၂၀၂၅ ၊ အောက်တိုဘာ ၄
ကရင်မလင် နန်းတော်ပေါ်က မြန်မာ့အနာဂတ်
ဆင်သွားလျှင် လမ်းဖြစ်ပါသည်ဆိုသည့်စကားပုံ အကြောင်းမဲ့ဖြစ်ခဲ့ခြင်းမဟုတ် ဆိုသည်ကို သည်ရက်ပိုင်းတွင် တိတိပပ သိလိုက်ရသည်။ အကြောင်းက ရုရှားသမ္မတကြီး မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်နှင့် ရုရှားနိုင်ငံ သွားရောက်ခဲ့သည့် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်ကို တွေ့မြင်ပြီးမှ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဆင်သွားလျှင် လမ်းဖြစ်သည်ကို သိရခြင်း ဖြစ်ပါသည်။ (ရုရှားအပြင် ကာဇက်စတန်နိုင်ငံကိုပါ သွားရောက်ခဲ့သေးသည်) ထိုခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့အနာဂတ်အရေးအတွက် ကြိုတွေး၍ ပျော်နေသူများ ဖွံ့ဖြိုးမှုကို ငံ့လင့်နေသူများ၊ တည်ငြိမ်အေးချမ်းစွာ တိုးတက်လိုသူ အမြောက်အမြားကိုလည်း တွေ့မြင်လိုက်ရသည်ဟု ဆိုနိုင်ပါသည်။ "နျူကလီးယား အစည်းအဝေးအပြင် အခြား MoU တွေပါ ထိုးခဲ့တာဆိုတော့ နိုင်ငံအတွက် အတိုင်းမသိ ဝမ်းသာစရာ"ဟုဆိုသည့် သတင်းမျိုး ယုတ္တိဗေဒကျကျ စဉ်းစားတွေးခေါ်တတ်သူတိုင်း အားရကျေနပ် နှစ်သက်ခဲ့ကြသည်။ ဖွံ့ဖြိုးစ မြန်မာနိုင်ငံ အတွက် နျူကလီးယား အိပ်မက်ကို နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သည်မှာ ကြားဖူးနား၀ စကားများဖြင့် နားရည်ဝနေခဲ့သူများလည်း အများအပြားရှိနေကြသည်။ ငွေရှိတိုင်း ဝယ်၍မရသကဲ့သို့ သည်နျူကလီးယားနည်းပညာမှ လျှပ်စစ်ဓာတ်အားအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေးအထိအောင် အသုံးပြု၍ရသည့်အရာ ဣစ္ဆာသရနည်းပညာဟု အလိုရှိရာ ကိစ္စရပ်အများအပြား အသုံးချနိုင်သဖြင့် ကင်ပွန်းတပ်သူတို့က လည်း ရှိနေကြ၏။
ထိုကဲ့သို့ ငွေရှိတိုင်း ဝယ်၍မလွယ်၊ အသုံးပြု ချင်သူတိုင်း သုံးခွင့်မရ၊ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့သည့် သည်နျူက လီးယားခြေလှမ်းကို စတင်နိုင်ပြီဟု ဆိုနေကြသူများလည်း ရှိသည်။ ယခင်တစ်ကြိမ် ရုရှားနိုင်ငံသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့စဉ်ကလည်း ထိုနျူကလီးယား အသေးစား ဓာတ်အားပေးစက်ရုံအတွက် ပြောဆိုဆွေးနွေးခဲ့မှုများ ရှိခဲ့ပြီး ခရီးစဉ်က