖြစ်ပါတယ်။ အဲဒီလို အကုသိုလ်က အနိုင်ရသွားတဲ့အခါ-
    (က) ပြစ်မှုအားလျော်စွာ အစွဲစိတ်က မိမိနောက်သို့ ခြေရာခံလျက်က လိုက်ခြင်း၊
    (ခ) မကောင်းကျိုးများကလည်း ကြံ၊ ပြော၊ လုပ်တိုင်း အငုတ်မှ အတက်ပေါက်လာခြင်း၊
    ထိုအင်္ဂါနှစ်ပါးတို့ဖြင့် ကြံစည်ခြင်း၊ ပြောဆို ခြင်း၊ လှုပ်ရှားခြင်း ကံသုံးမျိုးတို့ကား ]ဒုရာဇီဝ}အမည် ရ၏။
    မကောင်းသော အကျင့်ဆိုး အကျင့်ပျက်များဖြင့် အသက်မွေးခြင်းလို့ အဓိပ္ပာယ်ရပြီး မကောင်းသော အသက်ရှင်ခြင်းဖြင့် သူတစ်ပါးထံမှ ဝဋ်တုံ့ဝဋ်လှည့်များစွာကို အကြွေးယူစားနေတာလို့ ဆိုပါတယ်။ (စာ-၁၉)
    ဒုစရိုက်ဆယ်ပါးနှင့် ဒုရာဇိဝကို လွှမ်းမိုးချုပ် ကိုင်ထားတာက မသိမှု 'အဝိဇ္ဇာ'ပဲ ဖြစ်ပါတယ်။ မသိမှု အဝိဇ္ဇာဟာအမှန်ကို ဘယ်တော့မှမသိ၊ အမှားသိ မိစ္ဆာ ဒိဋ္ဌိဉာဏ်ကလမ်းမှားကို တွန်းပို့လေတော့တယ်။ အမှားကို အမှန်ထင်တယ်၊ မကောင်းကို အကောင်းထင်တယ်။ သူ့အမြင်က အမြဲတမ်းဇောက်ထိုးပြောင်း ပြန်ဖြစ်နေတယ်။
    ဒါကြောင့် သာသနာပြု ပုဂ္ဂိုလ်လောင်းလျာများ၊ သံသရာလွတ်မြောက်ရေးသမားတို့ဟာ ဒုစရိုက်၊ ဒုရာဇီဝတရား ဆယ်ပါးနဲ့ ၎င်းင်းတို့ဖြင့် ရှာမှီး၍ ရအပ်သော ဝတ္ထုအာရုံတို့ကို လုံး၀အရှင်း ခပ်ကင်းကင်းနေနိုင် အောင် သတိကို အဆောင်လက်နက်အဖြစ် အသုံးပြုရတော့မှာ ဖြစ်ပါတယ်။
    'ဘဝမှ လွတ်မြောက်လိုသူ ဘ၀ ၀ဋ်ကြွေးကင်းဝေးစေမှသာ ထွက်ပေါက်ရနိုင်၏။ ပမာ သူတစ်ပါးထံမှ ကြွေးမြီ အခစားများ ရယူလျက်က အသက်မွေးဝမ်းကျောင်း ပြုလေသူသည် ထိုကြွေးမြီများ မကင်းရှင်းမချင်း ထိုသူ့အတွက် အလုပ်အကျွေးပြုလျက်က ထိုသူ့လက်မှ မထွက်ရဘိသို့၊ ထို့အတူလျှင် မသိစိတ်၊ ကြိုက်မကြိုက် စိတ်များဖြင့် ခြံရံလျက်ရှိသော အကုသိုလ် ဒုစရိုက်တရားများ၏ အခြယ်အ လှယ်ဖြင့် ရင်ဆိုင်တွေ့ခွင့်ရ အာရုံတိုင်းတို့၌ မသိကြိုက် ကြိုက်လျက်က ပျော်ပါးဖျက် ဆီးမိခြင်း၊ မသိမိုက် မိုက်လျက်က စော်ကား ဖျက်ဆီးမိခြင်း၊ ထိုနှစ်ပါး တစ်ပါးပါးဖြင့် လွန်ကျူးမိသည်ချည်းဖြစ်ရာ မိမိစေတနာ၏ အပြင်းအပျော့သို့ လိုက်၍လည်း ဒဏ်ကြွေးများ တင်ရှိနေတတ်လှ၏။ သူတစ်ဖက်သား ကာ ယကံ ရှင်များ၏ ချစ်ငြှိုး၊ မုန်းငြှိုး နှစ်ပါး အစွဲတရားများ၏ အပြင်းအပျော့သို့ လိုက်၍လည်း ဒဏ်သင့်ကြွေးများ တင်ရှိနေတတ်လှချေ၏။'
    'ထိုသို့ ကြွေးမြီများ တင်ရှိနေရာ၌ မိမိသည် မသိသည့်အလျောက် ကိုယ်နှုတ်နှလုံး သုံးပါးလုံးတို့ ဖြင့် သူတစ်ဖက်သို့ ဒုစရိုက်မှုတစ်ခုခု ပြုမိအံ့။ မသိပြစ်သည် ကြွေးမြီတစ်ခုတည်း၊ မသိပြောသည် ကြွေးမြီတစ်ခုတည်း။ မသိလုပ်သည် ကြွေးမြီတစ်ခုတည်း။ သို့ဖြင့် ထိုတစ်မှု၌ သုံးမျိုး ကြွေးတင်မည် ဖြစ်၏။ ထိုစဉ်မသိမှုအရ တစ်နေ့၊ တစ်ဘဝ၊ တစ်ကမ္ဘာ အလှည့်ကျရာတွင် မိမိသည်လည်း ထိုကဲ့သို့ပင် အဖျက်ဆီးခံရမည်သာ။ ထိုခံရခြင်းများသည် ဝန်ရုန်းနွား၏ ခြေရာကို လှည်းဘီးနင်းလိုက်နေသည့်ပမာ မိမိစေတနာက မိမိသို့ နောက်ယောင်ခံကာ လိုက်လံ အကျိုးပြုနေခြင်းတည်း။} (စာ-၂၃)
    'ထို ဘ၀၀ဋ်ကြွေးများသည် စေတနာတစ်ခုလျှင် မျိုးစေ့တစ်ခုကျဖြင့် တစ်ဘဝစီ၊ တစ်ဘဝစီ အကျိုးဝိပါက်များ သက်ရောက်နေချေရာ မသိသူတစ်ဦး၏ တစ်နေ့တစ်နေ့ ပြုကျင့်နေပုံကား မည်မျှအထိ မသိပြစ် ခံစားနေရဦးမည်ကိုလည်းကောင်း၊ မသိကြိုက် အကြိုက်မိနေသူ၏ တစ်နေ့တစ်နေ့ ပြုကျင့်နေပုံလည်း မည်မျှအထိ သူတကာတို့၏ ကြိုက်စော်ကား ခံရဦးမည်ကိုလည်းကောင်း၊ မသိတိုက် တိုက်မိနေသူ၏ တစ်နေ့ တစ်နေ့ ပြုကျင့်နေပုံလည်း မည်မျှအထိ သူတကာတို့ အတိုက်အခိုက် ခံရဦးမည် ကိုလည်းကောင်း၊ စာရင်းရေး ထိုးမှတ်က ကိန်းဂဏန်းတင် မကုန်နိုင်ရာပြီ။ ငရုတ်စေ့ တစ်စေ့သည် မျိုးပင်တစ်ပင်ပေါက်အံ့၊ ထိုမျိုးတစ်ပင်က အသီးမည်မျှ သီး၍ မျိုးစေ့တို့လည်း မည်မျှထပ်၍ ထပ်၍ ရလေဦးမည်မသိ။' (စာ-၂၄)
    ဘ၀၀ဋ်ကြွေးဆိုတာ စေတနာကြွေးပါပဲ။ (မိမိ စေတနာကြောင့်ဖြစ်သော ထိုဝဋ်ကြွေးကား မိမိ လွန်ကျူးနေစဉ်တုန်းကပင် ခွင့်လွှတ်ခြင်းဟူသော သဘောဓမ္မတာ ကင်းပနေပြီဖြစ်သောကြောင့် မည်သူကမျှ ခွင့်လွှတ်၍ မရစကောင်းပြီ)လို့ ဆိုပါတယ်။ ကြိုက်ကြွေး၊ မကြိုက်ကြွေး၊ အကြွေးမှန်သမျှ တေးမှတ်ထားတာချည်းပါပဲ။ မိမိရဲ့ ကိုယ်နှုတ်နှလုံး ကံသုံးပါးတို့ဖြင့် မသိလို့ ကျူးလွန် မိတဲ့အမှား၊ အကြိုက်နောက်လိုက်ပြီး ကျူးလွန်မိတဲ့အမှား၊ မကြိုက်လို့ ကျူးလွန်ခဲ့တဲ့အမှား ဒီအမှားတွေကို မိမိရဲ့ စိတ်စေတနာအတိုင်း ပြန်လည်ခံစားရမှာ ဓမ္မတာပါပဲ။