အပြန်တွင် ရန်ကုန်မြို့၌ နျူကလီးယားအသိပညာပေးစင်တာကိုပင် ဆောက်လုပ် အကောင်အထည်ဖော်ခဲ့ရဲ့ မဟုတ်လား။ သို့မို့ကြောင့် ဆင်သွားလျှင် လမ်းဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပြီး သည်ခရီးကို လျှောက်လို၍ သည်လမ်းကို ဖောက်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားနှင့် လမ်းပန်းဆက်သွယ်ရေးသာ ချောမွေ့ကောင်းမွန်လျှင် ဖွံ့ဖြိုးမှုက လက်တစ်ကမ်းတွင်သာရှိပါသည်။ ထိုဖွံ့ဖြိုးမှု လက်တစ်ကမ်းကို ကရင်မလင်နန်းတော်ပေါ်ကနေ၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖော်ဆောင်ခဲ့ပြီဟု ပြောချင်မိပါ၏။
ကျီးအာသီးများ
နိုင်ငံတော်၏ အကြီးအကဲသည် နိုင်ငံရပ်ခြားသို့ တရားဝင် ဂုဏ်သိက္ခာရှိစွာ ဖိတ်ကြားခံရသဖြင့် နိုင်ငံ့အရေးများကို ဦးစီးဦးဆောင် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် အပင်မြင့်၍ လေတိုက်သကဲ့သို့၊ စန္ဒာလမင်း ခွေးဟောင်သကဲ့သို့၊ ရပ်ထဲရွာထဲ အလုပ်မရှိအတင်းထိုင်ပြော သူများကဲ့သို့ ကျီးအာသီးမျိုးများကိုလည်း တွေ့မြင်နေရသည်။ သိကြရဲ့ မဟုတ်လား ကျီးများကဲ့သို့ အာနေကြသူ များနှင့် ဂိုဏ်းဂဏတူသူမှ တစ်နည်းအားဖြင့် အတူတူဟုထင်ပြီး ကိုယ်နှင့် မတူသူများကို ရန်ဘက်ဟု ထင်နေကြသည့် ကျီးများကဲ့သို့ ရန်လိုနေသူများကို ဆိုလိုသည်။ အာရုံမျှဖြင့် မပြီးသေး ကိုယ့်အသိုင်းအဝိုင်းကိုမှ ကိုယ့်ဟာထင်ပြီး မတူလျှင် ဝိုင်း၍ထိုးဆိတ်ကြ၊ အလစ်အငိုက်ကို ချောင်းမြောင်း သတ်ဖြတ် လုပ်ကြံကြ၊ ခိုးဆိုးနှိုက်၊ တစ်တော တစ်ကြက်ဖလုပ်နေချင်ကြသူများ ဖြစ်နေကြသည်။ ကျီးအာသည့်အကြောင်းပြောရင်း ကျီးအာသီး ဆိုသည့်အသီးကို သတိရမိ၏။ ကျီးအာသီးက ရင့်မှည့်လျှင် အနီရောင်တောက်တောက်နှင့် မြင်ရသူတိုင်း စား ချင်စဖွယ် ဖြစ်သော်လည်း အထဲကို ခွဲကြည့်ပါမူ အနှစ်မရှိ မည်းတူးနေပြီး အစေ့များသာ ရှိသည်။ သူတို့၏ စွမ်းဆောင်ချက်၊ ဆောင်ရွက်ချက်များ တိတိပပပြစရာ လက်ဆုပ်လက်ကိုင် ပြစရာမရှိ သောအခါ ကျီးများထက် ပင်မိုက်ပြီး သူများကိုပင် ဆဲဆို ညစ်နွမ်း ဖရုဿဝါစာ စကားဆိုရုံမျှ မလုံလောက်ဘဲ အချင်းချင်းပါ ဆော်ကြ၊ ကလော်ကြလေသည်။ ကျီးအာသီးကဲ့သို့လည်း အနှစ် မရှိ၊ သူခိုး သေဖော်ညှိရုံ သာဖြင့် သူတို့စွမ်းနိုင်သမျှ ဆဲ၍သာ နေရရှာသည်။ လက်ရှိဆိုလျှင် ဆဲရုံသာမက နိုင်ငံတော်၏ ရှေ့လာ မည့် အနာဂတ်အတွက် ရွေးကောက်ပွဲကို ရသည့်နည်းဖြင့် ဖျက်ဆီးရန် မသမာသည့်နည်းနှင့်ပင် ကြံလာချေတော့သည်။