    'ကိလေသာဝဋ်သည် လွန်ကျူးမှု ကမ္မဝဋ်သို့ နားသက်၏။ ကမ္မဝဋ်သည်ကား အကျိုးပေးမှု ဝိပါက ဝဋ်သို့ ထိုးဆိုက်၏။ အထက်ပါ ဝဋ်လည်ပတ်မှု၏ သဘောဓမ္မတာသို့လိုက်၍ ကြွေးမြီအားလုံးပင် တစ်ဖက်သားတို့ လာရောက်တောင်းခံ၍ ပေးဆပ်ရသည်ချည်း မဟုတ်ချေ။ မိမိစေတနာ၏ ကမ္မနိယာမအတိုင်း ပေးဆပ်ကြရသည်လည်း ဒုနှင့်ဒေးပင်။ အရှင်မဟာမောဂ္ဂလန် ကိုယ်တော်မြတ်၏ ကာဠီကျောက်ဖျာ ထက်ဝယ် ခိုးသားငါးရာတို့၏ စိစိညက်ညက် ထုနှက်သတ်ပုတ်မှုကိုခံတော် မူရသည်မှာ ကံအလှည့်ကျ၍ ဝိပါက်လိုက်လာခြင်းမျှသာတည်း။ ကမ္ဘာ့မြစ် ခြောက်နာနှင့်တူသော ဒုစရိုက်အဆိုး အကုသိုလ်အပြစ် အမျိုးမျိုးတို့ကို ကြည့်တတ်မြင်တတ်ကြပါလေ။ သားဆိုးအမိ တချိချိသည် မိမိတင်ရှိခဲ့သည့် ဘ၀၀ဋ် ကြွေး၊ လင်ဆိုးမယား တဖားဖားသည်လည်း တင်ရှိခဲ့သည့် ဘ၀၀ဋ်ကြွေးပင်။' (စာ-၂၇)
    ကြွေးတင်မိရင် ဆပ်လို့မဆုံးတော့၊ အရင်းသာမက အတိုးပါဆပ်ရတဲ့ ထုံးစံရှိနေလို့ပါပဲ။ သစ်ပင် တစ်ပင်ရဲ့ အရွက်အပွင့်အသီးများဟာ ရေသောက်မြစ်က လာသကဲ့သို့ မသိကြိုက်၊ မသိမိုက်တို့ဖြင့် လွန်ကျူးခဲ့တဲ့ ဒုစရိုက်ဆိုးမှန်သမျှတို့ဟာ ဘဝဆိုး အကျိုးဆက်ကို ရစေခဲ့ပါတယ်။ အဲဒီ ဆိုးကြွေး ဆိုးပြစ် တွေဟာ ဒုက္ခမျိုးစုံတဲ့ ဘဝဆီ ဦးတည်သွားနေပါတယ်။ လူ့ဘဝရခဲ့ရင်တောင်မှ အကုသိုလ် အကျိုးပေးအ တိုင်း ဒုက္ခမီးလျှံတွေ ဝိုင်းနေ တော့ရာ တစ်စက်ကလေးမှ အေးကွက်ရှာမရအောင် ဒုစရိုက်ကြွေး လေးဆပ်ရပါလိမ့်မယ်။ အခြားဘဝတွေဖြစ်ခဲ့ ရင်လည်း ရှောင်လွှဲမရနိုင်တဲ့ ဒုက္ခမျိုးစုံက ကမ်းကုန် အောင် နှိပ်စက်ပြပါလိမ့်မယ်။
    ဒီဒုက္ခတွေဟာ ဘယ်သူမပြု မိမိမှုဆိုတာကို ကိုယ်ပြုခဲ့တဲ့ ဒုစရိုက်နဲ့ အကုသိုလ်တွေအတွက် တစ်ဖန် ပြန်လည်ပေးဆပ်ရခြင်းသာ ဖြစ်ပါတယ်။ အကုသိုလ်တို့ရဲ့ တည်ရာမှီရာက ကံသုံးပါး၊ ဒုစရိုက်တို့ရဲ့ တည်ရာမှီရာက ဒိဋ္ဌိဖြစ်ပါတယ်။
    'မောဟ စသော အကုသိုလ်တို့သည် ငါဟယ် သူဟယ် စသည်ဖြင့် အမြင်မှား ဒိဋ္ဌိနှင့် အမြဲလျှင် ပူးယှဉ် နေကြရာ ဒုစရိုက်ပြုရာတိုင်း၌ပင် ထိုဒိဋ္ဌိအရင်းခံလျက်ကသာ လွန်ကျူးမှုပြုကြရချေတော့၏။ အကုသိုလ်သည် ဒိဋ္ဌိနှင့်ယှဉ်၍ ကံကိုစီရင်၏။ ငါကြိုက်၏၊ ငါမကြိုက်၊ ငါမသိ စသည်ဖြင့် ကိုယ်နှုတ်နှလုံး သုံးပါးတို့ကို စီမံကွပ် ကဲပေးခြင်းမျိုးတည်း။ ဒုစရိုက်သည် ဒိဋ္ဌိနှင့်ယှဉ်၍ ကံ ပြုမှုကို ခံယူ၏။ စိတ်အကြံမှား နှုတ်ဖွင့်စကားဆို ကိုယ်ဖြင့် ကျူးလွန်ခြင်း အားလုံးတို့သည် ဒိဋ္ဌိ၏ အမြင်မှားယွင်းမှု ဦးစီးသော မှားယွင်းမှု ကြီးများချည်း မှတ်ကြရာသည်။'
    'အမြင်မှားယွင်းမှု မိစ္ဆာဒိဋ္ဌိသည် ၆၂ ပါးပင် များပြားနေသော်လည်း လက်သည်ကား ငါတစ်လုံး တည်းသာဖြစ်ရကား လောက၌ ငါတစ်လုံး အသုံးမှားသဖြင့် လုံးပါးပါးနေကြလေရာ ငါဟူသော အစွဲအမှု အယူအဆသည် အမှားကြီးလျှင် အမှန်ထင်မြဲအတိုင်းပင် လူသားတိုင်း၏ အသိ စိတ်ဝယ် တစ်ယူသန်သန် တွင်ကျယ်လျက်က ရှိချေ၏။ ယင်းငါစွဲသည် အရာရာတိုင်းအပေါ်ဝယ် ပဲခူးဆားသဖွယ်ဖြစ်၏။' (စာ-၃၁)
    ကိုယ့်ဘက်ကလည်း ငါစွဲနဲ့၊ သူ့ဘက်ကလည်း ငါစွဲနဲ့၊ ငါစွဲချင်းပြိုင် အနိုင်လုကြရာက ရာဂ၊ ဒေါသ၊ မောဟ၊ မာန စသော အကုသိုလ် ကမ္မပထတရားဆိုးများ၊ လိမ်လည်လှည့်ဖြားခြင်း၊ အကောက်ကြံခြင်း စသော ဒုစရိုက်အမှားများကို ကျူးလွန်မိခဲ့ကြပါတယ်။ အကုသိုလ် ဒုစရိုက်တွေရဲ့ ခေါင်းဆောင်ဟာ ဒိဋ္ဌိပါပဲ။ ဒါကြောင့် ဒိဋ္ဌိပြုတ်အောင် ကျင့်ကြံအားထုတ်မှသာ အကုသိုလ်ဒုစရိုက်တွေရဲ့ ဆိုးကျိုးဆိုးပြစ်တွေက ကင်းဝေးလွတ်မြောက်မှာ ဖြစ်ပါတယ်။ အကုသိုလ်ကင်း ဉာဏ် အလင်းရပြီဆိုရင် သီလ၊ သမာဓိ၊ ပညာကပေးတဲ့ သိခြင်း ဝိဇ္ဇာဆိုက်ရောက်လာလိ့မ်မယ်လို့ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက 'ဓမ္မောဝါဒ ကထာ'ကျမ်းစာဖြင့် လမ်းပြတော်မူခဲ့ကြောင်းပါဗျာ။
(မောင်သွေးချွန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 21

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53768

© 2022 - 2025 News. All Rights Reserved.