တစ်ရက်က ရွေးကောက်ပွဲ ဆန္ဒပြသည်ဆိုသည့် Movie အတိုနှစ်ခုကို ကြည့်ဖြစ်မိသည်။ တစ်ခုက အညာဘက်တွင် နံနက်ခင်းဈေးငယ်လေးတစ်ခုတွင် ဖြစ်ဟန်တူ၏။ တစ်ဈေးလုံးပေါင်း ရောင်းသူရော၊ ဝယ်သူပါပေါင်းမှ လူတစ်ရာပင် မပြည့်တတ်ချေ။ ထိုဈေးလေးအတွင်းသို့ လူငယ်တစ်ဦးက လက်သီး လက်မောင်းတန်းပြီး ငယ်သံပါအောင် အသံဝင်မတတ်"ကျွန်တော်တို့ စစ်အုပ်စုကလုပ်မယ့် ရွေးကောက် ပွဲကို ပါဝင်မဲမပေးကြဖို့"နှင့် ဘာဖြစ်သည်၊ ညာဖြစ်သည့်အကြောင်း အသံကုန်ဟစ်လေသည်။ အသက် (၅၀) ကျော်ခန့် လူဝကြီးတစ်ဦးက အော်လံမိုက်နှင့် အော်နေလေသည်။ ထိုနှစ်ဦးကို Movie ရိုက်သည့်သူ တစ်ဦး စုစုပေါင်းသုံးဦး ပေါင်း၍ သူတို့အခေါ် ဆန္ဒပြသည်ပေါ့။ ထူးဆန်းသည်က သူတို့အော်သူနှစ်ဦး ကင်မရာမန်းတစ်ဦးအပြင် ဈေးသူဈေးသားများ၏ အပြုအမူများက စိတ်ဝင်စားဖို့ ကောင်းလှသည်။ ပဲပြုတ်ဝယ်သူနှင့် ရောင်းသူက ပဲပြုတ်ကို ချိန်ခွင်ထဲထည့်၍ချိန်ကာ ဝယ်ယူနေပုံများ၊ အကြော်ဝယ်ယူ ရောင်းသူက အကြော်ရွေးနေပုံများ၊ ဟင်းသီးဟင်းရွက် ဝယ်သူက ဟင်းသီး ဟင်းရွက် ရွေးချယ်နေပုံများ၊ အသား ငါး ရောင်းသူက သားငါးအခုတ်မပျက် ကိုယ့်အလုပ်ကိုယ် လုပ်နေကြသည်။ မြင်ကွင်းက မင်းတို့ ဆန္ဒပြသည့်အလုပ် မင်းတို့လုပ်၊ ငါတို့ရောင်းဝယ်ဖောက်ကားသည့် အလုပ်ကို ငါတို့လုပ်မည် ဆိုသည့်ပုံမျိုး ဖြစ်၏။ ကြာတော့ သည်ကောင်တွေလည်း ရှက်လာပြီထင်၏။ အရေးတော်ပုံ အောင်ရမည်ဟု အော်၊ လက်သုံးချောင်းထောင်၍ ပြန်သွားလေတော့သည်။
နောက် Movie တစ်ခုက ယုတ်မာသည့်ဘက်သို့ ရောက်သည်ဟု ဆိုနိုင်ပါသည်။ စက်တင်ဘာ ၂၄ ရက် ရက်စွဲဖြင့် ခေတ်ဟောင်းချိုးဖျက် ဒို့မျိုးဆက် သပိတ်စစ်ကြောင်းက 'အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆန္ဒပြ'ဟုဆိုသည့် Movie ဖြစ်သည်။ အလယ်တန်းအဆင့် ကျောင်းသူကျောင်းသား ကလေးငယ်များ ကျောင်းဆင်းလာသည့်အချိန် Video ရိုက်ထားခြင်း ဖြစ်သည်။ ကျောင်းဆင်းချိန်နှင့် ကျောင်းတက်ချိန်ဆိုသည်မှာ ကျောင်းသူကျောင်းသားများ၏ သွားလာလှုပ်ရှားမှုသည် မတူညီကြောင်း အားလုံးသိ ကြသည်။ ကျောင်းတက်ချိန်သည် စောစော ကျောင်းလာသူနှင့် ရေးကြီးသုတ်ပျာ လာသူများဖြင့် တဖြည်းဖြည်းချင်း လာကြသည်မှာ သဘာဝပင် ဖြစ်သည်။ ကျောင်းဆင်းချိန်က ထိုသို့မဟုတ် တစ်ကျောင်းလုံးရှိ ကျောင်းသူကျောင်းသားများကို တစ်ချိန်တည်းမှာ ကျောင်းလွှတ်သဖြင့် တစ်ပြိုင်နက်တည်း ကျောင်းဆင်း ကြရဲ့ မဟုတ်လား။ သကောင့်သားက ထိုအခွင့်အရေးကိုယူပြီး ကျောင်းဆင်းချိန် စီတန်းထွက်လာသည့် ကလေးငယ်များကို Vidoe ရိုက် ထားကာ ဆန္ဒပြ ကြွေးကြော်သံကို ထည့်ထားလေသည်။ Movie ကို ကြည့်ပြီး ကျွန်တော်တို့က လိမ်ဆင်ကြီးမှန်း အလွယ်တကူ သိပါသည်။ ပိန်းသူများက ထိုသို့မဟုတ် "မေ့မေ့သားသမီးတွေ ငယ်ငယ်လေး ဖြစ်ပေမယ့် သိတတ်လိုက်တာ"ဟုဆိုသည့် မှတ်ချက်များကို မြင်တွေ့ရလေရာ နီပိန်းဟု ခေါ်သူတို့လည်း မလွန်ဟုပင် အတွေးပေါ်သွားမိသည်။ အဝေးကနေသာ ကျီးကဲ့သို့ အာနေပြီး ကျီးအာသီးကဲ့သို့ အနှစ်မရှိသော လုပ်ရပ်ကို ထိုသူတို့က ဇွတ်ဖြူစင်ကြောင်း ပြော၍ လုပ်တတ်သည်ကို 'စောဖေတို့က နောကျေနေပြီ'ဟုပင် ဆိုလိုက်ချင်ပါ၏။
အနောက်သို့ ခရီးသွားခြင်း
အတိုချုံ့ ပြောရလျှင် မြန်မာ့နိုင်ငံရေး ဗန်းပြပြီး သူခိုးတို့ စုဝေးရာအလုပ်ဟု ဆိုရမလို ဖြစ်သည်။ "အနောက်သို့ ခရီးသွားခြင်း"ဟူသည့် ခေါင်း စဉ်ကို သုံးရခြင်းသည် အားနာဖွယ်ကောင်းလှ၏။ အကြောင်းက ထိုအနောက်အရပ်သို့ ခရီးသွားခြင်းဆိုသည်မှာ ထန်မင်းဆက်ကာလ ရှေးခေတ်တရုတ်သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိလာပုံနှင့် ရဟန်းတော် ရွှင်ကျန်း အိန္ဒိယနိုင်ငံသို့ ပိဋကတ်သုံးပုံ သွားရောက် ပင့်ဆောင်ခဲ့သည့် ကမ္ဘာကျော် ခရီးသွားမှတ်တမ်းကြီး၏ အမည်ဖြစ်သောကြောင့် ပင်ဖြစ်၏။ သို့သော်လည်း မြန်မာနိုင်ငံမှ နိုင်ငံရေးဗန်းပြပြီး အနောက်နိုင်ငံသို့ ထွက်သွားသူများသည် များသောအားဖြင့် သူခိုးများပဲ ဖြစ်ကြသည်။ သို့မို့ကြောင့် မနှိုင်းအပ်၊ မယှဉ်အပ်ဟု ဆိုသော်ငြားလည်း မမြင်ဖူးသည့် အရာ များကိုမြင်ရ၊ မစားဖူးသည့် အရာများကိုစားရ၊ မနေထိုင်ဖူးသည့် နေရာမျိုးတွင် နေထိုင်စားသောက် ဝတ်စားဆင်ယင် ရသောအခါ ကြွားလုံးထုတ်ရင်း သူခိုးပါဟု သူတို့ဟာသူတို့ ဝန်ခံသွားရသူတို့အကြောင်း တို့ထိ ချင်မိသေးသည်။
လတ်တလော ခေတ်စားနေသည်က 'သူခိုးကြီး၏ တယ်လီဖုန်း' ဖြစ်သည်။ မြန်မာနိုင်ငံ MRTV-4 က Presenter စိုးကြီး၏ တယ်လီဖုန်းသီချင်းဖြင့် ဂယက်ထအပြီး အနောက်သို့ ခရီးထွက်သွားသည့် MRTV က CDM လုပ်သွားသည့် 'ခိုးကြီး၏ တယ်လီဖုန်း'ဆိုသည့် အမည်ပြောင်တစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဖိနပ်ကိုပင် တူတူတန်တန် ကောင်းကောင်းမွန်မွန် ဝယ်မစီးနိုင်သူက နောက်ဆုံးပေါ် အိုင်ဖုန်းကြီး ထုတ်ပြ လာသည့်အခါ 'ခိုးကြီး၏ တယ်လီဖုန်း'ဟု ဆိုသောသူများက လွန်ပါသလားခင်ဗျ။
သူခိုးတကာ့ထိပ်ခေါင် စောရခေါင်းဆောင်ကြီး၏ ခိုးထုတ်ခိုးထည်နှင့် ခိုးမှုအပေါင်း သရဖူဆောင်း ည့် မယ်ပန် အကြောင်းကတော့ ထူး၍ မပြောချင်ပေ။ သူမခိုးကြောင်း မည်မျှပင် ဇွတ်ဖြူစဉ်ပြ၊ ရှင်းပြနေပါစေ တစ်ခွန်းတည်းသာ ပြန်၍ ပြောစရာရှိသည်က 'ယုတ္တိမှ မရှိတာ'ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ထူး၍ မပြောချင်ဟု ဆိုသော်ငြားလည်း မယ်ပန့် ဖခင်ခမျာ တော်လှန်ရေး အတွက်ဟုဆိုသည့် လက်စွပ် ကြီး ထုတ်ဝတ်မိကာမှ ခိုးထုတ်ခိုးထည်နှင့် မိပြန်ပါလေရော။ သူမ မည်သို့မျှ မခိုးကြောင်း ရှင်းချက် ထပ်ထုတ်ပါစေ အချက်အလက်နှင့် ထောက်ပြမည့်သူကလည်း ဒုနှင့်ဒေး ဖြစ်နေသောကြောင့် ထူး၍ မပြောတော့ဟု ဆိုရမည်သာ ဖြစ်သည်။
သည်ရက်ပိုင်း အနောက်သို့ ခရီးသွားရင်း တော်လှန်ရေးဗန်းပြ သူခိုး ကြွက်သွားက သူ၏သမီး ဘွဲ့ရသည့်ပုံ ထုတ်ကြွားလာပြန်လေသည်။ မြန်မာပြည်က ကလေးသူငယ်များကိုတော့ ကျောင်းမတက်နှင့် ကျောင်းထွက်ဟုဆိုပြီး သူတို့၏ သားသမီးကိုမူ တော်လှန်ရေး ခိုးငွေဖြင့် ကျောင်းကောင်းကောင်းထားပြီး ဂုဏ်ဆာပြ နေလေသည်။ သူခိုးတွေ ညီညွတ်နေပုံများ ရိုက်မစစ်ရပါဘဲ ခိုးထုတ်ခိုးထည်နှင့် ကြွားလုံး ထုတ်ရင်း လူမိကုန်ကြ၏။ အချိန်ရသောအခါမှ 'အနောက်သို့ ခရီးသွား သူခိုးများ'ဆိုသည့် စာအုပ်တစ်အုပ် ရေးထုတ်ပါဦးမည်။ ထုတ်ဝေသူများ စိတ်ဝင်စားပါက ဆက်သွယ်နိုင်ပါ၏။
'ခတ်ကျွဲ မှန်လျှင် ဂျို(ချို)ချက် မကင်း'ဆိုသည့် စကားပုံကိုလည်း 'တော်လှန်ရေးသမား မှန်ရင် ခိုးမှုနှင့် မကင်း'ဟူ၍ပင် ပြောင်းဖို့ ကောင်းတော့၏။
(ရွှေထီး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )